ပန်းသခင်

အလွဲလွဲ အမှားမှားနဲ့
မခွဲခြားမိတဲ့ အတ္တနွံထဲ
အလူးအလဲနဲ့ မူးလဲမတတ်မို့
ဆောင်ယောင်ကျဉ်းတဲ့ မှောင်တပြအလင်းမှာ
ငါ .. ဆက်လျှောက်နေတယ် ...

မေတ္တာယိုစီး ချစ်ပန်းတစ်ပွင့်
ပွင့်ဖြူဆင့်၍ တုဘွယ်ခိုင်းနှိုင်း
ပြိုင်စံရှားသည့် ပန်းအလှနှယ် ...

မှောင်မိုက်အတိ ညည့်ဦးယံမှ
ကိုယ်ရောင်တောက်ပ ထွက်ပြူလာသည်
ပန်းခင်းလမ်းမှ လင်းအာရုဏ်ဦး ...

စိမ်းမြကြည်နူး သဲ့သဲ့လွမ်းတည့်
လွမ်းခြုံရစ်ခွေ သာမောတင့်သည်
ထက်ကောင်းယံမှ လပြည့်ဝန်း ...

ပန်းမာန်အလည် ရနံ့သင်းဖြင့်
ကမ္ဘာတစ်ခွင် ပျံ့လွင့်ရင်းက
ပျားပိတုန်းမင်း ရစ်ကာဝဲလို့
လွှာငုံအဆင့် စုကာပြုသည်
သင်းထုံကြိုင်တဲ့ ပန်းသခင် ...

သံသရာတွင် ကံညစ်တွင်လို့
သောကကပ်၍ ညည်းညူစိတ်ထား
လူများကြားတွင် မုန်းတီးနေဘိ ,
စိတ်လှောင်တိုက်၌ မေတ္တာမျှော်ကြည့်
ပန်းနန်းတော်ကို ဘယ်ခါမှာပ
စံရပါ့မလဲ ....

ဤသို့မျှော်မှန်း တမ်းတခိုက်တွင်
လှိုက်လှိုက်ခုန်ခုန် ရိုက်ခတ်တုန်စည်
ချစ်ခြင်းမြည်လို့ ဥယျာဉ်တစ်လွှား
ပွင့်လွှာဖွားသည် လှယဉ်ဆင်တဲ့
င့ါစိတ်ထဲမှ ပန်းသခင်ဆီ ...

ချစ်စိတ်ဖြင့်မွှန်း ထို၏လမ်းကို
မျှော်မှန်းအားခဲ ကြံစည်ဆဲတွင်
သိခြင်းအဆုံး ရှိခြင်းစမို့
ချန်ရစ်နေခဲ့ လူ့ဘောင်တည့်မှ
သာယာခြင်းသည် ပန်းသခင်ဆီ ...

မျိုသိပ်ကြိတ်မှိတ် နွမ်းလျခွေနှုန်း
ဥယျာဉ်ထူးမှာ ငူငိုင်မျော့စင်း
ခွန်အားရှင်းလည်း လေညှင်းပမာ
ညင်သာရွေ့လျား ပန်းများထဲမှ
ငုံအဆင့်ရီ ပန်းသခင်ဆီ ...

လမင်းဆီသို့ ခေါင်းမော့ခိုက်လို့
စိုက်ကြည့်တစ်သွယ် လွမ်းတေးဖွယ်က
ဟောင်းကျန်ချိန်မှ မြင်လှည့်စမ်းပါ
အချစ်စေရာ သိုင်းခြုံရစ်တဲ့
ဥယျာဉ်ထဲက င့ါတစ်ယောက်ကို ...

ပန်းမျိုးစစ်မို့ ၀န်းခြံသစ်မှာ
ကာရံစောင့်ရှောက် ပန်းသခင်ကို
စိပ်စိပ်ကြည့်ရင်း လွန်လေအခါ
ညှိုးနွမ်းဖျော့တော့ ပျက်ပြယ်ပြုတောင်
အသည်းမြေမှာ စွဲနေတာမို့
ချစ်လျှက်မဆုံး ခန္ဓာငြိမ်းသော်
တစ်ချိန်ခါက ရနံ့ပြည့်မှီ
ဖန်ဆင်းရှင်ကို နှလုံးသွေးတည်
သစ္စာပြုမည် ပန်းသခင် ... ။

21 comments:

s said...

