"ပစ္စက္ခ" ..... “ဒီနေ့ထက်ထိ”

"ပစ္စက္ခ"

ကောင်းကင်ကို ပစ်တင်လိုက်တဲ့မြားးဦးမှာ
ရင်ဘတ်တန်းလန်းနဲ့
ပက်ပက်စက်စက် ခြောက်သွေ့နေပုံက....
..........
ငါ့ကိုယ်ငါ မေ့နေလောက်အောင်
ပြိုကျခဲ့တဲ့ တိမ်တွေ လိုက်ကောက်နေခဲ့
လေညှင်းရယ် အပြစ်အခတ် ရပ်စဲပေးပါ...

တစ်ချိန်က မင်းနဲ့အတူဖြိုချခဲ့တဲ့ ကမ်းပါးတွေ
မင်းနဲ့ငါ့ကို တစ်စစဝေးကွာစေရင်း
မြစ်ကျိုးအင်းအဖြစ်နဲ့
ပုံ့ပုံ့လေးလဲကျကျန်ရစ်ခဲ့တဲ့ငါ...

ငါ့အိပ်ရာခင်းတွေ ခမ်းနားစေချင်လို့
အလိမ္မာနဲ့ဖြန့်ခင်း ထိုင်ကြည်းရင်း
ရာဇဝင်ထဲမှာ နိစ္စဓူဝတွေ ကျဆုံးခဲ့...

ရုန်းကြွစေချင်လို့ မာနတွေအသားမာအတက်ခံပြီး
ကုန်းထပေးခဲ့တာ အကုန်မြင့်မလာပဲ
တစ်ချို့နစ်မြုတ်သွားတယ်...

ပေါက်ကွဲဖျက်ဆီးခဲ့ပြီးမှ အိနြေ္ဒရရ
ကြေးပန်းအိုးဘဝနဲ့ အနာရွတ်တွေတိုက်ချွတ်ပြီး
ဈေးကွက်တင်ထားတဲ့ ဥပစာ
အဲဒီနောက်ဖက်က အနာတရနဲ့
ဆုတ်ဖြဲခံခဲ့ရတဲ့ ငါ့ရဲ့ကြော်ညာ..

ယောနသံလို ခပ်မြင့်မြင့်ပျံချင်ခဲ့
အတောင်ပံတွေ ကောင်းကင်နဲ့ငြိပြီး
ဟင်းလင်းပြင်ကြီးထဲ အကြိမ်ကြိမ်ကျွံကျ
ကျိန်စာသင့်ခဲ့တဲ့ညညတွေ...

လက်ယဉ်နေတဲ့ လှည့်ကွက်ထဲ
ဘဝကိုထည့်ပြီးအချိုးခံ ကုလားဖန်အကြိမ်ကြိမ်ထိုးပေမဲ့
နှပ်ကြောင်းနဲ့အမြဲတိုးခဲ့တဲ့ ငါ
ရနံ့တွေ အငွေ့ပျံ သွားတဲ့ ရေမွှေးတစ်စက်လို
အစွန်းကွက်သက်သက်..

ဘယ်လိုမှမတူညီနိုင်တဲ့ ဆန့်ကျင်ဖက်လားရာနှစ်ခု
ညီမျှခြင်းအတုအဖြစ် မာယာကိန်းသေတွေချ
သက်တန့်ကွေးကွေးလေးနဲ့ ပဉ္စလက်ပြခဲ့တာ
အက်ရာတွေထမှ ကောခဲ့တဲ့မြစ်တစ်စင်း
ဆက်စီးဆင်းနိုင်ပါ့မလား...

မိတ္တူကူးထားတဲ့ စာမျက်နှာတွေနဲ့
ရွာနာခဲ့တဲ့ငါ ..
ပွင့်ချပ်တွေ ကြွေကျနေပေမဲ့
နေရသလောက်တော့ ဝေပြချင်တဲ့သောက
အနင်းခံပြီး ငါ့မာနနဲ့ငါ တင်းခံမယ်..

ပစ္စက္ခမှာ ကိုယ်တိုင်သွေးခဲ့တဲ့ဓါး
ရင်ဝနားမရောက်ခင်ထိ
ကောင်းကင်ကြီးနဲ့ ဝတ်မူန်ကူးပြီး
ငါ့ကဗျာတွေ ဒီကမ္ဘာကြီးအတွက်
ရှိုက်ကြီးတငင် သွန်ချလိုက်မယ်.. ..၊၊ ( ၂၀၀၈)



“ဒီနေ့ထက်ထိ”

သိပ် သတိရတယ် (....) ရေ....

