အစာ

စိတ်ကူးယဉ်မိတဲ့ အဖြစ်တွေကြား

ဇာချည်ပန်းထိုး အတတ်တွေနဲ့

အပ်ထည်တွေ တရစပ်...

မရပ်မနားပါပဲ..

ခပ်နုံနုံအဖြစ်တွေကြားမှာပဲ

သူ့ရုပ်လွှာတွေ

တစ်စတစ်စ အသက်ဝင် ..

ငါ...ရူးပြီ မိန်းကလေး

ရူးသွပ်မိတဲ့ ညတွေမှာပဲ

ခပ်မှိန်မှိန် အလင်းရောင်အောက်

ငါ့ဘဝတွေ အစအနပျောက်ခဲ့ဖူးတယ်...

လမ်းတွေမသင့်ဘူးနဲ့တူပါတယ်

ခရောင်းလမ်းတွေမဟုတ်ဘူး

ခရေပန်းလေးတွေ

ပွင့်တဲ့ညမှာပဲ...

လွင့်ပါးသွားရတဲ့ ဥယျာဉ် ...

ကိုယ့်အတွက် ကိုယ် အစာရှာနေမိတယ်

ငတ်မွတ်တောင့်တနေတဲ့အစာ

အဲဒီအရာ အချစ်....။



စိတ်စေညွှန်ရာ

အတိတ်တွေကို မှုန်ဝါးစေတာ
အရိပ်တွေတောင်မထင်ခဲ့ဘူး
တိတ်ဆိတ်နေတဲ့ညတွေမှာပဲ
အော်သံတွေကြားနေရ..

ကျွန်တော်လန့်ဖြန့်နေရပြီ
ဇာတ်ကြောင်းမလှတဲ့ ဒဏ်ရာတွေက
ဝိုးတဝါးနဲ့ .....
ကန့်လန့်ကာပိတ်နောက် ပျောက်ကွယ်
ရိုးတိုးရိပ်တိတ်လေးပါပဲ
စိုးထိတ်လို့နေရပြီ

တစ်ခါတစ်ခါ
လန့်လန့်မနိုးပါရစေနဲ့
သွေးပျက်နေတဲ့ရက်တွေ
များလွန်းလို့ပါ

ဆုံခဲ့ရတဲ့အချိန်တွေကို တသ
ပျော်ခဲ့ဖူးတဲ့နေရာတွေကို မက်မော
တစ်ခါပြန်ကျော့လို့ရရင်
အနမ်းတပွင့် ကမ်းလင့်ခြွေချိန်ကို
တောင်ဆိုပြု၏..

ဖြေသိမ့်မရ

အရေးအကြောင်းရှိမှ ဖုန်းဆက်တတ်တဲ့သား
အမေးအဖြေ မညှိခင်မှာပဲ
သားအတွက် ကြွေကြွေကျခဲ့ရတာ ...

ဒီနေ့ မထင်မှတ်ထားဘူး
တော်ရုံအဖြစ်မျိုးနဲ့ ဖုန်းမဆက်တတ်တဲ့ .. အမေ
ဆက်ဖူးတဲ့ ဖုန်းသံတိုင်းနဲ့ မတူ
အဆက်ထူးတဲ့ စကားသံ
အမေ့ ကျောက်ကပ်ရောင်နေပြီတဲ့ ...

ရေမြေခြားပေမယ့် သွေဖယ်မသွားတဲ့ အမေ့မေတ္တာ
မပြေလည်လို့ ရှောင်ဖယ်အားတွေနဲ့
အနေတွေကြန့်ကြာခဲ့တဲ့ ... သား
တစ်သက်မပြောနဲ့
တစ်နှစ်ကလေးတောင် လုပ်ကျွေးမပြုနိုင်သေးဘူး

သားဘ၀ သားကံကြမ္မာ
သားအသိပေမယ့်
ဖြည်မဆည်နိုင်တဲ့ ဒီဘ၀ လူဖြစ်ခြင်း
သား ॥ ယူကျုံးမရဘူး .. အမေ

အမေ ဆက်တဲ့အချိန်
သားဝေဒနာ အဖျား၁၀၃ ရှိတယ် အမေ
မကွယ်မ၀ှက် မလိမ်တတ်ခဲ့တဲ့ .. သား
အဖျားငွေ့လေး ရှိတယ် ဆိုရုံလောက် လိမ်ခဲ့မိ ...
သားရဲ့ လိမ်ညာခြင်းမှာ အမေ့ဝေဒနာ သက်သာပါစေ ...

ကျားကုတ်ကျားခဲနဲ့ အကျိုးအမြတ်တွေ ထုတ်နေပေမယ့်
စေညွှန်ရာ ဘ၀လမ်းက
ရုန်းမကြွလို့ လုံးဝကျစေတယ် ....

အသက်ကြီးမှ မွေးခဲ့တဲ့ အထွေးဆုံးသား
အမေ့အတွက်တော့ အကောင်းဆုံးဖြစ်စေချင်ခဲ့တာ
ဒီကြားထဲ ...........
...........................
.............
သားလေ ..
တစ်ချိန်က ရူးရူးမိုက်မိုက်နဲ့ သွေးမာန်ခဲ့တာ
သွေးကြွချိန်တွေ ပြန်စဉ်းစားတိုင်း ..
အခုရှူရှိုက်တဲ့ လေနုတိုင်းက ကြမ်းစေတယ် အမေ

အမေ့သား ကျွန်တော်
ရိုးရိုးကုတ်ကုတ်ပဲ နေတတ်ခဲ့ပြီး
အဖေ့သွေးပါတဲ့ အမေ့သားထွေး
တွေမရှောင် ငြိရင်ဆွဲတဲ့အကျင့်
လုံးလုံးလျားလျား မဟုတ်ခဲ့ပေမယ့် ခ၀ါချတတ်နေပြီ

အမေ့သား အရွယ်မငယ်တော့ဘူး
ငယ်စဉ်လို အမေ မစိုးရိမ်ပေမယ့်
သားကိုသား ... စိုးရိမ်နေတယ် အမေ ....။ ။

ဘာ...ဘာ....ဘာ မှ မသိ

ဘာမှန်းတော့ မသိခဲ့ဘူး...

အရာရာက စမ်းတ၀ါးဝါးနဲ့...

ဟောဟိုက ရေပြင်ငယ်လေး..

ကြည့်မိတဲ့ ခဏမှာပဲ...

အလွမ်းတွေက တစတစ တိုးနေသလို

တည်ငြိမ်စပြုနေပါပြီ..

လေညှင်းရဲ့ မြူးထူးတဲ့အဆော့မှာ

သက်ဆင်းကြွေတဲ့ ရွက်ကြွေလေးတွေက

ငါ့စိတ်ကိုရုတ်ချည်းပြောင်းလဲခဲ့တယ်..

မပြောဖြစ်တဲ့ စကားလုံးတွေတောင်

တစ်စို့ နေခဲ့တာ...

ဗလာဖြစ်နေတဲ့ နှလုံးသားမှာ

အစစအရာရာ နားလည်တတ်တဲ့

မျက်ဝန်းတွေက အစ....

အဆုံးသတ်မှုအားလုံး

ပျက်သုဉ်းလုလုဆဲ...

နှလုံးသားရဲ့ အခြားတစ်ဖက်

ဟောဒီ အခန်းပျက်ကလည်း.........? ?

တစ်ချက်တစ်ချက် အပြုံးမပျက်တတ်ခဲ့တာလည်း...??

ဒီလိုနဲ့ ပဲ....

ဘာမှန်းမသိတဲ့အချစ်

ဘာမှန်းမသိတဲ့ မျက်ဝန်း

ဘာမှန်းမသိတဲ့ နှလုံးသား

ဘာဆိုဘာမှ ကို မသိလိုက်ချိန်

ဘယ်အရာက....

