စိတ်ကူးယဉ်ခြင်း

ကျွန်တော့်ကို နေ့အိပ်မက်က စိတ်ကူးယဉ်ခြင်းအကြောင်းကို TAG ထားလေရဲ့..
တစ်ပတ်အတွင်း ရေးဖို့ ဆုံးဖြတ်ထားတယ်လေ... တော်ကြာမရေးရင် နေ့အိပ်မက်ကနေ
ညအိပ်မက်ဖြစ်သွားရင် အိပ်ရေးပျက်မှာစိုးလို့..
(အိပ်မက် မက်ရင် နိုးတ၀က်နဲ့ အိပ်ရေးမ၀လို့လေ..ဟိဟိ)

စိတ်ကူးယဉ်ခြင်းမှာ ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာဆိုပြီး နှစ်မျိုးရှိတယ်လို့ ကျွန်တော်ကတော့ ခံယူမိတယ်.. ကျွန်တော်ကိုယ်တိုင်က စိတ်ကူးယဉ်တာကို ငယ်ငယ်ကတည်းက အကျင့်တစ်ခုလို မွေးလာခဲ့ပြီး ယခုအချိန်ထိလည်း စိတ်ကူးယဉ်မှုအား ထက်သန်နေတုန်းပါ.. ကျွန်တော် စိတ်ကူးယဉ်ခြင်းတွေထဲက မဖြစ်နိုင်တာ သိပေမယ့် ဖြစ်ချင်တဲ့ ရူးသွပ်ခြင်းလေးကို ချရေးလိုက်ပြီဗျာ..ငှက်တစ်ကောင်ဖြစ်ချင်တယ်..ရဲဝံ့တဲ့ ငှက်တစ်ကောင်အဖြစ်ပါ.. လိုရာပျံသန်းရင်း အတားအဆီးမဲ့စွာပေါ့ .. ကိုယ့်ရဲ့ခြေချောင်းတွေမှာလည်း ခွန်အားတွေအပြည့်နဲ့ မြဲမြံစွာ ကုတ်နိုင်တဲ့ အင်အားတွေလည်း ရှိရမယ်.. မိုင်ထောင်ချီဝေးတဲ့ ခရီးတွေကိုလည်း ပျံသန်းနိုင်ရမယ်..စသည်ဖြင့်ပေါ့.. အဲလိုပဲ ငှက်ဖြစ်ရင်တောင် အဲလိုငှက်ဖြစ်ချင်တာ..ငှက်တစ်ကောင်ရဲ့ ဆန္ဒကတော့ အေးမြတဲ့ သစ်ရိပ်ဝါးရိပ်မှာ လုံခြုံပြီး နားနေဖို့ အဆင်ပြေတဲ့ နေရာကို လိုချင်တယ်.. တစ်ကောင်တည်းပဲ နေချင်တယ်.. ပတ်ဝန်းကျင်မှာတော့ အပေါင်း အဖေါ်တစ်သိုက်တော့ ရှိရမယ်.. ကိုယ်ခိုလှုံရာ ပတ်ဝန်းကျင်ကပဲ ဆယ့်နှစ်ရာသီ စားသုံးလို့ ရမယ့် သစ်သီး အရွက်တွေ အဖူးအပွင့်တွေ ဖြစ်ထွန်းစေချင်တယ်.. ပတ်ဝန်းကျင် အပေါင်းအသင်း တွေကလည်း လိုအပ်ရင် ကိုယ့်ပတ်ဝန်းကျင်က စားလို့ရမယ့် အစားအစာတွေကို လောက်ငှစွာ စားသုံးလို့ ရရမယ်.. အနီးအနားမှာလည်း စမ်းချောင်းငယ်လေး
