ရင်ခတ်သံများ ၆

ကိုယ့်အတွက်တော့ မင်းနဲ့ ဆုံနိုင်မဲ့အခွင့်အရေးဆိုတာ ယုံတမ်းပုံပြင်တစ်ပုဒ်လိုပါပဲ..

ကြိုးစားပိုင်ခွင့်လည်း မရှိခဲ့ဘူးလေ..ပိုင်ဆိုင်ခွင့်မရှိခဲ့ရင်တောင် ဖွင့်ဟ၀န်ခံခွင့်တော့ရချင်တယ်

လှောင်ချင်လည်းလှောင်ပါစေတော့ ... မြတ်မြတ်နိုးနိုးနဲ့ ချစ်နေမိတယ်လို့ တစ်ခွန်းလောက်တော့ပြောပြချင်တယ်..

မင်းရဲ့အပြုံးတွေကိုသာယာမိသလို မင်းရဲ့စကားသံတွေမှာ နစ်မျောနေချင်မိတော့တယ်
ခွင့်ပြုမယ်ဆိုရင်ပေါ့ ...

ရင်ခတ်သံများ ၅

မျှော်နေမယ်ဆိုတာ မသိဟန်ဆောင်နေတာလား တစ်ကယ်ပဲ မသိခဲ့တာလားကွာ
ဘာမှမဆိုင်သေးတဲ့လူတစ်ယောက်အတွက် ဒီလိုစဉ်းစားမိတာ အတ္တများကြီးနေပြီလားဆိုတာတွေလဲမတွေးတတ်တော့ပါဘူး..
အခုလတ်တလောနေရတဲ့ ကိုယ့်အတွက်တော့ အချစ်ဆိုတာ ၀မ်းသာစရာလား ဒါမှမဟုတ် ၀မ်းနည်းစရာလားဆိုတာတွေလည်း မတွေးတတ်တော့ပါဘူး...

ရင်ခတ်သံများ ၎

အရာရာအတွက် မျှော်လင့်ချက်တစ်ခုရှိမယ်ဆိုရင် မင်း ကိုမျှော်လင့်ချက်ထားရှိဆဲပါ..

တစ်ခဏတာမဟုတ်ပါဘူး .. ရင်ဘတ်ကြီးနဲ့ အပြည့်ခံစားပြီး မင်းကို သိပ်ချစ်ပါတယ်..

မင်းနဲ့တွေ့မှ နှလုံးသားအချစ်စိတ် ရုတ်တရက်ထခုန်တာဆိုပေမဲ့ တစ်ချိန်တစ်ခါက
အချစ်ဆိုတာ ၀ါးတားတားလေး တွေ့ဖူးခဲ့ပါတယ်..

ရင်ခတ်သံများ ၃

မှောင်မည်းနေတဲ့ ညမှာ ကြယ်လေးတွေ တိမ်တွေအောက်မှာ ပုန်းနေလေရဲ့
မြင်နိုင်ခွင့်တွေရချင်တဲ့ကိုယ့်မှာတော့ အိပ်ပျက်ညတွေနဲ့သာ ကုန်လွန်စေခဲ့ပါပြီ ..


မင်း စကားသံတွေရပ်သွားတဲ့အခါ ဘေးနားမှာ ငြိမ်ငြိမ်လေး ရှိနေပေးပါ..

ရင်ခုန်သံရဲ့အတိမ်အနက်ကို အိပ်မက်လို မက်နေပြီလား မိန်းကလေးရေ..

ရင်ခတ်သံများ ၂

အိပ်မက်လေးတွေမက်တိုင်း မက်တဲ့အိပ်မက်လေးတွေ
လန့်နိုးပြီးပျောက်ကွယ်သွားမှာစိုးရိမ်မိတယ်..

အိပ်မက်မဟုတ်တော့မေ့ရခက်တယ်..
အာရုံမှာစွဲနေတာတွေကို အတွေးတွေနဲ့ပဲ ကျေနပ်နေရပြီ ကောင်မလေး .. ရေ..
ဒီဘ၀မှာ မင်းနဲ့ဆုံဆည်းခွင့်မရှိတော့ပေမဲ့လည်း မင်းစိတ်အစဉ်ထဲမှာ ငါ့ကိုတော့ ရှိနေပေးပါ..


