ပင်စည်

ထောင်ရောင်နေမင်း အမှောင်ခြွေလင်း
ရောင်စဉ်ဖြာသွယ် ကမ္ဘာတစ်ခွင်ဝယ် ..
နေရောင်ထိနွမ်း အားနည်းစွမ်းလည်း
ရှာကြံချစ်မယ့် ပင်စည်ငယ်ကို ...

အချစ်တွေနဲ့ ပြည့်ဖူးနေတဲ့
ပန်းငုံလွှာတွက် ၀တ်ဆံတစ်ခု
နှိုင်းမှီတုလျှင် ကိုင်းမှီသလို
ယှက်ဖြာထွက်တဲ့ အတက်ငယ်ကြား
ဝေဆာတင့်မွှမ်း ရနံ့ဆင်းက
ရိုးမအီလို့ စွဲယဉ်နေပြီ ...

အကိုင်းအဖျား တိုးထွက်ရောက်ဖို့
မြေဆီမြေနှစ် အားကောင်းနေရင်း
မြဲမြံစွာနဲ့ ကုတ်တွယ်မြစ်လို
စုပ်ယူအားနဲ့ ဖွံ့ဖြိုးစိမ်းလန်း
ရင့်သန်မှန်နဲ့ လုပ်ယူမရတဲ့
ဒီချစ်ခြင်းမှာ ထွေလီကာပြော
စိတ်၏သဘောမှာ တစ်သက်တာတွက်
ချစ်လျှက်ဆဲပါ ပင်စည်ငယ်ရေ ...

ပင်စည်မှ ကိုင်းဖျား
ကိုင်းဖျားမှ ပင်စည်
အမျှင်တန်းလို့ စိမ်းလန်းခြင်းနှင့်
ရေသောက်မြစ်မှ တစ်ပင်လုံးခြုံ
စိတ်အာရုံက ပင်စည်ငယ်ဆီ ...

တစ်နေ့တာရဲ့ အချိန်ဝန်းကျင်
တဒင်္ဂတိုင်း မှန်မှန်ဆက်တဲ့
သူ့ဖုန်းသံကို မျှော်လင့်တမ်းမက်
နေ့တွေရက်ဆက် င့ါနားစည်ထက်
သူ့သံသာချို ရယ်သံလေးကို
တရှိုက်မက်မက် စွဲလန်းထပ်လို့
ရင်ဝယ်အပျော် ပီတိမော်ပြီး
မြတ်နိုးလျှက်ပါ ပင်စည်ငယ်ရေ ...

ဖုန်းပြောစဉ်ခါ ငြိမ်သက်ခြင်းနှင့်
နှစ်ဦးနှစ်ဖက် တိတ်တဆိတ်ဖြစ်
အသက်ရှုသံ ရင်ခုန်စည်းချက်
ထပ်တူပြုရင်း သူ့စကားသံ
ကြားချင်လျှက်မို့ နားစွင့်ရင်းက
အတုံ့အလှည့်နဲ့ ခွန်းတုံ့စကားတော့
ပြောလှည့်ပေးပါ ပင်စည်ငယ်ရေ ...

နှစ်ကိုယ်တူညီ ဆုံကာတွေ့လို့
အတွေးဖလှယ် စကားတွေကြွယ်
ထိုင်ကာကြည့်ရင်း ကုန်လင့်ကုန်မှန်း
မေ့လျော့စခန်း အချိန်ပြန်ကြည့်
စိတ်အသိက အိမ်ပြန်ရချိန်
ရောက်ရှိသည်မို့ မခွဲချင်စိတ်
တူရှိစဉ်စိတ်ကို လျော့အားပေးလို့
ပန်းလေပြည်မှာ အလွမ်းတွေဆွေရင်း
တွဲလက်မြဲစွာ လမ်းတွေလျှောက်
ပန်းလှေဝန်းမှာ အချစ်တွေစစ်လို့
လွမ်းနေပါ့မယ် ပင်စည်ငယ်ရေ ...

