အတွေ့ချင်ဆုံး ၁၀ယောက်

အတွေးချင်ဆုံး ၁၀ယောက်ဆိုပြီး ပန်းခင်းလေး က တက်ခ်ထားတာပါ.. ကြာပါပြီ ... မအားတာနဲ့ မရေးဖြစ်တာ ခု တက်ခ်အကြွေးတွေ များလာပြီဆိုတော့ စတင်ရေးပြီဗျာ စာရေးတဲ့မောင်နှမတွေထဲမှာ တွေ့မြင်ဖူးတဲ့ မောင်နှမတွေရှိသလို မတွေ့မမြင်ဖူးပဲ ခင်မင်တဲ့မောင်နှမတွေလည်း အများကြီးပါ .. အတွေ့ချင်ဆုံး၁၀ ယောက်ဆိုတော့ စာရေးတဲ့ မောင်နှမတွေထဲမှ အပြင်မှာ တွေ့ခွင့်ရချင်တဲ့ တွေ့ချင်မိတဲ့ ၁၀ယောက်ကိုပဲ ဖေါ်ပြလိုက်ပါတယ် ..။၁၀ယောက်ထဲ ကန့်သတ်ထားတော့ ခက်သားပဲ ..။ ဘလော့ခ်စာမျက်နှာပေါ်မှာ သိကျွမ်းခွင့်ရခဲ့တဲ့ မောင်နှမတွေ အားလုံးကိုတွေ့ချင်မိတာတော့ ရင်ထဲက ဆန္ဒပါ ..။

၁ ... ဘလော့ခ်စရေးတုန်းက တတိယမြောက် ခင်မင်ခဲ့ရတဲ့ ညီမလေး .. ဝေလေး ပါ ..။ညီမလေး ဝေလေးနဲ့ ကဗျာအကြောင်းလေးတွေ စသည့်ဖြင့် ပြောခဲ့ရင်း သံယောဇဉ်တိုး ခင်မင်သွားတဲ့ ညီမလေးပါ ..။ခုတော့ တစ်ယောက်နဲ့ တစ်ယောက် ဘီးဇီး နေတာနဲ့ အရင်ကလို စကားသိပ်မပြောဖြစ်တာ ကြာပါပြီ ..။အခွင့် ရှိသေးမယ်ဆိုရင်ဖြင့် ညီမလေး ဝေလေးနဲ့ တွေ့ဆုံချင်ပါသေးတယ် ..။ပထမ စသိတဲ့တစ်ယောက်နဲ့ ဒုတိယကတော့ ပြည်တွင်း ပြန်လာတုန်းလေး တွေ့ဖူးသွားပါပြီ ..။

၂ ... စတုတ္ထမြောက်သိကျွမ်းခဲ့တဲ့ ညီမငယ် ငှက်ငယ်လေးပါ .. တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူညီတဲ့အချိန်(နေ့ ၊ည )မှာ ညီမငယ်ငြိမ်းက မနက်ဆို ကျွန်တော်က ည ကျွန်တော်ညဆို သူက မနက် .. အလုပ်တစ်ဖက်နဲ့ အချိန်ပိုင်းလေးပဲ ပြောခွင့်ရခဲ့တဲ့ ညီမငယ် ငှက်ငယ်လေးကိုလည်း စကားတွေပြောရင်း ရင်းနှီးမှု ရလာတာနှင့် အမျှ တွေ့ချင်မိလာတဲ့အထဲ သူတစ်ယောက် အမြဲလိုလိုပါပဲ ..ခုတော့ စကားမပြောဖြစ်တာ တော်တော့ကို ကြာပါပြီ .. ခုဆို ကျွန်တော် ညပိုင်း အွန်လိုင်း တက်တဲ့ အချိန်တွေဆို ငြိမ်းကိုများ တွေ့မလားလို့ မျှော်နေတတ်မိပါတယ် ..။

၃ ... ညီမငယ် ငွန်ငယ်မိုးပါ .. စကားပြောရင် “ နော့ ” ဆိုတာလေး ထည့်ထည့်ပြောတတ်တယ် ညီမငယ်ပါ ..။
ငွန်ငယ် အားလို့ အွန်လိုင်းတက်လာတဲ့အချိန် ကျွန်တော်အွန်လိုင်းတက်တဲ့ အချိန်နဲ့ တိုးရင် စကားပြောဖြစ်တာ များပါတယ် ..။ခုတော့ မတွေ့ဖြစ်တာ ကြာပါပြီ .. ဘလော့ခ်လည်း သူကိုယ်တိုင် မရေးတော့ပါဘူး ..။ သူ့အစ်ကို ကိုလတ်ပဲ ဆက်ရေးပါတော့တယ် ။မောင်နှမ နှစ်ယောက်လုံးနဲ့လည်း တွေ့ချင်မိပါတယ် ..။ သတိတရလည်း ရှိပါတယ် ..။