ဘာ့အတွက် လွတ်ကျခဲ့တာလဲ....။ ။


လဲ့ရည် ၊ တာတာ ၊ မျိုးသက်ပိုင်နဲ့ ဆုံမိတဲ့နေ့က လဲ့ရည်ရဲ့ ဘာမှန်းမသိတာလေးကို ခံစားပြီး ရေးဖြစ်ခဲ့ခြင်းပါ ..။

ဆုတောင်းခြင်း ... နောက်

မတွေ့ရတဲ့ ဟောသည့်တစ်ရက်က
အစုန်အဆန် မျောလွင့်နေတဲ့ ဗေဒါဒိုက်လို ...

ဟောင်းနွမ်းသွားတဲ့
အိပ်မက်တွေကို မီးလောင်တိုက်သွင်း
ပြာမှုန်အဖြစ်နဲ့ တစ တစ ...
အချည်းအနှီးပါလို့ မထင်နဲ့
အရင်းအနှီးတစ်ခုတော့ လိုတာပဲ

ရာသီဖွားအကြောင်းတွေကို ပြန်လှန်တွေးရင်း
ဆရာတစ်ဆူဟောတဲ့ ပညာခါးမှာချိတ်လို့
ရာသီတမ်းချင်းတွေ ပယ်ဖျက်
စိတ်အရှက်က မခို့တရို့လေးပါပဲ...

နီးစွေးတဲ့ နှုတ်ခမ်းတစ်စုံရဲ့
အနမ်းတစ်ချက် တက်အခုန်မှာ
ဗေဒါတွေတောင် လွန့်လူးသွားရ ...

ပြောင်းပြန်စီးတဲ့ မြစ်ကွေ့အရောက်
ဆုံခဲ့ရတဲ့ ဗေဒါကို
နဂိုအရှက်ထက် ကောက်ယူနမ်းမိတဲ့ တစ်ခဏ
ပါးပါးလေးနဲ့ လွမ်းရပြီ ... သခင်

ကျွန်တော့် .... အနာဂတ်က မရေရာဘူး
ကျွန်တော့် ပစ္စုပ္ပန်က ထွေပြားစေတာ
ကျွန်တော့် အတိတ်က မှောင်ရီပျိုးစညတွေလို
အသက်ဝင်တဲ့ တစ္ဆေ.....
ကြောက်မက်ဖွယ်အတိနဲ့ နှောက်ယှက်သူများကို
အမှောက်အမှားနဲ့
ပယောဂကင်းအောင် သခင့်ထံပြကြည့်
သခင်စေညွှန်တဲ့ ရေတစ်စက်မှာပဲ
လွင့်စင်ပပျောက် သခင့်ထံအရောက် ...
ရိုးသားမှုတွေက ကြိုးစားမှုတွေထပ်တူပေါ့ ....

ရင်မှာ နွမ်းလျတဲ့စိတ်ကို
သခင်သာ သိရင်ဖြင့်...
ဒီရင်မှာ မချိအောင်
အချစ်စိတ်တွေဖုံးလွှမ်း
အမြဲတစေ တွေးနေရတာတွေ
သခင့်အနား ရောက်ချင်လှပြီ ....

ဥတုသုံးပါး ရာသီမမှန်တဲ့တမ်းချင်းမှာ
ပူတလှည့် ...စိုစွတ်တလှည့် အေးတလှည့်နဲ့
ရာသီဂြိုဟ်တွေတောင် အနှောက်အယှက်ကင်းစွာ အိပ်မောကျ ...
သခင်ရယ် အိပ်ပျော်နေလား.....
သတိတရ ဖြစ်နေမလား ....
ဆုတောင်းခြင်းသက်သက်နဲ့ လင်းချင်းခွင့်တွေ ရစေသား....

တစ်ခဏတာလည်း မဟုတ်ဘူး .......
အခိုက်အတန့်လည်း မဟုတ်ခဲ့ဘူး .....
တစ်ဘ၀စာ ပုံအောမိတဲ့ဖြစ်စဉ်မှာပဲ
အချစ်တွေ ကုန်းရုန်းကြွ
ဆောင်ယူလာတဲ့ လေပြည်
အမှောင်ထုက လူသား ...
ရောယှက်မိတဲ့ ခဏမှာပဲ
ပန်းပွင့်အလားသဏ္ဍာန်တွေ ကြွေကျ
ကောက်မိသူ အကျွန့်အဖြစ်
သခင့်ဦးခေါင်းမှာ ပန်ဆင်ခွင့်ရစေသား.......

ဆုတောင်းခြင်းတွေများလို့ .....
တူနှစ်ကိုယ် ဆောင်းရမဲ့သရဖူက သခင့်လက်ထဲမှာ

အလွှာတွေခြားနေမလား ....
ကျွန်တော့်ခံစားချက်တွေကပဲ မှားနေတာလား....
ကဗျာတွေ တစ်နေ့တစ်ပုဒ်နဲ့
ရက်ပိုင်းခြားလိုက် ရေးနေလည်း
အသက်အပိုင်းအခြားတွေကို စိတ်မ၀င်စားဘူး
တစ်သက်မှိုင်းဖျားက အဆီလို
အဝေးဆုံးကမြင်နိုင်အောင်
အမြင့်ဆုံးက နှစ်ကိုယ်တူ ပျံသန်းပါရစေသား ........

သခင် ... ကျေနပ်နေမလား...
သခင် ... ဟားတိုက်ရယ်နေမလား ...
သေချာတဲ့ ဖြစ်စဉ်တစ်ခုက
ဝေခွဲရတဲ့ အချစ်သံစဉ်တစ်ခုပါပဲ .....

ဆိုညည်းမိတဲ့ခဏက
အစိမ်းသက်သက်တော့ ဖြစ်မနေခဲ့ဘူး....
တရှိန်းရှိန်းတက်နေတဲ့ အဖျားလို
အချစ်ဒီဂရီတွေမကျ ...
ရေစိုအ၀တ်နဲ့ အချစ်လိုရမ္မက်လေးတွေပေးမှ
တစ်ခါပြန်လန်းရမဲ့အဖြစ် .....

ပင်ပန်းနွမ်းနယ်သမျှ
သခင့်လက်အစုံက အေးမြမှုတစ်ခု
တစ်ခဏနဲ့ တစ်ဘ၀စာသောက်သုံးမိတာ
သခင်ရယ် စိုးထိတ်နေမလား ....
သခင်ရယ် ပျိုးနေမလား ....
အကျွန့်စိတ်နှလုံးခံစားမှု
သခင့်ပျိုးခင်းကို ထွန်ယက်ရင်း
ရာသီတွေခေါင်တဲ့ခေတ်မှာ
တမံရေကို ပေးမှာလား .....
မေတ္တာစမ်းရေ စီးဆင်းစေမှာလား .....
သေချာမှုတစ်ခုက
ပျိုးကျဲသူ သခင့်လက်မှာပဲ
အကျွန့်ဘ၀တွေ ဖူးပွင့်ဝေခဲ့တာ ......။ ။

ပြောပါလေ .. တအား

ချစ်ခြင်းတွေသီလို့ သူ့အလှမှာနစ်မျောပါဘိ
ညှို့နိုင်လွန်းသူရဲ့...မျက်ဝန်းရှင်


သည်းညှာမခိုင် ရင်အစိုင်ထဲသို့

စုရုံးရောက်သတဲ့လေ...

ချစ်ခြင်းစေညွှန်ရာနှင့်

မျက်ဝန်းရှင် အကြည့်စူးမှာမှ
ကြွေမိတဲ့အဖြေ...

ဒီရင်ခွင်မှာ ချစ်လွမ်းဝေသီနှင့်

မြစ်နဒီကွေ့ အနောက်တောင်ဆွယ်မှာ
ဖွင့်မပြောသာ နေရခက်တယ်
မိုးတိမ်စိုင်ရဲ့ အုံ့ဆိုင်းရီဝေ...

