ငါသည်ယနေ့ ... မွေးနေ့အတွက်

၎လပိုင်း ၂၆ ရက်နေ့မှာ ရောက်ရှိတဲ့ မွေးနေ့အတွက် ကဗျာကို တစ်ရက်ကြိုတင်လိုက်တာပါ ...။
မွေးနေ့လက်ဆောင် ပေးခဲ့တဲ့ ညီမလေး ပန်းခင်းနှင့် မီးလေးဇာကို ကျေးဇူးကမ္ဘာပါ ...။
ကဗျာလက်ဆောင်ပေးခဲ့တဲ့ ဆုဝေ ကိုလည်း ကျေးဇူးကမ္ဘာ ..။



ငါ၏ခန္ဓာ ရုပ်သက်လွှာမှာ
ဖြစ်တည်ပေါ်ထွန်း စိတ်၏စွန်းနှင့်
လောဘ မောဟ ဗျာပါဒတွေ
နေ့စဉ်မခြား လူ့ဘ၀ကြား
လှုပ်ရှားရုန်းကန် ဖြစ်တည်မှန်နှင့်
သံသရာကြွေး မှန်းဆပေးလို့
အိတ်ထောင်ခါးပိုက် ပြည့်မှီဟိုက်ဖို့
ကြိုးစားနိုးကြား သက်ပိုင်းခြားလိုက်
ငြိတွယ်စိတ်ဝယ် လောကအလယ်
မပျက်ပြုလို့ လောကီအကြောင်း
နစ်မျောဟောင်းပြီး လောကုတ္တရာ
အဖြာဖြာကို မေ့မေ့လျော့လျော့
စိတ်ချဉ်ဖေါက်လို့ မပြုမလုပ်
စိတ်ညစ်စုတ်နှင့် ပစ္စုပ္ပန်စခန်း
ဘယ်လိုမြန်းမလဲ ပြန်လည်ဆန်းစစ်
နှစ်ဆယ့်ခြောက်နှစ် ရောက်ရှိချိန်ခါ
လူ့သက်တာမှာ အမှားမကင်း
လောဘဟင်းနှင့် မြိန်ရည်ယှက်စွာ
စားသုံးခဲ့လည်း ငါသည်ယနေ့
လူအများရှေ့ ယခင်ထက်တိုး
ပွင့်လင်းရိုးနှင့် ကောင်းစွာဆက်ဆံ
င့ါမနောမှန်က ..
ဘယ်သူမပြု မိမိမှုက
ကိုယ့်ကိုယ်ကိုသိ လူတစ်ချို့သိလည်း
ငါသည်အစွဲ ကျွတ်လွဲစေဖို့
သာသနာအရိပ် မိဘအရိပ်
သံယောဇဉ်အရိပ် ထိုထိုအရိပ်
အရိပ်သုံးပါး နားလည်စွဲပြီး
ခံယူမှတ်ချက် င့ါတစ်သက်မှာ
ပြုမူချိန်ခါ သိစိတ်ဖြာမှာ
တစ်ဖက်တစ်လမ်း ငါသည်လည်းပဲ
သေလမ်းသွားသူ အရုပ်ဆောင်မို့
နောင်သံသရာကြွေး တစ်ကယ်မပေးရအောင်
ရှာလေစီးပွား စည်းစိမ်ကြားမှ
ဘုရားကိုသိ တရားတော်ငြိလို့
ပြုမူနေထိုင် စိတ်၏အထိုင်မှာ
ရိုးသားကြိုးစား သာသနာအနား
တက်လှမ်းချီလို့ င့ါစခန်းပြည်မှာ
ဆက်ဆံသူအပေါင်း စိတ်အကြောင်းက
ဘယ်လိုဖြစ်တည် မှန်းလင့်သိလည်း
ငါသည် ငါ့အစွမ်း ငါမြန်းသလိုပဲ
ချစ်ကြင်မိတ်ဆွေ ..
ပေါင်းဖေါ်တွေလည်း ကိုယ့်နန်းကိုယ်စွမ်း
ကိုယ့်လမ်းတွေမှာ တရားကိုသယ်
လမ်းလွယ်မလိုက် စိတ်အအိုက်ကို
ဖြေလျော့မေ့ပျောက် လောကအောက်
ကျွန်ုပ်နှင့်ထပ်တူ ငြိမ်းချမ်းခြင်းကို
သာယာခြင်းအတိ လန်းဆန်းဖြစ်သို့
ရောက်ရှိစေသား ...။