အရင်ဦးလာဖက်ပြီးကွန်မတ်သွားပါတယ် အကိုအရုပ်ကလေးရှင်။ လေးချိုးပုံစံလေး ရေးထားတာ မိုက်ပါတယ်ရှင်။ ဒီပုံစံလေးလည်းကောင်းတယ်။ ကဗျာရှည်၂ ရေးနိုင်လို့ ချီးကျူးပါတယ်။ :)

မြတ်သွယ် said...

-လမင်းဆီသို့ ခေါင်းမော့ခိုက်လို့
စိုက်ကြည့်တစ်သွယ် လွမ်းတေးဖွယ်က
ဟောင်းကျန်ချိန်မှ မြင်လှည့်စမ်းပါ
အချစ်စေရာ သိုင်းခြုံရစ်တဲ့
ဥယျာဉ်ထဲက င့ါတစ်ယောက်ကို ...-

ဤသူကိုမြင်လှည့်လို့ ပန်းနန်းတော်ကို
စံရပါစေ ...


-ပန်းမျိုးစစ်မို့ ၀န်းခြံသစ်မှာ
ကာရံစောင့်ရှောက် ပန်းသခင်ကို
စိပ်စိပ်ကြည့်ရင်း လွန်လေအခါ
ညှိုးနွမ်းဖျော့တော့ ပျက်ပြယ်ပြုတောင်
အသည်းမြေမှာ စွဲနေတာမို့
ချစ်လျှက်မဆုံး ခန္ဓာငြိမ်းသော်
တစ်ချိန်ခါက ရနံ့ပြည့်မှီ
ဖန်ဆင်းရှင်ကို နှလုံးသွေးတည်
သစ္စာပြုမည် ပန်းသခင် ... ။-

နားမလည်တာတွေရှိနေပေမယ့်
ဒီအပိုဒ်ကိုတော့ နားလည်သလိုလို
စာသားတွေကတော့ လှတယ်
အားပေးလျက်ပါး)

ဖြိုးဝေတိုး said...
This comment has been removed by the author.
ဖြိုးဝေတိုး said...

လှရက်ပေတဲ့ကဗျာလေးပါ...
စာလုံးလေးတွေက ခံစားရစေပါတယ်
အားပေးလျှက်(ဖြိုးဝေတိုး)

Apprenticeship said...

သစ္စာတရားကိုတော့ အရမ်းအားကျ မိတယ်။ :)

ကိုရင်နော်ခင်လေးငယ် said...

ကဗျာလေးကောင်းလိုက်တာ...

'' အလွဲလွဲ အမှားမှားနဲ့
မခွဲခြားမိတဲ့ အတ္တနွံထဲ
အလူးအလဲနဲ့ မူးလဲမတတ်မို့
ဆောင်ယောင်ကျဉ်းတဲ့ မှောင်တပြအလင်းမှာ
ငါ .. ဆက်လျှောက်နေတယ် ...''

ပထမဦးဆုံး အပိုဒ်လေးက အနှစ်ပါဘဲ....

ခင်မင်တဲ့...

Welcome said...

ကဗျာလေးကို ငေးမော မှင်သက်စွာနဲ့
ဖတ်သွားတယ်။ ပျော်ရွှင်ပါစေ

ကိုတိုး said...

အကိုရေ လာလည်သွားတယ်ဗျာ ရေးထားတဲ့ကဗျာလေးတွေက အကုန်ကောင်းတယ်နော်။ ပန်းမျိုးစစ်မို့ ၀န်းခြံသစ်မှာ
ကာရံစောင့်ရှောက် ပန်းသခင်ကို
စိပ်စိပ်ကြည့်ရင်း လွန်လေအခါ
ညှိုးနွမ်းဖျော့တော့ ပျက်ပြယ်ပြုတောင်
အသည်းမြေမှာ စွဲနေတာမို့
ချစ်လျှက်မဆုံး ခန္ဓာငြိမ်းသော်
တစ်ချိန်ခါက ရနံ့ပြည့်မှီ
ဖန်ဆင်းရှင်ကို နှလုံးသွေးတည်
သစ္စာပြုမည် ပန်းသခင် ... ။ ဆိုတာလေးကို ကြိုက်တယ်အကိုရေ အကို့ဆီမှာကဗျာရေးနည်းလာသင်အုံးမှာပါ အကိုက ကဗျာအရေးအသားအရမ်းကောင်းတယ်နော်။

Anonymous said...

အလွန်နူးညံ့တဲ့ ကဗျာလေးပါပဲ..
ကဗျာလေးထဲတောင် မျောသွားတယ်။ ခိခိ

sait phay yar said...