၎ ...အဘွား နေရီနွယ်ပါ .. အဘွားနဲ့ကတော့ သူစာကျက်လို့ အိပ်ငိုက်လာတဲ့ အချိန် .. ပျင်းလို့ သက်ပြင်းချတဲ့ အချိန်တွေအပြင် တွေ့တိုင်း စနောက်ပြီး မောင်နှမအရင်းလို ပြောဖြစ်ကြတဲ့ အဘွားပါ ..(အဘွားလို့ ခေါ်ရခြင်းမှာ သူ့အိမ်ကို စသိခါစက စာဖတ်ပြီး ဆီပုံးမှာ ကျွန်တော့်ထက် အသက်ကြီးမယ်ထင်ပြီး အစ်မဆိုပြီး ရေးခဲ့မိတယ် .. နောက်ပိုင်း စကားပြောဖြစ်ကြတော့ ကျွန်တော့်ထက် အသက်ငယ်မှန်း သိခဲ့ရတယ် ...အဲမှာ သူက သူ့ကိုအသက်ကြီးတယ်လို့ ထင်တယ်ဆိုပြီး စိတ်ကောက်စွာနဲ့ ကျွန်တော့်ဆီပုံးမှာ အဘိုး ဆိုပြီး ပြန်လာအော်လို့ ကျွန်တော်ကလည်း သူ့ကို အဘွားလို့ စနောက် ခေါ်ခြင်းပါ . ။) စာတွေ ကြိုးစားနေတာလေ ..ကျွန်တော် လိုင်းပေါ် မရောက်တာနဲ့ ညီမလေး နဲ့ အေးဆေး မပြောဖြစ်တာ ကြာပါပြီ ..။ မောင်နှမအရင်းအဖြစ် သတ်မှတ်လို့ ကတိတွေ ပေးထားတဲ့ ညီမလေးပါ .. သူ့နဲ့လည်း တွေ့ချင်ပါတယ် .။ ပါးကွက်ကလေးကတော့ အမှတ်ရစမြဲပေါ့ ..။

၅ ... မကြီး အိန္ဒြာပါ .. ကဗျာတွေ အရေးကောင်းပြီး မောင်လေးတစ်ယောက်အပေါ် သွန်သင်ပြတဲ့ မကြီးပါ ..။
မကြီးနဲ့ မအားလို့ စကားမပြောဖြစ်ရင်တောင် အွန်လိုင်းမှာ မကြီး ရှိနေတယ် ဆိုရင်ဖြင့် ကျွန်တော်က ပျော်နေတတ်သူပါ ..စကားပြောဖြစ်တဲ့ အခါကျရင်တော့ အတိုင်းမသိ ပျော်နေမိတယ် .. ကဗျာအကြောင်းလေးတွေ ပြောလိုက် အလုပ်အကြောင်းလေးတွေ ပြောလိုက်နဲ့ နေ့ရက်ကလေးတွေ ကုန်လွန်လာတာနှင့်အမျှ မကြီးကိုလည်း တွေ့ချင်ပါတယ် .. တစ်ရက်တစ်ရက်နဲ့ မကြီးနဲ့ တွေ့ဖို့ နီးလာတာနှင့် အမျှ ပျော်နေမိတာလည်း အမှန်ပါ ..။ ဘ၀တာတိုမှာ ကျွန်တော် မြတ်နိုးရသော ကဗျာတွေ .. ကဗျာတွေကိုရေးနေသော မကြီး .. စသည်ဖြင့် ကဗျာတွေကြားမှာပဲ ကဗျာဆရာ .. မကြီးကို တန်ဘိုးထားပါ၏ ..။

၆ ... ကိုအိမ်ပါ .. ဟာသတွေပြောင်မြောက် ဖတ်ရသူ စိတ်အနောက်တွေ ပြေပျောက်အောင်ရေးနိုင်တဲ့ ကိုအိမ် ...
ပြီးတော့ ခုလက်ရှိ ချစ်သူ မရသေးဘူးလေ (လူတကာ သိအောင်လို့ ) ၊ အဲ့အစ်ကိုတော် ကိုအိမ်နဲ့လည်း တွေ့ချင်ပါတယ် ...မကြာတော့မဲ့ အချိန်မှာတော့ တွေ့ရမယ်တော့ မျှော်လင့်ရတာပါပဲ ..။

၇ ... အစ်မ၀ါပါ .. MBS နဲ့ ပတ်သက်တဲ့ ပို့စ်လေးတစ်ခု တင်တာကို ကွန်းမန့်သွားပေးရင်း ခင်မိခဲ့တဲ့ အစ်မပါ ..
အပြန်အလှန် စာတွေ ဖတ်ရင်း ရင်းနှီးချစ်ခင်ခဲ့တဲ့ အစ်မပါ .. အစ်မတော်လည်း ဘယ်အချိန် ပြန်လာမယ် မသိပေမယ့် အခွင့်ရှိသေးတယ် ဆိုရင်ဖြင့် တွေ့ချင်ပါသေးတယ် .. (အစ်ကိုနဲ့ သမီးငယ်လည်း ပါတယ်နော် ) ..။

