အာရုံများစွာကြားမှ မိုးအတွေး

မိုးရွာနေတယ် ... ချစ်သူ
ကောင်းကင်တစ်ခွင်လုံး မှိုင်းညှို့အုံ့ဆိုင်းပြီး
သွန်းခြင်းအဖြစ်နဲ့ မိုးစက်တွေကြွေ
ငါလျှောက်ရာလမ်းမတစ်လျှောက် ဆက်လျှောက်နေရင်း
ငါ့အတွေးတစ်ချက်, တစ်ချက်ကလေးမလပ်အောင်
တွေးတောနေမိတဲ့ သူ့အကြောင်းကိုလေ ...

မိုးစက်တွေအဖြိုင်ဖြိုင်နဲ့ ရက်တွေဆက်
လွမ်းစိတ်တွေကို ထပ်တိုးရစ်နေခဲ့တာ
သူတစ်ယောက်အတွက် လွမ်းမောဖွယ်ရာတွေကို ...

ဘေးဝဲယာ မကြည့်နိုင်အောင်ပဲ
မျက်နှာမူရာ တစိုက်မတ်မတ်လျှောက်ရင်း
လေယူရာတိမ်း မိုးစက်တွေဖြန်းပက်ကြတာ
ငါ့တစ်ကိုယ်လုံး စိုရွဲရောပေါ့ ...


မိုးမင်းကပဲ မညှာလေသလား
လေပြည်ကပဲ အညှိုးနဲ့ပြင်းနေသလား
ထိုထိုအတွေးကြားက ချစ်သူ့အနမ်းတစ်ချက်နဲ့
သူ့ရုပ်လွှာကို သတိရနေမိတာ ...

ပါးပြင်ထက် အငွေ့အသက်က
နှလုံးသားထဲ စီးမျောရင်း
တရွေ့ရွေ့နဲ့ ဖြတ်သန်းလာလိုက်တာ
ချမ်းစိမ့်မှုတွေပြေပျောက်
လမ်းအချိုးအရောက်မှာ သူ့အရိပ်ယောင်လားပဲ ...

ညအမှောင်ထုရဲ့ ရောင်စုံမီးတွေကြားမှာ
တစ်ကိုယ်ထဲ လွင့်မျောရင်း
မလုံ့တလုံထီးတစ်ချောင်းနဲ့
စိတ်အာရုံများစွာထဲမှ မင်းအကြောင်းတွေကို
မနားတမ်းတွေးနေရင်း မိုးစက်တွေနဲ့အတူ
တစ်လမ်းဝင် တစ်လမ်းထွက်နှင့်
အခန်းဆက်တွေ သရုပ်ဆောင်နေရသလိုပဲ ...

ချမ်းစိမ့်နေတာလား
နွေးထွေးနေတာလား
သေချာတဲ့ သရုပ်ကတော့ စိုစွတ်ဆဲပေမယ့်
အနွေးဓါတ်တွေ ဖြန့်ကြတ်နေတယ် ...

အေးစက်စက် လက်တွေနဲ့
ငါ့ပါးပြင်ကို တယုတယစမ်းနေမိတယ်
ပါးချိုင့်လေးအဖြစ် တည်ရှိနေသလားလို့ ...

လျှပ်စီးတစ်ချက်အောက် မှင်သက်မိတဲ့အခါ
ထီးတစ်လက်အောက်က .. ငါ
ဆက်လျှောက်ရင်းပါ ..
ဦးတည်ရာအတွက် ....

တစ်ချက်တစ်ချက် လေပြည်အဝေ့မှာ
ပါးပြင်ထက် မိုးစက်တွေ ခုန်ဆင်းလာတာ
ချစ်သူ့အနမ်းတစ်ပွင့်ကိုများ
ခိုးယူလေမလား ...

အံကြိတ်လို့ ခါရမ်း
ပါးပြင်ထက် အနမ်းတစ်ပွင့်တော့
လွင့်ပါမသွားအောင် ..
ငါ .. တောင်းဆုပြုနေတယ် ...

အထက်နဲ့အောက် မိုးရေတွေကြားမှ
ဖြတ်လျှောက်နေတဲ့ ခြေလှမ်းနှင့်အတူ
မိုးကိုပဲ တမ်းတသလား
မိုးကိုပဲ မုန်းနေသလား
သေချာခြင်း တစ်ခုကတော့
မိုးရေတွေကြားမှာပဲ ချစ်သူကို
တမ်းတလို့ ချစ်နေတယ် ...