ရှင်းသန့်ဖြာ ကျော့ယမင်းရယ်ပ

ယဉ်တိုင်းမှာ ဆင်းရနံ့သာလို့
အဆင့်တိုင်းမှာ မြင့်မြတ်လှတဲ့သခင်
ချစ်မိပြီ...အစဉ်...

ကြားချင်လို့ ဖြေခဲ့ပါ့ခုချိန်ခါ

သိချင်တာ ဖြေပါလျှင် အရာရောက်မှာမို့
မျှော်ရသူ့...ရင်

ခွန်းခြွေလို့ တုန့်ပြန်လေတော့

ကြွေသဟန် နှုတ်ခမ်းတစ်စုံဆီက
ဖြေရန်မှာ ကျန့်ကြာခဲ့ပြီ...

ကောင်းကင်ယံထက် လမင်းရောင်ဝါရှိန်နှင့်

လင်းချင်းဖြာ အေးချမ်းမည်ကြောင့်
လှမ်းလင့်ကာ ခွန့်တုံ့စကား
ကြွေဆက်ပါ သခင်...

ဟန်မူရာ စိတ်ညွှတ်ကွင်းမှာလှ

ခဏတာဝေးလို့
ဖြေသိမ့်မရတဲ့ လွမ်းငွေ့တဝေဝေ...

ရီဝေအပြုံးမှာတဲ့ ကြည့်မလွှဲဖယ်မကုန်

ဟောဟို...
အနောက်တောင်ရိုးဆီက မြူခိုးတွေလွင်...

ဆည်းဆာချိန် နေဝင်စောင်းသော်အခါမှ

ဖြည်မဆယ်နိုင် ဆွေးရရုံလေးနှင့်
ရင်ခွင်မှာမှေးစက်ချင်ပါဘိ
လွမ်းပို့ပွေလီ...

ရော်ရီမှန်းဆ သခင့်ဘုံနန်းဆီမှ

ရာသီတွေ တလှည့်ပြောင်းပါလို့
ဟောင်းကျန်ခဲ့ပြီ....

ရှစ်မျက်နှာတစ်ခွင်

ရေးစပ်လျှင် ကုန်မည်မထင်
သခင့်အလှ နစ်မျောတဲ့...အစဉ်

ချစ်သက်ညှာ တစ်ခွန်းဝယ် ထပ်ဖြေပါလေစ

တစ်သက်ဖယ်မခွာ ချစ်ပါတယ်လို့
ပြောပါလေ..တအား

တမ်းတမ်းတတ နွမ်းလျတဲ့ရင်မှာ

မောဟိုက်လို့နှုံး...။

လှမ်းဆင့်ခြွေတဲ့ ....

ဒီနေ့ .....
စိတ်ကစဥ့်ကလျားတွေနဲ့
အစွန်းရောက် အာရုံအဖုံးဖုံး ....
မြင်ကွင်းအစုံမှာ ပိန်းပိတ်မှောင်နေတယ် ။

ဆန့်ထွက်မိတဲ့ ခြေအစုံနောက်
နေသားမကျတဲ့ ဘ၀က အတုံးအရုန်း..
ရိုးမြေကျလိုဖြစ်တဲ့ တေးသွားတွေက ကကြိုးသင့် ..
အလိုက်အထိုက်တော့ စီးမျောနေဆဲပဲ ....

ကဗျာတွေနဲ့ မယဉ်ပါးသမျှ
ကဗျာစက်ဝန်းထဲမှာ မျောမျောနေမိတာကိုက
ကဗျာတွေနဲ့ ထပ်တူ " တတ"နေခဲ့တဲ့ ဘ၀.....

နှလုံးသားရဲ့ အနက်ရှိုင်းဆုံးမှာ
မေတ္တာပေါင်းကူးအဖြစ်
ထုံမွှမ်းရစ်တွယ်နေတဲ့ နွယ်ပင် ...

သန်းခေါင်ယံကျော် ညနက်နက်ထဲ
အချိန်တွေကို ခြွေယူပစ်လိုက်တဲ့,
အနမ်းပွင့်တွေ .....
တစ်ပွင့်ချင်း ....တစ်ပွင့်ချင်း .... ယှက်ဖြာသန်းခဲ့
ဒီလိုနဲ့ ......
မိန်းမော အိပ်စက်ခဲ့ ...








ပွင့်လွှာဖြူ

ပန်းမြိုင်လည်တွင် ဆင်းရနံ့သင်းပါလို့
ရှင်းသန့်ယဉ် ၀င့်ထည်ပန်းကိုမှ
လင်းဖန့်ချည်လို့ ဖူးပွင့်သီ ။

သဏ္ဍာန်ဆင်းတွင်ဖြင့် မြင့်မြတ်စဖွယ်ယဉ်လှ၍
မြင်ရသူ ဘ၀င်တွင်းမှာမှ
စံနမူ ပွဲလည်တင့်လို့ရယ်
ဝင့်လို့တာရှည် ။

လေနှင်ရာ သင်းရနံ့မှာပ
ဖြူပြာညို တိမ်စိုင်တွေက
ပြာလွင်လွင် နောက်ခံရှိတ်အောက်
မြူးသလို့ ဟန်ပန်ချီ ။

ဖြူစင်ဝယ် တစ်သက်ဘယ်ဝယ်မညှိုးပါလို့
ဝတ်မှုံဆံရယ် ၀ဲပိတုန်းကပ်တောင်မှ
သွေဖီရာ လေနှင်ကြော
ရပ်တန့်လို့ အစဉ် ။

ပွင့်ချပ်လွှာ ဆင့်တိုင်းသာလို့
ဆူးချက်မပါ မွှေးပျံ့ထုံလေတော့
တွယ်ဖက်စရာ ပန်းမာန်တောမှာမှ
မူမပျက်တဲ့ ပွင့်ခတ်အလွှာ ။


အဖြူရောင်နတ်သမီး ဘလော့ခ်တစ်နှစ်ပြည့်
အမှတ်တရ ရေးဖွဲ့လက်ဆောင်ပေးခဲ့သော ကဗျာအား ပြန်လည်တင်ပြခြင်းပါ...။

တန်ဘိုးမဲ့ .... ကျွန်

အချိန်မှန် တစ်ရက်မှာလှ
လွမ်းချင်းစံ အကျွန့်အဖြစ်ရယ်က
ချစ်မိသမျှကဗျာ့ဥာဏ်နဲ့ လွမ်းလို့ရေးခဲ့တယ် ...။

ခန္ဓာတွင်ဆွေးမှိုင်ငယ်နှင့်
ရာဇ၀င်ပုံရိပ်တိုင်းကိုငဲ့ အချစ်တိုင်းရယ်တဲ့ သခင့်ထံ ...။

ခမ်းခြောက်ပြီ ရင်ဝယ်နှလုံးသားကိုမှ
သခင်တော် ငြူစူသပြန်တော့
အကျွန့်စိတ်အစုံ ထခုန်ကြွရှာတဲ့
ဟောသည့်တစ်ရက် ရင်ခုန်သံ ...။

စိတ်ဆိုင်းငယ်မှုန် ရင်ခတ်လှိုင်းတ၀ုန်းဝုန်းနှင့်
သောကအစုံ ကံဇာဘွားကိုမှ
စုပုံထားနိမိတ်ဆီတို့က ပြုံကြသတဲ့လေ ...။

ဝဿန်မိုးစွေလို့ ညှိုးအားကြီးလေတော့
အကျွန်မှာမဟန် ရင်ဘတ်အစုံဆီက
ကွဲအက်လို့ လှုံ့ဆော်ခဲ့ပြီ ...။

ပင်ယံထက် စိမ်းညှို့ရွက်ဝေေ၀နှင့်
နေရာမှန် အကျွန့်ဘ၀ကိုမှ
အစိမ်းသက်သက်ခြွေ ...။

ဒီရာသီနဲ့ဆို

တဖြည်းဖြည်းနဲ့ နီးရမယ်ထင်ခဲ့တာ
ကြယ်စင်တွေတောင်အစုလိုက်သက်ဆင်းကြွေကျ
အဆိပ်သင့်သလို လွန့်လူးစွာနဲ့ ...