၈ ... BLACK DREAM ပါ .. စာအရေးအသားကောင်းသလို နည်းပညာထဲမှာ ကျွန်တော် နှစ်သက်မိတဲ့အထဲ ဘလက်လည်း အပါအ၀င်ပေါ့ .. ပြီးတော့ ပြီးတော့ .... ထိုကြောင့် ထို့ကြောင့်လည်း သူ့ကို ခင်မိပါတယ် သူပြန်လာတဲ့ အချိန်တွေ့ရဦးမယ်လို့လည်း မျှော်လင့်မိသလို တွေ့လည်း တွေ့ချင်ပါသည် ..။သူကတော့ ပြန်ရောက်ရင် ဘယ်သူ့ကို အရင်တွေ့မယ် မသိ .. ဟိဟိ ..။

၉ ... အစ်မ ကောင်းကင်ပြာပါ .. အစ်မတော်နဲ့ ကျွန်တော် အကြိုက်ချင်း တူတာ တစ်ခုရှိတယ် .. ။ ဘလော့ခ်သွားဖတ်ရင်း တွေးမိတာက ကျွန်တော့်ထက် အသက်ငယ်မယ်ထင်တာ .. တစ်ကယ့်တစ်ကယ် သိပြီဆိုမှ ကျွန်တော့်ထက် အသက်ကြီးတာ သိတာ .. ဟီး .. ( ၁၆နှစ် ဟုတ်ဘူးနော် ).. ပြီးတော့ ပြန်လာမယ် ပြန်လာမယ်ဆိုပြီး ပြန်မလာသေးတဲ့အတွက်ရော အကြိက်ချင်းတူတာလေး အတွက်ရော ကဗျာလေးတွေ လာလာဖတ်တဲ့အခါ စိတ်ထဲက သံယောဇဉ်တိုးလို့ ခင်မင် တွေ့ချင်မိတဲ့ အစ်မပါ ..။

၁၀ ... ဦးနော်နဲ့ တီငယ်ပါ (နှစ်ယောက်ဆိုပေမယ့် ) ဘလော့ခ်တစ်ခုထဲမို့ တစ်ယောက်အဖြစ်ပဲ သတ်မှတ်တာ ..
တီငယ့် စာတွေဆို အရမ်းကြိုက်တယ် .. စာတွေ ဖတ်ရင်း ဖတ်ရင်း ခင်မင်မှုလေးတွေ ရတဲ့အခါ တီငယ်က သူရေးထားတဲ့ စာလေးတွေကို မေးလ်ကနေ ပို့ပေးဖူးတယ် .. ပြီးတော့ စသိခါစတုန်းက ပို့စ်တွေ အကုန်မဖတ်ရသေးပဲ မေးမိတာ တစ်ခုအတွက် တီငယ်ဖြေရှင်းချက် ထုတ်ရတာ မှတ်မိသေးတယ် .. ဟိ ..ပြီးတော့ ဦးနော် ကဗျာရွှတ်တဲ့ အသံ ...၊ နားထောင်ရပေမယ့် ဦးနော်မှန်း မသိတဲ့ အဖြစ် .. .. နားထဲမှာ ကဗျာတစ်ပုဒ်ရဲ့ အသံအနေအထား ပီပြင်ပြောင်မြောက်အောင် ရွတ်ဆိုနိုင်တဲ့ ဦးနော် .. အရေးကောင်းတဲ့အတွက်ရော .. စသည်ဖြင့် အဲလိုအဲလိုတွေကြောင့် တွေ့ချင်ပါ၏ ...

ညီမလေး ပန်းခင်းရေ .... ခုမှပဲရေးပေးဖြစ်တာ နားလည်ပေးပါနော့ .... တော်သေးတယ် အကြွေးရှင်က မေ့နေတာ နေမယ် ..အကြွေးမတောင်းလို့ ...။ သတိရတုန်းလေး ရေးလိုက်တာ ... ဆက်ရေးရင် ဘလော့ခ်စာရင်းဝင် အကုန်ပါမှာ သေချာတယ် ..။တွေ့သာတွေ့ချင်တာ .. ၁၀ယောက်လုံးရဲ့ဘလော့ခ်တွေ နောက်ပိုင်း မဖတ်ဖြစ်တာ များနေပြီ .. စိတ်ဆိုးနဲ့နော် ..မအားလို့ပါ ..။နောက်များ မကြာမီ အိမ်တွေ ပြန်လည်လို့ စာဖတ်ဖြစ်တော့မှာပါ ..။ ခုတော့ ဘူးသီးနော် ..။

ဆိုညည်းဖြစ်သော သီချင်းများ

ညည်းဖြစ်တဲ့ သီချင်းများဆိုပြီး ပရော်စီကွေ့ခေါ် ဇောင်းက တက်ခ်ထားသည့်အတွက် လတ်တလော ညည်းဖြစ်တဲ့ သီချင်းတွေကို စိတ်ထဲက ညည်းရင်း ရေးလိုက်ပြီ ....။

၁ .. အာဇာနည် ( မင်းလေးတစ်ယောက် )

