ဖေးကာကူပါ အချစ်သာ နုစွာ

ချစ်တာတွေက နောက်.....

အပြစ်မယူစွာ တောက်လျှောက်ပြောခဲ့လည်း ...

အညိုအညင်တွေနဲ့ ငိုနေတာလည်း မင်းပဲ ..။

အပိုအလိုတွေနဲ့ ချောမြူကာ ကိုယ်အမြဲပဲ..

သည်မျှ သည်နောက်....

ချစ်တာက အဆိပ်တောက် ဖြစ်စေသလားပဲ ..။

သူ့အလိုကျ မနောပိုပြ

တစ်ခုအလိုမကျ အပြောငိုရခက်တာလည်း ကိုယ်ပဲ ၊

အတွေးအယူအရ ဖေးကူကာလည်း ချစ်စမြဲ

ဘေးလူက ငေးယူရ ကိုယ့်အဖြစ်ကလည်း ငိုင်ဆဲပဲ ..။

င့ါအဖြစ်က ဖေးကူမှ ဆွေးအပူကျွတ်စွနဲ့

နိမိတ်အယူအရ ကြိတ်ကာလည်း ဆုတောင်းမြဲ ..။

လွဲမှားနေတဲ့ လူ့ဘောင်မှာ

အတုအယောင်ဆိုတာလည်း ဖြစ်စမြဲမို့

ခွဲခြားမရတဲ့ ဖြစ်စဉ်က အလွဲအမှားတွေလည်း ဖြစ်တတ်တာပဲ။

ညစဉ်ညတိုင်း အလွမ်းသင့်ရာ ပန်ချီတံတိုင်းမှာ

မှီတည်ရာ အိပ်စက်ဖို့

သူ့အသွင် သူ့ဖြစ်အင်ကို

င့ါရင်ခွင် င့ါစိတ်ဘ၀င်မှာ ခိုဝင်အိပ်စက်စို့ ။

ပစ္စုပ္ပန် အဓိကအတွက်

အရာခပ်သိမ်းအတွက် အဆိပ်တွေသုတ်လိမ်းပြီး ကိုယ့်ကိုယ်ကို နေခဲ့တယ်..

လွဲမှားနေတဲ့ အတိတ်အရိုင်းတွေကို ပစ္စုပ္ပန် မှိုင်းတွေနဲ့ အခိုးပွင့်စေခဲ့ပြန်တယ်..

သူမ မသိခဲ့တာလား .. မသိဟန်ဆောင်နေခဲ့တာလား ။

အချစ်ရယ်လို ခုန်မင်တတ်စကတည်းက အပြစ်တွေလည်း မသိခဲ့ဘူး ...

အချစ် အရူးထမိတဲ့အချိန်မှာပဲ အမှားအမှန်ကို ဆုံးဖြတ် ..

လူတွင်ကျယ် တတ်ယောင်ကန်းပဲ လုပ်ခဲ့တယ်လို့ ထင်မိနေသလား ။

လောဘအမြင်တွေကြားမှာပဲ

သောကတွေ ထမ်းပိုးရတဲ့ လူ့စိတ်မှာ

နဂိုအရိပ်တွေက ရှိသင့်တာထက် ပိုနေရင်/ ပိုနေခဲ့မယ်ဆိုရင်

ချစ်သူ ...

လူလားမြောက်တဲ့နေ့ကစ အမှားမကင်းခဲ့တာမို့

အတိတ်ရဲ့အနာ အစိမ်းလိုက်ချုပ်ခြင်းက ပိုကျက်စေမှာပါ ။

ေ(သေ၀ထိုး) = ခ(ခေကြး)

သဝေထိုးမဟုတ်တဲ့ ခကွေးကို ယပင့် စသတ် ဆိုပြီး ဘ၀တစ်စိတ်တစ်ဒေသကို နိဂုံးချုပ် အဆိပ်တက်ရမှာလား ..

ခကွေး မဟုတ်တဲ့ သဝေထိုးကို အစပြုပြီး ခကွေးနဲ့ ပေါင်းစပ် ယပင့် ထပ်မံဖြည့်စွက်လို့ ပဲ နေရမှာလား .....။

ချစ်=ချေ

အချစ်အတွက် ချေပမှုတွေပဲ ပြုနေရတော့မှာလား ..