အက်ကွဲစပြုတဲ့
ဟောသည့် လည်ပြွန်ဝမှာတောင်
သခင့်နာမည်တွေက အပြိုင်အဆိုင်
ခေါင်းငုံ့နေရတာတွေ များလွန်းလို့တူပါရဲ့ ...

အဆုပ်လိုက်အဆုပ်လိုက်
ဖူးပွင့်ဝေတဲ့ ပန်းတွေတောင်မာန်လျှော့လို့ကြွေခရပြီ...

ဆက်ခနဲ မော့အကြည့်
ဖန်ဆင်းရှင်ရဲ့ပန်းတောမှာ
ဝတ်မှုံဆန်တွေ နေရာအနှံ့ပြန့်ကျဲ
အသားတကျ စုရုံးပွင့်ဖူးကျ...

တစ်ပွင့်ထဲသော..ပန်း
လန်းဆန်းလို့ ဝံ့ထည်နေတယ်
ဆုံနိုင်ခွင့်ဆိုတာ..
တစ်သက်တာ ငါ့ဘဝရဲ့ရောင်နီ
အလှပဆုံး သစ္စာတရားတွေနဲ့ ထုံမွှမ်းနေရင်း
တူနှစ်ကို တွဲလက်တွေမြဲမြံစေသား...

အယူခံဝင်ရမယ့်အချိန်မှာ
တယူသန်ဇွတ်တရွတ်တွေက
မင်းအလှမှာ မိန်းမောညွတ်ဆင်း
ကာရံတွေ
တစ်လွှာချင်း ... တစ်လွှာချင်း
ဦးစိုက်ခစား ...

နေရာဒေသတွေဝေးကွာနေတယ်
ဆွေးဝေဒနာတွေက
တစ်စ..တစ်စလှိုက်စား ..
ငါ့ရင်ဘတ်ဟင်းလင်းပြင်တစ်ခုလုံး
အမောစို့စို့နေတာ
ဒီရာသီနဲ့ဆို....

ချစ်သူ... မောင်

မောင် .....
အမည်နာမတစ်ခု ခေါ်ဆိုလိုက်တိုင်း
ကာရံတွေက အတိုင်းသားကြွေကျ ....
ရင့်ကျက်စပြုတဲ့ နှလုံးခုန်နှုန်းတွေတောင်
တစ်ချက်တစ်ချက် အသက်မဲ့မဲ့သွား....
မောင် .... သိပါလေစ ...။

မောင် ......
ဆုံခဲ့ရတဲ့ မျက်ဝန်းနက်တွေတိုင်း
နဂိုအဖက်တွယ်ခဲ့တဲ့ ရုပ်ကြွင်းတွေက ထထခုန်
ကမ္ဘာရဲ့ ဆွဲငင်အားလို ...
အလို ရမ္မက်တွေနဲ့ ကသောင်းကနင်းဖြစ်ချိန်
အကြည့်စူးတစ်ချက်ရဲ့ မိန်းမောစေတဲ့အဖြစ်တွေ
မောင်... သိပါလေစ ...။

ရွှန်းစိုနေတဲ့ မျက်ဝန်းတစ်စုံ
ကွန်းခိုနေဆဲ အရပ်က ... ကျမရင်ခုန်သံ
ခပ်တိုးတိုးလေးတော့ ကြားနေမလားပဲ ....
ကျမကိုက သိပ်ချစ်တတ်လွန်းခဲ့တာ ...
မောင် ... သိပါလေစ ...။

အနောက်ရိုးမမှာ နေကွယ်ပျောက်လို့
ရောင်နီရောက်လုပြီ .....
ကျမ ချစ်တာ မပြီးသေးဘူး ....
သတိလက်လွတ် အရာမ၀င်ခဲ့တဲ့ ပုံပြင်တွေက
အစိမ်းသက်သက် နိုးထစေခဲ့ ...
မောင် ... သိပါလေစ ...။

ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်း
ကြားရုံနဲ့ နွေးထွေးစေတဲ့ ရင်အစုံ
မောင့်ရဲ့လိမ်ညာမှုတော့ မဟုတ်ခဲ့ဘူးနော် ....
မဖြစ်ပါရစေနဲ့ ...
စာနာလှည့်ပါ ... မောင်

အကြိမ်ကြိမ် ရူးသွပ်နေတဲ့ကြားက
ကြယ်စင်တွေရဲ့ ခွန်းတောက်အားလို
လန်းဖြာကျလာမဲ့နေ့ရက်
ကျမ စောင့်နေတယ် ...
မောင် ... သိပါလေစ ...။

အပိုအလို မရှိပါဘူး .
နဂိုကတည်းက ခပ်ရူးရူးကျမက
တစ်ချက် တစ်ချက်တော့ ချစ်တတ်သားဆိုတာ
မောင် ... သိပါလေစ ... ။ ။

ညီမ လိပ်ပြာလေး နဲ့ စကားစပ်မိရင်း နှစ်ယောက်သား ရေးသားထားတဲ့ ကဗျာလေးပါ ...။

ရင်ဝယ်ပိုက်ထွေး အချစ်သွေး

ရင်ခုန်သံတွေ ကျူးရင့်
ယိမ်းနွဲ့နေတဲ့ အနမ်းလေပြည်ကြားမှာ
မိန်းမောသွားစေတဲ့ခဏ
အရာရာကိုမေ့ပျောက်
စိတ်အနောက်လေးတွေ
ပြေပျောက်ခဲ့ဖူးပါတယ်...

“ ”အနား.....
တစ်ဖဝါးမှမခွာမိတဲ့ အချိန်လေးမှာ
ပေါင်းစည်းမှု သင်္ကေတတွေက
တုနှိုင်းမမှီတဲ့ ပန်းပုလက်ရာတစ်ခုလို
မက်လုံးတွေနဲ့ အသက်ဝင်တဲ့အချိန်....

လက်ယာရစ်မှာ
မခွဲခွာဘူးဆိုတာ
ထာဝရ...ယုံ...

အိပ်မက်တွေ ပျက်သုဉ်းမသွားဘူး
ကမ်းလင့် လှမ်းတဲ့လက်တွေ
အားအင်အပြည့်နဲ့...
မေ့မေ့ပျောက်ပျောက် ဖြစ်ဖို့ဆိုတာထက်
မေ့မရလို့ စွဲနေတဲ့အသိမှာ
ဘောင်ဝင်အောင် စကားလုံးတွေသွတ်သွင်း
ချစ်မိတဲ့ သံစဉ်တွေက
တေးသွားတွေကြား လွင့်ပျံမတက်...

နှုတ်မရတဲ့ဆူးအတွက်
နာကျဉ်တယ်ဆိုပေမယ့်
နှုတ်မရတဲ့ အချစ်ဆူးကို
ရင်ဝယ်ပိုက်လို့
ချစ်ငမိုက်ပဲဖြစ်ချင်တယ်...။

သူမအနားရှိချိန်

ဟော......ဟိုက ရှုခင်းလေး
တည်မြဲနေလိုက်တာ,
ငါ့စိတ်တွေကတော့ လှိုင်းခတ်နေလေရဲ့.....

ရုတ်ချည်းပြောင်းလဲသွားတဲ့ စိတ်မဟုတ်ဘူး...
အဟုတ်ကြီးတကယ်ကို
ချစ်တဲ့အချိန်တွေမှာပဲ,
ဆွံ့အ ဝေးလွင့်စေတဲ့အရာ....

အတတ်ဟော ပညာတွေနဲ့
အမှတ်အမှား မရှိတဲ့ ပညတ်ချက်တွေမှာပဲ...
အဓိပ္ပါယ်တွေအိုဟောင်း
ရုပ်လုံးကြွဖို့
အသံလှိုင်းတခုကို အရင်းတည်...
မာကျူရီ မီးရောင်အောက်မှာပဲ
သံစဉ်တွေက မိတစ်ချက်
မမိတစ်ချက်...

