နေရောင်ဟာ တိုက်နံရံနဲ့တိုက်မိပြီး
ပြူတင်းပေါက်ရှေ့ အဖိတ်ဖိတ်အစင်စင်ကျကွဲတာနဲ့
လူရာမဝင်တော့တဲ့ ရိုးသားမှုတွေ ချွတ်ချပြီး
ပေါ့ပေါ့ပါးပါး လိမ်ဆင်တစ်စုံကောက်စွပ်
မြင့်မြင့်ကြံချင်တဲ့သား ဘယ်လိုမှ ရိုးသားလို့မရဘူး အမေ…
လူတွေက မနက်စာကို ပေါရိသာဒလို မက်မောနေမှ
ခပ်နုံနုံအမေ့သား ရသက ဖြစ်ခဲ့ရတယ်
မုဆိုးနားနီးနေပေမယ့် လေးနဲ့မြား မကျွမ်းတော့
ကိုယ်ပစ်တဲ့မြား ကမ္ဘာ့ဆွဲအားထည့်မတွက်ခဲ့
အသက်ရှူလိုက်တိုင်း ရင်ဘတ်ကချုပ်ရိုး ပြုတ်ပြုတ်ထွက်နေတယ် အမေ…
အမေ ဘွန်ဇိုင်းလုပ်ပေးလိုက်တဲ့ လောကဓံက
ရေခံမြေခံမကောင်းတဲ့ ဒီဒေသမှာ
မျိုးမှန်ပေမဲ့ ဘယ်လိုမှအပင်မသန်ခဲ့ဘူး
အလုပ်ဆိုတာကလဲ ရောမခေတ်သတ်ကွင်းလိုပဲ
ခုခံကာကွယ်ရုံသက်သက်နဲ့ ဘယ်ဆက်ရှင်သန်နိုင်မှာလဲ
တစ်ယောက်ကျဆုံးမှု တစ်ယောက်ကဖဲ့စားရင်း
သူလိုကိုယ်လို နောက်ကျောက ဓါးဒဏ်ရာတွေနဲ့
ခြေလှမ်းတိုင်းမှာ ကိုယ့်ခေါင်းကိုယ်ပြန်နင်းနေရတယ် အမေ…
မာယာတွေသာ အတုံးလိုက်အတစ်လိုက်
လေလံအပြိုင်ဆွဲနေတဲ့ခေတ်မှာ
ဖြူစင်မှုဆိုတာ ခေါင်းရွက်ဗျပ်ထိုးသာသာ
ပီယဝါစာဆိုတာလဲ ဧည့်ကြိုကောင်တာလောက်သာအသုံးဝင်တဲ့
ဘာသာဗေဒသက်သက်
ဒီမှာ..
လူ ကို လူနဲ့မျှား လူးသားစားတယ် အမေ
အထက်ကိုပင့် အောက်ကိုဖိမှ ကိုယ့်နေရာလေး ချောင်မှာမို့
လက်ထိုးလှော်ခဲ့တဲ့သား လေတိုက်နှုန်းဖီလာနေတဲ့အလံ
လှေခွက်ကြီးမကျန်ခင်ကတည်းက လှဲခဲ့တယ်အမေ…
အလိုက်အထိုက်ဆိုတဲ့ နေထိုင်မှုတစ်ခုအတွက်
ကော်ဖီကို မျက်ရည်စပ်ပြီးသောက်လိုသောက်
ထမင်းကို သောကနဲ့ နယ်ဖတ်စားလိုစား
အမေ့သား ကုတ်သွေးတွေလဲ သူတို့လက်ဆေးခွက်ထဲမှာ
စာချုပ်လက်မှတ်တွေ အတိုင်းသားနဲ့
အသံတွေကို မြင်အောင်ကြည့်နေတယ် အမေ…
ညနေဆို “confessional”မှာ လူအပြည့်
ဖြည့်ခဲ့သမျှ အန်ထုတ်ကျတာလေ
ရာဘာစေးခြစ်သလို ချွေးစက်တွေခြစ်ခဲ့သမျှ
မျက်ရည်ခံထိုး ကျွန်တော်မျိုးမှားပါတယ်လုပ်ပြီး
လူမရဲ့ လင်းပိုင်တစ်ကောင်လို အကကိုကြည့်
အရိုးသက်သက်အမေ့သား အဲဒီဟင်းအိုးတွေ ဘယ်လိုအားနာရမလဲ အမေ…
မေးပါများရင် ပြန်ပို့ခံရမယ် အမေ
သွားပါများရင် ရဲအဖမ်းခံရမယ် အမေ
မအိပ်မနေရင် စက်ထဲလက်ပါသွားမယ် အမေ
သားလေ…
သမုဒ္ဒရာခြားနေတဲ့ လမင်းကြီးပန်ထားတဲ့ဆံနွယ်စအောက်က
အမေ့မျက်နှာမော့ကြည့်ရင်း
ငယ်ငယ်တုန်းကလို
ထမင်းဆီဆမ်းသီချင်းကို လွမ်းတယ်အမေ…
ဒီလိုနဲ့….