ပိုင်ဆိုင်ခွင့် မရှိခဲ့ပေမဲ့
ဆိုင်ခဲ့တဲ့ စက္ကန့်လေးတွေ တမ်းတရင်း
အလွမ်းတွေ တနင့်တပိုးနဲ့
လက်ကျန် ဘဝ ဆက်ဖြတ်သန်းဖို့
ရင်ဘတ်က ချုပ်ရိုးတွေ ပွတ်သပ်
ဒီနေ့ထက်ထိ အမှတ်ရနေဆဲပါ...။

ထားရစ်ခံခဲ့ရတဲ့ ပျော်ရွင်မှုတွေက
နာကျင်စေတာ မှန်ပေမဲ့
နာကျည်းမှု တစက်မှမပါတဲ့ သတိရခြင်းအဖြစ်
သိပ်ချစ်ခဲ့တာပဲလေဆိုတဲ့အတွေးနဲ့
မင်းအပြုံးလေးတွေ မနက်ခင်းတိုင်း
ဒီနေ့ထက်ထိ အနိုင်ပိုင်းနေဆဲပါ...။
......
သူများတကာ မေးငေါ့ခံပြီး
ချစ်ပြခဲ့တဲ့ အမှတ်တရလေးတွေနဲ့တင်
တစိမ်းရင်ခွင်မှာ ပျော်ရွင်နိုင်ပါစေ
ဓါရိုးကမ်းတယ်လို့ ကိုယ်နှလုံးသားကဆိုဆို
မင်း ငိုနေတာ မကြည့်ရက်တဲ့ငါ
ဒီနေ့ထက်ထိ အလွမ်းတွေပိနေဆဲပါ...။

တဘဝစာခြားသွားတဲ့ အဖြစ်က
ကိုယ့်မှာ အပြစ်ရှိခဲ့လို့လား
သံယောဇဉ်ကို သစ်တပင်လိုပိုင်းဖြတ်
မေ့တတ်ခဲ့ရင်တောင် မက်ခဲ့တဲ့အိပ်မက်တိုင်း
မင်းရဲ့ သမိုင်းကြောင်းတွေအဖြစ်
ဒီနေ့ထက်ထိ မျှော်မိနေဆဲပါ...။

ရေလဲမကြည် မြက်လဲမနုတဲ့ဘဝ
တပည့်တော် မြတ်နိုးခဲ့သမျှဟာ
အငြိုးအတေးကင်းကင်းနဲ့
ချစ်ခြင်းသက်သက်ပါ....

ဤ မှန်သောသစ္စာစကားကြောင့်
ဖြစ်လေရာဘဝတိုင်း
ထားရာနေ စေရာသွား
သူ့အလိုကျ ဖြစ်ရမဲ့အတူတူ
ကိုယ်က ချစ်ရတဲ့သူ မဖြစ်ပါရစေသား...။ ( ၁၉၉၁ )

( ဘာရယ်မဟုတ်ပါဘူး ငယ်ငယ်က ကဗျာလေး တိုက်ဆိုင်မှုတခုကြောင့် ပြန်စဉ်းစားပြီး ရေးလိုက်တာပါ...မလွဲလောက်ဘူးထင်ပါတယ်...လက်ရှိအနေနဲ့တော့ကဗျာကရီစရာကလေးကလား ဖြစ်နေတယ်..ပြီးတော့ကာ...ကာရံ သမားဘဝကနေ မော်ဒန်လိုင်းအကူး တကယ့်ကို ဟိုမကျ ဒီမကျ ကဗျာလေးပါ ...ကျနော့်အသက် ၂၅ လောက်က ကဗျာပါ ) <<<< အစ်ကိုသု ပြောတဲ့ စကားလေးပါ ..။ အစ်ကိုသု ရေးထားတဲ့ ၂၀၀၈က ကဗျာနဲ့ ၁၉၉၁က ကဗျာနှစ်ပုဒ် တွဲတင်လိုက်ခြင်းပါ ..။

အတွေ့ချင်ဆုံး ၁၀ယောက်

အတွေးချင်ဆုံး ၁၀ယောက်ဆိုပြီး ပန်းခင်းလေး က တက်ခ်ထားတာပါ.. ကြာပါပြီ ... မအားတာနဲ့ မရေးဖြစ်တာ ခု တက်ခ်အကြွေးတွေ များလာပြီဆိုတော့ စတင်ရေးပြီဗျာ စာရေးတဲ့မောင်နှမတွေထဲမှာ တွေ့မြင်ဖူးတဲ့ မောင်နှမတွေရှိသလို မတွေ့မမြင်ဖူးပဲ ခင်မင်တဲ့မောင်နှမတွေလည်း အများကြီးပါ .. အတွေ့ချင်ဆုံး၁၀ ယောက်ဆိုတော့ စာရေးတဲ့ မောင်နှမတွေထဲမှ အပြင်မှာ တွေ့ခွင့်ရချင်တဲ့ တွေ့ချင်မိတဲ့ ၁၀ယောက်ကိုပဲ ဖေါ်ပြလိုက်ပါတယ် ..။၁၀ယောက်ထဲ ကန့်သတ်ထားတော့ ခက်သားပဲ ..။ ဘလော့ခ်စာမျက်နှာပေါ်မှာ သိကျွမ်းခွင့်ရခဲ့တဲ့ မောင်နှမတွေ အားလုံးကိုတွေ့ချင်မိတာတော့ ရင်ထဲက ဆန္ဒပါ ..။