မလိုလားအပ်ဘူး ချစ်သူ ...

နှုတ်ခမ်းနှစ်လွှာကြားက ဖူးပွင့်သီကျလာတဲ့ စကားစုတွေ

လုပ်ဆောင်ပြုလုပ်ချက်တိုင်း ကပ်ပါငြိတဲ့ လူ့စိတ်အာသီသတွေမှာ

အနမ်းတစ်ပွင့်အတွက် ကမ်းလှင့်ခြွေဆက်တာလည်း မလိုချင်ပြန်ဘူး ..

အတိတ်ကို အဆိပ်လုပ် ..

နိမိတ်ကို အရိပ်လုပ်ပြီး င့ါကျောမှာလည်း မထမ်းထားချင်ဘူး ..

ဘာသာဗေဒတူညီတဲ့ အဖြစ်အပျက်တွေမှာ..

ငိုညည်းမှု ၊ ထိခိုက်လွယ်မှု .. စသည်ဖြင့် ကျိုးကြောင်းဆီလျော်စွာပဲ ဖြစ်ခဲ့ တည်ခဲ့တာ ..

အရူးချည်းသက်သက် အားလုံးက ဘေးမဲ့ မပေးဘူး ..။

နားလည်ပါ ချစ်သူ ..

ဖွင့်မပြောရဲလို့ အနေခက်

ဖွင့်ပြောလို့ အနေကျပ်ခဲ့မယ်ဆိုရင်

အတွေးသဘောက ဇောချွေးပြန် ....

အရေးသဘောက ဇာတ်ထုတ်ကို အိပ်ကောင်းခြင်း အိပ်စေသလားပဲ ....

ဆုတောင်းခြင်းကို လက်ဝယ်ပိုက်ထွေး

စရိုက်အတွေးက ချစ်သူအတွက် ...

ဒဏ်ရာတစ်ဖက် နာကြဉ်းတာ အသက်ထက်အက္ခရာဆို

ထိုပဓာနပြုတဲ့ စကားလုံး

ပြက်လုံးနဲ့ပဲ အိပ်မောကျပါ ..။

အနေတွေ မခက်ပါဘူး

အခြေအနေတွေ အရပ်ရပ်ကလည်း

နဘေကာရံ စည်းချက်တွေ မပါချင်လို့

အခြေအနေ အဖန်ဖန်ကို စောင့်ခဲ့ကာမှ ..

သွေဖီရာ မာန်တစ်ကြောမှာ စီးမျောလို့ တသွင်သွင် ..။

မခွဲနိုင်မခွာရက် အသည်းခိုင် အညှာချက်ကိုမှ

တစ်သက်အစိုင် ပျက်ရယ်အဖြိုင်ဖြိုင်ကိုမှ သုံးရက်လေအား .....။

စကားပြေ

စကားပြေ တစ်ပုဒ်အတွက် ..

နိဒါန်း အစပျိုးလို့ အခိုးရမ္မက်တွေ ဝေခဲ့ရတယ် ။

ဘ၀ကိုထုဆစ်ဖို့ အနားသတ်မျဉ်း ဆွဲကာမှ

သည်ပေတံက မျဉ်းတစ်ဖြောင့်တည်းကျဖို့

အတိတ်ကို ပစ္စုပ္ပန်အထိ ဆွဲယူလာရတဲ့အဖြစ် ။

လူတွေထဲက လူလို့ သတ်မှတ်ချက် ပေးထားတဲ့ လူတစ်ယောက်

အယူလွဲမှားနေတဲ့ အဖြစ်တွေမှာပဲ

တစ်စ တစ်စ လှိုက်စားလို့ ..

သည်ပင်လယ်က ကျောက်ဆောင်ထက် င့ါမှာ အသားမာတက်လို့ ။

အဖြေလွန် မရတဲ့ အဖြစ်တွေလား

အမေးထုတ် စာရွက်ဗလာ ကံစမ်းမဲမှာပဲ

ပေါက်မဲနံပါတ်က ၁၅ ... နဲ့ ပြတ်နေခဲ့တယ်။

ထုတ်ယူမရဘူး

ငြင်းခုန်မရဘူး

အတွေးအယူတိမ်းတဲ့ အခြားဖက်မှာ

သည်ဂဏန်းက ညီမျှခြင်းခံနေတယ် ။

ယနေ့မှစ နောင်အနာဂတ် အခါခါ

ရီဝေယစ်မူးစေပစ်လိုက်တယ် ..