ဘယ်တုန်းကမှ မလျှော်ဖြစ်တဲ့ အဟောင်းထည်ကို
မိတ်ကပ်ထူထူဖို့ပြီး အဲဒီတိုက်မြင့်မြင့်လမ်းကြားတွေကပဲ
ည ဟာ မနေ့ကလို ကပိုကရိုဝင်လာနေရဲ့…အမေ…။ ။
“လောင်းရိပ်”
Subscribe to:
Post Comments (Atom)
7 comments:
တစ်ယောက်ကျဆုံးမှု တစ်ယောက်ကဖဲ့စားရင်း
သူလိုကိုယ်လို နောက်ကျောက ဓါးဒဏ်ရာတွေနဲ့
ခြေလှမ်းတိုင်းမှာ ကိုယ့်ခေါင်းကိုယ်ပြန်နင်းနေရတယ် အမေ…
အဲ့ဒီနေရာ အကြိုက်ဆုံးပဲဟ
ကဗျာလေးရဲ့ ကာရံတွေထဲမှာ အမေ့ကို တမ်းတခြင်းတွေ မျောပါနေလေရဲ့
အမေ့ကို လွမ်းတယ်ဟာ
ကဗျာလေးကောင်းတယ်။
ကောင်းကင်ကိုနဲ့နင်လားငါလားဘဲ။
ကိုမင်းသုခ ကဗျာလေးဖတ်သွားတယ်
မျှဝေပေးတဲ့  ကိုအရုပ်ကို ကျေးဇူးတင်ပါတယ်
ဒိတ်ဒိတ်ကျဲမဟုတ်ပေမယ့် ခံစားရတာ ကဗျာဖတ်နေရတယ့် ခံစားမှု့အပြည့်အ၀ရတယ်။
လူတွေက မနက်စာကို ပေါရိသာဒလို မက်မောနေမှ
ခပ်နုံနုံအမေ့သား ရသက ဖြစ်ခဲ့ရတယ်
မုဆိုးနားနီးနေပေမယ့် လေးနဲ့မြားကျွမ်းတော့
ကိုယ်ပစ်တဲ့မြား ကမ္ဘာ့ဆွဲအားထည့်မတွက်ခဲ့
အသက်ရှူလိုက်တိုင်း ရင်ဘတ်ကချုပ်ရိုး ပြုတ်ပြုတ်ထွက်နေတယ် အမေ…
ကောင်းလိုက်တာရှင်
ကဗျာတော်တော်လှတယ်
ကဗျာဆရာရေ
"“လောင်းရိပ်”"
ဖတ်ပြီးတွေးသွားပါတယ်
အားမလျော့နဲ့။ ကဗျာမှာ အမေ့ကို တမ်းတပြီး တိုင်တည်ထားတော့ ပိုကောင်းနေတယ်။
Post a Comment