စီးဆင်းနေရမယ်.. ရေမှာ ပျော်မြူးတတ်တဲ့ ငါးလေးတွေကို သူတို့ အန္တရာယ်ကင်းအောင် စောင့်ရှောက်သလို ကိုယ်ကိုယ်တိုင်လည်း စမ်းရေအေးရဲ့ ကန့်သတ်နေရာလေးမှာ အတောင်အလက်တွေကို ဆေးကြာမယ်.. သောက်သုံးလို့ရမယ့်အခြမ်းမှာ သောက်သုံးမယ်.. စိမ်းလန်းတဲ့ ဖွံ့ဖြိုးသာယာတဲ့ နေရာလည်း ဖြစ်ရမယ် နားနားနေနေ နေပြီး ကိုယ့်ပတ်ဝန်းကျင်မှာ ညည်းငွေ့လာရင် မိုင်ချီဝေးတဲ့ နေရာသစ်ကို ပျံသန်းသွားမယ်..လမ်းမှာခရီးသွားတွေနဲ့ တွေ့ရင် အတူတူ ခရီးဆက်ကြမယ်..သူ့တို့ရဲ့ အထုပ်တွေကို ကိုယ့်ရဲ့ ခြေထောက်အစုံနဲ့ ကုတ်ယူပြီး လိုရာခရီးကို အဖေါ်ပြု သယ်ဆောင်ပေးမယ်.. လမ်းခရီးကြမ်းတွေ ရေစီးအားသန်တဲ့ ချောင်းတွေကို ဖြတ်ကျော်ရမယ်ဆို ကိုယ့်ရဲ့ သန်မာတဲ့ ခြေအစုံနဲ့ပဲ မြဲမြံစွာ ကုတ်ယူ သယ်ဆောင်ပေးမယ်.. ချောမွေ့တဲ့ နေရာရောက်တဲ့ အထိပေါ့.. အန္တရာယ်တွေနဲ့ ကြုံတွေ့ခဲ့မယ်ဆိုရင်လည်း ကိုယ့်ရဲ့ထက်မြက်တဲ့ နှုတ်သီးနဲ့တွေနဲ့ ထိုးဆိတ်မယ်.. ခြေအစုံနဲ့ တိုက်ခိုက်မယ်.. အချိန်အတိုင်းအတာ တစ်ခုအထိ.. ခရီးသွားဖေါ်တွေ ရောက်လိုတဲ့ နေရာကို ရောက်လို့ ခရီးတစ်ထောက်နားပြီး ကိုယ်လိုရာကို ဆက်ပျံသန်းမယ်.. လူတွေစကား နားလည်သလို လူတွေနားလည်အောင် ပြန်ပြောတတ်တော့ ခရီးသွားနေတဲ့အတောအတွင်းမှာ သူတို့နဲ့ ပြောဆို ဆွေးနွေးရင်း ဗဟုသုတ အတွေးအခေါ်တွေ သင်ခန်းစာတွေလည်း မှတ်ယူမယ်..ငှက်တစ်ကောင်ရဲ့ အားအင်နဲ့ မိုးမြင့်မှာ ပျံသန်းနေရင်း ကမ္ဘာမြေပြင်မှာ မြင်တွေ့နေရတဲ့ လူတွေ အဆောက်အဦးတွေ.. စသည်ဖြင့် အကုန်လိုက်ကြည့်မယ်..ရှု့ထောင့်အမျိုးမျိုးကနေ လိုက်ကြည့်လို့ လေဟုန်စီးရင်း ပျံဝဲနေမယ်..ပူအိုက်တဲ့ ရာသီတွေမှာလည်း ကိုယ့်ရဲ့ အတောင်ရိုက်ချက်တွေနဲ့ အားလုံးကို လေပြည်အေးတွေ တိုက်ခတ်ပေးမယ်.. ရောက်တဲ့ အရပ်မှာလည်း မိတ်ဆွေအချို့ ဖွဲ့မယ်..သူတို့ဆီကိုလည်း ကူးချီသန်းချီနဲ့ လိုအပ်တာတွေကို ဖလှယ်ကြမယ်..အားလုံးမဟုတ်ရင်တောင် ငှက်တစ်ကောင်ရဲ့ ဖြည့်စွမ်းပေးနိုင်တဲ့ ဘက်က တစ်ချို့ကို ဖြည့်စွမ်းပေးမယ်.. အိုမင်း မစွမ်းလို့ ပျံသန်းဖို့ အင်အားတွေ ကုန်ခမ်းနေရင်တောင် တစ်ချိန်တစ်ခါက ကိုယ့်ရဲ့ အတောင်ရိုက်ချက်ရဲ့ လေအဟုန်ကို သစ္စာပြုခဲ့မယ်.. နောင်ပေါက်လာမယ့် ငှက်ကလေးတွေကိုလည်း သင်ခန်းစာတွေ ပေးခဲ့မယ်..ငှက်တစ်ကောင်ရဲ့ သီိအိုရီကိုလည်း ကမ္ဘာတစ်ခွင်မှာ လှိုင်းအဖြစ် ထားရှိခဲ့မယ်..