ဘ၀အလယ် လူ့ဘောင်တည့်ရင်း
စံပြအဖြစ် နှစ်ယောက်ချစ်က
ပစ်ရှုံးဖယ်ခွာ ရွံ့မမုန်းစွာနဲ့
သက်ဆုံးတိုင်အောင် စုပြုံချစ်မယ့်
ရင်ဘတ်တွင်းက ကိုယ်စီစိတ်ထား ...။

ချစ်ခြင်းကို ခံစားရခြင်း

အရင်အချိန်တုန်းက ငါ့ဘ၀ဟာ ဆံပင်မရှိတဲ့ ဂတုံးတစ်ယောက်ရဲ့ လွတ်လပ်ပေါ့ပါးခြင်းနဲ့ပေါ့ ..။ ဒါပေမယ့် ခြင်ထောင်ထဲကို ၀င်လိုက်တိုင်း ဂတုံးနဲ့ ခြင်ထောင် ငြိတဲ့ ဒုက္ခတစ်ခုတော့ ရှိတယ် ..။ မင်းနဲ့တွေ့ပြီး နောက်ပိုင်းတော့ နေ့စေ့ လစေ့ ရောက်နေတဲ့ ဗိုက်ကြီးသည် တစ်ယောက်ရဲ့ လေးလံမွန်းကြပ်ခြင်းတွေ ခံစားလာရတယ် ..။ ဒါပေမယ့် ကိုယ်ဟာ ခွက်ပျောက်သွားတဲ့ သူတောင်းစားတစ်ယောက်ရဲ့ ဆာလောင်ခြင်းမျိုးနဲ့ မင်းကို တက်မက်ခဲ့ရတာပါ ..။ အခုတော့ သေမိန့်ကျပြီးသား ကြိုးသမားတစ်ယောက်လို မင်းလေးကို စိတ်လျော့လိုက်ပါပြီ ..။

( ဘာရယ်မဟုတ် .. သူငယ်ချင်းနဲ့ စကားပြောနေရင်း သူဟာသပြောတာလေးကို ကြားပြီး နည်းနည်း ကွန့်ရေးလိုက်ရခြင်းပါ ..။ )

လွင့်ခြင်းကြားမှ ကြယ်စင်ငယ်

တောင်ထိပ်နေရာ ကျောက်ငူစွယ်မှာ
ထိုင်ကာလွမ်းမော့ ညဥ့်နက်ညမှာ
စိမ့်အေးမြရင်း သစ်တစ်ပင်အောက်
ညဥ့်လေရောက်တော့ အလွမ်းစုတဲ့
ဒီရင်ဘုံမှာ ကြယ်ရောင်လင်းတယ် ..

တောင်စွယ်တောင်တန်း ညှို့မှိုင်းအုံ့တော့
အတိတ်စေရာ ဖြစ်ရပ်တစ်ချို့
လက်တွေ့စဉ်မှာ ဟပ်ထင်နေလည်း
ဝင်လာပါလို့ တောင်းဆိုမရဲ
ချက်လျှက်ပဲမို့ မျှော်လင့်ရင်းနဲ့
ကြယ်စုံညဟာ ပြိုးပြက်နေတယ် ...

ငါတို့နှစ်ယောက် လမ်းတွေလျှောက်ရင်း
အပြင်ပန်းမှာ အမြင်ဆန်းလို့
ကြည်နူးပီတိ စိတ်အသိမှာ
နီးစပ်ဖို့ရေး တိုင်ပင်တွေးလို့
အရောက်လှမ်းချင် နှစ်ယောက်ကမ္ဘာခွင်မှ
ထွက်ပြူနေမယ့် ကြယ်စင်နန်းဆီ ...

ကြယ်စုကြယ်ဝေး ဖြန့်ကြတ်များတော့
လင်းလက်တောက်ပ ကောင်းကင်တပြ
လှမ်းဆွတ်ချူလို့ ကမ်းလင့်ယူလည်း
လှမ်းမှီသလို ကြွေဆင်းမလိုနဲ့
င့ါရင်ဖိုမှာ စိုးရွံ့နေတယ် ...

