မတွေ့ရတဲ့ ဟောသည့်တစ်ရက်က
အစုန်အဆန် မျောလွင့်နေတဲ့ ဗေဒါဒိုက်လို ...
ဟောင်းနွမ်းသွားတဲ့
အိပ်မက်တွေကို မီးလောင်တိုက်သွင်း
ပြာမှုန်အဖြစ်နဲ့ တစ တစ ...
အချည်းအနှီးပါလို့ မထင်နဲ့
အရင်းအနှီးတစ်ခုတော့ လိုတာပဲ
ရာသီဖွားအကြောင်းတွေကို ပြန်လှန်တွေးရင်း
ဆရာတစ်ဆူဟောတဲ့ ပညာခါးမှာချိတ်လို့
ရာသီတမ်းချင်းတွေ ပယ်ဖျက်
စိတ်အရှက်က မခို့တရို့လေးပါပဲ...
နီးစွေးတဲ့ နှုတ်ခမ်းတစ်စုံရဲ့
အနမ်းတစ်ချက် တက်အခုန်မှာ
ဗေဒါတွေတောင် လွန့်လူးသွားရ ...
ပြောင်းပြန်စီးတဲ့ မြစ်ကွေ့အရောက်
ဆုံခဲ့ရတဲ့ ဗေဒါကို
နဂိုအရှက်ထက် ကောက်ယူနမ်းမိတဲ့ တစ်ခဏ
ပါးပါးလေးနဲ့ လွမ်းရပြီ ... သခင်
ကျွန်တော့် .... အနာဂတ်က မရေရာဘူး
ကျွန်တော့် ပစ္စုပ္ပန်က ထွေပြားစေတာ
ကျွန်တော့် အတိတ်က မှောင်ရီပျိုးစညတွေလို
အသက်ဝင်တဲ့ တစ္ဆေ.....
ကြောက်မက်ဖွယ်အတိနဲ့ နှောက်ယှက်သူများကို
အမှောက်အမှားနဲ့
ပယောဂကင်းအောင် သခင့်ထံပြကြည့်
သခင်စေညွှန်တဲ့ ရေတစ်စက်မှာပဲ
လွင့်စင်ပပျောက် သခင့်ထံအရောက် ...
ရိုးသားမှုတွေက ကြိုးစားမှုတွေထပ်တူပေါ့ ....
ရင်မှာ နွမ်းလျတဲ့စိတ်ကို
သခင်သာ သိရင်ဖြင့်...
ဒီရင်မှာ မချိအောင်
အချစ်စိတ်တွေဖုံးလွှမ်း
အမြဲတစေ တွေးနေရတာတွေ
သခင့်အနား ရောက်ချင်လှပြီ ....
ဥတုသုံးပါး ရာသီမမှန်တဲ့တမ်းချင်းမှာ
ပူတလှည့် ...စိုစွတ်တလှည့် အေးတလှည့်နဲ့
ရာသီဂြိုဟ်တွေတောင် အနှောက်အယှက်ကင်းစွာ အိပ်မောကျ ...
သခင်ရယ် အိပ်ပျော်နေလား.....
သတိတရ ဖြစ်နေမလား ....
ဆုတောင်းခြင်းသက်သက်နဲ့ လင်းချင်းခွင့်တွေ ရစေသား....
တစ်ခဏတာလည်း မဟုတ်ဘူး .......
အခိုက်အတန့်လည်း မဟုတ်ခဲ့ဘူး .....
တစ်ဘ၀စာ ပုံအောမိတဲ့ဖြစ်စဉ်မှာပဲ
အချစ်တွေ ကုန်းရုန်းကြွ
ဆောင်ယူလာတဲ့ လေပြည်
အမှောင်ထုက လူသား ...
ရောယှက်မိတဲ့ ခဏမှာပဲ
ပန်းပွင့်အလားသဏ္ဍာန်တွေ ကြွေကျ
ကောက်မိသူ အကျွန့်အဖြစ်
သခင့်ဦးခေါင်းမှာ ပန်ဆင်ခွင့်ရစေသား.......
ဆုတောင်းခြင်းတွေများလို့ .....
တူနှစ်ကိုယ် ဆောင်းရမဲ့သရဖူက သခင့်လက်ထဲမှာ
အလွှာတွေခြားနေမလား ....
ကျွန်တော့်ခံစားချက်တွေကပဲ မှားနေတာလား....
ကဗျာတွေ တစ်နေ့တစ်ပုဒ်နဲ့
ရက်ပိုင်းခြားလိုက် ရေးနေလည်း
အသက်အပိုင်းအခြားတွေကို စိတ်မ၀င်စားဘူး
တစ်သက်မှိုင်းဖျားက အဆီလို
အဝေးဆုံးကမြင်နိုင်အောင်
အမြင့်ဆုံးက နှစ်ကိုယ်တူ ပျံသန်းပါရစေသား ........
သခင် ... ကျေနပ်နေမလား...
သခင် ... ဟားတိုက်ရယ်နေမလား ...
သေချာတဲ့ ဖြစ်စဉ်တစ်ခုက
ဝေခွဲရတဲ့ အချစ်သံစဉ်တစ်ခုပါပဲ .....
ဆိုညည်းမိတဲ့ခဏက
အစိမ်းသက်သက်တော့ ဖြစ်မနေခဲ့ဘူး....
တရှိန်းရှိန်းတက်နေတဲ့ အဖျားလို
အချစ်ဒီဂရီတွေမကျ ...
ရေစိုအ၀တ်နဲ့ အချစ်လိုရမ္မက်လေးတွေပေးမှ
တစ်ခါပြန်လန်းရမဲ့အဖြစ် .....
ပင်ပန်းနွမ်းနယ်သမျှ
သခင့်လက်အစုံက အေးမြမှုတစ်ခု
တစ်ခဏနဲ့ တစ်ဘ၀စာသောက်သုံးမိတာ
သခင်ရယ် စိုးထိတ်နေမလား ....
သခင်ရယ် ပျိုးနေမလား ....
အကျွန့်စိတ်နှလုံးခံစားမှု
သခင့်ပျိုးခင်းကို ထွန်ယက်ရင်း
ရာသီတွေခေါင်တဲ့ခေတ်မှာ
တမံရေကို ပေးမှာလား .....
မေတ္တာစမ်းရေ စီးဆင်းစေမှာလား .....
သေချာမှုတစ်ခုက
ပျိုးကျဲသူ သခင့်လက်မှာပဲ
အကျွန့်ဘ၀တွေ ဖူးပွင့်ဝေခဲ့တာ ......။ ။
ဆုတောင်းခြင်း ... နောက်
Subscribe to:
Post Comments (Atom)
2 comments:
သေချာမှုတစ်ခုက
ပျိုးကျဲသူ သခင့်လက်မှာပဲ
အကျွန့်ဘ၀တွေ ဖူးပွင့်ဝေခဲ့တာ ......။ ။
ကဗျာရှည်ကို ဖတ်လိုက်ရတာ စိတ်အားရသွားတယ်..
ရေတောင်းနေတာဆိုတော့ ရေသည်ပြဇာတ်ပဲ ဖြစ်ရမယ် ..
Post a Comment