စိမ်းရောင်သန်းတဲ့ လွင်ပြင်ကျယ်နောက်

အစိမ်းရောင်တွေ သန်းနေတဲ့
ဟော .. ဟိုက လွင်ပြင်ကျယ်မှာ
မင်းရင်ခွင်တစ်စုံလုံးကို ပစ်သွင်းကြည့်လိုက်ပါ ...
လွင်ပြင်ကျယ်အစိမ်းက
မင်းခန္ဓာမှာ လာထင်ဟပ်မယ်ဆို
အဲဒီလို ရောယှက်နေတဲ့
ခပ်စိမ်းစိမ်း မျက်ဝန်းအစုံများစွာကြားမှာပဲ
မင်းဟာ ခပ်စိမ်းစိမ်း အကြည့်တွေနဲ့ပဲ ဖလှယ်တော့မှာလား ..
လောကကြီးအတွင်းမှာ ပျက်ရယ်ပြုနေကြတယ်
မင်းရော သူတို့လို ခပ်စိမ်းစိမ်းစကားတွေနဲ့ လှောင်ပြောင်မှုကို
ပြုနေဦးမှာလား ...
ဆေးသားလွင်နေတဲ့ အစိမ်းရောင်ပန်းချီကားတစ်ချပ်
မျက်ဝန်းအစုံကို အေးစေတယ်ဆို ..
ထိုအေးမြမှုတွေ နောက်
အစိမ်းဆိုတဲ့ သဏ္ဍာန်သရုပ်
မင်းစိတ်မှာ စွဲထင်နေမှဖြင့်
မြင်မြင်သမျှ အေးမြချင်တဲ့ မင်းစိတ်
အစိမ်းရောင်တွေကြားမှာပဲ ဖြစ်တည်နေတော့မယ်
ဘ၀ကိုစိမ်းရောင်သန်းနေမှာလား ..
ထွေပြားစေတာလား ..
ထိုထိုအတွေးကြားမှာပဲ
အစိမ်းရောင်ဆိုတာ ????
...........
........................
သက်ရွက်ကြွေတွေ လွင့်ဝဲနေတဲ့နောက်
မင်းစိတ်အနောက်တွေ လိုက်နေမယ်ဆို
စိမ်းရောင်သန်းတဲ့ လွင်ပြင်ကို ပမာပြု
ထင်ဟပ်နေတဲ့ စိမ်းရောင်ဟာ
အပေါ်ယံမှာပဲ ဖြစ်တည်နေတာမို့
ထိုအပေါ်ယံကို ခ၀ါချ
စိတ်အအိုက်ပြေပျောက်မဲ့ ရောင်နီအလင်းစက်အောက်
ပြေးထွက်ကြပါစို့ ..။


သူငယ်ချင်း ပြည့်စုံ ရေးတဲ့ စိမ်းသက်ခြင်း ကဗျာလေးကို ဖတ်ပြီး ရေးခဲ့မိတဲ့ ကဗျာတစ်ပုဒ်ပါ ..။

“ကိုယ်စားဒဏ်ရာ”

မွေးညှင်းစိမ်းတွေ အရိတ်ခံရလို့
ကန္တာရ သမင်ဖြူကွက်တွေနဲ့
အရေပြားကင်ဆာဖြစ်ပြီး
ကမ္ဘာကြီး ပူနွေးလာတာလား….

သွေးကြောတွေ အဖေါက်ခံရလို့
ချဉ်ဆီခမ်း အနာရွတ်တွေနဲ့
ခုခံအားကျဆင်းပြီး
ကမ္ဘာကြီး ပူနွေးလာတာလား….

မဟုတ်ဘူး…
ငါတို့
သက်ပျင်းငွေ့ငွေ့လေး ချလိုက်တာနဲ့
ကမ္ဘာကြီး တစ်ရက်ထက်တစ်ရက်ပူနွေးလာတာ…။

အဖြူရောင်ကိုယ်ကျပ် အလုခံလိုက်ရလို့
ရေခဲတောင်တွေ ရှက်ရှက်နဲ့
မြစ်တွေထဲ ဆင်းပုန်းပြီး
သမုဒ္ဒရာတွေ မြင့်တက်လာတာလား….