ထိုအဝေးမှ ကြယ်များအကြား
မမှိတ်မသုံ ညရင်ခွင်ဖြတ်,
အာရုံမနက် လင်းအားရောက်လို့
ကွယ်ကာပျောက်လည်း ..
ညရင်ပြင်မှာ လှဖြာစုတဲ့
ကြယ်စင်ငယ်ကို မြင်ယောင်ဆဲပဲ ...

ကြယ်များအကြား ကြည့်နေရင်းက
အမှတ်မထင် မျက်ဝန်းပြင်မှာ
ဆန်းယဉ်သလို စိတ်ကူးယဉ်တော့
ဖိတ်စင်ကျမယ့် ကြယ်စင်ငယ်မို့
ကောင်ကင်တစ်ခွင် ကြယ်ရောင်ပြိုးပြက်
အလွမ်းတွေဆက်လို့ သာယာလင်းတယ် ...

ဘယ်ခါနေ့ရက် လင်းထွက်မလဲ
စိတ်ဝယ်မှန်းဆ မော့နေရင်းက
အချိန်တွေကုန် ညတွေတိုင်းလည်း
မျက်ဝန်းစုံမှာ ရှာဖွေရင်းက
ကြယ်များအလယ် စုကာကြွယ်မယ့်
ကြယ်စင်ငယ်မှ အခြားမရှိ
မျှော်မှန်းဆင့်ကာ တမ်းတတစ်ဖြစ်
စိတ်ဝယ်ညစ်လို့ ငြူစူသယောင်
လွမ်းခြင်းဆောင်လို့ ဆုံတွေ့မယ့်ချိန်
ထွက်ပြူလှည့်ပါ ကြယ်စင်ငယ်ရေ ...။