ကျွန်တော်နှင့် မွေးရက် မွေးလ မွေးအချိန် ထပ်တူညီခဲ့ အစ်ကို မျက်လုံး ရဲ့ တစ်ဦးတည်းသော သားလေးကိုလည်း ဒီနေရာကနေ ကလေးဘ၀ကစလို့ နောင်အနာဂတ် ကြီးပြင်းသည်အထိ ချစ်သောအမိ အဖနှင့် တကွ ပျော်ရွှင်သော နေ့ရက်များစွာနှင့် ဘ၀သရဖူဆောင်းနိုင်ပါစေလို့ ဦးဦး ဆုတောင်းပေးလိုက်ပါတယ်..။

သွေးပျက်ခန်းမှ ကကြိုးသင့်ည

စိတ်ကူးယဉ်မိပြီး ရေးမိတဲ့ ကဗျာတစ်ပုဒ်ပါ ..။

ဒဏ္ဍာရီဆန် ဇာတ်လမ်းကျဉ်းမှာ

အဆုံးသတ် ပျက်သုဉ်းခဲ့တဲ့
ဟိုရင်အတိတ် ဒီစိတ်မှာ
ထင်ဟပ်နေတာ သူမသိလည်း
ငါငြိဆဲ .. မင်းပုံရိပ်ကြား ...

ညမှောင်မှောင် လရောင်ခမ်းတဲ့
အချိုးကွေ့မှာ မှိန်တပြစာ
မီးလင်းရောင်နဲ့ တင်းမာလမ်းလေး
ရွံ့နွံအဝေးကို လွတ်ကင်းစေဖို့
မိုးစက်တွေကြား ခြေဖြောင့်ရလေအောင်
အနားသို့တိုး အရိပ်လိုမိုးပြီး
တိတ်တဆိတ်နဲ့ တူယှဉ်လျှောက်တာ
မင်း ... မလွမ်းလောက်ပေမယ့်
ငါလွမ်းနေတယ် ...

မင်း,ထားရစ်ခဲ့တဲ့ တစ်လှည့်စာ
ကမ္ဘာငယ်မှာ တိမ်လွှားကြားထဲ
ကွယ်ပျောက်နေတဲ့ ကြယ်စင်တွေကို
မြင်မတွေ့ပေမယ့် အစဉ်တွေ့ချင်စိတ်က
ပြူထွက်မလားလို့ ငေးမောရင်းနဲ့
တစ်လှည့်တစ်ခါ င့ါကမ္ဘာငယ်မှာ
ရောယှက်စွာနဲ့ ရူးသွပ်ခဲ့တာ
မင်း .. အဆိပ်အတောက်နဲ့
င့ါသည်းခြေမှာ သွေးပျက်နေပြီ ...

ပွေးတစ်ကောင် မဟုတ်ပေမယ့်
လူဖြစ်ခြင်းနှင့် လင်းမှောင်ကြားမှာ
တဒင်္ဂ အိပ်ပျော်ခဲ့တာ ..
ကြယ်စင်တွေကတော့ ခြားကမ္ဘာမှာ
ဖေါ်စုံမြူးစွာ သာယာလင်းတာ
အလှမ်းဝေးတဲ့ င့ါအဖြစ်က
ညမှောင်မှောင်မှာ ရူးကြောင်ကြောင်နဲ့ ...