ညစ်ပေနေတဲ့ လေတွေရှုရှိုက်နေရလို့
ကောင်းကင်က အဆုတ်ရောဂါနဲ့
ချွဲကပ် မုန်တိုင်းဆင်ပြီး
သမုဒ္ဒရာတွေ မြင့်တက်လာတာလား….

မဟုတ်ဘူး…
ငါတို့
မျက်ရည်သေးသေးလေး ပဲ့ကျသွားတာနဲ့
သမုဒ္ဒရာတွေ တစ်ဆထက်တစ်ဆမြင့်တက်လာတာ…။

မြိုပြရဲ့ ဖနောင့်ပေါက်ခံရလို့
ဆက်ထားတဲ့နံရိုးနှစ်ချောင်းကျိုးတာနဲ့
အကြောတွေဆတ်ကနဲ ရုန်းပြီး
ငလျင်တွေ လိမ့်လာတာလား….

ကုတ်ခြစ်ပြီး ဆွဲလှန်ခံထားရလို့
ချွေးပေါက်တွေပိတ်နေတာနဲ့
ပြည်တည်နေတဲ့အနာဖုနေရာက ချော်ရည်ပူတွေထွက်ပြီး
ငလျင်တွေ လိမ့်လာတာလား….

မဟုတ်ဘူး…
ငါတို့
နှစ်လုံးခုန်သံနှေးနှေးလေး ဆောင့်ရုန်းလိုက်တာနဲ့
ငလျင်တွေ တစ်ခါထက်တစ်ခါ လိမ့်လာတာ….။

အခုလေ
ကမ္ဘာကြီးက……
ကိုယ့်မျက်နှာကိုယ်ပြန်မကြည့်ရဲပဲ အရှက်သည်းနေချိန်မှာ
ငါတို့က…
ကိုယ့်မနက်စာ ကိုယ်လှန်မကြည့်ရဲပဲ ကျပ်တည်းနေလိုက်တာ….။

အထီးကျန်ခြင်း

ကိုယ့်ကျင့်တရားမှာ ချွေးတစိုစို
ငါ့ကိုယ်ငါ အရမ်းစိတ်ပူတယ်
အစွန်းရောက်အာရုံကို အဖုံးဖုံး
ငါဟာ သူတော်စင်လို
မျက်လုံးအောက်စိုက် လမ်းလျှောက်လို့
တစ်ကယ်တော့ စိတ်များလွန်တဲ့ ပုရွက်ဆိတ်တစ်ကောင်
ခေါင်းကို ဆတ်ခနဲ ဆတ်ခနဲ လွှဲရ
ကိုယ့်ကိုယ်ကို အမြဲအာပတ်ဖြေနေရတဲ့လူပါ
ငါ .. ၀တ်လက်စ ဂျင်းဘောင်းဘီ
ဒီရာသီအကုန် ...
တန်းပေါ် ပစ်တင်ထားလိုက်တော့မယ်ဆိုလည်း
ရန်ပွဲတွေ့ရင် သွေးက .. ၀င်ရိုက်ခဲ့ချင်တုန်းပဲ
ဝရန်တာပန်းအိုးထဲက မြေလို
လူငယ်စိတ်လို့ အော်ပြောနေတဲ့
အရုပ်တွေကြည့်ရင်း ..
ဆံပင်အရှည် ပြန်ထားချင်တယ်
ဆောင့်ဆွဲနေရတဲ့ အရာတွေများလွန်းလို့
လက်ထဲက ခွက်မှာ သံချေးတက်တက်လာ
လက်ဆစ်တဖျောက်ဖျောက်ချိုးရင်း
အပိုးမကျိုး ဘာမှမကျိုး
တောက်ထုတ်ပစ်ပြီးသား အဲသည်ဘ၀မျိုး သတိရတယ်
ငါဘယ်လို အယောင်ဆောင်ဆောင်
ငန်ကျိကျိလမ်းမပေါ်
အင်္ကျှီကော်လံ ထောင်ထားချင်တုန်းပဲ ...။ ။