အခါခါ ခါးသီးတဲ့ အပြုံးတွေနဲ့

နံပါတ်စဉ်တပ် ရေတွက်ပါ ။

အမုန်းမဖက်တဲ့ သစ္စာတရားတွေနဲ့

အပြုံးမပျက် ချစ်နေဆဲဆိုတာ ..

...................

..............။

အဝေးဆုံးက ကြယ်စင်ရယ်

လကမ္ဘာပျက်သုဉ်းခြင်းမှာ

အစိုင်အခဲ/ဥက္ကာပျံ အဖြစ်နဲ့ အဆုံးသတ်ပေးပါ ..

ကြယ်ကြွေကောက်သူအဖြစ် ဘာအရာမှ မသိလိုက်ချိန်

ကလေးအတွေးအရ လက်မှာ ကောက်ကြောင်းဆွဲလိုက်တယ်.

သည် .. ကောက်ကြောင်း ချစ်တယ် ..။

လူလုံးမလှတဲ့ ရုပ်ထုအတွက်

ဖယောင်းလို မပျော့ပြောင်းလို့ ထုဆစ်မနေချင်ဘူး ..

ဘ၀ကိုက ခါးနေတာလား

ကိုယ်တိုင်ကပဲ ခါးစေတာလား

နာကျဉ်ပါတယ်ဆိုမှ .....။

သံသရာတဲ့ ...

အဖန်တစ်ရာ ကြုံလာနေလည်း

အခါခါ ဆုံကာနေတဲ့ င့ါစိတ်နဲ့ င့ါအချစ်

ဒီကံကြမ္မာမှာ ပြုံကာနေတာ

င့ါနှလုံးသား ဘယ်ဘက်ရင်အစုံကို

ကြက်ခြေခတ် နိမိတ်လှတဲ့ ချိန်ခါနေ့ရက်တွေ

သူမ ရေတွက်နေမလား ..။

တစ်ခွန်းတော့ ပြောပါရစေ ...

ကက်ကင်းတွေနဲ့ မယှဉ်သန်ခြင်လို့

သူ့အတွက် မပျက် မပျက် ချစ်ခြင်းတွေက

သည်ပျိုးက င့ါအတွက် နိဂုန်းအဖြစ် ရေးစေတောင်

င့ါစကားပြေက ....

အစွန်းရောက် အာရုံအဖုံးဖုံးနဲ့

အရေးတယူ နမ်းရိုက်တာကို သတိရ သိတတ်ရင် ကျေနပ်မယ် ။

ထပ်ပြောပါရစေ ....

ငါလေ ညီမျှခြင်းအပေါ်မှာ တက်ထိုင်နေမိတယ် ။

အတွေ့

ချစ်ရသူရေ ...

အိပ်မက်ကျမ်းတွေကို မကုစားချင်သူ င့ါအဖို့

အဆိပ်တွေကိုလည်း မသုတ်လိမ်းချင်ဘူး ..။

ချစ်ရသူရေ ...

လက်တွေ့ဖြစ်စဉ်တွေကို အလေးထားချင်သူ င့ါအဖို့

နိမိတ်တွေကိုလည်း မယုံကြည်ချင်ဘူး ..။

ချစ်ရသူရေ ...

ရင်းနှီးခွင့် ချိန်ခါတွေကို အပေးအယူမျှချင်သူ င့ါအဖို့

ညည့်နက်သန်းခေါင်တွေကိုလည်း မရောက်ချင်ဘူး ..။

ချစ်ရသူရေ ...

