သူလေး

ဆံလွှာစင်းပင် ကေသာပိတုန်း
နုနယ်ပျိုဖြန်း ရုပ်၏စွမ်းနှင့်
အာရုံဖြင့်နှော စိတ်ဖြတ်သန်းတဲ့
သူလေးရဲ့ ... ဟန်

လှမ်းနေခြေကြွ ထူးကာလျှောက်တော့
မြင်သူလူငေး ငါလည်းကြည့်တော့
အညှာမခိုင် အစဉ်သာပိုင်တဲ့
ဒီအသည်းမှာ စွဲပျားလိုပဲ
အုံအဆင်နဲ့ ပြုံတစ်သလို
ချစ်စိတ်တွေက စီရီစီရီ ...

ပွင့်လွှာစကား ထွက်လွင့်သန်းတော့
သည်းခြေစုမှာ မြဲနေမြစ်လို
စွဲနေတာတွေ အမှန်ရယ်ပ
သူလေးရဲ ... အသံ

ဘာသာတရား လျစ်လျူမရှု
ကုသိုလ်ပြုလို့ တွန့်ဆုတ်မနှေး
လောကီရေးကို လမ်းမှန်လျှောက်ပြီး
ကြိုးစားအားထုတ် အပြုဆောင်တဲ့
မနောဖြူတဲ့ ချောနှမသူ ...

ကြိုက်၏တစ်သွယ် ရှိုက်ထိလွယ်လို့
စိုက်ကြည့်တစ်ဖန် သည်းထိမှန်ပြီး
အစိုးမရလို့ ရိုးရွနေတယ် ...

ဆုံတွေ့ခြင်းရဲ့ ဇတ်လမ်းလေးရယ်
မဖြစ်နိုင်မှန်း တွေးတောနေလို့
တင်းခံနေပြီး ငြင်းဆန်နေတယ် ...

ကြယ်စင်စုတွေ ကွယ်ပျောက်ခြင်းနှင့်
အလွမ်းပန်းလူ အနမ်းချူတော့
အိပ်စက်လမ်းက သူ့ထံပါးမှာ ...

ပျော့ဖယောင်းလို ညွှတ်ကိုင်းနေလို့
အရည်ပျော်ကျ ဒီညတွေမို့
ရက်တွေဆက်တိုက် ဖြိုးဖြိုးဖျောက်နဲ့
ဖက်စွတ်မိုးလို့ ဆွတ်ရုံကျမယ့်
တစ်စက်တစ်ပေါက် အအေးရောက်အောင်
သွန်းဖြိုးလှည့်ပါ သူ့တစ်ယောက်ရယ် ...

ညတစ်ချို့ရဲ့ ကြယ်လင်းစုံဟာ
သူ့ဆံနွယ်ကြား ပုန်းနေသလားပဲ ..
အရူးမူးနဲ့ ကြယ်ကြွေကောက်သူ
င့ါတစ်ယောက်တွက် အလင်းစင်နှင့်
သာယာလှည့်ပါ ညကမ္ဘာကို ...

အသည်းတစ်ပွင့်ရဲ့ ကမ်းလင့်အိပ်မက်
လှမ်းဆင့်မက်လို့ မှန်းတင့်တယ်ပြီး
လမ်းဖွင့်ထားတဲ့ အသည်းတံခါး ,
ဝင်မလာလေလို့ ကြွေကာညှိုးတယ် ...

အတွေးနယ်မှာ လွင့်ပျံ့ခြယ်တော့
သူတစ်ယောက်ရဲ့ ရင်ခုန်သံကို
လှိုင်းတစ်ဖြစ်နဲ့ ခတ်ဆင့်ရိုက်လို့
ထပ်တူပြုမယ့် နေ့ရက်အချိန် ...

ပန်းခင်းလမ်းမှ ဆူးပန်းပွင့်ကို
မခြွေရက်လို့ အနေခက်နေလည်း
ငါလေ .. ကြွေဆက်နေမယ် ...