ရင်ခတ်သံများ ၁

  • ခံစားတတ်သူတိုင်း မလွမ်းပါဘူး ... လွမ်းတတ်တဲ့ငါသာ ခံစားနေရတာပါ
  • ကောင်မလေး ...ရေ 'မင်း'နဲ့တွေ့ချင်လို့စောင့်နေရတဲ့ ငါ့အဖြစ်ဟာလေ
  • ညတစ်ညကိုဖြည့်စွမ်းပေးတဲ့ ကြယ်စင်လိုပါပဲ အချိန်တန်လို့ပျောက်ကွယ်သွားပြီး
  • နောက်တစ်ရက်မှာပေါ်လာဖို့အရေးကို မျှော်တွေးစောင့်နေမိပါတယ်

လခြမ်း

လွှင့်ချက်မပါ ချစ်လျက်မနေ

ကောင်မလေးရေ.....

တိမ်ဖုံးခြင်းနဲ့ အလင်းရောင်ကို

ရရှိခဲ့တဲ့ ငါ့ရဲ့အဖြစ်

လမင်းအလင်း အပြည့်အဝ

မထွန်းလင်းတာ သိခဲ့ပါပြီ

ဆုံတွေ့ချိန်တွေ ပြန်တွေးရင်းက

အက်ဆစ်ပြင်းပြင်း လောင်းခံရတာမျိုး

တဆစ်ဆစ်နဲ့ နာကျင်ပါပြီ...။

'လ'ဆမ်းမှ

မှောင်မည်းနေတဲ့ ညကမ္ဘာရယ်
တိတ်ဆိတ်ခြင်းနဲ့ ဆိတ်သုဉ်းပြီလား
ဝေေ၀၀ါးဝါး အမြင်တွေကြား
ဖြာထွက်အလင်း ဆမ်းချက်ပြင်းမှ
အရှိတိုင်းကို တွေ့လျှက်နေမှာ

လွမ်းခရီးသည်

မတွေ့ရတာ ကာလကြာပြီ
ဘယ်မှာသူရှိ မသိနိုင်ဘူး
ငေးငိုင်ငူငေး အဆွေအဖေါ်
အပျော်ဆိုတာ ဘာခေါ်တာလဲ
ရင်ထဲမသိ အဘိမာန်တွေ
လှန်ရှာဖွေလည်း လက်တွေညောင်းရုံ
မျက်စိမှုန်ရုံ စိတ်သာကုန်ရော
မတွေ့ရလျှင် မရွှင်ပြတဲ့
ရင်မှာဓလေ့ မပျော်မွေ့နိုင်
တ၀သောက တွက်ရေပြလျှင်
လက်တွေကညောင်း မျက်ရည်စက်ပေါင်း
ချောင်းလေးလိုစီး လွမ်းခရီးသည်
သူ မကယ်လျှင် အပူနယ်မှာ
နေ၀င်ချုပ်ငြိမ်း တစ်ဇတ်သိမ်းမည်
မတွေ့ရလျှင် သူလေလိုပဲ
စိမ်းပြီးနေမယ် စိတ်ထဲရွယ်လည်း
ရွယ်ရုံသာရှိ ပြန်ကြည့်သူ့စာ
လွမ်းလိုက်တာတွေ ဝေးလေဝေးလေ
ပိုချစ်နေမယ်...။


(လွန်ခဲ့သော ၁၄ နှစ်ခန့်က လမ်းလျှောက်ရင်းစာရွက်ခေါက်လေးတွေ့ရှိရာမှဖတ်ကြည့်မိရင်း
အဓိပ္ပါယ် သေချာမသိပေမဲ့ ကဗျာတစ်ပုဒ်မှန်းသိပြီး မှတ်မှတ်ရရသိမ်းထားရင်းမှ ခုချိန်ခါမှ
ဆန္ဒပြင်းပြလွန်းလို့ တင်လိုက်ရတာပါ)

