အာရုံများစွာကြားမှ မိုးအတွေး

မိုးရွာနေတယ် ... ချစ်သူ
ကောင်းကင်တစ်ခွင်လုံး မှိုင်းညှို့အုံ့ဆိုင်းပြီး
သွန်းခြင်းအဖြစ်နဲ့ မိုးစက်တွေကြွေ
ငါလျှောက်ရာလမ်းမတစ်လျှောက် ဆက်လျှောက်နေရင်း
ငါ့အတွေးတစ်ချက်, တစ်ချက်ကလေးမလပ်အောင်
တွေးတောနေမိတဲ့ သူ့အကြောင်းကိုလေ ...

မိုးစက်တွေအဖြိုင်ဖြိုင်နဲ့ ရက်တွေဆက်
လွမ်းစိတ်တွေကို ထပ်တိုးရစ်နေခဲ့တာ
သူတစ်ယောက်အတွက် လွမ်းမောဖွယ်ရာတွေကို ...

ဘေးဝဲယာ မကြည့်နိုင်အောင်ပဲ
မျက်နှာမူရာ တစိုက်မတ်မတ်လျှောက်ရင်း
လေယူရာတိမ်း မိုးစက်တွေဖြန်းပက်ကြတာ
ငါ့တစ်ကိုယ်လုံး စိုရွဲရောပေါ့ ...


မိုးမင်းကပဲ မညှာလေသလား
လေပြည်ကပဲ အညှိုးနဲ့ပြင်းနေသလား
ထိုထိုအတွေးကြားက ချစ်သူ့အနမ်းတစ်ချက်နဲ့
သူ့ရုပ်လွှာကို သတိရနေမိတာ ...

ပါးပြင်ထက် အငွေ့အသက်က
နှလုံးသားထဲ စီးမျောရင်း
တရွေ့ရွေ့နဲ့ ဖြတ်သန်းလာလိုက်တာ
ချမ်းစိမ့်မှုတွေပြေပျောက်
လမ်းအချိုးအရောက်မှာ သူ့အရိပ်ယောင်လားပဲ ...

ညအမှောင်ထုရဲ့ ရောင်စုံမီးတွေကြားမှာ
တစ်ကိုယ်ထဲ လွင့်မျောရင်း
မလုံ့တလုံထီးတစ်ချောင်းနဲ့
စိတ်အာရုံများစွာထဲမှ မင်းအကြောင်းတွေကို
မနားတမ်းတွေးနေရင်း မိုးစက်တွေနဲ့အတူ
တစ်လမ်းဝင် တစ်လမ်းထွက်နှင့်
အခန်းဆက်တွေ သရုပ်ဆောင်နေရသလိုပဲ ...

ချမ်းစိမ့်နေတာလား
နွေးထွေးနေတာလား
သေချာတဲ့ သရုပ်ကတော့ စိုစွတ်ဆဲပေမယ့်
အနွေးဓါတ်တွေ ဖြန့်ကြတ်နေတယ် ...

အေးစက်စက် လက်တွေနဲ့
ငါ့ပါးပြင်ကို တယုတယစမ်းနေမိတယ်
ပါးချိုင့်လေးအဖြစ် တည်ရှိနေသလားလို့ ...

လျှပ်စီးတစ်ချက်အောက် မှင်သက်မိတဲ့အခါ
ထီးတစ်လက်အောက်က .. ငါ
ဆက်လျှောက်ရင်းပါ ..
ဦးတည်ရာအတွက် ....

တစ်ချက်တစ်ချက် လေပြည်အဝေ့မှာ
ပါးပြင်ထက် မိုးစက်တွေ ခုန်ဆင်းလာတာ
ချစ်သူ့အနမ်းတစ်ပွင့်ကိုများ
ခိုးယူလေမလား ...

အံကြိတ်လို့ ခါရမ်း
ပါးပြင်ထက် အနမ်းတစ်ပွင့်တော့
လွင့်ပါမသွားအောင် ..
ငါ .. တောင်းဆုပြုနေတယ် ...

အထက်နဲ့အောက် မိုးရေတွေကြားမှ
ဖြတ်လျှောက်နေတဲ့ ခြေလှမ်းနှင့်အတူ
မိုးကိုပဲ တမ်းတသလား
မိုးကိုပဲ မုန်းနေသလား
သေချာခြင်း တစ်ခုကတော့
မိုးရေတွေကြားမှာပဲ ချစ်သူကို
တမ်းတလို့ ချစ်နေတယ် ...