၁ ... ဘလော့ခ်စရေးတုန်းက တတိယမြောက် ခင်မင်ခဲ့ရတဲ့ ညီမလေး .. ဝေလေး ပါ ..။ညီမလေး ဝေလေးနဲ့ ကဗျာအကြောင်းလေးတွေ စသည့်ဖြင့် ပြောခဲ့ရင်း သံယောဇဉ်တိုး ခင်မင်သွားတဲ့ ညီမလေးပါ ..။ခုတော့ တစ်ယောက်နဲ့ တစ်ယောက် ဘီးဇီး နေတာနဲ့ အရင်ကလို စကားသိပ်မပြောဖြစ်တာ ကြာပါပြီ ..။အခွင့် ရှိသေးမယ်ဆိုရင်ဖြင့် ညီမလေး ဝေလေးနဲ့ တွေ့ဆုံချင်ပါသေးတယ် ..။ပထမ စသိတဲ့တစ်ယောက်နဲ့ ဒုတိယကတော့ ပြည်တွင်း ပြန်လာတုန်းလေး တွေ့ဖူးသွားပါပြီ ..။

၂ ... စတုတ္ထမြောက်သိကျွမ်းခဲ့တဲ့ ညီမငယ် ငှက်ငယ်လေးပါ .. တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူညီတဲ့အချိန်(နေ့ ၊ည )မှာ ညီမငယ်ငြိမ်းက မနက်ဆို ကျွန်တော်က ည ကျွန်တော်ညဆို သူက မနက် .. အလုပ်တစ်ဖက်နဲ့ အချိန်ပိုင်းလေးပဲ ပြောခွင့်ရခဲ့တဲ့ ညီမငယ် ငှက်ငယ်လေးကိုလည်း စကားတွေပြောရင်း ရင်းနှီးမှု ရလာတာနှင့် အမျှ တွေ့ချင်မိလာတဲ့အထဲ သူတစ်ယောက် အမြဲလိုလိုပါပဲ ..ခုတော့ စကားမပြောဖြစ်တာ တော်တော့ကို ကြာပါပြီ .. ခုဆို ကျွန်တော် ညပိုင်း အွန်လိုင်း တက်တဲ့ အချိန်တွေဆို ငြိမ်းကိုများ တွေ့မလားလို့ မျှော်နေတတ်မိပါတယ် ..။

၃ ... ညီမငယ် ငွန်ငယ်မိုးပါ .. စကားပြောရင် “ နော့ ” ဆိုတာလေး ထည့်ထည့်ပြောတတ်တယ် ညီမငယ်ပါ ..။
ငွန်ငယ် အားလို့ အွန်လိုင်းတက်လာတဲ့အချိန် ကျွန်တော်အွန်လိုင်းတက်တဲ့ အချိန်နဲ့ တိုးရင် စကားပြောဖြစ်တာ များပါတယ် ..။ခုတော့ မတွေ့ဖြစ်တာ ကြာပါပြီ .. ဘလော့ခ်လည်း သူကိုယ်တိုင် မရေးတော့ပါဘူး ..။ သူ့အစ်ကို ကိုလတ်ပဲ ဆက်ရေးပါတော့တယ် ။မောင်နှမ နှစ်ယောက်လုံးနဲ့လည်း တွေ့ချင်မိပါတယ် ..။ သတိတရလည်း ရှိပါတယ် ..။

၎ ...အဘွား နေရီနွယ်ပါ .. အဘွားနဲ့ကတော့ သူစာကျက်လို့ အိပ်ငိုက်လာတဲ့ အချိန် .. ပျင်းလို့ သက်ပြင်းချတဲ့ အချိန်တွေအပြင် တွေ့တိုင်း စနောက်ပြီး မောင်နှမအရင်းလို ပြောဖြစ်ကြတဲ့ အဘွားပါ ..(အဘွားလို့ ခေါ်ရခြင်းမှာ သူ့အိမ်ကို စသိခါစက စာဖတ်ပြီး ဆီပုံးမှာ ကျွန်တော့်ထက် အသက်ကြီးမယ်ထင်ပြီး အစ်မဆိုပြီး ရေးခဲ့မိတယ် .. နောက်ပိုင်း စကားပြောဖြစ်ကြတော့ ကျွန်တော့်ထက် အသက်ငယ်မှန်း သိခဲ့ရတယ် ...အဲမှာ သူက သူ့ကိုအသက်ကြီးတယ်လို့ ထင်တယ်ဆိုပြီး စိတ်ကောက်စွာနဲ့ ကျွန်တော့်ဆီပုံးမှာ အဘိုး ဆိုပြီး ပြန်လာအော်လို့ ကျွန်တော်ကလည်း သူ့ကို အဘွားလို့ စနောက် ခေါ်ခြင်းပါ . ။) စာတွေ ကြိုးစားနေတာလေ ..ကျွန်တော် လိုင်းပေါ် မရောက်တာနဲ့ ညီမလေး နဲ့ အေးဆေး မပြောဖြစ်တာ ကြာပါပြီ ..။ မောင်နှမအရင်းအဖြစ် သတ်မှတ်လို့ ကတိတွေ ပေးထားတဲ့ ညီမလေးပါ .. သူ့နဲ့လည်း တွေ့ချင်ပါတယ် .။ ပါးကွက်ကလေးကတော့ အမှတ်ရစမြဲပေါ့ ..။