ဖန်သာပြင်မှာဈေးဝယ်သူ

အမြင်မတော်

လူတွင်ဂေါ်လို့

Screen မှာပေါ်

Shopping သွားသလို

အချစ်တုတွေ

သုံးရက်လေအား...။

ငြိမ်

လွင့်ခြင်းအတွေး ဟိုအဝေးထိ

လိုက်ပါမျောလို့ နေချင်ပါတယ်

ငြိမ်သက်ခြင်းစိတ် မနှိုးဆွနဲ့

ငါတစ်ယောက်ထဲ နေ, နေပါရစေ...။

ချစ် ယှဉ် မုန်း

ချစ်ခြင်းအပြုံး

ယှဉ်ပြီးပြုံးလည်း

ဘ၀င်နှလုံး

မရွှင်ဆုံးမို့

သည်းလွှာပျိုလည်း

မကြင်မုန်းလို့

ဖယ်ခွာရက်ပြီ...။

ရှက်သွေးရောင်ပြေး အာရုံလေး

အမြင်အာရုံ အမျှင်စုံနဲ့

ကာလာရှက်သွေး အရောင်ပြေးမို့

ဖြန့်ကာထားတဲ့ ၀တ်ရုံလွှာကို

စုစည်းမှုနဲ့ သိမ်းထားလိုက်ပါ...။

စိတ်ကူး

အနာဂတ်အရေး

ကြံစည်ကာတွေးလို့

ကြိုးစားကာနေ

တမ်းတမျှော်ပြီး

မှန်းဆပြောလို့

ကြင်နာသူ ကြားသိပါစေ

အတူတူနေချင်ပြီလို့...။

နားမလည်တဲ့ အမြင်

ငါ့အတ္တ ငါ့မာန်မာနနဲ့
ငါ့အကျင့်တွေ ခ၀ါချပြီး
မင်းဆီလှမ်းလို့ လာခဲ့ပါပြီ
သို့ပေမဲ့လည်း
မင်းဘက်က မာန်တွေတင်း
အမြင်တွေစောင်းပြီး
အထင်တွေလွဲနေမှတော့
ငါ့လုပ်ရပ်က
ဖြူစင်မှုပကတိ မရောက်ရှိပဲ
အမှောင်လောက တိမ်ဖုံးရာသို့
ဆိုက်ရောက်ရပြီ
မင်းထံပို့ဆက် စကားတွေလည်း
လေလှိုင်းဖုန်းမှ
မင်းနားစည်သို့ရောက်လည်း
အတွင်တွင်ခါခါ နားမလည်မှတော့
ငါ့ခံစားချက်
ငါ့အချစ်များလည်း
မင်းသိပေမဲ့
လေလှိုင်းမှာတင် ပျောက်ကွယ်ခဲ့ပြီ..။


မသိခြင်း

နေ၀င်ညနေ တိမ်အလှနှင့်
အလင်းတစ်ခွင် မှောင်မိုက်ချိန်မှာ
ဆုံခဲ့ရတဲ့ 'မျက်ဝန်းရှင်' ...ရေ
ညှို့အားပြင်းတဲ့ ဆွဲချက်အောက်မှာ
စတင်မိတယ် 'အချစ်' ဆိုတာ
နေ့ရက်တွေတိုင်း 'မင်း'နောက်လိုက်တဲ့
ငါ့...ခြေလှမ်းများ
တစ်လှမ်းပြီးတစ်လှမ်း
တိုးတိုးလျှောက်လည်း ရှေ့သို့မရောက်
တုံ့ဆိုင်းနေရ ငါ့...ဘ၀မို့
မျိုသိပ်ကြိတ်မှိတ်
တိတ်တိတ်နေလည်း
စွဲလမ်းချစ်စိတ်
ဖြေသိမ့်မရတော့
မေးမိပါတယ်
'မင်း' ပြောတဲ့စကား
" မသိဘူး " တဲ့...။

အို ... မျက်ဝန်း

သိပ်ချစ်ရတဲ့ ကလေးငယ်ရေ...

မင်းအခုတော့ ထွက်သွားပြီပေါ့

လျှောက်ခဲ့ဖူးတဲ့ လမ်းတွေတိုင်းလည်း

အဓိပ္ပါယ်မဲ့ အိုဟောင်းခဲ့ပြီ...