ကိုယ့်ကြိုးကို ကိုယ်ညှိနေရင်း
ရက်ပျောက်သွားတဲ့ င့ါခန္ဓာဟာ
အောက်မှအထက် အထက်မှအောက်နဲ့
ကကြိုးသင့်နေတာ ကြာပါပြီ ...။

ညိုပြာလေးရဲ့ ချိုစွတေးနောက်

အခုတလော ဖြစ်ပျက်နေတဲ့ အနေအထားတစ်ခုမှာ မိန်းကလေးတစ်ချို့ရဲ့ သရုပ်ကို ရေးချင်နေတာနဲ့
ရေးဖြစ်တဲ့ ကဗျာလေးပါ .. စကားလုံးတွေရိုင်းပြရင် နားလည်ပေးပါလို့ တောင်းဆိုပါရစေ ..။


စိတ်ကျစေမယ့် အပြောတွေကြား

တနင့်တပိုး ဆောင့်လျှက်တိုးတဲ့
မင်းပြောစကား ငါမလိုလားလို့
ခဏလေးတော့ ရူးနေမယ် ...

အညာခံဘ၀ကို တစ်ခါပြန်ကျော့ရင်
စာလှန်ပြဆို အပိုတွေချွဲလို့
လိမ်နေတာတွေ.. ခံပြင်းစိတ်နဲ့
တစ်ခါပြန်မထအောင်
ဆွဲရင်တောင်မှ ငြိမ်နေမယ့်ပုံ ...

အဆိုးအကောင်း ဒွန်တွဲနေလို့
မင်းနဘေးမှာ စွဲမြဲစေသလို
ရွဲကွဲနေတဲ့ လူတစ်ချို့ကြား
တွဲမြဲပျော်ကာ ဆွဲရမ်းခေါ်တာ
ပုပ်ရင်ပေါ်ပြီး ဟုတ်ရင်ကျော်မို့
လူတိုင်းသိလို့ အပူလှိုင်းတောင်မိတယ် ...

စိတ်ယုတ်နေလို့ ဘေးထုတ်ခံရတာဆိုပြီး
ဖြူစင်စိတ်နဲ့ လူတွင်ကျယ်တော့မလုပ်နဲ့
နဂိုအမှန်စိတ်က ပိုမှန်နေတာ
မင်းအသိဆုံးမို့ ရှက်သင့်ပါတယ် ...

မင်းကတော့ မှောင်လျှက်လင်းနေတဲ့
ညဆလိုက်အောက် ဆောင်ရွက်ခွင်းမဲ့
သူတွေရှေ့မှာ လှစ်ဟာပြလို့
ချစ်ပါချစ်ပါ .. ဟဆို
သံသာဟစ်ကြွေး တကြော်ကြော်တေးနဲ့
ပြုစုလို့ ချူငင်ဆွဲတာ
ဖိတ်ခေါ်ပြီး သိပ်ပျော်နေတယ် ...

ရင်ဘတ်တစ်ခြမ်းမှာ ထင်ဟပ်လွမ်းတာ
ပြောင်းလဲစိတ်ထဲ မပြောင်းလဲပါ
အရင်လိုဆို ..
ညိုပြာရယ် ချစ်ပါတယ်လို့
မထင်လိုက်နဲ့ ..
အရင်တစ်ခါမှာ အပီသာပျက်ခဲ့ဖူးတဲ့
မင်းဘ၀တစ်ဆစ်ချိုး ဆက်တိုးလို့
အမျက်တန်ခိုး ထနေတယ် ...

ဒီရင်ထဲ ကြိတ်ကြေကွဲလို့
စိတ်တွေပျက်ဆို ပတ်သက်ခဲ့သမျှ
အရှုံးတွေထပ်ပြီး အမုန်းတွေဖက်တာ
မင်းတစ်ယောက်ကို ...