နှလုံးလှပိုင်ရှင်နဲ့ ရက်စက်သူ

ကုန်လွန်ခဲ့တဲ့ နေ့ရက်အချို့မှာ အပြစ်တွေဝေးကွာလို့ အချစ်တွေနဲ့သာ မြူးနေတဲ့ ငါတို့နှစ်ယောက် နေ့ရက်တွေ ..ပျော်မြူးပါတယ် .. အဖေါ်ထူးတစ်ယောက်နဲ့ တွေ့ရသလိုပဲ .. ရိုးရိုးလေးနဲ့မင်းမူရာလေး အပြစ်ကင်းလို့ ရှင်းသန့်နေတယ် ..ငါဟာတစ်ကိုယ်ကောင်းဆန်သူလား .. လိုအပ်ချက်တစ်ခုကို ပုံအပ်တာ မင်းဆီမဟုတ်ခဲ့တာ နားလည်ပေးပါလို့ မတောင်းဆိုပါဘူး .. အဆိုးဆုံးခံစားချက်တွေနဲ့ မင်းနှလုံးသွေးကို စတေးခဲ့လို့ .. ငါ.. မင်းကိုတန်ဘိုးထားဆဲပါ .. မင်းဟာ မြင့်မြတ်တဲ့ မိန်းမတစ်ယောက်ဆိုတာ ငါသိနေလို့ ..။ အချစ်ဆိုတာ ခံစားစိတ်ကလေးထဲက မြူမှုန်လေးမျှသာ ဖြစ်ပေမယ့် ပြင်းပြနေတဲ့ သူတွေအဖို့တော့ ထုထည်ကြီးမားမှာပါ ..ခပ်ပြင်းပြင်း အရက်တစ်ခွက်ကို တရှိုက်မတ်မတ်နဲ့ ရူးမိုက်စွာသောက်သုံးမိတဲ့အခါ လည်မျိုမှာစီးဝင်ချိန်မှစလို့ ရှတတစီးမျောသွားတဲ့ င့ါအဖြစ်ကို မင်း .. စာနာနိုင်မလား ..။ဆန္ဒတွေဝေးကွာလို့ တစ်ခါပြန်မရတဲ့ ငါတို့နှစ်ယောက် ဇာတ်လမ်းဟာ တစ်ခန်းရပ်လို့ ဖြစ်ရပ်အမှန်တွေကို ကုန်လွန်စေခဲ့ပြီ ..ဝေးကွာခြင်းအဖြစ်မှာ ဆွေးရခြင်းခံစားမှုကို ရင်ဝယ်ပိုက်ထွေး မထားစေချင်ဘူး မိန်းကလေးရယ် ..ဘ၀တစ်ကွေ့မှာ ကြုံခဲ့လို့ ဆုံခဲ့ရပေမယ့် င့ါရဲ့ပေးဆပ်ခြင်းတွေက မင်းအပေါ် သက်ရောက်မှုမရှိခဲ့တာ င့ါရဲ့ တန်ဘိုးမရှိတဲ့ စိတ်ရိုင်းတစ်ခုကို မင်းရင်ထဲက ဆွဲနုတ်လိုက်ပါလို့ ပြောပါရစေ ..င့ါစိတ်မှာ တစ်ယောက်ယောက်ကို မြတ်နိုးနေမိတာ .. လွန်ဆန်မိတဲ့ မင်းတစ်ယောက်ကို တန်ဘိုးမဲ့ရာကျတဲ့ င့ါအဖြစ်ကိုလည်း မင်းစာနာ နားလည်ပေးပါ .. ကိုယ့်အပေါ် ပြည့်စုံအောင် မင်းဘက်က အမှားကင်းစွာ စောင့်ရှောက်ခဲ့ ကူညီခဲ့တဲ့ စေတနာအပြည့်ကို ငါသေဆုံးသွားချိန်အထိ တန်ဘိုးထားမှာပါ ..အရာရာကို အမြဲချင့်ချိန်တွေးတဲ့ ငါတစ်ယောက်ဟာ ဒီတစ်ကြိမ်မှာ နှလုံးသားခံစားချက်ကို ရှေ့တန်းတင်မိလိုက်တာ င့ါကိုအပြစ်မြင်စွာနဲ့ စိတ်နာမယ်ဆို နာလိုက်ပါတော့ .. နှလုံးလှပိုင်ရှင် မင်းတစ်ယောက်ဟာ မင်းနဲ့မထိုက်တန်တဲ့ အကျဉ်းသားတစ်ယောက် င့ါကို လူ့လောကအမြင်ကျယ်ကြီးထဲမှာ လျှောက်လှမ်းနေချင်တာကို မင်းလွှတ်ပေးလိုက်လို့ ငါဒုက္ခရောက်မယ်ဆိုလည်း ရောက်ပါစေတော့ .. မင်းဟာ မိန်းမမြတ်တစ်ယောက်အဖြစ် ဖြစ်တည်နေတဲ့ ဒီသံသရာမှာ ပျော်ရွှင်ငြိမ်းချမ်းတဲ့ ဘ၀လေးကို ဖြတ်သန်းရမှာပါ .. ငါလိုလူကတော့ လောကအလယ်မှာ ဘယ်ဝယ်ဘယ်စခန်းကို ဘယ်လိုဖြတ်သန်းမလဲဆိုတာ တွေးတောနေရင်း .. ရင်ဘတ်ဟောင်းမှာ ငါကိုယ်တိုင်ထွင်းထားတဲ့ အနာကို ငါကိုယ်တိုင်ပဲ ကုစားရင်း အဝေးနေရာမှာ ဆွေးမနေပါနဲ့လို့ တောင်းဆုပြုရင်း ..ရက်စက်တတ်သူ င့ါအဖို့တော့ အချစ်ဆိုတာကို ခံစားလို့ထိနေဆဲပါ ..။

အလွမ်းဆွေလို့ နွမ်းကြွေနေဆဲ

လမ်းမကျယ်ဘေး ထိုင်ကာငေးရင်း
တိုင်းတာစရာ အဖြစ်တွေကို
နှိုင်းတပြစာ ခုလက်ရှိမှာ
ဗလာနတ္ထိနဲ့ ရှာကြံထိနေတယ် ...