အဲဒီအချိန်လေးပေါ့....
ဆက်သွယ်မှုတွေ ပြတ်တောက်စေတာ...။

လူလတ်တန်းစားနဲ့ ဒေါ်လာ

ဒီလိုပါပဲ......
အတိတ်သမိုင်းတွေက မရိုင်းခဲ့ဘူး ......
ခဲရာခဲဆစ် အက္ခရာကိုလည်း ကမ္ဗည်းမထိုးခဲ့ဘူး ....
သိုသိုသိပ်သိပ်နေတဲ့ ဖြစ်စဉ်မှာပဲ
နှလုံးသားက ထထခုန်တာ ... သူမမှ မသိခဲ့တာ ..

အိပ်စက်ဖို့တောင် အခွင့်မရခဲ့
လုပ်ကြံဖန်တီး ဇာတ်ထုပ်မှာ အနာတရဖြစ်ခဲ့ပေမယ့်
မင်းကိုယ်တိုင်ကတဲ့ပွဲ .... ငါလေ ကြည့်ချင်သား ....

နိမိတ်ရိုင်းလား ...... အတိတ်သမိုင်းလား .....
သေချာတဲ့ နာမ်ရုပ်က အဆိပ်ကို မှိုင်းဝေစေခဲ့တာ ....

ဒေါ်လာစားနဲ့ အလုပ်သမား....
မြန်မာငွေ အခစားတဲ့ လူလတ်တန်းစားက
နိမိတ်တိုင်းကို အဆင့်တိုင်း သတ်မှတ်ခဲ့တာကအစ
အတိတ်သမိုင်းက လူတွင်ကျယ်ဟစ်..
တဒင်္ဂလေးတော့ ပျော်တော်ဆက်ရတာ
အဆိပ်ကိုက လူးလွန့်စေတဲ့အရာ ...

ဒေသန္တရ ကို မသွားဘူး ..
ကာလဒေသကိုပဲ အညှိုး ဖက်တွယ်ခဲ့ .....
ကာလာ အနုအရင့်ကြားမှာပဲ နစ်မြောမဆုံးတဲ့ အမည်းစက်တွေ
လှည့်စားတာလား ... ရန်များတာလား ....
သေချာတဲ့ ခုနှစ် .... ၂၀၁၀ခုနှစ်
ဒေါ်လာတွေ လူလတ်တန်းစားဝင်တာ .....
အဲဒီနေ့ပေါ့ ...
ရှေးဟောင်းနှောင်းမီ ပြောခဲ့တာ ....
အဲဒီလူ .... ကိုသျှားညိုနဲ့ ...... ။

ကိုသျှားညို မွေးနေ့မှာ စကားပြောဖြစ်ရင်း အမှတ်တရ ရေးဖြစ်ခဲ့တဲ့ ကဗျာလေးပါ ..။

ရုပ်ကြွင်းသက်သက်မဟုတ်တဲ့ .. ချစ်ခြင်း

နှုတ်တော်က ခွန်းသီစကားတွေလား
အလွမ်းပုရပိုဒ်တွေကပဲ နှစ်စေ့သွားတာလား..
ဆွေးလက်စမှာတော့ တစ်စစီပြန့်ကျဲ

“..”နဲ့ပတ်သက်သမျှ အလွမ်းတွေကလေ
သေမိန့်ချထားရသူရဲ့
ဆုတောင်းခြင်းမှာတမ်းများလို
တရစပ်မထွက်နိုင်အောင် တစ်စို့နေခဲ့.....

ဈေးကစားတဲ့ လှည့်ကွက်တခုလို
မျက်တောင်တခတ် လျှပ်တပြက်မှာပဲ
ယုံတမ်းစကားတွေ ပုံအောသလို
နှလုံးရုပ်ကြွင်းသက်သက်တော့
ဟုတ်မနေခဲ့ဘူး...

အင်္ကျင်္င်္ိ

အခုဆို ....
သူမက မီးအိမ်ရှင်
ညအမှောင်ထုတွေကြား ငြိမ်သက်စွာ.....
အလျားအနံ ဖြတ်ချိုးအရိပ်တွေထက်
အလင်းစုအားတွေက
စိတ်ဖေါက်နေတဲ့,
င့ါ ... ညအာရုံများစွာအတွက် ॥

အခုဆို ....
သူမက တာရာရှင်လမင်း
တောနက်နက်ထဲက ည၀တ်ရုံလွှာတွေကြား လဆမ်းစွာ .....
အလင်းဖျောက်လေးတွေအဖြစ်နဲ့
ေ၀၀ါးနေတဲ့,
င့ါ .. မျက်ဝန်းအစုံအတွက် ..။

အခုဆို ....
သူမက အိပ်မက်နတ်သမီး
ခပ်ဖွဖွ ခြေလှမ်းတွေနဲ့ ညင်သာတိုးတိတ် ......
စွန်းထင်းနေတဲ့,
င့ါ ... အိပ်မက်အအိုတွေအတွက် ॥

အခုဆို....
သူမက ဖန်ဆင်းရှင်
တည်ငြိမ်မှု စိတ်အလင်းဖန့်များစွာနဲ့ ရပ်တည် .....
စိတ်ကစဉ်ကလျားဖြစ်နေတဲ့,
င့ါ .. ရူးသွပ်မှုများစွာအတွက် ..။

လွန်လေပြီးသော ကြယ်ကြွေစိုင်တွေအတွက်
သစ်အိုပင်တွေ....
သွေ့လန့်မှုတွေ .....
အညတရ ပုံပြင်တွေ ....
သွေးစက်တန်းလန်းနဲ့ အမြီးနှံနေတဲ့ ဘ၀တွေ....
ဒုက္ခအတိ ပွင့်ဖူးဝေနေတာတွေ .....
ကဗျာ ရူးသွပ်နေတာတွေ ......
.....................တွေ
.........................တွေ ...... အတွက်
သက်တန့်ရောင်စုံနဲ့ ဖုံးအုပ်ပစ်လိုက်တဲ့ ...သခင် ။ ။

အခိုးအငွေ့

အတိတ်ကို အတိတ်မှာပဲထားခဲ့
အရိပ်က အလင်းဘာသာဗေဒနဲ့ ပေါင်းစပ်မှ ဖြစ်ထွန်းတာ ...
အဲဒါ နိမိတ်ဖြစ်မလာဘူး ...။

ပစ္စုပ္ပန်ကို ယခုရှုရှိုက်
လက်တွေ့က ခေါင်းငိုက်စိုက်နေတဲ့ အခြေအနေမှာပဲ
ရင်သပ်ရှုမော ..
အဲဒါ ရေတွက်မရဘူး ..။

အနာဂတ်ကို မှန်းဆကြည့်
စိုးရွံ့နေတဲ့ကြားက မှန်းဆမရတဲ့ ဆောင်ပုဒ်
ငါအလွတ်ကျက်မှတ်နေတာ ..
အဲဒါ ဖြေရှင်းမရဘူး ..။

နောက်ဆုံး .... ငါ့ကိုယ်ငါ ရိုက်ခွဲ ..
တစ်စစီပြန့်ကျဲ ....
ပြန်ဆက်မရတဲ့ အခြေအနေမှာပဲ
မီးခိုးငွေ့တွေ အုံ့ဆိုင်းလာတယ် ..
င့ါဈာပန အခမ်းအနား...... အဆုံးသတ်တော့မယ် ။ ။

ကဗျာငိုတဲ့ ..ည



၁၅.၀၆.၂၀၁၀.....
အမှတ်တရ နေ့လေးဖြစ်ခဲ့တယ်...
တရက်ထဲ တချိန်ထဲမှာ လူ(၂)ယောက်
အသဲကွဲခဲ့တယ်...