စိတ်ကူးယဉ်ခြင်းကို စာတိုအနေနဲ့ ရေးသားလိုက်ပါတယ်..

တစ်ခါတစ်ရံ စိတ်ကူးယဉ်မှုတွေကြောင့် ပျော်ရွှင်ခြင်းတွေ ဖြစ်တတ်သလိုလက်တွေ့အကောင်အထည်ဖေါ်တဲ့ အခါ ဖြစ်မလာရင် စိတ်ညစ်တာလေးတွေဖြစ်ဖူးကြမှာပါ.. ကိုယ်တွေးတာလေးတွေ ဖြစ်ချင်တာလေးတွေကို စိတ်ကူးယဉ်တိုင်း ဖြစ်တယ်ဆိုပေမယ့် ကျွန်တော်တို့လူသားတွေအနေနဲ့ လက်တွေ့ဘ၀တွင် စိတ်ကူးယဉ်ခြင်းတွေနဲ့ ကွာဟတတ်တာမို့.. ရေးခဲ့ဖူးတဲ့ ကဗျာလေးကို ထည့်သွင်းရေးသားဖေါ်ပြရင်း နေ့အိပ်မက်နှင့် ဘလောခ့်မောင်နှမများ အားလုံးလည်းနားလည်ဖတ်ရှုရင်း စိတ်ကူးယဉ်ခြင်းမှ လက်တွေ့အနာဂတ်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ တောင်းဆုပြုလိုက်ပါတယ်..။

စိတ်ကူးယဉ်ခြင်း ရူးသွပ်ခြင်းကြောင့်
အတွေးမှာတင် ပျော်ခဲ့သော်လည်း
တစ်ကယ့်လက်တွေ ပီပြင်ဘ၀တွင်
စိတ်ကူးယဉ်မှု လက်တွေသရုပ်နှင့်
ကွာဟခြားနား လားလားမှမတူ
လူ့ဘ၀မို့ ယဉ်သည့်အတွေး
ဖြတ်တောက်ခဲ့ပါ ဒီမျှသာမို့ ..။

ဖြန့်ထွက် အတွေး

င့ါသမိုင်းကို ...
ငါ့အသွေးနဲ့ တည်ဆောက်နေလို့
ငါ့ခန္ဓာမှာ ...
ယှက်ဖြာသန်းတဲ့ လှိုက်ဖိုမှုတွေ ..

လင်းတံခါးမှာ အစင်းကျားနဲ့
ကြက်ခြေခတ်တဲ့ ကြမ္မာတွေကို
ပတ်ဝန်းကျင်ရဲ့ အသိုင်းဝိုင်းက
အတင်းအဖျင်း ပြောနေကြတဲ့
လူ့သမိုင်းရဲ့ အဆင့်တိုင်းကို ..

ဟိုစမ်းဒီစမ်း လျှောက်ကာလှမ်းလို့
ရှာနေမိတဲ့ ပစ္စုပ္ပန်မှာ
မှောင်မည်းခြင်းနဲ့ ကုန်ဆုံးခဲ့တဲ့
နေ့ရက်တစ်ချို့ ရောယှက်နေတယ် ..

ညင်သာစိုးထိတ် တိတ်တဆိတ်နဲ့
ပိတ်လျက်မနေ ဖွင့်လျက်ထားလို့
တံခါးဝရဲ့ တံစက်မြိတ်အောက်
ထိုင်ကာတွေးရင်း စိမ့်အေးနေတဲ့
ညည့်နက်ဆောင်းမှာ ပင့်သက်ရှိုက်တယ် ..

မြူးထူးကြတဲ့ နှစ်အကူးမှာ
ကြယ်အလင်းကို မျှော်ကိုးနေရင်း
စိတ်အသစ်နဲ့ ချိတ်ဆက်နေမယ့်
ငါ့ဘ၀ရဲ့ နေ့ရက်များစွာ ..