“အလွမ်းဆုံးသီချင်းလေးတစ်ပုဒ်နဲ့ ငါမင်းကိုမေ့ချင်လဲ ... သီချင်းလေးထဲအထိ မင်းရဲ့အကြောင်းတွေ ၀င်ဝင်လာတယ် ... အိပ်ပစ်လိုက်ဖို့ ဆေးတစ်ခွက် ငါသောက်ပြီး အိပ်ပျော်သွားတယ် .. အိပ်မက်ထဲတောင် မင်းလေးရောက်နေဆဲ ...... မချစ်နဲ့ မချစ်နဲ့ လူတွေက မုန်းဖို့ပြောတယ် .. ကိုယ့်ရဲ့အနားမှာ မင်းမရှိပဲ ဘယ်လို နေနိုင်မလဲ .. အချစ်နဲ့ အမုန်းနဲ့ ဘယ်လိုများ ပြောင်းလဲရမယ် အသက်ရှင်ခြင်းရဲ့ အကြောင်းပြချက် ကိုယ့်ရင်ထဲမှာ မင်းလေး တစ်ယောက်ထဲပဲ” .....။

၂ .. Gay Zar ( ဆန္ဒတစ်စုံတစ်ရာ )

“ချစ်တဲ့ မျက်ဝန်းလေး နှလုံးသားချင်းနားလည်ခဲ့ .. လျှို့ဝှက် သံယောဇဉ် ရင်ခုန်စွာ တမ်းတရင်း .. အို နေ့ရယ်
အို ညရယ် စိုးမိုးလို့ ထားခဲ့ပြီပေါ့ ... မေ့မရ သူ့နှုတ်ခမ်းလေး နုညံ့တဲ့ မုန်းတိုင်းလေးလား” ....။

၃ .. cobra ( ရူးမတတ်ခံစား )

“မင်းကိုတွေ့တဲ့ နေ့ကစပြီး ရင်ခုန်သံတွေကို သံစဉ်ဖြစ်အောင် ပြောင်းလဲတတ်လာခဲ့တယ် .. တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ငါ့အနားကမင်း ပျောက်ဆုံးသွားမှာကို အရမ်းကြောက်နေလို့ ..... ငါရေးထားတဲ့ ကဗျာတစ်ပုဒ် နံရံပေါ်တွေ့လို့ ဖတ်ကြည့်လိုက်တော့ မင်းအကြောင်းဖြစ်နေလို့” ....။

၎ .. ဒီလေး ( မင်းနားလည်မှာပါ )

“မလွမ်းပဲ မနေနိုင်အောင် မင်းလုပ်ခဲ့တယ် .... မချစ်ပဲ မနေနိုင်အောင် မင်းရဲ့ အပြုံးရယ် .. နှလုံးသားဒဏ်ရာတွေ မင်း မပေးပဲနဲ့ ရရှိခဲ့တာ ဘာကြောင့်လဲ” ....။

၅ .. ဟန်ထွန်း ( အလွမ်းကဗျာရှည် )

“ အလွမ်း ... ကဗျာလေးပဲ ........ ကဗျာရှည်ဟာ မဆုံးဘူး ..... အနမ်းတစ်ခုလည်း ကြွေကျသွား ..... ကိုယ့်ရင်ထဲ .. အမြဲသိမ်းထား .... ရင်ခုန်သံကာရံလေးများ” ....။

၆ .. ဒီလေး ( မသိခြင်းများ )

“မယုံရင် ကိုယ့်ရင်ကိုဝင်ကြည့် မင်းမသိတဲ့ အချစ်တွေ ပြည့်ကြပ်လွန်းတဲ့ မင်းရဲ့အကြောင်းတွေ .. ဘယ်သူမှမသိ ကိုယ်တိုင်နားမလည်သော မင်းရဲ့စိတ်ကို အဖြေရှာခဲ့ ... ယုံပါချစ်သူလေး .. မင်းရဲ့အနီးအနားမှာ အရိပ်တစ်ခုအဖြစ်နဲ့ နေခွင့်ရချင်တယ် .. ဆုတောင်းလဲ .. တစ်ကယ်ကို မပြည့်နိုင်ခဲ့ .. အချစ်နတ်ဘုရားရေ .. ဘယ်မှာလဲ .. ဟယ် ..အိုး.........ဟိုးးးးး” ....။

ညီငယ် .. ဇောင်း ..ရေ .. ရေးလိုက်ပြီနော် ..



အချစ်ဆိုတာ

  • အချစ်ဆိုတာ ဖြေရှာညှိမရတဲ့ ဝေဒနာအသိတစ်ခုကို ဖွေရှာမိနေတဲ့ ခံစားမှုတစ်ခု ..

  • အချစ်ဆိုတာ ရှုံးနိမ့်ခြင်း အောင်နိုင်ခြင်းတွေနဲ့ ကြုံတွေ့ရသလို တစ်ခါတစ်ရံ မျိုသိပ်ထားရာမှ ပုန်းလျှက်ထွက်လာတဲ့ စိတ်စေညွှန်တဲ့အရာ ..