ဆရာ ခိုင်မြဲကျော်စွာ ရေးတဲ့ ကဗျာလေးပါ ...။
ကျွန်တော့် အဖြစ်တွေနှင့် ထပ်တူတမျှ တိုက်ဆိုင်နေတာကြောင့် အခုကဗျာလေး တင်လိုက်ခြင်းပါ ..။

တစ်ယောက်သော .. သူ

ဟိုးဝေးဝေးမှာ မြင်ကြည့်လိုက်ချစ်သူ
အရောင်တွေများစွာကြား နစ်မြောနေမယ်ဆို
မင်း စုတ်ချက်က ... ဆေးသားလွင့်နေမလားပဲ ...

တစ်ခါတစ်ရံ ရောင်နီအလင်းစက်အောက်
ခပ်နောက်နောက် အတွေးတွေကိုပယ်ဖျက်
ချစ်သူ့အတွက် အလွမ်းစက်လက်နဲ့
ရှင်သန်ခဲ့တဲ့နေ့ ..
မင်းအတွက်ခါးသီးမှုဆို
ငါဟာ .. ပြယ်လွင့်မှု တိမ်တိုက်ပေါ့ ...

ဒဏ်ရာ ရထားဖူးတယ် ချစ်သူ .....
မင်းအတွက် စတေးခြင်း ယစ်မူးမှုက
မင်းဘ၀အတွက် သာမာန်သရုပ်ဆိုရင်တောင်
င့ါအတွက် တစ်ခါပြန်လွမ်းနေရမဲ့
တမ်းချင်း ကဗျာတစ်ပုဒ်ပါ ....

အလွမ်းချင်ဘူး .. မဆွေးချင်ဘူး
မင်းအလိုကျ အယူခံအတိုင်းဖြစ်တည်နေမဲ့
ဝတ်ရုံလွှာလေးတစ်ခုဆိုတာ
ယုံထားချစ်သူ ..

အဝေးမှာ ခေါ်သံကြားလား
အနီးမှာလား ...
အဲဒီခေါ်သံနှစ်ခု ရပ်တန့်မသွားဘူးဆို
မင်းနဲ့ငါ့ရဲ့ ကမ္ဘာငယ်တစ်ခုပေါ့ ...
သို့တည်း ...
ပိုင်ဆိုင်မှုပေါ့ .. ချစ်သူ...

ကာရံတွေ မသိမ်းချင်ဘူး ..
အလွမ်းတွေ မမျိုသိပ်ချင်ဘူး ..
တွေ့ခွင့်ရမယ်ဆို မင်းနှုတ်ခမ်းတစ်စုံက
င့ါအတွက် ဆေးရေးပန်းချီလို
ကြာလာလို့ အရောင်ပြယ်လွင့်မယ်ဆိုရင်တောင်
တခမ်းတနားပေါ့ ...

လွမ်းနေဆဲ..
သတိရဆဲပါ .. ချစ်သူ
မင်းအတွက် စတေးခဲ့ရတဲ့ဖြစ်ရပ်တွေ
မျိုသိပ်မှုတွေ များခဲ့မယ်ဆို
င့ါအတွက် ခပ်လှပ်လှပ်မို့
မင်းကို ပမာပြု
သစ္စာတစ်ခုတိုင်တည်ပြုတယ်..
မင်းဟာ င့ါရဲ့ တစ်ယောက်သောသူ .....။