မိုးရနံ့တွေကြားမှာပဲ သူ့ကိုယ်ငွေ့ရနံ့လေးကို
အခါခါရှုရှိုက် မူးမိုက်နေတာ
မင်းသိနိုင်မလား ချစ်သူ ...

မိုးကိုမနှစ်သက်ပေမယ့်
မိုးစက်တွေအောက် ထီးတစ်လက်နှင့်
အတူရှိချိန်လေးမှာ..
ထွေးဖက်ခွင့်ရတဲ့ တဒင်္ဂလေးမို့
မိုးနှင့်အတူ မင်းကိုသိပ်ချစ်မိတယ် ...

ပြတင်းမှန်တွေကို မိုးစက်တွေလာအရိုက်
ခိုကာတွဲလို့ စီးမျောသွာတာငေးနေရင်းမှ
ရုတ်တရက် ငါ့လက်တစ်စုံက
တံခါးမှန်ကို တွန်းဖွင့်လို့
ပါးထိုးအပ်လိုက်တယ် ..
အနမ်းတစ်ပွင့် လှမ်းလင့်ခြွေမလားပဲ ...

အနမ်းပေါင်းများစွာ ပါးပြင်ထက်
အထပ်ထပ် ပုံအပ်သွားတယ် ..
တစ်ကယ်လား
ရူးသွပ်မှုလား
ရူးသွပ်ခြင်းကြားက တစ်ကယ်ဖြစ်တဲ့
မိုးစက်တွေရဲ့ အနမ်းပေါင်းများစွာ ...

အနမ်းများစွာအတွက် သက်ဆင်းခုန်ပေါက်နေတဲ့မိုးစက်တွေ
ငေးမောလို့ တွေဝေနေရင်း
အခန်းငယ်တစ်ခုလုံး မိုးငွေ့တွေနဲ့အတူ
သူတို့ နေရာအပြည့်ယူကျလေပြီ ...

အိပ်စက်ဖို့ဘုံပျောက်
အနမ်းတစ်ချက်နောက်ပဲ ဆက်လိုက်ရမလား
သူ့အနမ်းတစ်ချက် မှန်းဆင့်ကာပဲခြွေမလား
မျက်လုံးစုံမှိတ် အိပ်ဆေးတွေသောက်မလား
တွေဝေရင်း တွေဝေရင်း ..
'......' အသံတစ်ချက်
ရုတ်တရက်ဆိုသလို ..
ငါ.. တုန်ရင်သွားတယ် ....

အတွေးစတွေ ပျက်ပြယ်သွားရင်း
ကောင်ကင်ပြင် မော့အကြည့်
အိုး ... မိုးစက်တွေကွယ်ပျောက်
မနက်အချိန်ရောက်တာ
မသိလိုက်ခြင်းရဲ့ မြင်တွေ့ချင်းအချိန်ကြားကပေါ့ ...။

12 comments:

Unknown said...

ချမ်းစိမ့်နေတာလား
နွေးထွေးနေတာလား
သေချာတဲ့ သရုပ်ကတော့ စိုစွတ်ဆဲပေမယ့်
အနွေးဓါတ်တွေ ဖြန့်ကြတ်နေတယ် ...

အိပ်မက်ဆန်တဲ့ကဗျာလေးပဲ....

အတွေးတွေက ရီရီဝေေ၀...
စကားလုံးလေးတွေ လှတယ်...
နည်းနည်းလေးပိုကျစ်လစ်ရင်ပိုလှသွားဦးမှာ..

ခင်ခင်မင်မင်
အိန္ဒြာ

မြတ်သွယ် said...

-မိုးရနံ့တွေကြားမှာပဲ သူ့ကိုယ်ငွေ့ရနံ့လေးကို
အခါခါရှုရှိုက် မူးမိုက်နေတာ
မင်းသိနိုင်မလား ချစ်သူ ...-

လွမ်းလွမ်းဆွေးဆွေးလေးပဲ
ညီမလေးလဲ မို့ရနံ့ကိုချစ်တယ်

ကိုယ့်အကိုကြီး အလုပ်မအားတဲ့ကြား ကဗျာတွေရေးနိုင်တာလေးစားရင်း
ကျန်းမာစေကြောင်းပါးD

ကောင်းကင်ပြာ said...

ကောင်းလိုက်တဲ့ ကဗျာလေး ရုပ်ရုပ်ရေ၊ မိုးရေထဲ လမ်းလျှောက်ရင် တော့ သတိထားပါ ၊ သိပ်မတွေးနဲ့ ချော်လဲနေမယ်ဆရာ

su wai said...