  • အချစ်ဆိုတာ မေတ္တာစစ်ရင် ရှုံးလျှက်နေရင်တောင် အမုန်းမဖက်တဲ့ သစ္စာတရား ..

  • အချစ်ဆိုတာ ရှိုက်ထိလွယ်လို့ လှိုက်ဖိုမိစေတဲ့ စိုးရိမ်ကြောင့်ကြမှု ..

  • အချစ်ဆိုတာ လေယူရာတိမ်း ယိမ်းနွဲ့တတ်ပေမယ့် ယှက်ဖြာနေရင် ရုန်းမထွက်လို့ ယိမ်းမသွားစေတဲ့ စစ်မှန်ခြင်းသဘော ..

  • အချစ်ဆိုတာ ရုပ်ဆင်းသဏ္ဍာန်နှင့် ထိတွေ့ပြောဆိုမှုအပေါ် သာယာစေတတ်တဲ့ တဏှာပေမ ..

  • အချစ်ဆိုတာ ကြောက်စိတ်ကို ပယ်ပျက်စေသလို ရဲရင့်မှုကို ဂုဏ်ဆောင်စေတဲ့ သတ္တိ ..

  • အချစ်ဆိုတာ သတိရတက်မက်မှုကြောင့် ရယူလိုစိတ် ဖြစ်ပေါ်ခြင်းနှင့် မဖြစ်နိုင်မှန်း သိခြင်းစလို့ စွန့်လွှတ်ရခြင်းအဖြစ်ကို ပေးဆပ်ရတဲ့ ထွေပြားစေတဲ့အရာ ..

  • အချစ်ဆိုတာ ပြောရခက်ပေမယ့် ခံစားသိတဲ့ အာရုံတစ်ပါး ..

  • အချစ်ဆိုတာ တစ်ယောက်ထဲအတွက် ပိုင်ဆိုင်မှုများစွာကို လိုလားမိတဲ့ လောဘ ..

  • အချစ်ဆိုတာ ရေပျော်ငါးလို လူးလွန့်စေတဲ့ စိတ်ကြွမှု ..

  • အချစ်ဆိုတာ အတောင်အလက်နဲ့ ပျံသန်းနေရင်း အချိန်တန်ရင် ပျောက်ရှသွားမယ့် မမြဲခြင်းတရား (ခန္ဓာငြိမ်းသည့်အခါ) ..

  • အချစ်ဆိုတာ ကြင်နာယုယ အစဉ်သာနုပြစေသလို တစ်ခါတစ်ရံ အခန့်မသင့်လို့ လမ်းပျောက်ရင် ဆောင့်တတ်စေတတ်တဲ့ ဒေါသ ..

  • အချစ်ဆိုတာ ကိုယ့်ချစ်သူက ကိုယ့်တစ်ယောက်ထဲကို လူပုံအလယ် နှစ်ယောက်ကမ္ဘာငယ်မှာ အရမ်းချစ်ပြတာကို လိုလားမိတဲ့ ဆန္ဒ ..

  • အချစ်ဆိုတာ ငြီးငွေ့လွယ်ပြီး ထိတွေ့ကြွယ်သလို တိုးပွားချစ်စေတဲ့ ပြောင်းလဲမှုတစ်ခု ..

  • အချစ်ဆိုတာ လူ့ဘ၀ဖြစ်စဉ်မှာ ထူးကဲစွာ တွေ့ဆုံကြုံကွဲရတဲ့ ဖြစ်ရပ် ..

  • အချစ်ဆိုတာ တစ်ခါတစ်ရံ နှလုံးခုန်နှုန်းကို ပိုမြန်စေတဲ့ သွေးလည်ပတ်မှု ..

  • အချစ်ဆိုတာ နီးခြင်း ဝေးခြင်းထက် တန်ဘိုးထား မြတ်နိုးမှုအပေါ် မူတည်၍ ခိုင်မြဲစေတတ်တဲ့ ဆုံဆည်းခြင်း ..

  • အချစ်ဆိုတာ လူတွေ သတ်မှတ်ထားတဲ့ ပညတ်ချက်တစ်ခု ..

  • အချစ်ဆိုတာ ယုံကြည်မှုရှိရင် ပုံအပ်နှင်းတတ်တဲ့ မိုက်မဲမှု ..

  • အချစ်ဆိုတာ မချစ်တတ်သူ ၊ တန်ဘိုးမထားသူတွေအတွက် ဖယောင်းမီးလို ထွန်းညှိလင်းနေပေမယ့် အကာအကွယ်ပေးမထားမိရင် လေအတိုက်မှာ ဟုတ်ခနဲနဲ့ ဖျတ်ခနဲ ပျောက်ပျက်သွားတတ်တဲ့ အလင်းရောင် ..

  • အချစ်ဆိုတာ အချစ်ငတ်သူတွေအဖို့ ဟိုယောင်ဒီယောင်နဲ့ အချစ်လိုချင်ပြီး မရရှိတဲ့ အထီးကျန်ခြင်းတစ်မျိုး ..

