သိလျက်နဲ့

ဒီလိုပါပဲ
ငါ့ကိုယ်ငါ မေ့နေလောက်အောင်
မင်းကို သတိရနေတတ်တာ....

ပိကျလာတဲ့ အိပ်မက်တွေက
လက်ယဉ်နေတဲ့ မင်းစကားလုံးတွေအောက်မှာ
လိပ်စာရှာမရတဲ့ ကြေကွဲမူတွေလို
ညတွေက အမှောင်ကို ကြောက်နေတတ်ပြီ..။

ပင်လယ်ဆိုတာ မယဉ်ပါးသရွေ့တော့
မူးလိုက် အန်လိုက်နဲ့
အရိုးသားဆုံး အချစ်နဲ့ မျှားယူခဲ့သမျှ
အရိုး ကော အသားပါဆုံးရတဲ့အဖြစ်...။

အပ်ထည်မရတဲ့ ကဗျာဆရာငါ
ရုံတင်ခွင့်မရှိတဲ့ ပစ္စုပ္ပန်တွေအတွက်
ဒဏ်ရာရ ကြယ်ကြွေတွေကောက်ရင်း
အထူးပြုလုပ်ချက်မပါတဲ့ တမ်းတချိန်တွေမှာ
မင်း...လေ..
ဖုန်းဆက်လိုက်တိုင်း ဧရိယာပြင်ပရောက်နေတယ်..။

အသက်ရှင်နေတုန်း ခင်းကျင်းခွင့်မရတဲ့ နေကြာပန်းတွေ
ကမောက်ကမ ဈေးပြိုင်ခေါ်နေကြတဲ့ခေတ်ကြီးထဲ
တနေ့ထက်တနေ့ မင်းပိုပိုလှလာတာဟာ
ယုံချင်စရာမဟုတ်ပေမဲ့ ဗန်ဂိုးလိုမရူးသွပ်ရဲတဲ့ငါ
ရွက်ဆုတ်ပြက္ခဒိန်တစ်ခုအဖြစ် နေ့တိုင်းဖြုတ်ချခံနေရလဲ
ငါ့ ကဗျာတစ်ပုဒ်လောက်တော့
မင်း..စပွန်ဆာ ဖုန်းနံပတ်အလွတ်ရသလို ရွတ်ပြနိုင်ရင်
ကဲ...မနက်ဖန်လဲ
ခေါင်းမပါပဲ...နှလုံးသားသက်သက်နဲ့
မင်း...မရှိတော့တဲ့ မင်းရှေ့မှောက်
အလွမ်းသက်သက်နဲ့ အရောက်လာခဲ့မယ်...။ ။