ကောင်းကင်ရှိုက်သံ

ငါ့ကို ချစ်ခဲ့သော..ငါ့ကိုပစ်ခဲ့သော...
ငါ့ကိုအပြုံးချွေခဲ့သော..ငါ့ကိုအမုန်းဝေခဲ့သော...
ငါ့ကိုအကြင်နာပေးဝေခဲ့သော..ငါ့ကိုနာကျင်ဆွေးစေခဲ့သော...
ငါ့ကိုအပျောက်မခံခဲ့သော..ငါ့ကိုကြောက်ကန်ခဲ့သော...
ငါ့ကိုတမ်းတခဲ့သော..ငါ့ကိုနန်းချခဲ့သော...
ငါ့ကိုဖန်ဆင်းခဲ့သော..ငါ့ကိုခံပြင်းခဲ့သော...
ငါ့ကိုငဲ့ကွက်ခဲ့သော..ငါ့ကိုကဲ့ရဲ့ခဲ့သော...
ငါ့ကိုမြတ်နိုးခဲ့သော..ငါ့ကိုအထပ်ထပ်ဆိုးခဲ့သော...
ရင်ဘတ်ထဲက အနာရွတ်လေးရေ...
ငါပေးခဲ့တဲ့"ကြင်နာမှု" တွေအတွက် နင်ပြန်ပေးခဲ့တဲ့..
"နာကျင်မှု" တွေက ...ရက်စက်လွန်းပါတယ်...
ငါဒီလိုကြေကွဲနေတာ ..နင်သိခဲ့ရင်..
...................
ပြည့်ဝချင်တဲ့ နင့် ရဲ့ညတွေအတွက်
ငါ့သောကမိုးတိမ်တွေ ဖြိုချခဲ့တယ်....
ရွှေရံများစွာနဲ့ ကခုန်ချင်တဲ့ နင့်ရဲ့တေးသွားတွေအတွက်
ငါ့မျက်ရည်တွေ ကြယ်တွေအဖြစ်ရံပေးခဲ့တယ်..
ကြဲဖြန့် ချင်တဲ့ နင့် ပန်းကုံးတွေအတွက်
ငါ့သက်ပြင်းတွေ နဂါးငွေ့ တန်းအဖြစ်ဖန်ဆင်းခဲ့တယ်..
အနှောက်ယှက်ကင်းကင်း နင်အလှစီးချင်းထိုးဖို့ 
ငါ့ကတ္တီပါညနေခင်းတွေ ရုပ်သိမ်းခဲ့တယ်..
ပူပန်တတ်တဲ့ နင့်အတ္တတွေအတွက်
ငါ့မာနမိုးကြိုးတွေ အနင်ခံပြီးမျိုချခဲ့တယ်..
အပျင်းပြေသက်သက် နင့်အပြုံးလေးတခုအတွက်
ငါ့ရင်ဘတ်ကိုခွဲပြီး ဥက္ကာပျံတွေကျဲခဲ့တယ်..
လူတွေအားလုံး နင့်ကိုတောင့်တနေဖို့ 
ငါ့ကိုငါ အမှောင်တွေ ချချနေခဲ့ရတယ်..
နင်ဖြိုဖျက်သမျှ ပြိုပျက်ခဲ့ရတဲ့ဘဝ..
နင်ဖျက်ဆီးသမျှ ပျက်ဆီးရတဲ့ဘဝ..
နင်ဖျောက်ဖျက်သမျှ ပျောက်ပျက်ခဲ့ရတဲ့ဘဝ..
နင်ရက်စက်ခဲ့သမျှ အရာရာ လက်မဲ့ ခဲ့ရတဲ့ဘဝ...
အဲဒီညညတွေမှာ......
နင့် ရဲ့အနာဂတ်တွေ ကမ်းကပ်နိုင်ဖို့ 
ငါ့ရဲ့ ပစ္စုပ္ပန်တွေ ဆုတ်ဖြဲပြီး တောင်ပံတွေတပ်ပေးခဲ့တာ
ငါ့ရဲ့ ပျံသန်းမူ့ လွဲချော်ခဲ့တာလား..
နင့်ကမ်းပါးတွေပြိုမကျအောင် ငါ့စွမ်အားတွေမြိုချလိုချ
နင့်လမ်းတွေဖြောင့်စင်းဖို့ ငါ့အလွမ်းတွေဆောင့်နင်းခံလိုခံ
နင်ကလေ....
ငါ့ကောင်းကင် အိုဇုန်းလွှာအထက်က
တရွဲရွဲ တစက်စက်လင်းနေတဲ့ လမင်းပါ..
နင် တဝင်းဝင်းလင်းလက်နေသမျှ....
ငါ..လေ...တစ်စ..တစ်စ...မှောင် ..ကျ...နေ..ရ..တယ်...။