မိုးရနံ့တွေကြားမှာပဲ သူ့ကိုယ်ငွေ့ရနံ့လေးကို
အခါခါရှုရှိုက် မူးမိုက်နေတာ
မင်းသိနိုင်မလား ချစ်သူ ...

မိုးကိုမနှစ်သက်ပေမယ့်
မိုးစက်တွေအောက် ထီးတစ်လက်နှင့်
အတူရှိချိန်လေးမှာ..
ထွေးဖက်ခွင့်ရတဲ့ တဒင်္ဂလေးမို့
မိုးနှင့်အတူ မင်းကိုသိပ်ချစ်မိတယ် ...

ပြတင်းမှန်တွေကို မိုးစက်တွေလာအရိုက်
ခိုကာတွဲလို့ စီးမျောသွာတာငေးနေရင်းမှ
ရုတ်တရက် ငါ့လက်တစ်စုံက
တံခါးမှန်ကို တွန်းဖွင့်လို့
ပါးထိုးအပ်လိုက်တယ် ..
အနမ်းတစ်ပွင့် လှမ်းလင့်ခြွေမလားပဲ ...

အနမ်းပေါင်းများစွာ ပါးပြင်ထက်
အထပ်ထပ် ပုံအပ်သွားတယ် ..
တစ်ကယ်လား
ရူးသွပ်မှုလား
ရူးသွပ်ခြင်းကြားက တစ်ကယ်ဖြစ်တဲ့
မိုးစက်တွေရဲ့ အနမ်းပေါင်းများစွာ ...

အနမ်းများစွာအတွက် သက်ဆင်းခုန်ပေါက်နေတဲ့မိုးစက်တွေ
ငေးမောလို့ တွေဝေနေရင်း
အခန်းငယ်တစ်ခုလုံး မိုးငွေ့တွေနဲ့အတူ
သူတို့ နေရာအပြည့်ယူကျလေပြီ ...

အိပ်စက်ဖို့ဘုံပျောက်
အနမ်းတစ်ချက်နောက်ပဲ ဆက်လိုက်ရမလား
သူ့အနမ်းတစ်ချက် မှန်းဆင့်ကာပဲခြွေမလား
မျက်လုံးစုံမှိတ် အိပ်ဆေးတွေသောက်မလား
တွေဝေရင်း တွေဝေရင်း ..
'......' အသံတစ်ချက်
ရုတ်တရက်ဆိုသလို ..
ငါ.. တုန်ရင်သွားတယ် ....

အတွေးစတွေ ပျက်ပြယ်သွားရင်း
ကောင်ကင်ပြင် မော့အကြည့်
အိုး ... မိုးစက်တွေကွယ်ပျောက်
မနက်အချိန်ရောက်တာ
မသိလိုက်ခြင်းရဲ့ မြင်တွေ့ချင်းအချိန်ကြားကပေါ့ ...။

သူရူးစိတ်

ဆေးသားတစ်စက်မှ မကျန်အောင်
အရောင်ပြယ်လွင့်ခဲ့တဲ့ အိပ်မက်အကြောင်း
ငါ ... တစေ့တစောင်းနဲ့ လေ့လာမိနေဆဲ ...

ရေပြင်အပေါ် ဖြတ်တိုက်သွားတဲ့
လေပြည်ထုရဲ့ အားမာန်အပြုကြောင့်
ဝဲဂယက်ကြားမှာ စုန်းစုန်းမြုတ်ရမဲ့အဖြစ်တစ်ခုနဲ့
ငါ ... ရုန်းထွက်ဖို့ ခွန်အားမဲ့နေခဲ့တယ် ...

တစ်ကယ့်လက်တွေ့မှာ ငါ့အတွက်ကြမ္မာက
အကွက်ငယ်အတွင်းမှာ ရွက်ဖျင်ထိုးသလိုပဲ ..
အချိန်တန်ရင် ဖြစ်တည်ရာမှာ
အနှစ်ချီမပါတတ်သလို ..
အစသက်သက်မှာပဲ အဆုံးသတ်ကပေါ်လာတတ်တာ
ပွဲအစရဲ့ လှမ်းတပြစာထင်ပါရဲ့ ...