ပါးပါးလေးနဲ့ နွမ်းနေရတာ မသိလို့ပဲလား မသိဟန်ဆောင်တာလား ချစ်သူ

အရိပ်တွေက အေးချမ်းတာ ပြောစမှတ်တွင်ဖူးပေမယ့်

မင်းအရိပ်တွေ မကျတဲ့ နေစောင်းတဲ့အဖြစ်မှာ

ငါလေ အဆုံးသတ်ကို ရှုံးမတွက်ချင်ဘူး ..။

ချစ်ရသူရေ ...

အစွဲအလန်းနဲ့ ခွဲခွာမနေချင်တာ မသိလို့ပဲလား မသိဟန်ဆောင်တာလား ချစ်သူ

နိမိတ်တွေက လက်တွေ့လို့ ပြောစမှတ်တွင်ဖူးပေမယ့်

မင်းအသိစိတ်တွေ ပါမလာတဲ့ ချိန်ခါတွေမှာ

ငါလေ အဆုံးသတ်ကို ဝေးလျက်မနေချင်ဘူး ..။

ချစ်ရသူရေ ...

အတိတ်တွေကို ခ၀ါချ

ပစ္စုပ္ပန်တွေကို လက်တွေ့ကျလို့

အနာဂတ် အားအင်ပြည့်ဖြစ်တည်ခြင်းနဲ့

အတိတ်ရဲ့ ဖြစ်စဉ်

ပစ္စုပ္ပန်ရဲ့လိုအင်

အနာဂတ်ရဲ့ ဖြစ်အင်တွေအတွက် တို့နှစ်ဦး တွဲလက်မြဲပါစို့ ....။ ။

(ကဗျာမကျ စကားစု အပေါ့အကျအင်္ဂါရပ် မညီညာတဲ့ စာစုလေး တစ်စု)

ရိုးမြေကျ

မင်း .... လိုချင်မက်မောခဲ့လား

မသိ / မရှိပါပဲ ..။

သို့တည်း ...

အနမ်းလေးတွေ ပေးပြီး မထားခဲ့ပါနဲ့ .....

အလွမ်းလေးတွေ ပေးပြီးလည်း မချန်ရစ်ခဲ့ပါနဲ့ ....

ချစ်တတ်တဲ့ ဒီကောင့် ရင်ဘတ်က အသည်း ခပ်နုနုရယ် ။

အနမ်းကို ခုန်မင်ခဲ့တာထက် တစ်ဘ၀စာ ရိုးမြေကျ ဖြစ်ချင်ခဲ့တဲ့ကောင်

အကြိမ်ကြိမ်အခါခါကြားမှာ တစ်ကြိမ်တစ်ခါနဲ့ ဖြည့်ဆည်းမှု ပျက်ပြယ်ခွင့် မရချင်တဲ့ကောင်

အတိတ်က ဆိုးခဲ့ .. ပေခဲ့ .. မိုက်ခဲ့ ..

လူ့ပတ်ဝန်းကျင် အဆင့်တိုင်းက မြင့်မြတ်သတဲ့လား ..

အလေးထားမှုတွေနဲ့ မင်းရှေ.

ငါ ......

ခြေလှမ်းကြွကြွနဲ့ မက်လောက်စရာ မရှိအောင် နေပြချင်ခဲ့တဲ့ကောင် ..။

ညခင်းရဲ့ လမ်းမအောက်

တောင်းစားနေတဲ့ သူတောင်းစားရယ်

အိမ်ရှေ့ မျက်နှာစာမှာ မြူးထူးဆော့ပါးနေတဲ့ ကလေးငယ်တွေရယ် ..

အကြည့်တစ်ချက်ပါပဲ

ရင်မှာ သိုဝှက်တတ်တဲ့ အက္ခရာတွေကို သတ်ပုံကျမ်းမှာ ပြန်မရှာချင်ဘူး ....။

ငါ ထိုင်နေတယ် ..

ထိုင်လက်စ နေရာမှာပဲ ကောင်းကင်က လမင်းကို မျှော်နေတတ်တဲ့ကောင်

ဒီကောင့်ရင်ဘတ် အတွေးအသိက

မင်း မယုံနိုင်စရာ ပုံပြင်ဟောင်း ..