ကောင်းလှပါလား မောင်လေးရေ... တော်တော်လေးကိုသေသေသပ်သပ်လေး ရေးသားထားတာ မှင်သက်မိပြီးတော့ကိုဖတ်နေမိတယ်

♥ Acacia ♥ said...

ကဗျာကကောင်းတယ်ဝေ့ ဖတ်ကောင်းကောင်းနဲ့ ဖတ်သွားတယ်

Unknown said...

ကဗျာလေးတွေ ကောင်းတယ်ဗျို့ ..
ကဗျာဆို မမြင်ရ မနေနိုင်..
မဖတ်ရ မနေနိုင်
လာဖတ်သွားတယ်ဗျ....
အားပေးလျက်

HAPPY CLOUD said...

အင်း... ကဗျာမှာ ၀ိတ်ပါပဲလားဗျ...း)

လေးစားလျက်..
မိုးမောင်

su wai said...

ကဗျာဖတ်ပြီး ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ လေးလုံးစပ်ပုံစံ ကဗျာရှည်ကြီးကို ဒီလောက် စကားလုံး ကြွယ်ကြွယ်၀၀နဲ့ ဖွဲ့နွဲ့ရေးပြနိုင်လို့ ချီးကျူးပါတယ်။ အားလုံးထဲမှာ ဒီတစ်ပိုဒ်ကိုတော့ ခံစားလို့အရဆုံးပဲ..

လမင်းဆီသို့ ခေါင်းမော့ခိုက်လို့
စိုက်ကြည့်တစ်သွယ် လွမ်းတေးဖွယ်က
ဟောင်းကျန်ချိန်မှ မြင်လှည့်စမ်းပါ
အချစ်စေရာ သိုင်းခြုံရစ်တဲ့
ဥယျာဉ်ထဲက င့ါတစ်ယောက်ကို ...

အဆင်ပြေ ပျော်ရွှင်ပါစေ အရုပ်လေးရေ :)

ပန်းခင်းလေး said...

ကဗျာကောင်းလေးတစ်ပုဒ်ပါ
သေချာဖတ်သွားပါတယ်

ပန်းမျိုးစစ်မို့ ၀န်းခြံသစ်မှာ
ကာရံစောင့်ရှောက် ပန်းသခင်ကို
စိပ်စိပ်ကြည့်ရင်း လွန်လေအခါ
ညှိုးနွမ်းဖျော့တော့ ပျက်ပြယ်ပြုတောင်
အသည်းမြေမှာ စွဲနေတာမို့
ချစ်လျှက်မဆုံး ခန္ဓာငြိမ်းသော်
တစ်ချိန်ခါက ရနံ့ပြည့်မှီ
ဖန်ဆင်းရှင်ကို နှလုံးသွေးတည်
သစ္စာပြုမည် ပန်းသခင် ... ။

အဲ့ ဒီအပိုဒ်လေးသဘောကျတယ် အစ်ကိုတော်
အဆင်ပြေပါစေ

emayarKhin said...

တကယ်ကောင်းတယ်
သိလား................

thinzar said...

စကားလုံးလေးတွေ လှလိုက်တာ
ဖတ်ရင်းနဲ့ကို မျောပါသွားတယ်...။

Unknown said...

ချစ်စရာ ကဗျာလှလှလေးကိုလာဖတ်သွားပါတယ်
အရေးရော..အတွေးရော..နူးညံ့သိမ်မွေ့ပါတယ်..

အားပေးလျှက်

အိန္ဒြာ said...

ချစ်စရာ ကဗျာလှလှလေးကိုလာဖတ်သွားပါတယ်
အရေးရော..အတွေးရော..နူးညံ့သိမ်မွေ့ပါတယ်..

အားပေးလျှက်

အိန္ဒြာ

Anonymous said...

ဒါလေးလဲ မိုက်တယ်ဗျား။လေးစားတယ်ဗျာ
ဒီလောက်ရှည်တဲ့ကဗျာရေးနိုင်တာ ကျနော့်မှာ
တော့ အတိုတောင် မနည်းစဉ်းစားနေရတယ်။
မိုက်တယ် ဆက်ေ၇းဗျို့

မေမိုးမခ said...

ကဗျာလေးကောင်းတယ်ဟေ့
ကဗျာကို ဖတ်လိုက်တာ လန်းနေတာဘဲ
ကဗျာရှည်ရှည်ရေးတတ်တာကိုလဲ ချီးကျူးပါတယ်။
အားပေးနေပါတယ်