အပိုင်းအစ တစ်ချို့တစ်ချို့
နှိုင်းပြလို့ မရတာမို့
လှမ်းတပြစာ လမ်းကျဉ်းလေးမှာ
ဟိုက်ကျစွာ ပြေးနေမိလည်း
ကမ်းလင့်ကာ လှမ်းဆင့်ရင်ဖြင့်
ကံတင့်တယ် အမှန်တစ်ဖြစ်ကွဲ့
အဖြစ်အပျက် အမှန်မှားနဲ့
စံဖြစ်မယ့် င့ါချစ်ခြင်း ...
သူတစ်ယောက်တွက် ပုံအပ်နှင်းတယ် ..။

ပန်းသခင်

အလွဲလွဲ အမှားမှားနဲ့
မခွဲခြားမိတဲ့ အတ္တနွံထဲ
အလူးအလဲနဲ့ မူးလဲမတတ်မို့
ဆောင်ယောင်ကျဉ်းတဲ့ မှောင်တပြအလင်းမှာ
ငါ .. ဆက်လျှောက်နေတယ် ...

မေတ္တာယိုစီး ချစ်ပန်းတစ်ပွင့်
ပွင့်ဖြူဆင့်၍ တုဘွယ်ခိုင်းနှိုင်း
ပြိုင်စံရှားသည့် ပန်းအလှနှယ် ...

မှောင်မိုက်အတိ ညည့်ဦးယံမှ
ကိုယ်ရောင်တောက်ပ ထွက်ပြူလာသည်
ပန်းခင်းလမ်းမှ လင်းအာရုဏ်ဦး ...

စိမ်းမြကြည်နူး သဲ့သဲ့လွမ်းတည့်
လွမ်းခြုံရစ်ခွေ သာမောတင့်သည်
ထက်ကောင်းယံမှ လပြည့်ဝန်း ...

ပန်းမာန်အလည် ရနံ့သင်းဖြင့်
ကမ္ဘာတစ်ခွင် ပျံ့လွင့်ရင်းက
ပျားပိတုန်းမင်း ရစ်ကာဝဲလို့
လွှာငုံအဆင့် စုကာပြုသည်
သင်းထုံကြိုင်တဲ့ ပန်းသခင် ...

သံသရာတွင် ကံညစ်တွင်လို့
သောကကပ်၍ ညည်းညူစိတ်ထား
လူများကြားတွင် မုန်းတီးနေဘိ ,
စိတ်လှောင်တိုက်၌ မေတ္တာမျှော်ကြည့်
ပန်းနန်းတော်ကို ဘယ်ခါမှာပ
စံရပါ့မလဲ ....

ဤသို့မျှော်မှန်း တမ်းတခိုက်တွင်
လှိုက်လှိုက်ခုန်ခုန် ရိုက်ခတ်တုန်စည်
ချစ်ခြင်းမြည်လို့ ဥယျာဉ်တစ်လွှား
ပွင့်လွှာဖွားသည် လှယဉ်ဆင်တဲ့
င့ါစိတ်ထဲမှ ပန်းသခင်ဆီ ...

ချစ်စိတ်ဖြင့်မွှန်း ထို၏လမ်းကို
မျှော်မှန်းအားခဲ ကြံစည်ဆဲတွင်
သိခြင်းအဆုံး ရှိခြင်းစမို့
ချန်ရစ်နေခဲ့ လူ့ဘောင်တည့်မှ
သာယာခြင်းသည် ပန်းသခင်ဆီ ...

မျိုသိပ်ကြိတ်မှိတ် နွမ်းလျခွေနှုန်း
ဥယျာဉ်ထူးမှာ ငူငိုင်မျော့စင်း
ခွန်အားရှင်းလည်း လေညှင်းပမာ
ညင်သာရွေ့လျား ပန်းများထဲမှ
ငုံအဆင့်ရီ ပန်းသခင်ဆီ ...

လမင်းဆီသို့ ခေါင်းမော့ခိုက်လို့
စိုက်ကြည့်တစ်သွယ် လွမ်းတေးဖွယ်က
ဟောင်းကျန်ချိန်မှ မြင်လှည့်စမ်းပါ
အချစ်စေရာ သိုင်းခြုံရစ်တဲ့
ဥယျာဉ်ထဲက င့ါတစ်ယောက်ကို ...