အဆိပ်ဆူးရယ် ..
သုတ်လိမ်းသူ သူ့အတွက်
တစ်ခါတစ်ရံမှ အဆိပ်သင့်တတ်ပေမယ့်
စိုက်ဝင်သူ အဖို့တော့
အဆိပ့်ရဲ့ရလဒ်တွေကို ခံစားရရင်း
တစ်နေကွယ်ပျောက်လို့
ခွေခေါက်ခဲ့တာ မင်းအသိနဲ့
မျော့စင်းထိနေပြီ ...

ငါ ... မလွမ်းပါဘူး
ငါ ... မဆန်းပါဘူး
ဒီလိုနဲ့ပဲ ဆန်းပြားတဲ့အဖြစ်တွေနဲ့
အလွမ်းရိုးကိုလည်း ..
ငါ .. ကျော်ဖြတ်နေရပြီ ...

အချင်းမိုင်မရှိတဲ့ အကွာအဝေးတစ်ခုအတွက်
နှိုင်းပြစရာမရှိ တိုင်းတာစရာမရှိနဲ့
လက်မှိုင်ကျနေတဲ့ ငါ့အသွေးအသားပေါ်ထွန်းမှု
ဒီအရေးအသားတွေကြား ..
ဗျာများခဲ့ရတာလည်း ကြာပါပြီ ...

အိပ်မက်တွေကို အကောင်ထည်ဖေါ်ရင်း
ဟိုးအဝေးက ..
ဥသြသံမပြုတဲ့ ရထားတစ်စင်း
ရိပ်ခနဲနဲ့ သိမ့်ကနဲဖြစ်သွားအောင်
ခုတ်မောင်းအသွား ..
ငါ့ရဲ့ .. စိတ်ကူးသရုပ်တွေလည်း
သူနှင့်အတူ လိုက်ပါစီးမျောရင်း
မှုန်ပြပြနဲ့ မှေးမှိန်ပျောက်ကွယ်ခဲ့ပြီ ...

ရင်ခုန်သံကျူးရင့် ..
နှလုံးသားတွေ တဆတ်ဆတ်နာကျင်ရင်း
မနာနိုင်တဲ့ ဒီအသည်းမှာ
တစ်ခါပြန်ပြီး မရနိုင်တာသိပေမယ့်
ဝေးခွင့်မရချင်တဲ့ စိတ်တွေက
အကြိမ်ကြိမ် နှိုးစက်သံပေးနေတယ် ...

လတ်ဆတ်ဆဲ အတိတ်နေ့ရက်တစ်ချို့ဟာ
အမှတ်ရဆဲ င့ါအသိတွေကြားမှာ
အလွမ်းမျက်နှာစာနဲ့ ဥပေက္ခာမူကို
လက်ဝယ်ပိုင်ဆိုင်မိနေသလား ...

စိတ္တဇလည်း .. မဆန်ပါဘူး
အိပ်မက်တွေလည်း .. မပျက်သုဉ်းဘူး
သို့ပေမယ့်လည်း ..
အလျင်းသင့်စွာနဲ့ပဲ အိပ်မက်တွေပျက်သုဉ်း
တစ်နေ့တာ ကုန်ဆုံးလို့
အို ... ပြောမဆုံးနိုင်တဲ့
စိတ္တဇဆန်အဖြစ်တွေ ..

ငါ .. မသိဘူး
ငါ .. မကြည့်ဘူး
ဒါပေမယ့် မင်းအကြည့်တွေအောက်မှာပဲ
င့ါရဲ့ မသိခြင်းတွေက
လိမ်ညာမှုအဖြစ် သရုပ်ပေါ်ခဲ့ရပြီ ...

မိုးစင်စင် မလင်းသေးဘူး
ညသန်းခေါင်လည်း မရောက်သေးဘူး
သို့ပေမယ့် ..
သန်းခေါင်ယံအောက်မှာပဲ
မိုးစင်စင်လင်းခဲ့တာ ကိုယ့်အတွေးကြားကပဲ
မင်းကြောင့်လို့ ထင်ပါရဲ့ ...

လွန့်လူးစွာနဲ့ အခြေမတည်နိုင်တဲ့
ဘ၀ကြားမှာပဲ ..
တစ်နေ့တာတွေကုန်ဆုံး
မနက်ခင်းစရဲ့ အာရုဏ်ဦးကို
မျှော်တွေးပြီး သူရူးစိတ်တွေနဲ့
ဘုံနန်းတစ်ခုကို ခြေတစ်လှမ်းနဲ့
ငါ .. ဆက်လျှောက်နေဆဲ ...