  • အချစ်ဆိုတာ ချစ်နေတုန်းမှာ ကြည်နူးသလို အသည်းကွဲတဲ့အခါ ၀မ်းနည်းခြင်းစိတ်ကို အစပြုလို့ နာကြဉ်စေတတ်သလို ရှောင်ဖယ်လို့ မျိုသိပ်ကြိတ်မှိတ်တတ်ပြီး ပွင့်အန်ထွက်စေတဲ့ အပြုအမူနှင့်အတူ ရင်ဖွင့်ဖေါ် တိုင်ပင်ဖေါ် ရှိစေတတ်တဲ့ ဒွိဟများစေတဲ့ စိတ် ..

  • အချစ်ဆိုတာ မုန်းတီးခြင်းနှင့် နောင်တရစေမှုကို ဖြစ်ပေါ်စေတတ်တဲ့ မာန် ..

  • အချစ်ဆိုတာ အညှိုးအတေးတွေနဲ့ လုပ်ကြံတတ်သလို တစ်ကယ်မချစ် အစစ်မပါတဲ့ ဟန်ဆောင်မှုတစ်မျိုး ..(အချစ်စစ်မဟုတ်ရင်)

  • အချစ်ဆိုတာ မမေးပဲ မပြောပဲသိတဲ့ စကားဝှက်ရဲ့အဖြေ ..

  • အချစ်ဆိုတာ ကိုင်တွယ်မြင်တွေ့ ထိလျှင်မရပေမယ့် အိမ်ထောင်မှု တည်ဆောက်ချင်အောင် တွန်းအားပေးစေတဲ့ အာသီသ ..

  • အချစ်ဆိုတာ စိတ်အသိမှ ရင်ဘတ်အထိ မိပြီးတော့ ပါးစပ်ခံတွင်းမှ ပွင့်အန်ထွက်လာတဲ့ လေအသုံးတော်ခံစကား ..

  • အချစ်ဆိုတာ နောက်ဆုံးမှာ သဘာဝလောကကြီးနှင့်ယှဉ်ရင် မဖြစ်စလောက်ပေမယ့် လှုပ်ရှားရှင်သန်နေသူတွေအဖို့တော့ အချစ်ကြောင့် အရာရာကိုဖြစ်ပေါ်စေသလို ပြောင်းလဲစေတတ်တဲ့ သီအိုရီမရှိတဲ့ နိယာမတစ်ခု ..

  • အချစ်ဆိုတာ သေချာတစ်ခုကတော့ အချစ်ရှုံးလို့ လူဖြစ်ရှုံးရတဲ့ လူတွေရှိသလို အချစ်ခံလို့ အပြန်အလှန် အစစ်အမှန်တွေနဲ့အတူ ထာဝရမှာ ပျော်လျှက်သာ ဖြတ်သန်းကုန်လွန်စေတဲ့ လူဖြစ်ခြင်းနှင့် တစ်ယောက်နှင့်တစ်ယောက် နားလည်မှုအပေါင်း သရဖူဆောင်းနိုင်ပါစေလို့ ဆုတောင်းရင်း ..

ညီမလေး ပန်းခင်း .. tag ထားတဲ့ အချစ်ဆိုတာကို ပြန်လည်ဖြေခြင်းပါ ..။
ညီမလေးလည်း သိချင်လှတဲ့ အတွေးကို ဖွင့်ဟရေးပြီးပြီမို့ ဒီလောက်နဲ့တင် ကျေနပ်ပါလို့ ပြောရင်း ..
အချစ်ဆိုသည်မှာ ဆိုတဲ့ ခေါင်းစဉ်နဲ့လည်း tag ပို့စ်တစ်ပုဒ် ရေးခဲ့ပြီးပါပြီ ..။

စိတ်ကူးယဉ်ခြင်း

ကျွန်တော့်ကို နေ့အိပ်မက်က စိတ်ကူးယဉ်ခြင်းအကြောင်းကို TAG ထားလေရဲ့..
တစ်ပတ်အတွင်း ရေးဖို့ ဆုံးဖြတ်ထားတယ်လေ... တော်ကြာမရေးရင် နေ့အိပ်မက်ကနေ
ညအိပ်မက်ဖြစ်သွားရင် အိပ်ရေးပျက်မှာစိုးလို့..
(အိပ်မက် မက်ရင် နိုးတ၀က်နဲ့ အိပ်ရေးမ၀လို့လေ..ဟိဟိ)

