မာန စီးချင်း

အစ်ကို “ မင်းသုခ(MTK)” က ကျွန်တော့်အတွက် အမှတ်တရ ပေးတဲ့ ကဗျာလေးပါ ..။


ချစ်ခြင်းတွေကပဲ ကန်းစေခဲ့တာလား
မြတ်နိုးခြင်းတွေကပဲ ဆွံ့အစေခဲ့တာလား
ဘယ်ဘက်ရင်အုံတည့်တည့်က မြားချက်
ကြေကွဲခြင်းတွေ တစ်စက်စက်ကျမှ....

လောကဓံက ခင်းပေးတဲ့ဖျာတစ်ချပ်မှာ
ကံပစ်ချလိုက်သလို အနေအထိုင်မတတ်
သူမ ကြည့်တတ်သလို လိုက်ကြည့်ဖို့ကြိုးစားရင်း
ရင်ဘတ်ကနွေးနေသလောက်
ကြောင့်ကြမူတွေက ကျောပြင်မှာနက်နက်ရှိုင်းရှိုင်းစိုက်ဝင်လို့...

သံယောဇဉ်ဆိုတာကလဲ
ကိုယ်တိုင်လောင်ကျွမ်းပြီး
ကြွေမကျခင်အထိ လမ်းပြနေချင်တဲ့
ကြယ်တစ်စင်းလို ..
မရေရာတဲ့ ဆုတောင်းခြင်း သက်သက်
နားလည်မူတွေကို ပက်ချင်နဲ့သောက်နေရတဲ့အဖြစ်...

လိပ်စာရှာနေတဲ့ မြားဦးမှာ...
အချစ်ကိုမင်းဝတ်တန်ဆာလို
ပိုင်ဆိုင်မူအတွက်
ရာမယဏက ဒဿဂီရိကို ပစ်တဲ့မြား
အာဃာတအငြိုးနဲ့
တာဝန်တစ်ခုအတွက်
သောနုတ္တရကမင်း ဆဒ္ဒန်ကိုပစ်တဲ့မြား
အပျင်းပြေကစားရင်း
အမြင်လေးတစ်ချက်မှားတဲ့အတွက်
ပဠိယက္ခက သုဝဏ္ဏသျှံကိုပစ်တဲ့မြား
ရယူပိုင်ဆိုင်လိုတဲ့
တက်မက်ခြင်းအတွက်
ဗြဟ္မဒတ်မင်းက စန္ဒကိန္ဒရီကိုပစ်တဲ့မြား .....
ပစ္စည်းမဲ့တစ်ယောက်ရဲ့
အလင်းလက်ဆုံးတောက်ပမှုဟာ
ဂုဏ်သိက္ခာပါးပါးလေးပါ ....
တစ်စစပြိုကွဲလာတဲ့ အခန်းငယ်လေးထဲက
အက်ကြောင်းရာတွေရေတွက်ရင်း
သူမနဲ့ ကျနော် စီးချင်းမှာ
စံအိမ်ကို စိန်နဲ့ မွှမ်းပေးချင်တဲ့ အချစ်က
ကိုယ့်ရင်ဝ စိုက်မဲ့မြား
ကိုယ်တိုင် နှလုံးသားတဲ့တဲ့မှာ
ကိုင်ပေးထားခဲ့တဲ့အဖြစ်
ဒီနေ့ထက်ထိသူမ မသိခဲ့တာလား
ဒါမှမဟုတ်....
သူမ မပစ်ခဲ့ပါဘူးလို့ ပြောနေမလား...
ကျနော့် ရင်ဝမှာတော့ မြားတန်းလန်းနဲ့လေ...။

အစ်ကို “ မင်းသုခ(MTK)” ရဲ့ ကဗျာလေးအတွက် လေးစားတန်ဘိုးထားသလို ကျေးဇူးကမ္ဘာပါ ...။

မညီညာတဲ့ စည်းပေါ်ကလူ

လေနှင်ရာ ရော်ရွက်ဝါတွေကြားမှာ
သွေဖီကာအံတုတိုက်တဲ့ လေအဟုန်ရယ် ..
လမ်းဆုံမှာ အလွမ်းတွေစုကာရစ်အောင်
တစ်နည်းတစ်ဖုံနဲ့ စိတ်မှုန်အောင်လုပ်နေရော့လား ...