င့ါအရှုံးနဲ့ငါ ပြက်လုံးတွေရှာရင်
ဟာသ..လို ကျီစယ်သလိုနဲ့
မှန်မှားကို ဝေဖန်စေဖို့
ပရိတ်သတ် ရှေ့တော်မှောက်မှာ
နိမိတ်ဖတ် အာရုံတွေနဲ့
အဆိပ်တက် အချစ်အကြောင်း
ပြန်ပြောင်းလို့ ဟစ်အော်လိုက်မယ်
သီချင်းတစ်ပုဒ်ရဲ့ ဇာတ်ရုပ်မှာ
မင်းနဲ့ပတ်သက်လို့ ,
အချစ်ဟာ ခါးခါး..ဆိုပြီး ...

တစ်ချို့က ပြုံးရယ်ပြပြီး
နောက်ကွယ်မှာတော့ ပုတ်ခတ်မှုတွေ ,
အတင်းဖျင်းလို ပြောစကားတွေကြား
မင်းအကြောင်းတွေ ရက်ပေါင်းများစွာ
အပ်ကြောင်းထပ်တာ င့ါနားနှစ်ဖက်မှာ ...

နောက်တစ်ကြိမ်မှာ စောင့်ချိန်ကာ
ချစ်လိုက်စမ်းပါ ထာဝရတွက်
မမေးမစမ်းပဲ ရမ်းတော့မ၀င်နဲ့
ပေါက်ထွက်ဆိုးလို့ မြှောက်တက်ပင့်ပြီး
ရိုက်ချက်ပြင်းရင် မင်းအထိနာမယ် ...

ဘ၀တာမှာ အကြိမ်ကြိမ်မှားရင်
အရှိန်တွေတိုးတဲ့ ခေတ်ရေစီးမှာ
ပိန်လိန်စွာနဲ့ ကျရှုံးနေမယ့်
အဖြစ်တစ်ခုကို အနှစ်ရအောင်
လေ့လာရင်းနဲ့ လုပ်ဆောင်ပြုလို့
ဘ၀တက်လမ်း လာပါလှမ်းလို့
မကောင်းမှုတွေ ရှောင်ခွာပစ်ပြီး
ကောင်းခြင်းဖြာတွေ ယူဆောင်သစ်ပါ
မင်းအနာဂတ်ရဲ့ ဘ၀နေ့တွေဆီ ...

ပွဲတိုင်းကျော်တဲ့ ညရိုင်းမလေး

မြင်ရ ကြားရတဲ့ ဖြစ်ရပ်လေး တစ်ခုကို သုံးသပ်ပြီး ရေးထားတာပါ ..။

အဆင်သင့်လို့ အမြင်သစ်ရင်

စိတ်ဓါတ်ကိုလည်း အသွင်ရစ်ပြီး
ပုံဖေါ်လို့ ရေပေါ်ထိုးလိုက်ပါ ...

အရေးအကြောင်းဆို ဒိန်းဒေါင်းကပ်လို့
လောကဓံရဲ့ ရိုက်ချက်တွေကို
ခုခံလို့ တွန်းလှန်နေရင်း
ငြင်းဆန်မယ်ဆို ဇွဲနပဲနဲ့
ဖွဲမီးဖြစ်တောင် လောင်မြိုက်လို့
အမှောင်တိုက်ဖြစ်ပြီး ခေါင်းငိုက်စိုက်လည်း
မင်းဆက်မိုက်နေဆဲ ...

ဖြစ်ချင်တာတွေကြား ဖြစ်နေတာတစ်ခြားဆို
ခါတော်နွေမှာ ရှာတော်ဖွေပြီး
အမှာတော် ခြွေလိုက်ပါ
ဘ၀ရဲ့ လမ်းစတစ်ခုကို ...

ဖြည်မဆည်နိုင်တဲ့ ကကြိုးနှင့်အတူ
သွေဖီတော့မဲ့ အပြုမူမှာ
ဇာတ်ရုပ်မတူလို့ အမှန်လုပ်ယူနေရတဲ့
မင်းအဖြစ်မျိုး ကြမ္မာဆိုးက
နားခိုစရာ အရေးများနဲ့
အမှားလိုနေသေးလား ...