စိတ်ကူးယဉ်ခြင်းမှာ ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာဆိုပြီး နှစ်မျိုးရှိတယ်လို့ ကျွန်တော်ကတော့ ခံယူမိတယ်.. ကျွန်တော်ကိုယ်တိုင်က စိတ်ကူးယဉ်တာကို ငယ်ငယ်ကတည်းက အကျင့်တစ်ခုလို မွေးလာခဲ့ပြီး ယခုအချိန်ထိလည်း စိတ်ကူးယဉ်မှုအား ထက်သန်နေတုန်းပါ.. ကျွန်တော် စိတ်ကူးယဉ်ခြင်းတွေထဲက မဖြစ်နိုင်တာ သိပေမယ့် ဖြစ်ချင်တဲ့ ရူးသွပ်ခြင်းလေးကို ချရေးလိုက်ပြီဗျာ..ငှက်တစ်ကောင်ဖြစ်ချင်တယ်..ရဲဝံ့တဲ့ ငှက်တစ်ကောင်အဖြစ်ပါ.. လိုရာပျံသန်းရင်း အတားအဆီးမဲ့စွာပေါ့ .. ကိုယ့်ရဲ့ခြေချောင်းတွေမှာလည်း ခွန်အားတွေအပြည့်နဲ့ မြဲမြံစွာ ကုတ်နိုင်တဲ့ အင်အားတွေလည်း ရှိရမယ်.. မိုင်ထောင်ချီဝေးတဲ့ ခရီးတွေကိုလည်း ပျံသန်းနိုင်ရမယ်..စသည်ဖြင့်ပေါ့.. အဲလိုပဲ ငှက်ဖြစ်ရင်တောင် အဲလိုငှက်ဖြစ်ချင်တာ..ငှက်တစ်ကောင်ရဲ့ ဆန္ဒကတော့ အေးမြတဲ့ သစ်ရိပ်ဝါးရိပ်မှာ လုံခြုံပြီး နားနေဖို့ အဆင်ပြေတဲ့ နေရာကို လိုချင်တယ်.. တစ်ကောင်တည်းပဲ နေချင်တယ်.. ပတ်ဝန်းကျင်မှာတော့ အပေါင်း အဖေါ်တစ်သိုက်တော့ ရှိရမယ်.. ကိုယ်ခိုလှုံရာ ပတ်ဝန်းကျင်ကပဲ ဆယ့်နှစ်ရာသီ စားသုံးလို့ ရမယ့် သစ်သီး အရွက်တွေ အဖူးအပွင့်တွေ ဖြစ်ထွန်းစေချင်တယ်.. ပတ်ဝန်းကျင် အပေါင်းအသင်း တွေကလည်း လိုအပ်ရင် ကိုယ့်ပတ်ဝန်းကျင်က စားလို့ရမယ့် အစားအစာတွေကို လောက်ငှစွာ စားသုံးလို့ ရရမယ်.. အနီးအနားမှာလည်း စမ်းချောင်းငယ်လေး
စီးဆင်းနေရမယ်.. ရေမှာ ပျော်မြူးတတ်တဲ့ ငါးလေးတွေကို သူတို့ အန္တရာယ်ကင်းအောင် စောင့်ရှောက်သလို ကိုယ်ကိုယ်တိုင်လည်း စမ်းရေအေးရဲ့ ကန့်သတ်နေရာလေးမှာ အတောင်အလက်တွေကို ဆေးကြာမယ်.. သောက်သုံးလို့ရမယ့်အခြမ်းမှာ သောက်သုံးမယ်.. စိမ်းလန်းတဲ့ ဖွံ့ဖြိုးသာယာတဲ့ နေရာလည်း ဖြစ်ရမယ် နားနားနေနေ နေပြီး ကိုယ့်ပတ်ဝန်းကျင်မှာ ညည်းငွေ့လာရင် မိုင်ချီဝေးတဲ့ နေရာသစ်ကို ပျံသန်းသွားမယ်..လမ်းမှာခရီးသွားတွေနဲ့ တွေ့ရင် အတူတူ ခရီးဆက်ကြမယ်..သူ့တို့ရဲ့ အထုပ်တွေကို ကိုယ့်ရဲ့ ခြေထောက်အစုံနဲ့ ကုတ်ယူပြီး လိုရာခရီးကို အဖေါ်ပြု သယ်ဆောင်ပေးမယ်.. လမ်းခရီးကြမ်းတွေ ရေစီးအားသန်တဲ့ ချောင်းတွေကို ဖြတ်ကျော်ရမယ်ဆို ကိုယ့်ရဲ့ သန်မာတဲ့ ခြေအစုံနဲ့ပဲ မြဲမြံစွာ ကုတ်ယူ သယ်ဆောင်ပေးမယ်.. ချောမွေ့တဲ့ နေရာရောက်တဲ့ အထိပေါ့.. အန္တရာယ်တွေနဲ့ ကြုံတွေ့ခဲ့မယ်ဆိုရင်လည်း ကိုယ့်ရဲ့ထက်မြက်တဲ့ နှုတ်သီးနဲ့တွေနဲ့ ထိုးဆိတ်မယ်.. ခြေအစုံနဲ့ တိုက်ခိုက်မယ်.. အချိန်အတိုင်းအတာ တစ်ခုအထိ.. ခရီးသွားဖေါ်တွေ ရောက်လိုတဲ့ နေရာကို ရောက်လို့ ခရီးတစ်ထောက်နားပြီး ကိုယ်လိုရာကို ဆက်ပျံသန်းမယ်.. လူတွေစကား နားလည်သလို လူတွေနားလည်အောင် ပြန်ပြောတတ်တော့ ခရီးသွားနေတဲ့အတောအတွင်းမှာ သူတို့နဲ့ ပြောဆို ဆွေးနွေးရင်း ဗဟုသုတ အတွေးအခေါ်တွေ သင်ခန်းစာတွေလည်း မှတ်ယူမယ်..ငှက်တစ်ကောင်ရဲ့ အားအင်နဲ့ မိုးမြင့်မှာ ပျံသန်းနေရင်း ကမ္ဘာမြေပြင်မှာ မြင်တွေ့နေရတဲ့ လူတွေ အဆောက်အဦးတွေ.. စသည်ဖြင့် အကုန်လိုက်ကြည့်မယ်..ရှု့ထောင့်အမျိုးမျိုးကနေ လိုက်ကြည့်လို့ လေဟုန်စီးရင်း ပျံဝဲနေမယ်..ပူအိုက်တဲ့ ရာသီတွေမှာလည်း ကိုယ့်ရဲ့ အတောင်ရိုက်ချက်တွေနဲ့ အားလုံးကို လေပြည်အေးတွေ တိုက်ခတ်ပေးမယ်.. ရောက်တဲ့ အရပ်မှာလည်း မိတ်ဆွေအချို့ ဖွဲ့မယ်..သူတို့ဆီကိုလည်း ကူးချီသန်းချီနဲ့ လိုအပ်တာတွေကို ဖလှယ်ကြမယ်..အားလုံးမဟုတ်ရင်တောင် ငှက်တစ်ကောင်ရဲ့ ဖြည့်စွမ်းပေးနိုင်တဲ့ ဘက်က တစ်ချို့ကို ဖြည့်စွမ်းပေးမယ်.. အိုမင်း မစွမ်းလို့ ပျံသန်းဖို့ အင်အားတွေ ကုန်ခမ်းနေရင်တောင် တစ်ချိန်တစ်ခါက ကိုယ့်ရဲ့ အတောင်ရိုက်ချက်ရဲ့ လေအဟုန်ကို သစ္စာပြုခဲ့မယ်.. နောင်ပေါက်လာမယ့် ငှက်ကလေးတွေကိုလည်း သင်ခန်းစာတွေ ပေးခဲ့မယ်..ငှက်တစ်ကောင်ရဲ့ သီိအိုရီကိုလည်း ကမ္ဘာတစ်ခွင်မှာ လှိုင်းအဖြစ် ထားရှိခဲ့မယ်..