ညယံချိန်ခါ မျှော်မှန်းလွမ်းရင်း
လေပြည်ဆော်မြူး ရွှေရင်ဦးမှာ
လာနိုးမျှော်မိ ဖြေမရှိရင်း
လွမ်းတာကပွား ချစ်စိတ်ဗျာကြား
မှိုင်လျှက်ကယ်ငေး စို့နင့်အတွေး ...

ရွှေပင်လယ်ကြီး ကာဆီးသည်ထင်
နီးမယ်မထင် ရွက်စိပ်ဖျင်၌
တစ်လွှာတစ်ကွက် ချုပ်ရိုးထပ်လို့
တဖျပ်ဖျပ်နဲ့ တဆတ်ဆတ်လူး
ဒီပင်လယ်ထဲ ရူးသွပ်နေဆဲ ...

မခမ်းတော့မယ့် အကြင်နာနဲ့
ကိုယ့်ရဲ့နဘေး မင်းရှိရေးကို
အရဲစွန့်တဲ့ ဒီသည်းလွှာမှာ
အမြဲလမ်းဖွင့် ကြိုဆိုနေမယ် ...

ပိတ်ပိတ်မှောင်တဲ့ င့ါအခန်းငယ်ထဲ
ဖယောင်းငယ်လို စွမ်းဖြာလင်းပြီး
ကြွေရာစိတ်မှာ လေအရိုက်လာ
ပျော်ရည်စီးလို့ မှိန်နေမီးလို
ငါတစ်ကိုယ်ထဲ လှုပ်ခပ်နေဆဲ ...

မှန်းဆကာ တမ်းတရင်းနဲ့
နှစ်ကိုယ်တူ ပျော်ကာထူးတဲ့
အချိန်နေ့ရက် ပြောင်းနေရွေ့လည်း
ဟောင်းမနေ အချစ်တွေနဲ့
လွမ်းနေ ဒီရင်ဘတ်မှာ
တမ်းတလို့ နွမ်းလျဆဲပါ ..။

လွန်ဆွဲလို့ ဒွန်တွဲနေတဲ့ ဒီသံသရာ (၁)