စပ်ကြား

အာရုံအတွေး မှော်ဝင်ဆွေးဆို
င့ါတစ်ကိုယ်လုံး ဇောချွေးတွေပြန်
တစ်လှည့်တစ်ခါနဲ့ ကကွက်သွယ်ကြား
မင်း .. သင်ပြခဲ့တဲ့
ကရေး ကဟန် အချိုးလေးက
ဇာတ်ထုပ်အတွက် အနာတရဆို
ငါဟာ .. ပွဲလန့်သူလား ...

တမ်းတတစ်ဖြစ် လှိုက်ဖိုတိုးလို့
ဒီရင်ခုန်သံ စည်းချက်တွေမှာ
နွေနေမင်းက ရှင်ရော်တမ်းစေအောင်
ပူနွမ်းလျတဲ့ သူ့စခန်းပြမှာ
ထွန်းတောက်နေတော့
ဥသြငှက်ငယ် သံသာကျူးမလို
အမှန်သာထူးဆိုတဲ့ ..
လွမ်းစရာ့နွေမှာ ထွေပြားစေတယ် ...

တစ်ဆစ်ချိုးရဲ့ လောကဓံကွေ့
ကြုံသမျှကို ဘုံဘ၀ကနေ
ကြိတ်မှိတ်မျိုသိပ် အံတွေခဲလည်း
မှုန်ပြပြသာ ထိုတစ်ဆစ်ချိုး
အသစ်တစ်မျိုး တွေ့မလားရယ်လို့
ဆက်လျှောက်နေဆဲ ...

လအရောင်က င့ါအမှောင်ဆို
ကွယ်ရာနေမင်းရဲ့ ..
ဆွယ်ရာမြေကို ရောက်နေသူမို့
ရောင်စဉ်ကြားက အမှောင်ရဲ့တစ်ဖက်
ထိုထိုအနက် ပမာပြုလို့
အလင်းတစ်စက် အလျှင်းဖက်ရအောင်
တောင်းဆုပြု၏ ...

ဘူတာအိုလေး တည်မြဲမှုအောက်
နားခိုနေကျ ခရီးသွားတွေ
အချိန်နှင့်တစ်ပြေး သွားလျှင်ခရီးတွက်
ရထားအလာ စောင့်မျှော်ရင်းကြား
ကလေးငယ်ရဲ့ မျှော်လင့်မှုတွေ
ရထားတစ်စင်းနှင့် ..
ကပ်ပါလာမဲ့ သူ့အတွက်အလင်းတန်း
မျှော်လင့်တမ်းရင်း ..
ဘူတာအို သံလမ်းနှစ်ဖက်
အစရှာရမလို ဖြစ်နေတဲ့သူ့ဘဝ
အဆုံးမဲ့တာ ကြာခဲ့သလို
င့ါအတွက် ဥသြသံတစ်ချက်
နားစီနှစ်ဖက်မှာ စွင့်ထားဆဲပါ ...

အတိတ်ကိုပြန်တွေး
ဆွေးမနေနဲ့ ငေးမနေနဲ့
သေချာခြင်းမှာ အတိတ်ကိုရေးခြစ်
အမှတ်ရတာ ပစ္စုပ္ပန်လား ...