ဘယ်ကိုမှ မယွင်းမတည်ပဲ မင်းကိုချစ်တတ်လို့ အကြမ်းဖက်ခဲ့တဲ့ကောင်

မင်းအတွက် မုန့်လုံး စက္ကူကပ်သလိုပဲလား ..။

သာတဲ့ လမင်းက

နေရီစောင်းတဲ့ ညနေမှာ တ၀က်တပျက်သာလို့

ငါလေ .. ညအမှောင်ကိုရောက်မှာ စိုးရွံ့နေတယ် ..။

င့ါရှေ့မှာ မြင်နေရတဲ့ လူ့ပတ်ဝန်းကျင် အပြုအမူတွေရယ်

မိုးအုံ့နေတဲ့ နွေလည်နေ့လေးတစ်နေ့ရယ်..

င့ါစိတ်ကို မရိုးမရွ ဖြစ်စေခဲ့တာ

ချစ်သူ .. မင်းကတော့ ဥပေက္ခာ မူဝါဒတွေနဲ့

င့ါကို အလဲသတ်ထိုးနှက် .. ပြောစမှတ်တွင်အောင် င့ါနှလုံးသားကို နာကျဉ်စေသတဲ့လား ..။

ကောင်းကင်က သူ့အရောင်နဲ့သူ

မနေတတ် မထိုင်တတ် ဒီကောင့်ရင်ဘတ်ကိုမှ လှုပ်ရွစေသတဲ့လား ..။

သင်ပုန်းကြီးစာတွေနဲ့ ကကြီး ခကွေး ....

စ သင်ခါစ ကလေးတစ်ယောက်လို

လမင်းသာတာကြည့်ပြီး မြူးထူချင်နေတတ်တာ ..။

အလွမ်းမြို့ရိုးတံတိုင်းမှာ ငါလည်း ထိုင်ဖူးတာပေါ့ ..

အစိမ်းသက်သက်တော့ ဟုတ်မနေခဲ့ဘူး ..

တွေ့ကြုံဖူးတဲ့ အဖြစ်တွေကို ရင်ကျက်စပြုတယ်လို့

မသတ်မှတ် ပါရစေနဲ့ ....။

နမ်းဖူးတဲ့ ဒီနှုတ်ခမ်းတစ်စုံရဲ့ တုန်ယင်မှု

ဒီကောင့် နှလုံးသားကိုတောင် ..

ထထ ခုန်စေတာ

အိပ်မက်တွေကို တံတိုင်းအဖြစ် ဖြန့်ကျက် ကာရံထားပါရစေ...

မည်သူ တစ်ဦးတစ်ယောက်မှ

မင်းနှလုံးသားကို မသွတ်သွင်းရ ..

အမိန့်စာတွေနဲ့ မဟုတ်ဘူး

နှလုံးသွေးနဲ့ င့ါကိုငါ အတ္တ တင်ထားတယ် ..။

ဒီကောင့် ရင်ဘတ်မှာ အထင်ကရနဲ့ ချစ်တတ်ခဲ့တာ

အရာအားလုံးအတွက် နေ၀င်သွားတာမျိုး မရှိချင်ဘူး ..။

ခရာသံတစ်ချက်အောက်မှာ

ငြိမ်နေတဲ့ အကျဉ်းသားလိုပဲ ..

သူ့နေရာနှင့်သူ .. နှလုံးသားက ပုံစံခွက်ထဲ အစီအစဉ်တကျ ဖြစ်တည်လို့ ...။

အမြဲတမ်း ဒီကောင့်ရင်ဘတ်ကို နင်းနေဦးမှာလား

အကောင်းပကတိနဲ့ ချစ်သူကို ပျော်စေချင်ခဲ့သူ ..

ကိုယ်တိုင်ရော သူ့အတွက် ပျော်ရွှင်စရာ လုပ်ခဲ့သလား/ လုပ်ခဲ့တယ်

သူမအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့လား / ဖြစ်ခဲ့တယ်

မရည်ရွယ်ပါဘူး ချစ်သူ ...

ရည်ရွယ်မိတာတွေက မင်းအတွက် ပျော်စေခြင်း / င့ါအတွက် အတ္တကို ခုန်မင်ခြင်း

သူ့နှုတ်ခမ်း အရဲလေးကိုက . . င့ါအတွက် တသစေခြင်း

အကြိမ်ကြိမ် နမ်းရှိုက်ခွင့်အတွက် တစ်ကြိမ်တစ်ခါ နမ်းရှိုက်ဖူးတဲ့

ဒီကောင့် ရင်ခွင်မှာတောင်

ပုခုံးထက် မှီစက်ခဲ့တဲ့ မင်းအသွင် ...

