ပုံမှန်စီးဆင်းနေတဲ့
မြစ်တစ်မြစ်.....
အဲဒီကမ်းပါးစွန်းပေါ်မှာ
ငါ မတ်တပ်ရပ်နေခဲ့တယ် ။
အသည်းကွဲ ၀တ္ထုတစ်ပုဒ်ကို
ဖတ်ပြီးစ မျက်လုံးမျိုးနဲ့
ဟို ..... အဝေးကို ငေးကြည့်လို့ ....။
နှင်းရိုင်းတွေ ခြွေယူပစ်လိုက်တဲ့
အပြာရောင် အနမ်းညတွေ ဆီက
တစ်ခါတုန်းက 'ချစ်သူ'ရဲ့ ရှိုက်သံထင်ရဲ့
ခပ်သဲ့သဲ့ ကြားလိုက်ရ ...။
လင်ကောင်ပိုး ငှက်တစ်ကောင်ရဲ့
လက်သည်းကြားထဲက, ညတွေ
ထွက်ကျလာ ....
ဘ၀တစ်ဝက်ရဲ့ နာရီတွေကို အလိုမတူပဲ
ဖျက်ဆီးနေကြ
ငါ.....၊ အိပ်စက်ခြင်းဆိုတာကို ရွံမုန်းပေါ့ ။
အခွံချည်းသက်သက် လေးလံနေတဲ့
ဦးခေါင်းတွေကို မနိုင်မနင်း သယ်ပိုး
တွင်းပျောက်ရှာနေကြတဲ့, ပုရွက်နီကောင်တွေကို ကြည့်ပြီး
အက်ကွဲခြောက်ကပ်တဲ့ အသံမျိုးနဲ့
ဟားတိုက်ရယ်မောပစ်ချင်တယ် ....။
မြင်နေကျ, ကောင်းကင်ပါပဲ
အမြီးအမောက်မတည့် ကခုန်နေကြတဲ့
ဖျောက်ဆိတ်ကြယ်တွေအကြောင်းကို တွေးရင်း
င့ါ နှလုံးသားဆီက
ထွက်ပြေးဖို့ အကြိမ်ကြိမ်ကြံစည်
ကြိုးစားနေကြ, 'အတ္တသစ်' ရင်ခုန်သံတွေအတွက်
င့ါ .... , မာနတရားနဲ့ ရန်မဖြစ်ချင်တော့ ....။
ဘယ်နေရာကို
ရောက်ရဦးမယ်ဆိုတာလည်း မသိသေး
မရေရာမှုရဲ့ လမ်းမပေါ်မှာ....။
အေဒင် ဥယျာဉ်ဟောင်းထဲက, 'အာဒမ်'
သူ့ရဲ့ သတ္တမနံရိုးအတွက်
မစားကောင်းတဲ့ အချစ်သစ်သီးတစ်လုံးကို စားပြီး
မပြီးဆုံးနိုင်သေးတဲ့ ခရီးမှတ်တိုင်တွေကို ငါတို့
ဆက်နေကြရ ....
တစ်ခါတစ်ခါကျတော့လည်း
မိုက်မဲရူးသွပ်စွာ, ရိုက်ချိုးပစ်ချင်တယ် ....။
င့ါရှေ့မှာ, မြစ်တစ်မြစ်
နုပျိုခြင်း နာရီတွေနဲ့
'ဘ၀အဓိပ္ပါယ်' ဆိုတဲ့ စကားလုံးတွေကို
သယ်ဆောင် ......
စီးဆင်းမြဲ စီးဆင်းနေဦးမှာပါပဲ ။ ။
ဆရာ မြတ်လှိုင်းရဲ့ ကဗျာလေးပါ .. အခုတလော စိတ်အချဉ်ဓါတ်လေးနဲ့ ပဏာသင့်နေလို့ တင်လိုက်ခြင်းပါ ..။
င့ါရဲ့မြစ်
အထီးကျန်ခြင်း
ကိုယ့်ကျင့်တရားမှာ ချွေးတစိုစို
ငါ့ကိုယ်ငါ အရမ်းစိတ်ပူတယ်
အစွန်းရောက်အာရုံကို အဖုံးဖုံး
ငါဟာ သူတော်စင်လို
မျက်လုံးအောက်စိုက် လမ်းလျှောက်လို့
တစ်ကယ်တော့ စိတ်များလွန်တဲ့ ပုရွက်ဆိတ်တစ်ကောင်
ခေါင်းကို ဆတ်ခနဲ ဆတ်ခနဲ လွှဲရ
ကိုယ့်ကိုယ်ကို အမြဲအာပတ်ဖြေနေရတဲ့လူပါ
ငါ .. ၀တ်လက်စ ဂျင်းဘောင်းဘီ
ဒီရာသီအကုန် ...
တန်းပေါ် ပစ်တင်ထားလိုက်တော့မယ်ဆိုလည်း
ရန်ပွဲတွေ့ရင် သွေးက .. ၀င်ရိုက်ခဲ့ချင်တုန်းပဲ
ဝရန်တာပန်းအိုးထဲက မြေလို
လူငယ်စိတ်လို့ အော်ပြောနေတဲ့
အရုပ်တွေကြည့်ရင်း ..
ဆံပင်အရှည် ပြန်ထားချင်တယ်
ဆောင့်ဆွဲနေရတဲ့ အရာတွေများလွန်းလို့
လက်ထဲက ခွက်မှာ သံချေးတက်တက်လာ
လက်ဆစ်တဖျောက်ဖျောက်ချိုးရင်း
အပိုးမကျိုး ဘာမှမကျိုး
တောက်ထုတ်ပစ်ပြီးသား အဲသည်ဘ၀မျိုး သတိရတယ်
ငါဘယ်လို အယောင်ဆောင်ဆောင်
ငန်ကျိကျိလမ်းမပေါ်
အင်္ကျှီကော်လံ ထောင်ထားချင်တုန်းပဲ ...။ ။
ဆရာ ခိုင်မြဲကျော်စွာ ရေးတဲ့ ကဗျာလေးပါ ...။
ကျွန်တော့် အဖြစ်တွေနှင့် ထပ်တူတမျှ တိုက်ဆိုင်နေတာကြောင့် အခုကဗျာလေး တင်လိုက်ခြင်းပါ ..။