မူးမိုက်နေဆဲ အဖြစ်တွေမို့
ရှူရှိုက်ဆဲ လေထုမှာ
စို့နင့်အတွေးက မိုးထက်ကလမင်းကို
တမ်းတသလိုနဲ့ နွမ်းလျကာနေတာ
ငါ့စိတ်ရဲ့ ရှေးဘ၀က
ဖြစ်ခွင့်ရမှု ထင်ပါရဲ့ ...

သောကတွေဖယ်ထုတ် ..
ဖြစ်စဉ်တွေ ရုပ်ချည်းပြောင်းလဲ
မင်းကြောင့်လို မဆိုသာရင်တောင်
မင်းကိုချစ်တဲ့စိတ် ဒီစိတ်မှာထင်ဟပ်
မရေရာ င့ါဘ၀ကြား
သေချာနေလေရဲ့ ...

စိတ်အမျိုးမျိုးမှာ တိတ်တခိုးလေး
မချစ်ဝံ့ပါဘူး ..
ပွင့်လင်းတဲ့စိတ်ကို အခြေပြု
ရိုးရှင်းတဲ့နှလုံးသားမှာ ကြိတ်မှိတ်မနေလို့
လှစ်ဟ ပြောရင်ဖြင့် ..
ဗလာဖြစ်နေတဲ့ ဒီရင်ဘတ်မှာ
အကြိမ်ကြိမ်ခါ တက်မက်ဖူးတာ
မင်းတစ်ယောက်ဆို
ယုံမိတဲ့ မင်းစိတ်
တထိတ်ထိတ်တော့ ဖြစ်နေမလားပဲ ...

ဘ၀ဒဏ်တွေ .. ရ , ထားတာလား
အချစ်ဒဏ်တွေ .. ရ , ထားတာလား
သေချာမှုကတော့
ဘ၀ဒဏ်တွေကြားမှာပဲ
အချစ်ဒဏ်တွေ သင့်ခဲ့ဖူးပါတယ် ...

နှလုံးသားတစ်စုံမှာ
ကပ်ပါငြိနေတဲ့ နှိုးစက်လေး
သူနမ်းခဲ့တဲ့ အနမ်းတစ်ချက်
ငါ့နှလုံးသားမှာ ကန့်သတ်ချက်မဲ့နေတယ် ...

သဏ္ဍာန်သရုပ်နဲ့ အမှန်လုပ်ယူနေရတဲ့ခေတ်
အသစ်စက်စက်က ဟောင်းမယ်ဆို
ဘ၀ကိုကြိုးကုတ် စိတ်အထုပ်ကို
ပစ်လွှတ်ခြင်းအတွက် မောင်းတင်
ဟိုးခပ်စောင်းစောင့်က ပစ်မှတ်
င့ါအတွက် တည့်မယ်ဆို
ဖြစ်တည်တဲ့ လူ့ဘ၀မှာ
ငါ .. ခပ်ဟဟလေးတော့
နေ .. နေမယ် ..

နှလုံးသားရဲ့ အံဝှက်တွေမှာ
ခံတပ်တွေနဲ့ င့ါစိတ်
တရိပ်ရိပ်နဲ့ ဖြတ်ကျော်ခဲ့တဲ့
ဘ၀အမောတွေကြား ..
အချစ်က လမ်းပြကြယ်ဆို
နှလုံးသားရဲ့ နယ်ပယ်အတွင်း
သူကြားနိုင်ယုံသာ
ခပ်ဖွဖွလေးတော့ ပြောချင်မိပါတယ် ...

စိတ်နောက်ကိုလိုက် တေးချော့ကိုကြိုက်
ဒီအတွေး ဒီမှာတင်ရပ်
တစ်ခန်းဆက်ရမဲ့ ငါ့စိတ်အဝေး ...

ပို့စ်ကောင်းလေးတွေ ဖတ်ခွင့်ရရင်း ကျွန်တော် ကွန်းမန့်ပေးခဲ့ဖူးတဲ့ စာသားများကို ကဗျာအဖြစ် ပြန်ရေးခြင်းပါ ..။