၅ ... မကြီး အိန္ဒြာပါ .. ကဗျာတွေ အရေးကောင်းပြီး မောင်လေးတစ်ယောက်အပေါ် သွန်သင်ပြတဲ့ မကြီးပါ ..။
မကြီးနဲ့ မအားလို့ စကားမပြောဖြစ်ရင်တောင် အွန်လိုင်းမှာ မကြီး ရှိနေတယ် ဆိုရင်ဖြင့် ကျွန်တော်က ပျော်နေတတ်သူပါ ..စကားပြောဖြစ်တဲ့ အခါကျရင်တော့ အတိုင်းမသိ ပျော်နေမိတယ် .. ကဗျာအကြောင်းလေးတွေ ပြောလိုက် အလုပ်အကြောင်းလေးတွေ ပြောလိုက်နဲ့ နေ့ရက်ကလေးတွေ ကုန်လွန်လာတာနှင့်အမျှ မကြီးကိုလည်း တွေ့ချင်ပါတယ် .. တစ်ရက်တစ်ရက်နဲ့ မကြီးနဲ့ တွေ့ဖို့ နီးလာတာနှင့် အမျှ ပျော်နေမိတာလည်း အမှန်ပါ ..။ ဘ၀တာတိုမှာ ကျွန်တော် မြတ်နိုးရသော ကဗျာတွေ .. ကဗျာတွေကိုရေးနေသော မကြီး .. စသည်ဖြင့် ကဗျာတွေကြားမှာပဲ ကဗျာဆရာ .. မကြီးကို တန်ဘိုးထားပါ၏ ..။

၆ ... ကိုအိမ်ပါ .. ဟာသတွေပြောင်မြောက် ဖတ်ရသူ စိတ်အနောက်တွေ ပြေပျောက်အောင်ရေးနိုင်တဲ့ ကိုအိမ် ...
ပြီးတော့ ခုလက်ရှိ ချစ်သူ မရသေးဘူးလေ (လူတကာ သိအောင်လို့ ) ၊ အဲ့အစ်ကိုတော် ကိုအိမ်နဲ့လည်း တွေ့ချင်ပါတယ် ...မကြာတော့မဲ့ အချိန်မှာတော့ တွေ့ရမယ်တော့ မျှော်လင့်ရတာပါပဲ ..။

၇ ... အစ်မ၀ါပါ .. MBS နဲ့ ပတ်သက်တဲ့ ပို့စ်လေးတစ်ခု တင်တာကို ကွန်းမန့်သွားပေးရင်း ခင်မိခဲ့တဲ့ အစ်မပါ ..
အပြန်အလှန် စာတွေ ဖတ်ရင်း ရင်းနှီးချစ်ခင်ခဲ့တဲ့ အစ်မပါ .. အစ်မတော်လည်း ဘယ်အချိန် ပြန်လာမယ် မသိပေမယ့် အခွင့်ရှိသေးတယ် ဆိုရင်ဖြင့် တွေ့ချင်ပါသေးတယ် .. (အစ်ကိုနဲ့ သမီးငယ်လည်း ပါတယ်နော် ) ..။

၈ ... BLACK DREAM ပါ .. စာအရေးအသားကောင်းသလို နည်းပညာထဲမှာ ကျွန်တော် နှစ်သက်မိတဲ့အထဲ ဘလက်လည်း အပါအ၀င်ပေါ့ .. ပြီးတော့ ပြီးတော့ .... ထိုကြောင့် ထို့ကြောင့်လည်း သူ့ကို ခင်မိပါတယ် သူပြန်လာတဲ့ အချိန်တွေ့ရဦးမယ်လို့လည်း မျှော်လင့်မိသလို တွေ့လည်း တွေ့ချင်ပါသည် ..။သူကတော့ ပြန်ရောက်ရင် ဘယ်သူ့ကို အရင်တွေ့မယ် မသိ .. ဟိဟိ ..။

၉ ... အစ်မ ကောင်းကင်ပြာပါ .. အစ်မတော်နဲ့ ကျွန်တော် အကြိုက်ချင်း တူတာ တစ်ခုရှိတယ် .. ။ ဘလော့ခ်သွားဖတ်ရင်း တွေးမိတာက ကျွန်တော့်ထက် အသက်ငယ်မယ်ထင်တာ .. တစ်ကယ့်တစ်ကယ် သိပြီဆိုမှ ကျွန်တော့်ထက် အသက်ကြီးတာ သိတာ .. ဟီး .. ( ၁၆နှစ် ဟုတ်ဘူးနော် ).. ပြီးတော့ ပြန်လာမယ် ပြန်လာမယ်ဆိုပြီး ပြန်မလာသေးတဲ့အတွက်ရော အကြိက်ချင်းတူတာလေး အတွက်ရော ကဗျာလေးတွေ လာလာဖတ်တဲ့အခါ စိတ်ထဲက သံယောဇဉ်တိုးလို့ ခင်မင် တွေ့ချင်မိတဲ့ အစ်မပါ ..။