ရွက်လွင့်ခြင်းရဲ့ ကမ္ဘာငယ်မှာ
အာသီသတစ်ခုနဲ့ တစ်ခါပြန်ညှိနေရတဲ့
ဘ၀သံစဉ်တွေကြား မေ့မရတဲ့နေ့ရက်တစ်ချို့က
ညည့်နက်ညတွေမှာ သက်ပြင်းတစ်ချက်နဲ့
ကဗျာဟာ ထွက်သက်ပြင်းနေတယ် ...

အမှောင်ထုရဲ့ ယူဆောင်မှုအပြည့်မှာ
တေလေစိတ်တွေနဲ့ အရှိန်တက်နေတဲ့ဒီခေတ်ထဲ
လွမ်းသလိုဆွေးသလို တစ်ခန်းပိုခဲ့တာလည်း
ချစ်တတ်တဲ့ ဒီရင်ဘတ်မှာ
ကဗျာဟာ ၀ိညာဉ်မဲ့နေတယ် ...

အလွမ်းတွေကပိုကရိုနဲ့ အနမ်းတွေခြေတိုခဲ့တာ
ကြည့်ကောင်းတဲ့ ပြဇာတ်တစ်ပုဒ်ရဲ့
အဆွေးသံစဉ်မှာပဲ အတွေးစစ်ခင်းနေရပြီ ...

စောနေရင် အပိုပဲ ..
နောက်ကျရင် ဆက်သွား ..
ဒီသံသရာခရီးက လှည့်ပြန်ဖို့မရဘူး
ဒါ ...လမ်းအစရဲ့နိဂုံးလား ...

ဝမ်းတစ်ထွာ ဖြည့်ဖို့အတွက်
အလုပ်ကိုယ်စီတွေနဲ့ ရှင်သန်နေတဲ့လူတွေကြား
ငါသည်လည်းပဲ ...
အိတ်ကပ်ကိုလက်နှိုက် စိတ်စရိုက်က
ပိုက်ဆံနတ္ထိကြားမှာ လွင့်ပါမျောသွားပြန်တယ် ...

ဂုဏ်မဖေါ်တတ်ပေမယ့် ဂုဏ်ဖေါ်မက်လို့
ပုံပေါ်ပျက်နေတဲ့ ၀န်းကျင်တစ်ချို့အလယ်
ငါ .. ခြေခေါက်လဲတဲ့အဖြစ်က
တဆစ်ဆစ်နဲ့ အတွင်းဒဏ်ကိုဖြစ်လို့ ...

ငါ့ဘ၀မှာ ..
အချစ်အငြိနဲ့ ရပ်တည်မှုတစ်ခုအောက်
ဘ၀ပေး ကံဆင်းရဲမှုတွေက
စာနာမှု နှိုင်းမှီစရာတွေနဲ့ဆို
အချစ်ဟာ အကာအကွယ်တစ်ခုနဲ့
ပုံဖေါ်စက် အသွင်လား ...

င့ါကိုယ်ငါ ထုဆစ်နေတဲ့
ရုပ်အဆင်းတစ်ခုမှာ ရုပ်လုံးပေါ်ဖို့ကြိုးစားနေရင်း
မပီပြင်သေးပေမယ့် ဒီဝန်းကျင်ဘေးမှာ
အစအနများစွာ ကြွင်းကျန်မှုနှင့်အတူ
ရုပ်သဏ္ဍာန်အဖြစ်တော့
အနှေးနှင့်အမြန် တည်ရှိမှာပါ ...