ပန်းမျိုးစစ်မို့ ၀န်းခြံသစ်မှာ
ကာရံစောင့်ရှောက် ပန်းသခင်ကို
စိပ်စိပ်ကြည့်ရင်း လွန်လေအခါ
ညှိုးနွမ်းဖျော့တော့ ပျက်ပြယ်ပြုတောင်
အသည်းမြေမှာ စွဲနေတာမို့
ချစ်လျှက်မဆုံး ခန္ဓာငြိမ်းသော်
တစ်ချိန်ခါက ရနံ့ပြည့်မှီ
ဖန်ဆင်းရှင်ကို နှလုံးသွေးတည်
သစ္စာပြုမည် ပန်းသခင် ... ။

မျက်နှာစာ

အချစ်တစ်ခု မွေးဖွားခြင်းနှင့်
အပြစ်လုပ် လူသားတွေထဲ
အမှားမကင်းတဲ့ ဒီချစ်ခြင်းမှာ
ငါ .. ခေါင်းငိုက်ကျတယ် ...

စုတ်တသတ်သတ်နဲ့
အဟုတ်မှတ်တဲ့ ဒီချစ်ခြင်းမှာ
လူဖြစ်မရှုံးလို့ ဘ၀င်ထိပ်ဆုံးဆိုရင်
ငါ .. မင်းကိုချစ်တယ် ...

အလည်အပတ်နဲ့ ခြာလည်သလို ,
မျက်စိလည် အချစ်နယ်မှာ
စိုးထိတ်လို့ တိုးတိတ်နေမယ် ...

စွဲလန်းလို့ အသည်းကျွမ်းရင်း
စိတ်ကူးပေါက်တဲ့ င့ါအတွေးရဲ့ ,
အသည်းစခန်းမှာ ပွဲကြမ်းနေတယ် ...

အတောင်အလက်တွေနဲ့
လေဆန်ကို အံတုပြိုင်လို့ ,
ပျံသန်းခြင်း အလျှင်မှာ
ဖြတ်ခနဲနဲ့ စွက်ကနဲထိုးကျရင်တောင် ,
ဟက်တက်ကွဲမယ့် နှလုံးသွေးဟာ
မြေပြင်မှာ စီးမျောလို့
ချင်းချင်းနီမယ် ...

ငါတစ်ကိုယ်ထဲ ..
လျှောက်လှမ်းနေတဲ့ ဒီခရီးကြမ်းမှာ
အချစ်စိတ်က တိုးကြိတ်နေလည်း
ဘ၀ .. မျက်နှာစာမှာ ,
တစ်ခါတစ်ရံ ..
ခွဲခြားမရတဲ့ သောကတွေက
ပိတ်လှောင်လို့ မွန်းကြပ်နေရင်း
ငါ .. လွင့်နေတယ် ...

ဆုံတွေ့ခြင်းရဲ့ နေ့လေးတစ်နေ့

အခုတလော ငယ်သူငယ်ချင်းတွေနှင့် ဘလော့ခ်မောင်နှမတစ်ချို့ပါ ပြည်တွင်းကို အလည်အပတ်ရောက်နေတာကြောင့် လျှောက်လည်နေသည့်အတွက် ပို့စ်မတင်ဖြစ်သလို ဘလောခ့်အိမ်တွေကိုလည်း စာတွေ လိုက်မဖတ်ဖြစ်တာပါ..။

18.1.2009 (sunday) မှာ မက်မက် ရဲ့ ဆန္ဒအတိုင်း ဘလော့ခ်ဂါတွေနဲ့ ဆုံတွေဖို့ အစီအစဉ်လေး ဖြစ်မြောက်ခဲ့ပါတယ် ..။ အလုံမြို့နယ်ပိုင်းအတွင်းက ကော်ဖီဆိုင်လေး တစ်ဆိုင်မှာပါ..။ အဲဒီမှ ကန်တော်ကြီး (မျှော်စင်ကျွန်း) မှာ ဂိမ်းလေးတွေ ကို မောင်နှမတွေ ပျော်ပျော်ပါးပါး ကစားခဲ့ကြပါတယ်..။ ညပိုင်းမှာ အစား အသောက်တွေ စားသုံးရင်း မောင်နှမတွေ အားလုံး ပျော်ရွှင်ခဲ့ကြပါတယ်..။ အပြင်မှာ တွေ့ဆုံဖူးတဲ့ မောင်နှမတွေ ပါသလို အမြင်တွေ့ဖူးတဲ့ မောင်နှမတွေပါ ဆုံတွေ့ခွင့် ရတဲ့ပွဲလေးမို့ အားလုံးကိုယ်စီ ရင်ထဲအထိနဲ့ စိတ်အသိမှာ ကြည်နူးကြမှာ ဧကန်မုချပါ ..။ပွဲလေးကို ဖိတ်ထားပြီး အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်တဲ့ မောင်နှမတွေကိုလည်း နောက်တစ်ကြိမ်တွေ့ဆုံဖြစ်ခဲ့မယ်ဆိုရင်ပါဝင်နွှဲပျော်နိုင်ပါစေလို့ ဆုတောင်းရင်း ဒီပွဲလေး အထမြောက်အောင် ပါဝင်ဆင်နွှဲ ဆုံတွေ့ခဲ့ကြတဲ့ မောင်နှမတွေ အားလုံးကိုလည်းကျေးဇူးကမ္ဘာပါ ..။