၁၀ ... ဦးနော်နဲ့ တီငယ်ပါ (နှစ်ယောက်ဆိုပေမယ့် ) ဘလော့ခ်တစ်ခုထဲမို့ တစ်ယောက်အဖြစ်ပဲ သတ်မှတ်တာ ..
တီငယ့် စာတွေဆို အရမ်းကြိုက်တယ် .. စာတွေ ဖတ်ရင်း ဖတ်ရင်း ခင်မင်မှုလေးတွေ ရတဲ့အခါ တီငယ်က သူရေးထားတဲ့ စာလေးတွေကို မေးလ်ကနေ ပို့ပေးဖူးတယ် .. ပြီးတော့ စသိခါစတုန်းက ပို့စ်တွေ အကုန်မဖတ်ရသေးပဲ မေးမိတာ တစ်ခုအတွက် တီငယ်ဖြေရှင်းချက် ထုတ်ရတာ မှတ်မိသေးတယ် .. ဟိ ..ပြီးတော့ ဦးနော် ကဗျာရွှတ်တဲ့ အသံ ...၊ နားထောင်ရပေမယ့် ဦးနော်မှန်း မသိတဲ့ အဖြစ် .. .. နားထဲမှာ ကဗျာတစ်ပုဒ်ရဲ့ အသံအနေအထား ပီပြင်ပြောင်မြောက်အောင် ရွတ်ဆိုနိုင်တဲ့ ဦးနော် .. အရေးကောင်းတဲ့အတွက်ရော .. စသည်ဖြင့် အဲလိုအဲလိုတွေကြောင့် တွေ့ချင်ပါ၏ ...

ညီမလေး ပန်းခင်းရေ .... ခုမှပဲရေးပေးဖြစ်တာ နားလည်ပေးပါနော့ .... တော်သေးတယ် အကြွေးရှင်က မေ့နေတာ နေမယ် ..အကြွေးမတောင်းလို့ ...။ သတိရတုန်းလေး ရေးလိုက်တာ ... ဆက်ရေးရင် ဘလော့ခ်စာရင်းဝင် အကုန်ပါမှာ သေချာတယ် ..။တွေ့သာတွေ့ချင်တာ .. ၁၀ယောက်လုံးရဲ့ဘလော့ခ်တွေ နောက်ပိုင်း မဖတ်ဖြစ်တာ များနေပြီ .. စိတ်ဆိုးနဲ့နော် ..မအားလို့ပါ ..။နောက်များ မကြာမီ အိမ်တွေ ပြန်လည်လို့ စာဖတ်ဖြစ်တော့မှာပါ ..။ ခုတော့ ဘူးသီးနော် ..။

ရွှေသမင်

တစ်ခါတစ်ခါ စိတ်အနယ်ထိုင်မှာ
အတွေးကို ဆွဲဆန့်မိတယ် ..
နိုးထခြင်းရဲ့ မနက်သစ်ရောက်တိုင်း ...

အတွေးထဲစီးမျောလို့
တစ်နေ့တာ ကုန်ဆုံးရတဲ့အဖြစ်တွေကြား
လမင်းရင်ခွင်ကို ခိုဝင်ချင်ပေမယ့်
သို့တည်း .. ခိုဝင်ခွင့်မရသေးတဲ့
နေကွယ်ချိန်မှာ
တစ်ခန်းရပ်ရမဲ့ အဖြစ်တွေ ..
အလင်းပျောက်တဲ့ ဇောက်နက်နက်ညတွေထဲ
စမ်းတ၀ါးဝါးနဲ့ လရောင်လွမ်းခန်းကို
ဖွင့်တတ်တာလည်း ကြာပါပြီ ...

ဘ၀ဟာ ... အံမ၀င်အောင်
အနားသတ်ပြတ်နေတဲ့ စိတ်ပုလင်းလေးဆိုရင်
ငါဟာ .. အဖွင့်အပိတ်တွေနဲ့ ဖြစ်တည်ရမဲ့
ရောက်တတ်ရာရာ
စိတ်အစီအရီ ပုလင်းလေးပေါ့ ...

လူမှုနယ်ပယ်ထဲ လှုပ်ရှားနေရင်း
လိုက်မမှီတဲ့ ဖြစ်ရပ်တစ်ချို့မှာ
တစ်ကိုယ်တည်း လွန့်လူးစွာ ..
အပြုံးများစွာရဲ့ ဘ၀တွေကြား
နစ်မြုတ်ရတာလည်း အကြိမ်ကြိမ် ...

ဖြစ်ခွင့်ရတဲ့ ဒီလူ့ဘ၀မှာ
အလိုက်မှားမိတဲ့ ရွှေသမင်ဖြစ်ရပ်လို
ဘ၀ဟာလည်း ဆုံးခန်းတိုင်ပြီလား ...

လင်းဖြာမလာတဲ့ မိုးစက်တွေအောက်
စိုသူမဲ့ဘ၀ကို အခါခါဟစ်ကြွေး
ပဲ့တင်သံတွေ သံပြိုင်ကြားနေရတဲ့
အိပ်မက်ထဲ ..
မျှော်လင့်ချက်နဲ့အတူ
ရင်ဘတ်အတွင်းရဲ့ အနာဖြစ်ခြင်းအပေါ်
အချစ်ဟာလည်း ရောထွေးသွားလေရဲ့ ...