အသည်းကွဲတဲ့နေ့မှာပဲ
အလွမ်းတွေက ယိုဖိတ်သေဆုံး
နှလုံးသားတွေရဲ့ လောင်မြိုက်မှုက
ယုံတမ်းပုံပြင်လိုလွင့်ပါးသွားရ

ဒီလိုပါပဲ....
အတိတ်မဲ့တဲ့ညတွေမှာ
အနာဂတ်တွေက
သက်ပြင်းငွေ့ငွေ့လေးပင့်သက်ချ

အဲဒီညမှာပဲ
အတိတ်..အနာဂတ်..ပစ္စုပ္ပန်က တသားတည်း
ဖမ်းဆုပ်မရတဲ့ အလွမ်းတွေက
တစစီခြွေချ

နှလုံးသားလှလှတွေ ကြွေလွင့်သွားချိန်
နေရာတွေ အသက်မဲ့သွားတယ်
အဲဒီညလေး တညမှာပါပဲ.....

ရင်ခုန်သံတွေထပ်တူကျ
အော်မြည်သံတွေတဝုန်းဝုန်းနဲ့
နှလုံးသားကမ်းတွေ
တအိအိနဲ့ပြိုဆင်းသွားတယ်....
ရွှေရောင်အငွေ့တွေလွင့်ပျံ
ရီဝေအတွေးတွေကြားမှာ
ကဗျာတပုဒ်အရည်ပျော်သွားတယ်

အဲဒီညလေးမှာပဲ
ခံစားချက်အတိတ်ကိုခဝါချ
ရှေ့ဆက်ရမယ့်အနာဂတ်
မနက်ဖြန်တွေမှာ
ရင်ခုန်သံ အသစ်..အသစ်တွေကိုရင်မှာပိုက်လို့

ရင်ခုန်သံ ထပ်တူကျတဲ့
ငါတို့အသဲကွဲသမားတွေရဲ့
ရင်ခုန်သံ အသစ်ညတွေအတွက်..

လွင့်ပါးသွားရတဲ့ဖြစ်စဉ်တွေ
သေခြာနေတဲ့မရေရာမှုတွေကြား
မှန်ပြောင်း(အဝေးကြည့်)တခုလို
အနီးလား...အဝေးလား
သေခြာတဲ့သရုပ်က
ငါ့အမြင်တွေဝေဝါးစေတယ်

အဲဒီသမိုင်းမှာပဲ
ငါဟာ....
ကောက်ကြောင်းဖြစ်ခဲ့ရ...

ဒီနေ့ဟာပြဿဒါး
သရုပ်ပြမှု အလွဲတွေထဲ
အသဲကွဲသူတွေကြောင့်
ဘေးလူတွေနှလုံးအိမ်မှာ
ဆွံ့အ အက်ကွဲသံတွေနဲ့
ဖြေသိမ့်စရာကဗျာဟာ
အဆုံးသတ်တွေမဲ့လို့ပေါ့....

အဆုံးသတ်တွေမလှတဲ့ည
တယောက်နှလုံးသား တယောက်နှစ်သိမ့်လို့
ရှောင်မရ တိမ်းမရနဲ့
ဒီညွှတ်ကွင်းထဲပြိုဆင်း
တဝဲလည်လည်နဲ့ပြန်ရောက်ခဲ့တယ်

အဲဒီရာစုလေးမှာပဲ
နှလုံးသားဗဟိုပြုတဲ့ညခင်းလေး
မောင်နှမတွေစုံကာစုတဲ့
ဟောသည်ည ရင်ခုန်သံ
သံစဉ်တွေက မတိမ်းမယိမ်း
သိုသိုသိပ်သိပ်ပါပဲ...

လွင့်ပါးခဲ့ရတဲ့ဖြစ်စဉ်တွေက
“အနှိုင်းမဲ့”....
ငါ....တခွက်သောက်ချလိုက်တယ်
ရီဝေယစ်မူးတဲ့ ယမကာအမူးမှာပဲ
တို့တတွေ...အားလုံးချစ်ကြတဲ့
အဲဒီ.....
၁၅.၀၆.၂၀၁၀...ည

အဖြူရောင်နတ်သမီးညလင်းအိမ်အရုပ်ကလေးမိုးငွေ့အနှိုင်းမဲ့


ကျွန်တော်တို့ ငါးယောက် တွေ့ဆုံဖြစ်တုန်းက အမှတ်တရ လက်တန်းချရေးဖြစ်ခဲ့တဲ့ ကဗျာလေးပါ။
မေတ္တာရပ်ခံချက်>>>ပို့စ်တင်ရန် အခက်အခဲဖြစ်နေပါသဖြင့် ကြိုတင်လိုက်ခြင်းပါ .. ပုံကိုလည်း တစ်ပုံရအောင် မနည်းတင်လိုက်ရတယ် .. connection ကောင်းတဲ့အခါ နောက်တစ်ပုံကျန်တာ ကြိုးစားပြီး တင်ပေးပါမည် ..

စေညွှန်ရာ

ကောင်းကင်ကိုမော့ကြည့်လိုက်တယ် ...
................
.......................
အမြဲတစေ ကပ်ပါလာတဲ့ ကျောပိုးအိတ်ထဲ
ဘ၀ကို ဒဏ်ခတ်ထားတဲ့
အပိုင်းအစတွေ ....

လှိုင်းကြက်ခွပ်တို့ တ၀ုန်းဝုန်းပြေးအရိုက်
လေထန်မိုးထန်ထဲ
ကမ်းပါးတွေ ကြွေမွလွင့်စဉ်....

အဆန်းတကြယ်မဟုတ်တဲ့
ဦးခေါင်းတစ်လုံး ....

တိတ်ဆိတ်ငြိမ်သက်ခြင်းမျိုး
ခပ်ရေးရေးမှမရှိတဲ့
အမဲလိုက်ညတွေ ...
ဆာဟာရတစ်ခုမှ
ကန္တာရအသွင် ပြောင်းလဲသွားကျ ....

ကောင်းကင်ကိုမော့ကြည့်နေတုန်းပဲ
မနက်ခင်း ရောင်နီလား ...
သဘာဝ ကကွက်ဆန်းတွေနဲ့
ရောက်ရောက်လာတတ်ကြတာ,
င့ါကိုယ်ငါတောင် မနိုင်မနင်း ထမ်းပိုးသယ်ရ ...

အချိန်တွေလင့်ကုန်ပြီ
တဝေါဝေါနဲ့ မိုးစက်တွေသွန်းဖြိုး
နှဖူးပေါ်လက်တင်ပြီး စိုစွတ်မှုကို ကာကွယ်လိုက်တာပါပဲ
လုံခြုံမှု မရှိတဲ့ ....ငါ့လက်ဖ၀ါးနှစ်ဖက်
ဘာမှကို အရာမရောက်ခဲ့တာ သိလိုက်ချိန်
.................
......................
ငါလေ ..... ခပ်ရှိန်းရှိန်းအဖျားတွေ တက်သထက် တက်လာပြီ ...။ ။

ဖြေဆေးတစ်ခွက်

သတိရတယ် .....
အစားထိုး ဖြေဖျောက်ဖို့ပဲ တွေးတွေးနေရတာ..
ဘာတစ်ခုမှ ထွက်မလာခဲ့ဘူး

တစ်ခါပြန် မြူးရအောင်လည်း
ကျွန်တော့် ......... , အနားမှာ ရှိမနေခဲ့ဘူး ...
စိတ်အရူးရူး အထွေထွေကြားမှာပဲ
ကြိတ်ကြိတ် လူးလွင့်နေရတာတွေ များနေပြီ

အတိုင်းအဆမဲ့တဲ့ နှလုံးသားကို
ကန့်သတ်ချက် ပေးခဲ့တာလည်း ... သူမ
ယှက်ဖြာနေတဲ့ အလင်းတန်းတစ်စုံအဖြစ်
သူမပဲ လင်းချင်းခွင့်တွေ ပေးခဲ့
မှောင်ရီပျိုးစ ညတွေမှာတောင်
လမ်းမလျှောက်ဝံ့ခဲ့ဘူး ...