တစ်ကိုယ်ကောင်းဆန်
အတ္တတွေဖိစီး စိတ်မာန်တွေတင်းနေတဲ့
လူ့စိတ်အစုံမှာ
ဘ၀ကိုကလည်း စုတ်ချက်အောက်က
အဖြည့်ခံ အဖြစ်လိုပါပဲ ...

မိုးမှောင်ကျတယ်ဆိုမှ
လေပြင်းတွေ ခြွေချလိုက်တာ
င့ါစိတ်တွေလည်း ဟိုးအဝေးဆုံးက
ကမ္ဘာတစ်ဖက်စွန်းအထိ
မညီမညာ အတိမ်းအစောင်းတွေနဲ့
လွင့်စင်ရင်း အနာတရအဖြစ်
ဒဏ်ရာထက်မှာလည်း အိပ်စက်ဖူးပါတယ် ...

နေ့ည ပြောင်းလဲခြင်းတွေနောက်
ချစ်သူပေးတဲ့ နွေးထွေးမှုနှင့်အတူ
ဘ၀ကို ပြောင်းပြန်အချိုးကျရင်
“ တစ် ” မဟုတ်တဲ့ “ သုည ” ဖြစ်ခြင်းအဖြစ်
ရှေ့ဆက်လျှောက်မဲ့ အနာဂတ်ကို ,
သူသိပါစ ..တန်ဖိုးမမဲ့တဲ့ သုညကိုလေ ...

ဘ၀ရယ် ..
ရိုးသားပါတဲ့ စိတ်အရင်းခံတစ်ခုမှာ
မရိုးမသား ဆက်ဆံခြင်းတွေကြား
ရှေ့ဆက်တိုးမလား ..
နောက်ပြန်ဆုတ်မလား ..
သေချာတာ တစ်ခုကတော့
ငါဟာ ... စည်းပေါ်ကလူပါ ...

အပျိုကြီးမမ

နှစ်ဆယ်ကျော် အစိတ်ပိုင်းမှာလ

အရွယ်တော် တစ်ဆိတ်ဟိုင်းပြီမို့

စိတ်တိုင်းကျ တွေ့မယ်မထင်။

မတန်မှ ရွေးလှချည်ရဲ့

ကံပေးလျှင် လိုရာရောက်လိမ့်မပေါ့

ဖောက်စရာ မာန်ကိုယုံလို့

ကြောင်းမဆုံ နှောင်းပုံအလုပ်ကယ်နှင့်

ခေါင်းသုံးလျှင် ရောင်းကုန်ပုပ်မှဖြင့်

(ခင်ရယ်) ကောင်းကောင်း မဟုတ်ချင်…။

ရမလို လိုတာမရတာနှင့်

မအပျို ကိုယ်မှာ သ,တော့မဟဲ့လို့

အိုကာမှ တန်ဆာဆင်

သြော်… ဇရာအသွင်ဟာမို့ မြင်သူမုန်း။

ဈေးမကွဲခင်

ကြေးနည်းတာ မမြော်မြင်နဲ့တော့

ခေါ်ငင်ကာ တွင်အောင်ရောင်းပါမှ

ကုန်ကောင်းဆို အမြန်မနှင်လို့

အမှန်ပင် ရက်ကြာလို့ နှေးတော့ကမ

လျှော့ဈေးလေလံဆိုင်၌

ဈေးမကိုင် အနိုင်ထုတ်ရတော့

ရေးမသာ ဆွေးကာစုတ်တယ်

အိုကွယ်… ကြေးယုတ်လို့ရှုံး။

မဟာဂီတ ဦးပြုံးချို

သူငယ်ချင်းတစ်ယောက် ပို့ပေးတဲ့ ဆရာဦးပြုံးချိုရေးတဲ့ ကဗျာလေးပါ ..။