သွေဖီရာ ရာသီတစ်ကြောမှာ
သွန်းခြင်းဖြိုးလို့ အေးစေမြမဲ့
မိုးနတ်မယ်ရေ ..
လွမ်းညတွေမှာ တမ်းတာတာ
သူရယ် သိမလားလေလို့
နွမ်းလျကာ နေရှာတဲ့
ကစဥ့်ကလျား ဖြစ်စဉ်ကြားမှာ
မှန်းဆဖြာ ဆောင်ကျဉ်းလှည့်ပါ
မိုးမဒီရဲ့ သွန်းဖြိုးအလီလီကို ...

သတိတရနဲ့ စိတ်တဒေသက
ငါ့အတွက်ဆိုရင် ..
စည်တော်အပါးမှာ အခစားဝင်မဲ့ကြယ်စင်မင်းဟာ
ချစ်သူ့အတွက် အလွမ်းစက်လက်နဲ့
ကမ်းတစ်ဖက်ကိုတောင် ကြွေကျနိုင်ရဲ့ ..
ချစ်သူ .. သင်သိပါစ ...

ဆိုညည်းဖြစ်သော သီချင်းများ

ညည်းဖြစ်တဲ့ သီချင်းများဆိုပြီး ပရော်စီကွေ့ခေါ် ဇောင်းက တက်ခ်ထားသည့်အတွက် လတ်တလော ညည်းဖြစ်တဲ့ သီချင်းတွေကို စိတ်ထဲက ညည်းရင်း ရေးလိုက်ပြီ ....။

၁ .. အာဇာနည် ( မင်းလေးတစ်ယောက် )

“အလွမ်းဆုံးသီချင်းလေးတစ်ပုဒ်နဲ့ ငါမင်းကိုမေ့ချင်လဲ ... သီချင်းလေးထဲအထိ မင်းရဲ့အကြောင်းတွေ ၀င်ဝင်လာတယ် ... အိပ်ပစ်လိုက်ဖို့ ဆေးတစ်ခွက် ငါသောက်ပြီး အိပ်ပျော်သွားတယ် .. အိပ်မက်ထဲတောင် မင်းလေးရောက်နေဆဲ ...... မချစ်နဲ့ မချစ်နဲ့ လူတွေက မုန်းဖို့ပြောတယ် .. ကိုယ့်ရဲ့အနားမှာ မင်းမရှိပဲ ဘယ်လို နေနိုင်မလဲ .. အချစ်နဲ့ အမုန်းနဲ့ ဘယ်လိုများ ပြောင်းလဲရမယ် အသက်ရှင်ခြင်းရဲ့ အကြောင်းပြချက် ကိုယ့်ရင်ထဲမှာ မင်းလေး တစ်ယောက်ထဲပဲ” .....။

၂ .. Gay Zar ( ဆန္ဒတစ်စုံတစ်ရာ )

“ချစ်တဲ့ မျက်ဝန်းလေး နှလုံးသားချင်းနားလည်ခဲ့ .. လျှို့ဝှက် သံယောဇဉ် ရင်ခုန်စွာ တမ်းတရင်း .. အို နေ့ရယ်
အို ညရယ် စိုးမိုးလို့ ထားခဲ့ပြီပေါ့ ... မေ့မရ သူ့နှုတ်ခမ်းလေး နုညံ့တဲ့ မုန်းတိုင်းလေးလား” ....။

၃ .. cobra ( ရူးမတတ်ခံစား )

“မင်းကိုတွေ့တဲ့ နေ့ကစပြီး ရင်ခုန်သံတွေကို သံစဉ်ဖြစ်အောင် ပြောင်းလဲတတ်လာခဲ့တယ် .. တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ငါ့အနားကမင်း ပျောက်ဆုံးသွားမှာကို အရမ်းကြောက်နေလို့ ..... ငါရေးထားတဲ့ ကဗျာတစ်ပုဒ် နံရံပေါ်တွေ့လို့ ဖတ်ကြည့်လိုက်တော့ မင်းအကြောင်းဖြစ်နေလို့” ....။

၎ .. ဒီလေး ( မင်းနားလည်မှာပါ )

“မလွမ်းပဲ မနေနိုင်အောင် မင်းလုပ်ခဲ့တယ် .... မချစ်ပဲ မနေနိုင်အောင် မင်းရဲ့ အပြုံးရယ် .. နှလုံးသားဒဏ်ရာတွေ မင်း မပေးပဲနဲ့ ရရှိခဲ့တာ ဘာကြောင့်လဲ” ....။

၅ .. ဟန်ထွန်း ( အလွမ်းကဗျာရှည် )

“ အလွမ်း ... ကဗျာလေးပဲ ........ ကဗျာရှည်ဟာ မဆုံးဘူး ..... အနမ်းတစ်ခုလည်း ကြွေကျသွား ..... ကိုယ့်ရင်ထဲ .. အမြဲသိမ်းထား .... ရင်ခုန်သံကာရံလေးများ” ....။

၆ .. ဒီလေး ( မသိခြင်းများ )

“မယုံရင် ကိုယ့်ရင်ကိုဝင်ကြည့် မင်းမသိတဲ့ အချစ်တွေ ပြည့်ကြပ်လွန်းတဲ့ မင်းရဲ့အကြောင်းတွေ .. ဘယ်သူမှမသိ ကိုယ်တိုင်နားမလည်သော မင်းရဲ့စိတ်ကို အဖြေရှာခဲ့ ... ယုံပါချစ်သူလေး .. မင်းရဲ့အနီးအနားမှာ အရိပ်တစ်ခုအဖြစ်နဲ့ နေခွင့်ရချင်တယ် .. ဆုတောင်းလဲ .. တစ်ကယ်ကို မပြည့်နိုင်ခဲ့ .. အချစ်နတ်ဘုရားရေ .. ဘယ်မှာလဲ .. ဟယ် ..အိုး.........ဟိုးးးးး” ....။

ညီငယ် .. ဇောင်း ..ရေ .. ရေးလိုက်ပြီနော် ..