အခုတလော ဖြစ်ပျက် သိမြင်ကြားတာတွေကို ကြုံနေရရင်း အတွေးလေးတွေ ၀င်လာလို့ချရေးလိုက်တာပါ ..။ အချစ်ကို ခံစားတတ်သူ လူသားတွေအဖို့ပေါ့ ၊တန်ဘိုးထားတာနဲ့ ပတ်သက်ပြီး ကနဦး ပြောပါရစေ ၊ဘာသာဘာဝ မတူညီတဲ့ ယောက်ျားလေး မိန်းကလေးတွေ ချစ်တာနဲ့ ပတ်သက်ပြီး တန်ဘိုးထားမှုဆိုတာ စာဖတ်သူတွေ ဘယ်လိုမြင်လဲ ..။ အသက်အရွယ်နဲ့ ပတ်ဝန်းကျင်ရဲ့ ဓလေ့စရိုက်တွေကြောင့် အချစ်ကို ခံယူထားတာတွေ မတူဘူးဆိုတာရောမှန်လား၊ (ကျွန်တော့်အထင်တော့အနည်းငယ်သက်ဆိုင်မယ်လို့ထင်မိတယ်) မိန်းကလေးတစ်ယောက်ကို ယောက်ျားလေးတစ်ယောက်က စချစ်လို့ ကြိုးစားနေပြီဆိုပါတော့၊ ကြိုးစားရင်း လွယ်ကူစွာနဲ့ အချိန်တိုတွင်းမှာ ဖြစ်ဖြစ် တစ်ခဏအတွင်းမှာဖြစ်ဖြစ် မိန်းကလေးက ထိုယောက်ျားလေးကို အဖြေပေးလိုက်တယ် ..နောက် လက်တွဲကြတယ်ပေါ့ ..အဲလို လွယ်ကူစွာနဲ့ ရတဲ့ အဖြေနဲ့ပတ်သက်ပြီး မိန်းကလေးတစ်ယောက်အပေါ်တန်ဘိုးထားမှု မထားမှုဆိုတာ ခံယူထားတဲ့ ပုဂ္ဂိုလ်အပေါ်မှာပဲ မူတည်သလို နှစ်ဦးစလုံးနဲ့လည်း သက်ဆိုင်မယ်လို့ တွေးမိပါတယ် ၊ လွယ်ကူစွာနဲ့ ပေးမိလို့ င့ါကိုတန်ဘိုးမထားတာနေမှာ ဆိုပြီး တစ်ချို့မိန်းကလေးတွေ တွေးကြ ပြောနေကြတာတွေ တွေ့ဖူးတယ် .. လူဆိုတာ လူချင်းတူပေမယ့် စိတ်ချင်းမှ မတူကျတာ ..။ မိန်းကလေးတစ်ယောက်အချစ်ကို လွယ်ကူစွာရပြီး တန်ဘိုးထားတတ်တဲ့ ယောက်ျားတွေ အများကြီးရှိသလို လွယ်ကူစွာ မရတဲ့အချစ်ကို တန်ဘိုးမထားတဲ့ယောက်ျားတွေလဲ အများကြီးပါ ..။ အဓိကတော့ တန်ဘိုးထားခြင်း မထားခြင်းမှာ နှစ်ဦးစလုံးနဲ့သက်ဆိုင်တယ်လို့ ကျွန်တော်ပြောချင်တာပါ ဘာသာရေးအရပြောရင်လည်း ထိုနည်းလည်းကောင်းပဲ ..။ ရေစက်ဆုံ ဖူးစာပါမှလည်း ဆုံးဆည်းခြင်းကို အခြေပြုလို့ အိမ်ထောင်တစ်ခု ဖြစ်လာတာပါ ..။ နောက် ပင်ကိုယ်ဗီဇလည်း ပါမယ် ..။..။ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို စချစ်တယ်ဆိုပါစို့ ...။ အစကတော့ ကိုယ့်စိတ်ထဲ ဒီကောင်မလေးကို တစ်ကယ်ချစ်တာ ကြိုက်တာ ဆိုပြီး ကြိုးစားတယ် ..။နောက် အဆင်ပြေသွားကြတယ်ပေါ့ ..။ အဲလိုနဲ့ချစ်သူတွေဖြစ်တဲ့ အခါမှာတစ်လထက်တစ်လ တစ်နှစ်ထက်တစ်နှစ်ဆိုပါတော့ ၊ အဲလို အနေအထားမျိုးမှာ အားနည်းချက်တွေ တွေ့လာတာတွေလည်း ဖြစ်နိုင်သလို စိတ်အသိကိုက နောက်တစ်ယောက် ဒါမှ မဟုတ် အရင်ထားခဲ့ဖူးတာတွေကို အမှတ်မထင်သတိရတတ်တာတွေ စွဲလန်းတာတွေ စသည်ဖြင့် ဖြစ်လာတာရယ်ကြောင့် လက်ရှိကိုယ့်ချစ်သူကို ဖြတ်ပစ်ကြတတ်ပါတယ် ..။ ဒါဟာ ဆိုးရွားချက်တစ်ခုလို့ အပြင်ပန်း သုံးသပ်လို့ ရပါတယ် ..။ တစ်ကယ်တမ်းတော့ အချစ်ဆိုတာ လူတိုင်းမဟုတ်တောင် တော်တော်များ ကြုံတွေ့ခံစားနေရသူတွေမို့ ဖြစ်ပျက်တတ်တဲ့ သဘောတရားလေးကို နားလည်သင့်ပါတယ် ..။အချစ်ဆိုတာ ချစ်ပါ .. ချစ်နိုင်လေကောင်းလေပဲ..။ကိုယ့်ကိုယ်ကိုတောင် ချစ်ဖို့ခဲယဉ်းတာ သူများကို ချစ်နိုင်တာ ကောင်းခြင်းတစ်ခုပေါ့ ..ချစ်တာခြင်းတွေတော့ မတူဘူးပေါ့လေ .. တန်ဘိုးထားတာနဲ့ ပတ်သတ်လို့ အဓိကတော့တန်ဘိုးထားတာ မထားတာနဲ့ ပတ်သက်ပြီး နှစ်ဦးစလုံးနဲ့ သက်ဆိုင်သလို ယောက်ျားလေးတစ်ယောက် ခံယူထားတဲ့ စိတ်သဘောထားလေးတွေနဲ့လည်း အများကြီး အကျုံးဝင်ပါတယ်.။ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး စာတိုလေးတွေ အနေနဲ့ အတိုချုပ်ပြီးပဲ တင်ပါ့မယ် .. (ကျွန်တော့်အမြင်လေးတွေကို ).. စာဖတ်သူများ နားလည် ခံစားနိုင်ပါစေ ..။ ညီမလေး တစ်ယောက် မေးတာလေးနှင့် ပတ်သက်ပြီး အတွေးလေး ၀င်လာလို့ ရေးဖြစ်သွားတာပါ ..။ နောက်လည်း တွေးမိတာလေးတွေကို ခွဲပြီး ရေးဖြစ်ဦးမှာပါ..။