တစ်ခါတစ်ခါ ဆက်ဆက်ရွာနေတဲ့ မိုးလေပြည်မှာ
စိုစွတ်မှုတွေက နေ့စဉ်ရက်ဆက်....
အသည်းအသန်ကို လွမ်းနေရတာ
မိုးနတ်မင်းတောင် ရိပ်စားသွားခဲ့..

အမှောက်အမှားတော့ မဟုတ်ခဲ့ဘူး
တစ်ထောက်နားခဲ့ရတဲ့ အခြေအနေမှာပဲ
ရောက်ရောက်သွားတဲ့ အနမ်းညတွေဆီ .....

အပြာရောင် ခန်းဆီစတွေက တလွင့်လွင့်
နာဖျားသေဆုံးရတဲ့ ၀ိဥာဏ်တွေ အတုံးအရုန်း
သက်ရှိနာမ်ရုပ်မှာတောင် ..
မပီမပြင်နဲ့ အနေခက်နေတာ
သူမ ပုံရိပ်လွှာတွေက နေသားတကျလှုပ်ရှား ...

င့ါ အလွမ်းညတွေဆီ ... ကူးခတ်သွားတယ်
ကမ်းစပ်ကို ရောက်လုပြီ
အကြိမ်ကြိမ် ကြိုးစားခဲ့တာပဲ..
တစ်ကြိမ်တစ်ခါတောင် ကမ်းကပ်ခွင့်မရခဲ့တာ
လွမ်းချင်းပင်လယ်မှာပဲ ..
အလွမ်းမိုးတွေ ကျဲကျဲချ
ကျွန်တော့်ရာသီတွေ ပြောင်းပြန် အချိုးကျနေပြီ ...

အချိန်အကြာကြီး မပြောနဲ့
တစ်ရက်တစ်ရက် ကုန်လွန်တဲ့နေ့ရက်တွေတိုင်း
တစ်ချက် .. တစ်ချက်
အသက်မဲ့သွားသလို ခံစားရတာ...
နီးစပ်ခွင့် မရသေးတဲ့ နှလုံးသားတစ်စုံကို
နွမ်းနွမ်းပြီး တတဲ့စိတ်က.. ထုနဲ့ထေး

နှလုံးသား ရေးရာတွေကိုက မကောင်းခဲ့တာ
စိတ်ကူးသမျှတွေကလည်း လွင့်ပါးသွားရတဲ့အဖြစ်
လွတ်လွတ်ကျတတ်တဲ့ နှလုံးသားမြို့တော်ကို
သူမကပဲ မွန်းမံပြင်ဆင်ပေးခဲ့....

ဆောင်ယောင်ကျဉ်းတဲ့ မှောင်တပြအလင်းတွေထဲ
တစ်ယောက်ထဲတော့ ထားထားမခဲ့ပါနဲ့...

အဲဒီရောင်စဉ်ဖြာ အလင်းနောက်
လိုက်လိုက်နေခဲ့မိတာ ...
အပြစ်လို့ မဆိုသာပါဘူးနော် ....

ရှုံးနိမ့်ခြင်း သီအိုရီ လော့ခ်လေး ကျကျနေတာ
ကယ်သူမဲ့ တမ်းခြင်းတွေလိုပဲ ....
တစ်ခါတစ်ခါ ,
အနာတရတွေက ပြန့်ကျဲ
တစ်စပြီး တစ်စ လိုက်လိုက် ကောက်နေရင်း ....
ကိုယ့်ကိုယ်ကို သိမ်းထုတ်မိတဲ့ အဖြစ်တွေက
ရှုံးနိမ့်ခြင်းများစွာ ထဲမှာပဲ ....
တစ်ခါတစ်ခါကျတော့လည်း
အနာရင့်ရင့်လာလေ ဖြေဆေးတစ်ခွက်တော့ ...
တဒင်္ဂလေးဖြစ်ဖြစ် သောက်ခွင့်တော့ ရချင်သား ။ ။

ဆွံ့အစိတ်ရဲ့ မြန်နှုန်းဒီဂရီ

နှလုံးသားတစ်စရဲ့ လောင်မြိုက်မှု
အဆုံးမရှိ တောင်လောင်နေလိုက်တာ ...
ပြာမှုန်အဖြစ်နဲ့ ကြွေကျ
တစ်စ.. တစ်စ လွင့်ပါးသွားရတဲ့အဖြစ် ....
ပူးပြင်းတဲ့ ဟောဒီနွေ
ကန္တရတစ်ခုလုံး ...
အပူကို အပူချင်း မခံနိုင်တဲ့အချိန်
မိုးစက်ကလေး တစ်ဖြောက်တောင်
သက်ဆင်းမခြွေတဲ့ ရာသီတမ်းခြင်း
လွမ်းခြင်းတွေနဲ့ အခန်းဆက်နေရတာ ....
ရုတ်တရက် ပျောက်ရှသူ ...
ရာဇ၀တ်သား ကျွန်တော်
လားလားမှ မတူတဲ့ ဥပဒေမှာ
ဘောင်ဝင်အောင် စကားလုံးတွေ သွတ်သွင်း
တရားစီရင်ချက်ရဲ့ ပုဒ်မမှာ
အရူးလက်မှတ်တစ်စောင်ကို ရင်ဝယ်ပိုက်
ခပ်ရှိုက်ရှိုက်လေးပဲ ပင့်သက်ကြွေခဲ့ရ ..
မနက်ဖြန်ဆိုတာ ..
ရှင်သန်မှုလား
တမ်းတခြင်း ကဗျာတွေအတွက်လား
သေချာမှုတစ်ခုကတော့..
ရှင်သန်မှုမှာပဲ တမ်းတခြင်းကဗျာတွေ မရေးနိုင်ခဲ့တာ
ဟောဒီ နွေညတွေကပဲ အစိမ်းသက်သက် ခြွေချခဲ့..
အိပ်မက်တွေကို
တစ်ကယ့်လက်တွေ့အဖြစ်
ပြောင်းလဲဖို့ အကြိမ်ကြိမ် ကြိုးစားသူ ... ငါ
အိပ်မက်ဖြစ်စဉ်တစ်ခုကပဲ ရုတ်ချည်းပြောင်းလဲသွားခဲ့
အိပ်မက်တဲ့အချိန် မလုံလောက်လို့လား...
အိပ်စက်တဲ့ ခဏတာကပဲ လန့်လန့်နိုးနေလို့လား..
သေချာတာတစ်ခုက .. ငါ
အိပ်စက်ဖို့ အချိန်တွေကို ရပ်ဆိုင်းစေခဲ့တာ
သူမကို စသိတဲ့နေ့မှာပဲ
သူမက ကျွန်တော့်အတွက် ဝေးလွင့်ဆွံ့အစေခဲ့
စိတ်နှုန်းရဲ့ မြန်ဆန်မှုတွေ
ရင်ဘတ်ထိဟပ်မှုတွေ
ဖြစ်တည်ထွန်းဖို့ အကြိမ်ကြိမ်ကြိုးစား
သူမကပဲ ကုသမှုတွေ ပေးခဲ့တာ
နောက်ဆုံးတော့လည်း
ဒီနေရာ ဒီလူသား
ဝရုန်းသုန်းကားနဲ့ ဗြောင်းဆန်အောင် ကျန်ခဲ့ရ
သူမကပဲ ထားခဲ့လို့လား
ကံတရားကပဲ တေးမှတ်သွားတာလား
ဌာနေပြည်တော်တစ်ခွင်မှာ
ရပ်တည်တာချင်းမတူပေမယ့်
အမှတ်မထင်တာလေးတွေနဲ့ ဆုံခဲ့လို့
ဖြစ်တည်တဲ့ ဘ၀မှာ
အနှစ်ချီကာလည်း ချစ်ခဲ့တယ်
အစပျိုးကာလည်း ဖွင့်ဟခဲ့တယ်
နောက်ဆုံး .. နားစည်ဝမှာ သူ့စကားသံတွေ
ပျံ့လွင့်ဆဲဆိုတာ ...
သူမရယ် သိလေမလား
ရှောင်ဖယ်ကာပဲ ပြုံးနေမှာလား
နောက်ကွယ်ကပဲ ခံစားနေမှာလား
သူမရယ် .. ဖြေခွန်းလေးတွေ ပေးလှည့်ပါ ..
ကျွန်တော်
သိခဲ့ .. ချစ်ခဲ့တဲ့ သူမ
ကျွန်တော် မသိ
သူမ သိတဲ့အဖြေ
.............
..................
သူမရဲ့ နယ်ရုပ်လေးအဖြစ်
ယုယသွားခဲ့တာက အစ
ကျွန်တော့် ရင်ခုန်သံ စည်းမျဉ်းတွေကလည်း
အနားသတ် ညီညာခဲ့တာ..
နောက်ဆုံး ...
သည်နွေညတွေမှာပဲ
ဂျုံဆန်လုပ် အရက်တွေကို သောက်ရင်း
ပုံမှန်မဟုတ် င့ါစိတ်တွေက
တစ်စ တစ်စ အမှောင်ကျလာလိုက်တာ
ငါ့ရဲ့ လင်းချင်းခွင့်တွေက
သူမရဲ့ ဆက်သွယ်မှုတစ်ခုမှာပဲ
မျှော်လင့်ရင်း အိပ်မောကျခဲ့ရ ....။