အလည်လွန် အမိငယ်

ဒီကဗျာလေးက အခုလတ်တလော တွေ့မြင်ကြားနေရတဲ့ ဖြစ်ရပ်တစ်ခုကို သုံးသပ်ရင်း ကောင်းစေချင်တဲ့ ဆန္ဒလေးကြောင့် ပေါက်ဖွားလာတဲ့ ခံစားချက်ကို ဖွဲ့တည်ထားခြင်းပါ .. စကားလုံးတွေထဲမှာ ရိုင်းတဲ့ အသုံးအနှုန်းလေးများစွာ ပါခဲ့ရင် နားလည်ပေးပါလို့ ပြောပါရစေ ...။


အသိစိတ်ကို ဖဲ့ကာခြွေလို့

ငွေကြေးက ဥုံဖွဆို,
ရောက်မလာဘူး အမိငယ် ..
ရယူခြင်းရဲ့ ပေးဆပ်မှုနောက်
မင်း ... လူလုံးပျောက်မယ် ...

မေးလိုက်ရင် ကျောင်းသူလေးပါ
ပြောလိုက်ရင် သင်တန်းနဲ့
နှစ်ခုအကြား အဆက်အသွယ်ပြတ်
လစ်လပ်နေတာ မင်း .. ဘယ်သွားနေလဲ ...

ငယ်ငယ်ရွယ်ရွယ် အသစ်စက်စက်
လတ်ဆတ်နေဆဲ အိပ်မက်တွေနဲ့
လောကကြီးကို အမှောင်ချလို့
မင်း .. မျိုးပွားနေတယ် ...

လမ်းတကာမှာ သဘောရိုးနဲ့
မနောတိုးတဲ့ မင်းပုံစံလေး
ရှာပုံတော်ဖွင့် ကမ်းလင့်နေတာ
အဆိပ်အတောက်နဲ့ နဘေးရောက်လိမ့်မယ် ...

အညီအဟောက်နဲ့ ရာဇ၀င်ပျောက်မယ့်
ယုတ်စွအဆုံး ခန္ဓာသုံးလို့
မင်းဘ၀ကို မှောက်လျှက်ထားတာ
ဝဋ်ကျွေးကြောင့်လား ...

ညရဲ့ဆူးမှာ စွင့်ခေါ်ကာ,
လှစ်ဟာပြတဲ့ မင်းကိုယ်လုံးကို
ယိမ်းတိုက်သလို မှေးရိုက်နေတာ
မင်းပျော်မွေ့လို့လား ..


အတိတ်ကံနဲ့ လက်ရှိဘဝ
မင်းစေညွှန်ရာ ခန္ဓာသားမှာ
အသွင်သစ်နဲ့ အချဉ်ဖေါက်တောင်
မင်း .. လမ်းစပျောက်မယ် ..


ငွေဂုဏ်မောက်လို့ ဇိမ်ခံလိုက်မယ့်
တစ်ချို့တစ်ချို့ ဦးဦး,ဘတွေ
ကလေးမြူဆော့ စိတ်တွေဖေါက်တော့
တောင်းသလောက် ရမယ့်.. အထပ်လိုက်တွေ
အိမ်လိုအိမ် ငွေလိုငွေနဲ့
တိုက်အလွှာ အထက်မှအောက်,
အတက်အဆင်း ...
ခြေကျင်းတွေ နာနေမှဖြင့်
ပို့ကာခိုင်းတဲ့ အထူးကုဆီ..
အော် ... လိုက်ဖက်ညီစွ ...