သာသနာခေတ် အာဏာစစ်တို့
ဒွန်တွဲနေတဲ့ ဤလူ့ဘောင်မှာ
မဖိတ်မစင် အိပ်ရင်တောင်မှ
နိုးကြားရမယ့် ဒီသံသရာ ..

သူတို့အတွေးအခေါ် မှတ်စုများ (၅)

ခြေရာများ

လူတစ်ယောက် မိမိ၏တစ်သက်တာကို လျှောက်သွားသည့်အခါ ခြေရာအမျိုးမျိုးကို ချခဲ့သည်။
အချို့ကို အများမြင်နိုင်၏။ ဥပမာ - သူ့သားသမီးများနှင့် သူ့နေအိမ်။ အချို့ကိုမူ မမြင်နိုင်ပေ။
ပုံစံမှာ သူတစ်ပါး၏ ဘ၀များ၌ သူချခဲသော သူ့ခြေရာများ၊ သူတစ်ပါးကို ပေးခဲ့သော အကူအညီများ၊
သူပြောခဲ့ ဆိုခဲ့သည်များ။ ပုံစံမှာ သူရယ်စရာပြောသည်တို့၊ သူတစ်ပါးကို ထိခိုက်စေသော သတင်း
စကားများ၊ သူတစ်ပါးကို ပြောကြားခဲ့သော အားပေးစကားများ ၊ ထို'ခြေရာ'တို့ကို မမြင်နိုင်ပေ။
သူ့အဖို့မှာတော့ သူခြေရာချခဲ့ခြင်းအဖြစ်ကို မတွေးမိပေ။ သို့သော် သူသွားလာ ကြုံတွေ့ရသမျှ
နေရာတကာတွင် သူအမှတ်အသား တစ်ခုခုကို ထားပစ်ခဲ့သည်။ ထိုအမှတ်အသားတို့ကို
ပေါင်းလိုက်လျှင် သူ့ဘ၀ဖြစ်စဉ် ဖြစ်လာပေမည်။ လူဆိုသည်မှာဤသို့သာတည်း။
မာဂရက်လီရမ်းဘက

တွေးခေါ်သမျှ မခိုင်လှ

ကျွန်ုပ်တို့၏ အတွေးအခေါ်တို့ကို စုစည်းထားသော ချည်မျှင်ကလေး မခိုင်ပုံကို
မကြာခဏ တွေးထင်မိပါသည်။ ဆာလောင်ခြင်း၊ ငတ်မွတ်ခြင်း၊ အအေး၊ အပူ စသည်တို့ထဲမှ
တစ်ခုခုက ကျွန်ုပ်တို့ကို ထိလာခါ ရှိသေးသည်၊ ကျွန်ုပ်တို့ ဂုဏ်ယူနေသော အနုပညာ အတွေးအခေါ်များ၊
လောကအမြင်များသည် ဆေးကြိမ်လုံးဖြင့် တို့လိုက်သကဲ့သို့ ပျောက်သွားကြချေသည်။
လူအများဖို့ အင်္ကျီထဲ သန်းတစ်ကောင် ၀င်နေလျှင် ဂီတဆရာကြီး ဘီးသိုးဗင်း၏ တီးလုံးတီးကွက်တို့သည်
မိမိတို့ အာရုံထဲမှ ပျောက်ပျက်သွားလေတော့သည်။
စာရေးဆရာ ရောဘတ်ဗင်း

ပုံစံနှစ်မျိုး

လူ့သဘာဝ နှစ်မျိုးနှစ်စားကို ခွဲခြားဖို့ စမ်းသပ်မှုမှာ လွယ်ရှင်းပါသည်။ ကူးတို့သင်္ဘော
တစ်စင်းပေါ်သို့ လူမျိုးစု တစ်စုကို တင်ပေးထားပါ၊ သင်္ဘောမြစ်ဘက်သို့ ထွက်သည့်
အချိန်အခါတွင် လူတစ်စုက သင်္ဘာအပေါ်ထပ်သို့ တက်၍ ကုန်းပတ်ပေါ်မှ ကြည့်စရာ
ရှုစရာတို့ကို ကြည့်ရှုကြသည်။ ကျန်တစ်စုမှာ သင်္ဘောအတွင်းထဲမှာ ထိုင်၍ ငေးမောခြင်း၊ ဆေးလိပ်သောက်ခြင်းတို့၌ နစ်မွန်းနေကြသည်။ သင်္ဘောစီး ခရီးသည်တို့ကို နှစ်မျိုးနှစ်စား
ခွဲခြားနိုင်ပေသည်။ တစ်မျိုးသည် မြစ်ကိုဖြတ်ကူးရာ စိတ်ဝင်စားကြ၏။ အခြားတစ်မျိုးမှာမူ
တစ်ဘက်ကမ်းသို့ ရောက်ရလျှင်ပြီးရော ဟူသော သဘောထားမျှသာ ရှိသည်။
မက္ကစ အပ်စ်ထ်မဲင်းန်