ဒီဇင်ဘာ..လျော်ကြေး

အခုလိုဒီဇင်ဘာဆို တောင်နေကြာတွေနဲ့
အနာတရကို ရွှေရောင်ချထားတဲ့မြို့ …
ရာသီနှိပ်စက်လို့ အတိတ်ပျက်ခဲ့တဲ့ ကမ္ဘာကြီးနှလုံးသား
သွေးရောင်တစက်စက်ထနေတဲ့ အပိုင်းအစတွေနဲ့
သန္ဓေတည်ခဲ့တဲ့မြို့ …
ကောင်းကင်ရောင်တလက်လက်ကြွနေတဲ့ ပုံဆောင်ခဲအစတွေနဲ့
အမြုံဘဝရောက်ခဲ့တဲ့မြို့ …
ဒဏ်ရာအပေါက်အပြဲ အရှက်တကွဲနဲ့
နှင်းတွေမစဲတဲ့မြို့ …
အဲဒီ ရတနာမြေ ဆိုတဲ့ မြို့ သေးသေးလေးမှာ ကြီးပြင်း
ကျွန်တော့်ကဗျာတွေ စစီးဆင်းခဲ့တယ်..၊၊

သူမရဲ့နယ်ရုပ်လေးအဖြစ်
အိပ်မက်တွေချကျွေးပြီး အိပ်စက်ခြင်းတွေသိမ်းပိုက်
ခြွေချခံလိုက်ရတဲ့ကြယ်ဟာ
ကြေကွဲခြင်းကာရံတွေနဲ့ အလွမ်းတွေဖဲ့ဖဲ့ချ
ကောင်းကင်ရဲ့ညတွေ ကဗျာတွေနဲ့တနေခဲ့တယ်…၊၊

ယုံကြည်ခြင်း ကောင်းကင်မှာ
ကျွန်တော် တင်ခဲ့တဲ့လမင်း
တညက်ညက် လင်းတယ်ဆိုရုံလေး
ကဗျာမာန သေးသေးလေးနဲ့
အစွမ်းကုန်မြုပ်နစ် အဖေ့ရင်ကို ကုတ်ခြစ်ခဲ့မိတယ်..။

အဖေ့ရင်မှာ ဖြစ်စေချင်တဲ့ ဗိသုကာဘဝ
ကဗျာတွေနဲ့ ဖြေပြခဲ့တဲ့ ကျွန်တော်
ကျောင်းတော်ကအပြန် အဖေ့ရင်ကွဲသံကိုကျောခိုင်း
တမင်ရိုင်းခဲ့တာမဟုတ်ဘူး အဖေ..။


ကာရန်နဲ့ကဗျာ ရင်မှာထိုးသိပ်
တရိပ်ရိပ် ရွက်လွှင့်ရင်း
အလင်းစက် တ၀က်တပျက်မိုး
ခြင်တွေရဲ့ ကကြိုးညှိလို့
ဒုက္ခနဲ့ အတိပြီးတဲ့ညတွေ
အဆောင်သူတွေ လက်ဖက်နဲ့
အသက်ဆက်ခဲ့တယ်..။

ကဗျာသမားရဲ့ ဘ၀လမ်း
ပျံသန်းရတာ ကြမ်းလွန်းပါတယ်အဖေ..။

ရင်နဲ့ရင်းပြီး အသက်သွင်းခဲ့တဲ့
ကျွန်တော်ရဲ့ အပြစ်မဲ့ကဗျာတွေ
တစ်ခါတစ်လေမှာ မိတ်ကပ်လိမ်းကျံ သိမ်းပိုက်ခံရတဲ့အခါ
ကြေကွဲမှု ချော်ရည်ပူတွေအဖြစ်
ဒေါသတွေ မီးတောင်လိုပေါက်ကွဲပေမယ့်
အံခဲရုံဘဲ တတ်နိုင်ခဲ့တယ်လေ..။

ဥယျာဉ်မှုး ကျွန်တော့်လက်နဲ့ အသက်ဆက်တဲ့ပန်းကလေး
အိပ်ဆေးတွေ ကျွေးခဲ့ကြလေတော့
နာကျည်းချက် အပိုင်းအစနဲ့
ဆောက်တည်ရာမဲ့တဲ့ မုန်တိုင်း
ကျွန်တော့်ရဲ့ ယုံကြည်ချက်တံတိုင်းတွေလည်း
ကျိုးပျက်စေခဲ့ရတယ်..။