အိမ်က သားမယား
ပစ်ခွာထားလို့ ညည့်နက်သန်းခေါင်
တွေ့မရှောင် ကြုံတုန်းမှာမို့
အသက်အရွယ် ဘေးချိတ်ကာထား
သာယာပျော်မြူး ယမကာအရစ်နဲ့
သမီးက ဟိတ်ဟန်ပြတော့
ကြွေရပြန်ပေါ့ ဦးဦး,ဘတွေ

ဦးဦး,ဘတွေကြား
ဗျာများနေလဲ အပိုတွေမို့
အချိန်တန် အိမ်သာပြန်တဲ့,
သူတို့တွေမှာ ပီတိမထူးနဲ့
ယစ်မူးနေပေမယ့် ..
မင်းမှာတော့ ခေါက်ခနဲနဲ့
မှောက်လဲတဲ့ အဖြစ်လို
မိဘကို အလျှောက်မကောင်းလို့
ဟိန်းဟောက်ခံကြားက ပြောလိုက်သေးတယ်,
သူငယ်ချင်းမွေးနေ့ အလည်လွန်၏တဲ့ ...

အရှုတ်ထုပ်နဲ့ အမျိုးယုတ်မယ့်
အဖြစ်တွေမို့ မင်းမူလေးကို
ပြင်ကြည့်လိုက်ပါ အမိငယ် ..

မင်း .. ဖြစ်ပျက်သမျှ
လိုက်ကာတုမယ့် မိန်းမငယ်အချို့
အတိမ်းကြွယ်လို့ လမ်းမှားရောက်သလို ..
အယူတိမ်းလို့ အကြွေစောရင်ဖြင့်
ရင်နင့်စရာ..

မင်းလုပ်ရပ်ကို ဆွဲနှုတ်လို့
အဟုတ်လုပ်ပါ,
သဘာဝရဲ့ အလှတရားကို ..

အချိန်သည် မင်းနှင့်အမျှ
လည်ပတ်နေတာမို့ စရိုက်ဆိုးရဲ့
အမှိုက်ဆိုးတွေ ခ၀ါချရင်း
လိမ္မာလေတော့ အမိငယ် ...။

ပွေလီ .. မချော

ဒီကဗျာလေးက သူငယ်ချင်းတစ်ယောက်အတွက် ခံစားချက်ပြင်းလို့ ကိုယ်ကိုယ်တိုင် ခံစားပေးပြီး
ရေးစပ်လိုက်တဲ့ ကဗျာလေးပါ .. သူငယ်ချင်းဆိုတာ ဘလော့ခ်လောကထဲက မဟုတ်ပါ ..။
ခံစား နားလည်ပေးနိုင်ပါစေ ..


မိန်းကလေး ...
နှုတ်မရတဲ့ ဆူးချက်တွေက
ချွင်းချက်မပါ ရင်းလျှက်နေတာ
ရင်တစ်ခြမ်းမှာ အမြစ်တွယ်နေလို့
ငါ.. နာကျဉ်နေပြီ

မိန်းကလေး ...
အမှောက်မှားနဲ့ ခြောက်ခြားညမို့
သွေးပျက်မတတ် ရူးထွက်သက်လို
အဖေါ်မယ့်စွာ တိတ်တဆိတ်နဲ့
အေးစက်ခန္ဓာ ငြိမ်သက်နေပြီး
အရှုံးများနဲ့ အမုန်းကြားမှာ
ငါ .. ခေါက်ထုံးဖြေတယ် ..

မိန်းကလေး ...
အမြင်ဆန်းပြီး အပီလှမ်းကာ
ပြောင်းလဲခြင်းနောက် တကောက်ကောက်နဲ့
မင်းလေးတစ်ယောက် စိတ်တွေဖေါက်လို့
နောက်တစ်ယောက်နဲ့ ပြောင်းလဲချစ်လည်း
အလဲအကွဲနဲ့ အစွဲမြဲကြီးတဲ့ .. ငါ
တိမ်းစောင်းလည်တဲ့ ဟောဒီကမ္ဘာမှာ
တစ်ရွေ့ရွေ့နဲ့ ပွဲသိမ်းရလည်း
လောကဓံကို ထိုးနှက်နေပြီး
ငါ .. မှတ်ချက်ပေးတယ်..