ယူသာယူပါ

မိန်းမယူမယ်ဆိုရင် ယူသာယူပါ။ မယားကောင်းရရင် မင်းစိတ်ချမ်းသာလိမ့်မယ်။
မယားဆိုးရရင် မင်း ဒဿနိက ဆရာကြီး ဖြစ်လာလိမ့်မယ်။
ဂရိပညာရှိကြီး ဆိုကရေးတီး
( ဆိုကရေးတီးသည် သူ့ကိုယ်တွေ့ကို ညွှန်း၍ ဟာသသဘောဖြင့် အမှန်ကို ဆိုလိုလိုက်ခြင်း
ဖြစ်သည်ဟု ယူဆနိုင်ပေသည်။ ဆိုကရေးတီး၏ ဇနီးသည် ဆရာကြီးကို ပညာရှိကြီး တစ်ဦးဟု
မြင်နိုင်စွမ်း မရှိသည့်အလျောက် လူငယ်များနှင့် လေကန်ရင်း အချိန်းဖြုန်းနေသူဟု မြင်လေသည်။)

ရွှေနှင့်ငါး

အဘယ် မိန်းမ၏ နှလုံးသားသည် ရွှေကို မုန်းပါသနည်း?
အဘယ် ကြောင်သည် ငါးကို မကြိုက်ဘဲ ရှိပါသနည်း?
အင်္ဂလိပ် ကဗျာဆရာကြီး တောမတ်စ်ဂရေး

သူ့အသွင်

မျက်ဝန်းထဲက ပုံရိပ်တစ်ခု
စိတ်အစဉ်မှာ ဖိတ်စင်သလို
ချစ်သူ့အသွင် ဟပ်ထင်နေလို့
နေရာတိုင်းမှာ စိတ်လှိုင်းထတယ်

လေပြည်အကြား ယှက်နွယ်ကစားလို့
ခေါင်းလေးအငဲ့ ဆံနွယ်အလွင့်မှာ
မျက်နက်ဝန်းရဲ့ အကြည့်တစ်ချက်အောက်
ငါ .....စီးမျောသွားတယ်

ပါးနှစ်ဘက်ပေါ် အလှတင့်အောင်
ထပ်ဆင့်တင်ကာ ပေါ်လွင်နေတဲ့
သူ့ပါးမို့က ပါးကွက်ကလေး ..
သင်းရနံ့က ပျံ့လွင့်နေတော့
ယိမ်းယိုင်စွာ မူးငိုင်ကျပေါ့

ပျိုမဒီရယ် ....
အလျင်စလို မဟုတ်ပေမယ့်
လျင်မြန်သလို ခလုတ်တိုက်တာတွေ,
ယဉ်တစ်ကိုယ်သာ သွယ်လျတာမို့
သူမတူကာ လှသွေးကြွယ်တဲ့
ချစ်စရာ့ရုပ်သွင် ကြည့်နေရင်းနဲ့
သိပ်ချစ်မိတယ်...

ရောင်နီပျောက်လု ဆည်းဆာလေးမှာ
ရှက်သွေးဖြာ သူ့မူရာက
စာဖွဲ့မမီ နတ်ပန်းချီရှုံးတော့
ဒီရင်မှာ ဟာရပြန်ပေါ့

အပြောချိုတွေ ပွင့်အန်ကျတဲ့
နှုတ်ခမ်းပါးရဲ့ ပွင့်လွှာထဲမှာ
ခိုကပ်နေတဲ့ သွားတက်ကလေးတွေ
အပြုံးတစ်ဝက်မှာ ပုန်းရက်သလို
ကွယ်ဝှက်နေတယ်