အဖေ အတန်တန်ရိုက်ချိုးလို့ မကျိုးခဲ့တဲ့ဗီဇ
အဖေ အမျိုးမျိုးနားချ တားမရတဲ့ ကဗျာသည်ဘဝ
ဒဏ်ရာတွေစရခဲ့တာ အဲ..ဒီ့..က..နေ..ပါ အဖေ..။

ကျွန်တော့် မာနမိုးတိမ်တွေ
တစ်ချိန်ချိန်တော့ ရွာချကောင်းပါရဲ့
အဲဒီမျှော်လင့်ချက်
တစ်ရက်ပြီး..တစ်ရက်ရင့်ရော်
တစ်ရွက်ပြီး..တစ်ရွက်ကြွေလွင့်
တစ်ခက်ပြီး..တစ်ခက်ကျိုးကျ
အဖေပျိုးမရခဲ့တဲ့ ကောင်းကင်ဟာ
ပြန်ကျမိုးလေးတစ်စက်မှ
အဖေ့ အတွက် မရွာချနိုင်ခဲ့ဘူးနော်..၊၊

ဒီဇင်ဘာ နောက်ဆုံးရက်
ယုံကြည်ချက်တွေနှုတ်ဆက် ခဲ့တဲ့အဖေ
ထွက်သက်တွေ ကြွေလုဆဲဆဲ
နှင်းသဲသဲမှာ ကျွန်တော့်ကဗျာလေးထဲက
တစ်ပိုင်းတစ်စစာသား အဖေရွတ်ပြသွားခဲ့တာ
အဝေးရောက်နေတဲ့သား ယူကြုံးမရခြင်းခေါင်းစဉ်အောက်မှ

တောက်ပခွင့် မရှိတဲ့ကြယ်တလုံးလိုဘဲ
ကျရှုံးခဲ့တယ် အဖေ..။

" ဟစ်တလာကို မယူနဲ့ အနုမြူဗုံးကို မမွေးနဲ့ "

တောင်တန်းတွေ ရေတံခွန်အဖြစ်နဲ့
အရောင်မဲ့သွေးတွေ အန်ချနေသမျှ
ကောင်ကင်ကြီး မိုးစက်တွေအဖြစ်
ရှိုက်ကြီးတငင် ငိုကြွေးနေသမျှ
ကဗျာသည်ဘ၀ကို ကာရံစားပြီး
ကြီးပြင်းရပ်တည်ချင်ခဲ့တဲ့ ကျွန်တော်
အဖေ့အပေါ် လုံးလုံးမတရားခဲ့ဘူးနော်..။

အဖေ့အိပ်မက် ရိတ်ဖြတ်ခဲ့တဲ့သား
အဖေလိုချင်တဲ့ပုံစံ ခြေစုံကန်တဲ့သား
အဖေရေးချင်တဲ့သမိုင်း ကျောခိုင်းခဲ့တဲ့သား
အဖေ့မျှော်လင့်ချက် ပျော်လွင့်ပျက်စေတဲ့သား
ယုံကြည်ချက်တစ်ခုနဲ့ ရှေ့တန်းထွက်ခဲ့တဲ့သား
တကယ့်ဇာတ်ဝင်ခန်းတွေမှာတော့
ဖြစ်လျှောက်ခန်းလောက်သာ ပါခဲ့ရတယ် အဖေ..။

အဖေရယ်...
အဖေစီးဆင်းခဲ့တဲ့ မျှော်လင့်ခြင်းမြစ်တွေမှာ
ချောက်တစ်ခုလို ဖြစ်ခဲ့တဲ့ကျွန်တော်
အခုတော့လေ
ပြိုကျစရာမကျန်တော့လောက်တဲ့ ကမ်းပါးတစ်ခုလို
ကျွန်တော့်ကိုယ်ကျွန်တော် ဖြိုချပြီး
ကျွန်တော်မြတ်နိုးခဲ့တဲ့ ကဗျာသည်ဘဝ
ကျွန်တော့်ကိုယ်ကျွန်တော် အိပ်မွေ့ချပြီး
ကံကြမ္မာကန်းရိုးတန်းပေါ်မှာ မြုပ်နှံခဲ့လိုက်တာ
ကျေနပ်ပါ အဖေ.....။

မင်းသုခ..

အစ်ကိုသုရေးတဲ့ ကဗျာလေးပါပဲ .. ဒီဇင်ဘာလမှာ ကမ္ဘာကြီးကနေ အဖေချစ်တဲ့ မိသားစုနဲ့ သူ့ပတ်ဝန်းကျင်ကို နှုတ်ဆက်သွားခဲ့တဲ့ ကိုသုအဖေနဲ့ ကျွန်တော့်အဖေအတွက် တိုက်ဆိုင်မှုရှိပြီး ထပ်တူကျတဲ့ ကဗျာတစ်ပုဒ်မို့ တင်လိုက်ခြင်းပါ ..။ဒီဇင်ဘာလ မရောက်သေးပေမယ့် ရင်ထဲ လှိုက်တက်နေတဲ့ သတိရစေတဲ့ စိတ်ကြောင့် ကြိုတင်လိုက်ခြင်းပါ ။