ဟန်လုပ်မရတဲ့ အဖြစ်တွေမို့
အကြံထုတ်ရတာလည်း နက္ခတ်အမှား
ရာဇ၀င်မျိုးမှာ မင်းအတွက်တော့
ပင်ပန်းလို့ ဆင်ကန်းတောတိုးပါပဲ ...

သွေးမနီးလို့ ဘေးတီးမယ်ဆို
နောက်လိုက်က ဇာတ်လိုက်ဖြစ်မလာဘူး,
ရေပေါ်ဒိုက်လို အစုန်အဆန်နဲ့
နေ့စဉ်ရက်ဆက်,
နဂိုအမှန် နေရာရောက်အောင်
မိုးခါးရေကို အများတကာနဲ့
တူသောက်ဝံ့မလား ...

လုပ်ကြံသမျှ ထုံးစံတွေက
မဟုတ်မမှန်ဗျ တွန်းလှန်ကြဆို
အမိုက်မှောင်မှာ ပိုက်ထောင်မိသွားမယ် ...

ကိုယ့်အလုပ်ကိုလုပ်
ကိုယ့်ထမင်းကိုယ်စား
ကိုယ့်ဇာတ်ရုပ်ကို ကိုယ်ဖေါ်စမ်းပါ ...

လူတကာစိတ်ကို မြူဆွယ်ဖိတ်တွေနဲ့
မနောအမှန် ကျောလှန်သာဆို
ကျောပြင်ထက်မှာ ဘောလ်ပင်ထက်မြဲတဲ့
တစ်သက်စာတွက် မှတ်ချက်တွေပြည့်
ဝဋ်အိတ်ကို ကျောချိတ်ထားရမယ် ...

အနိုင်လိုချင်စိတ်နဲ့ ပြိုင်လိုလျှင်ညစ်ပြီး
အရှုံးအရှုံးတွေမို့ ဂိုးကြေးတွေထပ်ရင်း
လောင်းကစားကြောင့် အပျိုဂုဏ်ပျက်
ဇာတ်စုံတတ်တာ နေ၀င်ညရိုး
အမှောင်ဆိုးမှာ ကျားဘီလူးရဲ့
အသည်းဆူးမှာပဲ မင်း .. အိပ်စက်ရမယ် ...

တစ်သက်တာတွက် မက်တာတွေခဏထား
ပစ္စုပ္ပန်မှာ ပြုလုပ်အမှန်နဲ့
ရပ်တည်လို့ အမှတ်ရေလိုက်စမ်းပါ ...

အာသဘောတွေပြုံ လူ့အပြောတွေစုံလည်း
မကြားသလို မှန်မှားလိုလိုနဲ့
ချစားသလို မင်းကိုယ်လုံး
ရုပ်လုံးတောင် မနည်းရှာရမယ် ...

တိမ်ဖုံးလို့ မမြင်ရပေမယ့်
လတစ်စင်း အလင်းအောက်
မင်းပျောက်ရှခဲ့တာ ကြာပါပြီ ...

ကိုယ့်ကိုယ်ကို ဆန်းစစ်လို့
လမ်းသင့်ရင် လျှောက်သာလျှောက်
စိတ်တော့ မဖေါက်နဲ့ ...

ဇာတ်လမ်း အဆုံးအစက
ရှုပ်ယှက်ခတ်ရင် မှန်လားမှားလား
သုံးသပ်လို့ တစ်ခါပြန်ကြည့်ပြီး
မူးမိုက်နေတဲ့ ဒုစရိုက်ကို
ရှောင်တစ်ခင်မှာ အမှောင်မလာခင်
အမျိုးတင့်မဲ့ ဂုဏ်တစ်ခုကို
ကြိုးစားကာ ကျင့်သုံးလှည့်ပါ
မိန်းမသားတို့ရဲ့ မြင့်မြတ်မှုကို ...