ခံစားချက်တွေနဲ့ အရမ်းကောင်းတဲ့ ကဗျာရှည်ကြီးပဲ..
မိုးအေးအေးမှာ အတွေးတွေနဲ့ လွမ်းဆွေးနေတာကို အပီအပြင် ချယ်မှုန်းပြထားနိုင်တယ်။

တစ်ချက်တစ်ချက် လေပြည်အဝေ့မှာ
ပါးပြင်ထက် မိုးစက်တွေ ခုန်ဆင်းလာတာ
ချစ်သူ့အနမ်းတစ်ပွင့်ကိုများ
ခိုးယူလေမလား ...

နောက်ဆို မိုးရွာရင် မျက်နှာဖုံးစွပ်ထားနော်..အခိုးမခံရအောင် :P

မသက်ဇင် said...

အတွေးစတွေ ပျက်ပြယ်သွားရင်း
ကောင်ကင်ပြင် မော့အကြည့်
အိုး ... မိုးစက်တွေကွယ်ပျောက်
မနက်အချိန်ရောက်တာ
မသိလိုက်ခြင်းရဲ့ မြင်တွေ့ချင်းအချိန်ကြားကပေါ့ ...။

ကဗျာဆရာလေးရေ
ဖတ်သွားတယ်နော်
ခင်မင်လျက်

နေရီနွယ် said...

ကိုကြီးရေ သေချာဖတ်သွားတယ်နော် မနက်ကလည်း ရောက်မြန်လိုက်တာဗျာ

Unknown said...

အောက်ဆုံးအပိုဒ်က ကောင်းကင်ပြာမှာ (း )ကျန်ခဲ့တယ်
:) တို့တွေ့လိုက်ပါတယ်ကွယ်။

မိုးရေထဲ သိပ်မထွက်နဲ့ တော်ကြာ ဖူးစာရှင်နဲ့ မတွေ့ဘူး တုတ်ကွေးနဲ့ ညားနေဦးမယ်။ အဟဟ

comment တွေလိုက်ဖက်ရတာ
အတော်ရီရတယ်။ တစ်ယောက်တစ်မျိုးစီ ပေးခဲ့ကြတာများ မိုက်တယ်နော်။

လရိပ်ချို(nick name) said...

အကိုရော ကဗျာလာဖတ်တာပါ...။

ကဗျာလေးဖတ်ပီး ဘာဝေဖန်ရမလဲမသိဘူး...။
တစ်ခုခုတော့တစ်ခုခုပေါ့....။

လွမ်းနေသလားလို့ 

mgnge said...

ကဗျာလာဖတ်ပါတယ် အကို..ရေ
ချစ်သူလွမ်းနေတာလား..။ ကဗျာ လေး ကခံစားလို့ရပါတယ်.။။
ကဗျာအကြောင်းတော့ မဝေဖန်တော့ဘူးနော်...။

ကိုတိုး said...

အကိုရေ ကဗျာလေးကတော့အလန်းလေးပဲနော်။ ကဗျာဖတ်ရင်းနဲ့မိုးတွင်းမှာတောင်ဆွေးလာပြီ။ အိပ်မက်ဆန်တဲ့ကဗျာလေးကို ကာရံလေးတွေနဲ့ စကားလုံးလှလှလေးတွေနဲ့ဖွဲ့နွဲ့ထားတဲ့ကဗျာလေးပါ အရမ်းမိုက်တယ်အကိုရေ။

အဆင်ပြေပါစေနော်

ကိုတိုးလေး

ပန်းခင်းလေး said...

`အာရုံတွေမများပါနဲ့ ´ :P

စိတ်ကူးသရုပ်ကို ပေါ်လွင်အောင်ရေးထားတဲ့ 
ကဗျာကောင်းလေးကို သေသေချာချာ ခံစားပြီးဖတ်သွားတယ်နော် . . .
မိုးစက်တွေနဲ့ အတူ ချစ်သူရဲ့ အနမ်းပေါင်းများစွာကို
ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးနေတယ် ..

ညီမလေး

ပန်းခင်း

ကြယ်စင်နတ်သမီး said...

မိုးချစ်သူတစ်ယောက် ပေါ်လာပြီပေါ့... ကဗျာကို ဖတ်ပြီးတော့ မိုးရေထဲမှာ လမ်းလျှောက်ရတာကို ပြန်သတိရမိတယ်... ပြီးတော့ မိုးရွာနေတုန်း ခရေပန်းတွေ ကောက်တာကိုလဲ ပြန်သတိရတယ်... မောင်လေးပြောသလို ပြန်တွေးမိရင် ငိုချင်လာတယ်...း)