င့ါရဲ့မြစ်

ပုံမှန်စီးဆင်းနေတဲ့
မြစ်တစ်မြစ်.....
အဲဒီကမ်းပါးစွန်းပေါ်မှာ
ငါ မတ်တပ်ရပ်နေခဲ့တယ် ။

အသည်းကွဲ ၀တ္ထုတစ်ပုဒ်ကို
ဖတ်ပြီးစ မျက်လုံးမျိုးနဲ့
ဟို ..... အဝေးကို ငေးကြည့်လို့ ....။

နှင်းရိုင်းတွေ ခြွေယူပစ်လိုက်တဲ့
အပြာရောင် အနမ်းညတွေ ဆီက
တစ်ခါတုန်းက 'ချစ်သူ'ရဲ့ ရှိုက်သံထင်ရဲ့
ခပ်သဲ့သဲ့ ကြားလိုက်ရ ...။

လင်ကောင်ပိုး ငှက်တစ်ကောင်ရဲ့
လက်သည်းကြားထဲက, ညတွေ
ထွက်ကျလာ ....
ဘ၀တစ်ဝက်ရဲ့ နာရီတွေကို အလိုမတူပဲ
ဖျက်ဆီးနေကြ
ငါ.....၊ အိပ်စက်ခြင်းဆိုတာကို ရွံမုန်းပေါ့ ။

အခွံချည်းသက်သက် လေးလံနေတဲ့
ဦးခေါင်းတွေကို မနိုင်မနင်း သယ်ပိုး
တွင်းပျောက်ရှာနေကြတဲ့, ပုရွက်နီကောင်တွေကို ကြည့်ပြီး
အက်ကွဲခြောက်ကပ်တဲ့ အသံမျိုးနဲ့
ဟားတိုက်ရယ်မောပစ်ချင်တယ် ....။

မြင်နေကျ, ကောင်းကင်ပါပဲ
အမြီးအမောက်မတည့် ကခုန်နေကြတဲ့
ဖျောက်ဆိတ်ကြယ်တွေအကြောင်းကို တွေးရင်း
င့ါ နှလုံးသားဆီက
ထွက်ပြေးဖို့ အကြိမ်ကြိမ်ကြံစည်
ကြိုးစားနေကြ, 'အတ္တသစ်' ရင်ခုန်သံတွေအတွက်
င့ါ .... , မာနတရားနဲ့ ရန်မဖြစ်ချင်တော့ ....။

ဘယ်နေရာကို
ရောက်ရဦးမယ်ဆိုတာလည်း မသိသေး
မရေရာမှုရဲ့ လမ်းမပေါ်မှာ....။

အေဒင် ဥယျာဉ်ဟောင်းထဲက, 'အာဒမ်'
သူ့ရဲ့ သတ္တမနံရိုးအတွက်
မစားကောင်းတဲ့ အချစ်သစ်သီးတစ်လုံးကို စားပြီး
မပြီးဆုံးနိုင်သေးတဲ့ ခရီးမှတ်တိုင်တွေကို ငါတို့
ဆက်နေကြရ ....
တစ်ခါတစ်ခါကျတော့လည်း
မိုက်မဲရူးသွပ်စွာ, ရိုက်ချိုးပစ်ချင်တယ် ....။

င့ါရှေ့မှာ, မြစ်တစ်မြစ်
နုပျိုခြင်း နာရီတွေနဲ့
'ဘ၀အဓိပ္ပါယ်' ဆိုတဲ့ စကားလုံးတွေကို
သယ်ဆောင် ......
စီးဆင်းမြဲ စီးဆင်းနေဦးမှာပါပဲ ။ ။


ဆရာ မြတ်လှိုင်းရဲ့ ကဗျာလေးပါ .. အခုတလော စိတ်အချဉ်ဓါတ်လေးနဲ့ ပဏာသင့်နေလို့ တင်လိုက်ခြင်းပါ ..။

သိလျက်နဲ့

ဒီလိုပါပဲ
ငါ့ကိုယ်ငါ မေ့နေလောက်အောင်
မင်းကို သတိရနေတတ်တာ....

ပိကျလာတဲ့ အိပ်မက်တွေက
လက်ယဉ်နေတဲ့ မင်းစကားလုံးတွေအောက်မှာ
လိပ်စာရှာမရတဲ့ ကြေကွဲမူတွေလို
ညတွေက အမှောင်ကို ကြောက်နေတတ်ပြီ..။

ပင်လယ်ဆိုတာ မယဉ်ပါးသရွေ့တော့
မူးလိုက် အန်လိုက်နဲ့
အရိုးသားဆုံး အချစ်နဲ့ မျှားယူခဲ့သမျှ
အရိုး ကော အသားပါဆုံးရတဲ့အဖြစ်...။

အပ်ထည်မရတဲ့ ကဗျာဆရာငါ
ရုံတင်ခွင့်မရှိတဲ့ ပစ္စုပ္ပန်တွေအတွက်
ဒဏ်ရာရ ကြယ်ကြွေတွေကောက်ရင်း
အထူးပြုလုပ်ချက်မပါတဲ့ တမ်းတချိန်တွေမှာ
မင်း...လေ..
ဖုန်းဆက်လိုက်တိုင်း ဧရိယာပြင်ပရောက်နေတယ်..။

အသက်ရှင်နေတုန်း ခင်းကျင်းခွင့်မရတဲ့ နေကြာပန်းတွေ
ကမောက်ကမ ဈေးပြိုင်ခေါ်နေကြတဲ့ခေတ်ကြီးထဲ
တနေ့ထက်တနေ့ မင်းပိုပိုလှလာတာဟာ
ယုံချင်စရာမဟုတ်ပေမဲ့ ဗန်ဂိုးလိုမရူးသွပ်ရဲတဲ့ငါ
ရွက်ဆုတ်ပြက္ခဒိန်တစ်ခုအဖြစ် နေ့တိုင်းဖြုတ်ချခံနေရလဲ
ငါ့ ကဗျာတစ်ပုဒ်လောက်တော့
မင်း..စပွန်ဆာ ဖုန်းနံပတ်အလွတ်ရသလို ရွတ်ပြနိုင်ရင်
ကဲ...မနက်ဖန်လဲ
ခေါင်းမပါပဲ...နှလုံးသားသက်သက်နဲ့
မင်း...မရှိတော့တဲ့ မင်းရှေ့မှောက်
အလွမ်းသက်သက်နဲ့ အရောက်လာခဲ့မယ်...။ ။