ခေါင်းစဉ်မသိတဲ့ ကဗျာ

ဒီတစ်ခါတော့ ကိုယ်တိုင်ရေးကဗျာမဟုတ်ပါ ၊ ဖတ်ဖူးတဲ့ စာအုပ်လေးထဲက နှစ်သက်မိလို့ တင်ပြရခြင်းပါ ..
ကဗျာစာအုပ်သည် ဘယ်နှစ်ခုနှစ်က ထုတ်ဝေခဲ့သော စာအုပ်မှန်း မသိပါ ၊ စာဖတ်သူတွေကို ဖတ်စေချင်တဲ့
ဆန္ဒလေးမို့ နားလည်ခံစား ဖတ်ရှုနိုင်ပါစေ ..။ ကဗျာရဲ့ ခေါင်းစဉ်လည်း မသိပါ .. ။


အချစ်အချစ် ဤအချစ်ကား
အချစ်တစ်ကယ် အမြစ်တွယ်က
ဘယ်ဝယ်ဘယ်တွက် ဆင်ခြေဖက်လည်း
ပယ်ဖျက်အတင်း သူဇာတ်သွင်း၏
ပျော်ခင်းသွယ်သွယ် မြှူစ,ဆွယ်၍
နောက်ဝယ်မယွင်း ပူဇော်ခင်းသည် ..
နှစ်မင်းသူဖြစ် ထိုအချစ် ...။

(အမည်မသိ)
....................................................................

ဆွတ်လှည့်ဆိုယောင် ပန်းလက်ဆောင်ဟု
ခွေးဟောင်ခေါ်မှတ် ကောကနဒ်လျှင်
ထပ်ထပ်ဖပ်ဖပ် သူ့ပွင့်ချပ်ဖြင့်
ပျပ်ဝပ်ညောင်းညိတ် ပန်းကြောင်းဖိတ်လည်း
အမြိတ်ရည်လူး ပွင့်သစ်ဦးမို့
မခူးရက်ဟန် မပန်ရက်ပဲ
လှကြည့်ဆဲတွင် လက်ရဲဇရာ
နေမင်းလာ၍ မညှာမလျှော့
ထင်တိုင်းဆော့က ပျော့တခွေခွေ
ကြွေလလုလု ပြု၍မရွှင်
ပြင်၍မလန်း လက်လွန်ပန်းကို
မှန်း၍အော်အော် တရားမြှော်က
ပါတော်ဖုလ္လမ်း တေးကိုတမ်းမိ
လွမ်းလည်းလွမ်းချင် မလွမ်းချင်နှင့်
လွမ်းလျှင်ကြေကွဲ ပွင့်ကြွေမြဲဟု
မလွဲသောဝန် မလွန်သောဘေး
လွန်ဘို့ရေးသည် ...ဧ၍မနေသာ တကား ။
(ကာဝိယ၀ါစီ အရှင်ဥာဏိဿရ)