ဖြန့်ထွက် အတွေး

င့ါသမိုင်းကို ...
ငါ့အသွေးနဲ့ တည်ဆောက်နေလို့
ငါ့ခန္ဓာမှာ ...
ယှက်ဖြာသန်းတဲ့ လှိုက်ဖိုမှုတွေ ..

လင်းတံခါးမှာ အစင်းကျားနဲ့
ကြက်ခြေခတ်တဲ့ ကြမ္မာတွေကို
ပတ်ဝန်းကျင်ရဲ့ အသိုင်းဝိုင်းက
အတင်းအဖျင်း ပြောနေကြတဲ့
လူ့သမိုင်းရဲ့ အဆင့်တိုင်းကို ..

ဟိုစမ်းဒီစမ်း လျှောက်ကာလှမ်းလို့
ရှာနေမိတဲ့ ပစ္စုပ္ပန်မှာ
မှောင်မည်းခြင်းနဲ့ ကုန်ဆုံးခဲ့တဲ့
နေ့ရက်တစ်ချို့ ရောယှက်နေတယ် ..

ညင်သာစိုးထိတ် တိတ်တဆိတ်နဲ့
ပိတ်လျက်မနေ ဖွင့်လျက်ထားလို့
တံခါးဝရဲ့ တံစက်မြိတ်အောက်
ထိုင်ကာတွေးရင်း စိမ့်အေးနေတဲ့
ညည့်နက်ဆောင်းမှာ ပင့်သက်ရှိုက်တယ် ..

မြူးထူးကြတဲ့ နှစ်အကူးမှာ
ကြယ်အလင်းကို မျှော်ကိုးနေရင်း
စိတ်အသစ်နဲ့ ချိတ်ဆက်နေမယ့်
ငါ့ဘ၀ရဲ့ နေ့ရက်များစွာ ..

သာသနာခေတ် အာဏာစစ်တို့
ဒွန်တွဲနေတဲ့ ဤလူ့ဘောင်မှာ
မဖိတ်မစင် အိပ်ရင်တောင်မှ
နိုးကြားရမယ့် ဒီသံသရာ ..

5 comments:

su wai said...

ကဗျာနာမည်နဲ့လိုက်ပါတယ်.. ဒီကဗျာရဲ့ အတွေးက တစ်မျိုးလေးပဲ.. ဖတ်ရင်းနဲ့ ပြီးတယ်လို့တောင် မထင်ဘူး.. ဆက်တွေးနေမိတယ်.. သံသရာမှာ နိုးနိုးကြားကြားနဲ့ အမှန်တရားကို ရှာဖွေနေရမယ်..

မြူးထူးကြတဲ့ နှစ်အကူးမှာ
ကြယ်အလင်းကို မျှော်ကိုးနေရင်း
စိတ်အသစ်နဲ့ ချိတ်ဆက်နေမယ့်
ငါ့ဘ၀ရဲ့ နေ့ရက်များစွာ ..

ဒီအပိုဒ်လေး ဖွဲ့ထားတာကို သဘောကျတယ်.. လာမယ့်နှစ်သစ်မှာ အတွေးသစ်တွေနဲ့ ကိုယ့်ရဲ့သမိုင်းကို အကောင်းဆုံးဖြစ်အောင် ရေးခြစ်ရမယ်လို့လဲ တွေးမိပါတယ်.. ကဗျာကောင်းလေး ဖတ်ရလို့ ကျေးဇူးပါ အရုပ်လေးရေ…

may16 said...

မြူးထူးကြတဲ့ နှစ်အကူးမှာ
ကြယ်အလင်းကို မျှော်ကိုးနေရင်း
စိတ်အသစ်နဲ့ ချိတ်ဆက်နေမယ့်
ငါ့ဘ၀ရဲ့ နေ့ရက်များစွာ ..

သာသနာခေတ် အာဏာစစ်တို့
ဒွန်တွဲနေတဲ့ ဤလူ့ဘောင်မှာ
မဖိတ်မစင် အိပ်ရင်တောင်မှ
နိုးကြားရမယ့် ဒီသံသရာ ..

အရေးအသား တကယ်ကောင်းတယ် ကိုအရုပ်ကလေး

မြတ်သွယ် said...

နိုးကြားရမယ့် သံသရာတဲ့
အရေးအသားကတော့ အမြဲကောင်းတယ်နော်
ကဗျာရဲ့ စာသားတွေကတော့ တကယ်ကောင်းတယ်
-ဟိုစမ်းဒီစမ်း လျှောက်ကာလှမ်းလို့
ရှာနေမိတဲ့ ပစ္စုပ္ပန်မှာ
မှောင်မည်းခြင်းနဲ့ ကုန်ဆုံးခဲ့တဲ့
နေ့ရက်တစ်ချို့ ရောယှက်နေတယ်-
ဒီနားလေးကို အကြိုက်ဆုံးပဲ
အားကျမိပါရဲ့
အားပေးလျက်ပါ :)

နေ့အိပ်မက် said...

အား.. တွေးတတ်လိုက်တာ၊ ရေးထားတာကလည်း လှပါ့။ သုံးခေါက်ဖတ်သွားတယ်။ :)

နေ့အိပ်မက် said...

အား.. တွေးတတ်လိုက်တာ၊ ရေးထားတာကလည်း လှပါ့။ နေ့အိပ်မက် သုံးခေါက်ဖတ်သွားတယ်။ :)