ကျော့ရှင်းလည်တိုင် ယှဉ်တိုင်းစံလို့
သွေးမျှင်အကြော စိမ်းမြခြင်းက
ရှု့တိုင်းယဉ်လို့ ဆင်တိုင်းလှအောင်
နတ်မိမယ်ရယ် ညှို့ယူလေသလား

ရာသီတစ်ခွင် လှည့်ငင်ယူတဲ့
နွေမိုးဆောင်းလို ...
ပြောင်းလဲခြင်းနောက် ခေါ်ဆောင်လိုက်တဲ့
အသက်အပိုင်း အရွယ်ဟိုင်းတောင်
တန်ဘိုးထားကာ ရိုးသားစွာ
ချစ်မယ့်... ကြင်ဖေါ်လေးကို

ကြိုးပြတ်နေတဲ့ ဂစ်တာအိုလို
ထွက်ပေါ်သံစဉ် မချိုလွင်လည်း
အသည်းကြားက ခွဲခြားမထားတဲ့
မေတ္တာကြိုးနဲ့ တီးခတ်ပေးမယ်
ချစ်သူ ပျော်စေဖို့ရယ် ...

နားလည်မှုတွေ ဆောင်ကျဉ်းထားရင်း
ချစ်သူ့လိုအင် ငြူစူမနေ
အပူသာ ငြိမ်းအေးစေတဲ့
အတွင်းသဘော မြတ်စိတ်ထားကို
ယုံကြည့်စိတ်ချ လက်ရှိဘ၀မှ
နောင်အနာဂတ်သည် သာယာလမ်းဆီ ..

ဆောင်းညထပ်တူ

ချစ်သူ...
မြူမှုန်ဝေတဲ့ ဆောင်းမနက်မှာ
လန်းဆန်းခြင်းနဲ့ လှမ်းမမြင်တဲ့
ဟိုး .. အဝေးကို ငေးမောနေရင်း
ငါ့အာရုံတွေ ပျံ့လွင့်နေတယ်

ချစ်သူ...
နံနက်ခင်းရဲ့ အမြင်တွေကြား
နေခြည်အလာ မြက်ခင်းတွေမှာ
ခိုတွဲနေတဲ့ ဆီးနှင်းလေးတွေ
ဆောင်းပုလဲဖြစ် ပြိုးပြက်နေတာ
ငါ့အမြင်တောင်ေ၀၀ါးစေတယ်

ချစ်သူ...
အေးစက်စက်နဲ့ ဆောင်းညတွေမှာ
ခိုးနားနေရာ အခန်းကျဉ်းထဲ
ဝတ်ရုံအလွှာ ဆွဲကာခြုံလို့
ဆွေးရပုံမှာ ရင်နင့်စရာ

ချစ်သူ...
မြောက်ပြန်လေညှင်း တိုးဝှေ့ခြင်းနဲ့
ရင်ကိုရိုက်ခတ် အသည်းခိုက်လည်း
နှလုံးအိမ်မှာ နွေးထွေးခြင်းနဲ့
မင်းတစ်ယောက်ကို တမ်းတမိတယ်

ချစ်သူ...
နှင်းငွေပမာ ပ၀ါအလား
ရစ်ခြုံသိုင်းလို့ ချမ်းမြပါတဲ့
နှစ်တစ်နှစ်ရဲ့ ဒီဆောင်းညမှာ
မင်းတစ်ယောက်ကို လွမ်းမိနေတယ်

ချစ်သူ...
ဆုံတွေ့ရတဲ့ အချိန်မှစ
ဒီရင်ဘတ်ထဲ အဆုံးမရှိလို့
မျှော်ကာတွေးတော့ ငါ့စိတ်တွေက
မီးလင်းဖိုဘေး ထိုင်ကာနေရင်း
ဝေးမနေရဲလို့ ဆွေးနေရတယ်

ချစ်သူ...
ရင်မှာဖြစ်တည် သံယောဇဉ်နဲ့
တစ်နေ့တစ်ရက် အမေ့ခက်လို့
မင်းဆီအပ်နှင်း ဒီချစ်ခြင်းကို
ဆောင်းညထပ်တူ အေးမြမှုလို
ပုံဆောင်ပမာ တည်ပါစေ၏