ဆောင်းရာသီရဲ့ လေညှင်းလေးမို့

အေးနေပေမဲ့ ငါ့ခန္ဓာမှာ

ချစ်တဲ့စိတ်ကြောင့် ပူလောင်လွန်းပြီး

င့ါမျက်ဝန်းလည်းေ၀၀ါးခဲ့ပြီ...။

အရှုံး ... အချစ်စစ်

အရှုံးတွေနဲ့

ငါ့အဖြစ်ကို

စာနာတတ်ရင်

သနားဖို့မလို

အချစ်စစ်သာ လိုသည်...။

အလွမ်းတိုးတဲ့ ငယ်ချစ်

ပြာလဲ့ကောင်းကင် နောက်ခံရှိလို့

လင်းလက်ကြယ်စင် ဖြန့်ကာထားပြီး


လွင့်မျောတိမ်စိုင် တစ်ရွေ့ရွေ့နဲ့


တိုက်ခတ်လေညှင်း အေးမြခြင်းမို့


လွမ်းရမိပြီ ငယ်ချစ်ဟောင်းဆီ...။

စိတ်အလို

အချစ်သစ်တွေ တစ်ပုံတစ်ပင်နဲ့

အချစ်စစ်မှာ နှိုင်းစရာမဲ့လို့

အပြစ်မဖွဲ့သာ ကံကြမ္မာကိုက

ယှဉ်တွေးစရာ ခံစားတစ်အောင်

လုပ်ရက်လေသလား...။


လွင့်

ချစ်စရာအရေးနဲ့

ဖွင့်ကာပေးလည်း

စွန့်ခွာပြေးလို့

လွင့်စရာအတွေးနဲ့

မျောနေမိပြီ...။

စိတ်ကူးယဉ်ခြင်း၏ အခြားတစ်ဖက်

စိတ်ကူးယဉ်ခြင်း ရူးသွပ်ခြင်းကြောင့်
အတွေးမှာတင် ပျော်ခဲ့သော်လည်း
တကယ့်လက်တွေ့ ပီပြင်ဘ၀တွင်
စိတ်ကူးယဉ်မှု လက်တွေ့သရုပ်နှင့်
ကွာဟခြားနား လားလားမှမတူ
လူ့ဘ၀မို့ ယဉ်သည့်အတွေး
ဖြတ်တောက်ခဲ့ပါ ဒီမျှသာမို့...။


စိတ်ကူးယဉ်မှု

တောက်ပခြင်းတွေ
ပေးလှည့်ပါ နေမင်းလေးရေ...
မင်းရဲ့ အနွေးဓါတ်လေးတွေနဲ့အတူ

ထွန်းလင်းခွင့်တွေ
ပေးလှည့်ပါ လမင်းလေးရေ...
မင်းရဲ့ အအေးဓါတ်လေးတွေနဲ့အတူ

သက်ဆင်းခြင်းတွေ
ပေးလှည့်ပါ မိုးမင်းလေးရေ...
မင်းရဲ့ မိုးစက်လေးတွေနဲ့အတူ

ကလေးငယ်ကို
ပြောပေးပါ တိမ်တိုက်လေးရေ...
ငါသိပ်ချစ်တဲ့ အကြောင်းတွေကို

လန်းဆန်းခြင်းနဲ့
ယူဆောင်ပေးပါ လေပြည်လေးရေ...
မြတ်နိုးရတဲ့ ချစ်သူ့ရနံ့တွေကို ။

ချစ်ငမိုက်

စက္ကန့်တွေတိုင်း နေ့ရက်တိုင်းမှာ
အထီးကျန်ခြင်း ခံစားချက်ကို
ရင်ဝယ်ထွေးပိုက် ချစ်ငမိုက်ဖြစ်
အဆိပ်တက်လို့ ခံစားရပြီ
နေ့ရက်တွေဆီ...။

ကမ္ဗည်း

ငါ...
ယုံကြည်ခဲ့တယ် ဆုံဆည်းမယ်လို့
တောက်ပခြင်းနဲ့ စိန်တစ်ပွင့်လို
မိုးစက်တွေနဲ့ အေးစေခဲ့တယ်
မှောင်မိုက်နေချိန် ထွန်းညှိအလင်း
သန့်ရှင်းခြင်းနဲ့ ရရှိခဲ့တဲ့
မင်းရဲ့အချစ် တန်ဖိုးထားရင်း
ကမ္ဗည်းတင်ပြီ နှလုံးသားထက်ဆီ...။