ငါလေ . တစ်သက်မမေ့ဘူး ..။

အသစ်အသစ်တွေရဲ့ကြားမှာ အချစ်ရဲ့အနှစ်ကို မရှာဖွေချင်ဘူး ..

ဘ၀အတွက် မယွင်းမပျက်တဲ့ ဒီချစ်ခြင်းနဲ့ပဲ ... သူ့ကို ချစ်ပါရစေ ..။

ချစ်သူရယ် ...

င့ါအတွက် လင်းချင်းခွင့်ဆိုတာ

မင်းဘ၀ မင်းဇာတ်အတွက် အကန့်သေးသေးလေးမှာ တည်နေရင်တောင်

လိုသလို မသုံးပြုပါ ..

မယူခံ ၀င်စရာမလိုဘူး / တယူသန် မင်းအကျင့်တွေနဲ့ပဲ

ဒီကောင့်ရင်ဘတ်ကို ကုသပေးပါ ..။

မျက်ဝန်းညို

ကြည်လဲ့ရွှန်းစို မျက်ဝန်းညို ..

နွေဥသြအတွက် င့ါရဲ့ တမ်းတခြင်းတွေကို ချမပြခဲ့ဘူး ..

သူ့တေးသွားမှာတောင် င့ါအတွက် ကွန်ခိုဆဲအရပ်က ပုလဲတွေသီလို့ ..။

ကြည်လဲ့ရွှန်းစို မျက်ဝန်းညို ..

နွေဥသြအတွက် င့ါရဲ့ ဆွေးဝေဒနာတွေကို ချမပြခဲ့ဘူး ..

သူ့တေးသွားမှာတောင် င့ါအတွက် ကွန်ခိုဆဲအရပ်က ပုလဲတွေသီလို့ ..။

ကြည်လဲ့ရွှန်းစို မျက်ဝန်းညို ..

ဖျော့တော့မှေးမှိန်ဆဲ မင်းမူရာလေး ...

င့ါအတွက် အလွမ်းသင့်ပန်းချီခန်းမှာပဲ ချိတ်ဆွဲပါရစေ ..။

ကြည်လဲ့ရွှန်းစို မျက်ဝန်းညို ..

အသွေးသားတောင့်တချက်တိုင်း မင်းမူဆဲနှလုံးသားက

စိတ်စေရာ ပျော်ရွှင်ခြင်း မင်းအတွက်အပ်နှင်း ပါရစေ ..။

ကြင်ဖေါ်

အိပ်မက်ညပျိုလေးရေ ...
ငါတို့ တိမ်းဖက်တဲ့ နိဒါန်းက " ခက် " ဆိုတဲ့ အဖြစ်အပျက်နဲ့ အသက်ဝင်ခဲ့တာ ..။

အိပ်မက်ညပျိုလေးရေ ...

ငါတို့ အစိမ်းသက်သက်မဟုတ်ခဲ့ခြင်းက " ဆစ် " ဆိုတဲ့ အဖြစ်အပျက်နဲ့ အသက်ဝင်ခဲ့တာ ..။

အိပ်မက်ညပျိုလေးရေ ...

ငါတို့အနာဂတ်က ခက်ဆစ်တစ်ခုကို ၀ါကျဖွဲ့ဖို့အတွက် သင်ယူလေ့လာကြိုးစားနေတုန်းပဲမလား ..။

အိပ်မက်ညပျိုလေးရေ ...

ငါတို့ ချစ်ခြင်းတွေကို ကြင်နာစုအရပ်သို့ ပြောင်းရွေ့ ၀ါကျဖွဲ့ပါစို့ ..။

အိပ်မက်ညပျိုလေးရေ ...

ခက်ဆစ်အတွက် မနက်သစ်မှာ ကမ္ဘာသစ်ချီမဲ့ စာကြောင်းလေး တစ်ကြောင်း တည်ဆောက်စို့ ..။