မိန်းကလေး ...
ရပ်,ကြည့်,သွား ... သတိနဲ့
မှတ်မိသွား အဖြစ်တွေကို
ရှပ်ထိသွား ငါ့နှလုံးသားက
လှည့်ကြည့်မသွား မင်းလုပ်ရပ်ကို
ခုချိန်များ ပြုံးနေမိတာ
မင်း .. သိစေချင်တယ်

အမောဖေါက်လို့ ယော,ဆောနယ်လို,
ပြုစားတတ်တဲ့ အဖြစ်မျိုးမို့
ဇွဲနပဲနဲ့ အသည်းကွဲနေတဲ့ .. ငါ
ကုစားမရလို့ ခံစားရလည်း
ငါ .. ကျေနပ်နေတယ်

ထပ်တလဲလဲ ဟက်တက်ကွဲလို့
ရင်အစုံမှာ ပွင့်အန်ကျတော့
မဟားတရားကို ..
အားယားနေတဲ့ ပါစပ်ဖျားမှာ
တရားဆန်စွာ ပြောရမှာလား ..

ဝှက်ဖဲတစ်ချပ်နဲ့ အရွက်ထပ်လဲ,လည်း
နောက်ကွယ်ရာက အောက်ဖဲချပ်မှာ
အေ့စ်အဖြစ်က .. ငါတစ်ယောက်ပဲ

အလိမ်အညာ စကားတွေနဲ့
ယုံရခက်တဲ့ မင်းပါစပ်က
ချိုမြိန်စွာ ဟစ်ကြွေးပြတာ
ဘာ... ချစ်သေးတယ်တဲ့
သွားပြောစမ်းပါ .. ခြေရာခွက်က
ဖားသားငယ်ကို ..

နှောင်သွားခဲ့တဲ့ အတိတ်နေ့ရက်
ပြန်လှန်ဆွဲထုတ် အမှန်သာဟုတ်တာ
ဘယ်နှစ်ကြိမ်များ ရှိဖူးခဲ့လဲ

သုံးမရလို့ အများတကာ
မုန်းကြတဲ့ အဖြစ်တွေမို့
ဗျာပါများတဲ့ မင်းရဲ့စိတ်ကို
အကြိမ်ကြိမ်ခါ စမ်းစစ်ဖူးလား ...

မင်းကိုယ်မင်းတော့ ဖီးလိမ်းကာပြင်
ကျော့ယမင်းရယ် ပုရိသကြား
ညှို့ချက်တွေနဲ့ ဆွဲအားပြင်းလေတော့
စစ်ခင်းရတဲ့ ကို,မောင်ချောများ
ဘယ်နှစ်ယောက်လဲလို့ တွေးမိရဲ့လား ...

အိုင်တွေ့တိုင်း ခြေဆေးတတ်တဲ့
မင်းမမူ အကျင့်ရူးတွေကြား
မင်း ပုံမှားရိုက်တာ
တော်ပါပေ၏ ...

သို့ပေမယ့်လည်း ခြေဆေးအိုင်ဖြစ်
ရောက်ရှိတတ်တဲ့ မင်းစရိုက်မို့
မသူတော်တောင် သူတော်ဖြစ်တယ် ...

နှစ်သစ်မှာ အချစ်သစ်နဲ့
ပျော်တော်ပါးတဲ့ မင်းတစ်ယောက်ကို
ချိန်ခွင်လျှာ တင်ရင်တောင်
တစ်ဖက်စွန်းထွက်လို့
အသာစီးပေးမယ့် င့ါအချစ်တွေ
နှစ်ဟောင်းမှာ ကျန်ခဲ့လေပြီ ...

အမှန်မလိုက်လို့ အာဖျံကြိုက်တဲ့
မင်းလေးတစ်ယောက် နေခဲ့ဦးတော့
နှစ်ဟောင်းရဲ့ ရမ္မက်ဆူးမှာ ... ။