ဒွန်တွဲ

လူသူမရောက် လမ်းကပျောက်တဲ့
တစ်နေရာက ကန်နံဘေးလေး
ချုံနွယ်ပိတ်ပေါင်း ထူကာထပ်လဲ
စွန့်စားဝံ့ကာ နှစ်ကိုယ်သွားရင်း
ထိုင်ကာမျှီနွဲ့ ပြောခဲ့ကြတဲ့
ရင်တွင်းစကား တိုင်ပင်ရင်းက
ပြာလဲ့ရေပြင် ငေးကာကြည့်လို့
ထွေးဖက်ထားရင်း ပျော်ခဲ့ရတယ်
ညနေစောင်းလို့ အိမ်ပြန်ရချိန်
မခွဲချင်တဲ့ ဆန္ဒစိတ်ကြောင့်
မျက်ဝန်းနက်မှ ခိုတွဲမျက်ရည်
ဝဲကာနေလည်း ပြန်ရမှာမို့
နှုတ်ဆက်အနမ်း လှိုက်ကာရှိုက်လို့
ခြွေဆက်ခဲ့ပြီ နှုတ်ခမ်းဖျားဆီ...။


(ကန်ရေပြင်ရဲ့တစ်ချိန်က မိတ္ထီလာ)

တွေးမျှော်ငေးကြည့်

ထိုင်နေစဉ်ခဏ
မျက်ဝန်းမှဆီ
မျှော်ကာငေးရင်း
ဆွေးနေရမလား
တွေးကာကြည့်ရင်း
ချစ်ရပါ့မလား
တွေးရင်းငေးရင်း
မျှော်ကာကြည့်ရင်း
ကြည့်ဖန်များလာ
အတွေးထဲမှာ
ချစ်တဲ့စိတ်က ပိုလို့လာသည်
မျှော်လင့်တဲ့စိတ်
ကြိမ်ဖန်များလာ
ငေးမောဘဝ
လွတ်မြောက်ရပြီ
သို့ပေမဲ့လည်း
တွေးကာ မျှော်ကာ
ကြည့်ရင်း ငေးရင်းနဲ့ပဲ
မသေချာတဲ့ ဝေးနေမှုကို
ကြုံခဲ့ရပြီ...

ဆုံ.....ထွက်မှတ်တိုင်

မှတ်တိုင်နေရာ ရပ်ကာနေလို့
ကားလာမဲ့ချိန် မျှော်နေရင်းက
မျက်စိတစ်မှိတ် လျှပ်တစ်ပြက်မှာ
ဖိုင်တွဲလေးကိုင် ယဉ်ယဉ်လေးလှမ်း
လေပြည်အသိမ်း ဆံနွယ်အယိမ်းမှာ
အလှပကေး မူရာလေးမို့
လူတကာအငေး ၀င်ကာငေးရင်း
မြင်တွင်းအကြည့် စွဲကာမိလို့
ကြည်နူးမဆုံး ပီတိနှလုံး
ရှိစဉ်မှာပင် ကားပေါ်တက်လှမ်း
ထွက်ခွာအလွမ်းနဲ့ ငေးကျန်ရစ်ပြီ
ငါ့အတွေးစဉ်ထဲ အမြဲတမ်းပဲ
သတိရတဲ့ ဆံနွယ်ရှင်ရေ...
တွေ့ချင်ဇောနဲ့ နေ့စဉ်နေ့တိုင်း
စောင့်လို့ကြည့်ရင်း တွေ့ဖန်များလာ
မှတ်ဥာဏ်အလွှာ ရင်းနှီးခဲ့ပြီ
မင်းရဲ့အကြည့်နဲ့ ဆုံကာမိတဲ့
ခဏတာမှာ မျက်ဝန်းစိုနဲ့
ယှဉ်ကာပြုံးလို့ ဝှေ့ယမ်းလက်သွယ်
ယှက်ပြရင်းက ထွက်ခွာပြန်ပြီ
မှတ်တိုင်မှဆီ.....။