စိတ်ကူးယဉ်ခြင်းကို စာတိုအနေနဲ့ ရေးသားလိုက်ပါတယ်..

တစ်ခါတစ်ရံ စိတ်ကူးယဉ်မှုတွေကြောင့် ပျော်ရွှင်ခြင်းတွေ ဖြစ်တတ်သလိုလက်တွေ့အကောင်အထည်ဖေါ်တဲ့ အခါ ဖြစ်မလာရင် စိတ်ညစ်တာလေးတွေဖြစ်ဖူးကြမှာပါ.. ကိုယ်တွေးတာလေးတွေ ဖြစ်ချင်တာလေးတွေကို စိတ်ကူးယဉ်တိုင်း ဖြစ်တယ်ဆိုပေမယ့် ကျွန်တော်တို့လူသားတွေအနေနဲ့ လက်တွေ့ဘ၀တွင် စိတ်ကူးယဉ်ခြင်းတွေနဲ့ ကွာဟတတ်တာမို့.. ရေးခဲ့ဖူးတဲ့ ကဗျာလေးကို ထည့်သွင်းရေးသားဖေါ်ပြရင်း နေ့အိပ်မက်နှင့် ဘလောခ့်မောင်နှမများ အားလုံးလည်းနားလည်ဖတ်ရှုရင်း စိတ်ကူးယဉ်ခြင်းမှ လက်တွေ့အနာဂတ်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ တောင်းဆုပြုလိုက်ပါတယ်..။

စိတ်ကူးယဉ်ခြင်း ရူးသွပ်ခြင်းကြောင့်
အတွေးမှာတင် ပျော်ခဲ့သော်လည်း
တစ်ကယ့်လက်တွေ ပီပြင်ဘ၀တွင်
စိတ်ကူးယဉ်မှု လက်တွေသရုပ်နှင့်
ကွာဟခြားနား လားလားမှမတူ
လူ့ဘ၀မို့ ယဉ်သည့်အတွေး
ဖြတ်တောက်ခဲ့ပါ ဒီမျှသာမို့ ..။

ပြန်လည် Tag ခြင်း ၅ (Ten Things I Hate About Myself )

အခု ပို့စ်လေးကတောမမ၀ါ နဲ့ ညီငယ် ကေမောင်ငြိမ်း တို့ tag ထားတဲ့
ကိုယ့်ကိုယ်ကို အမုန်းဆုံး ၁၀ချက်ကို ပြန်လည်ဖြေခြင်းပါ


အတိတ်အကြောင်း ပြန်မောင်းခတ်လို့
အမေ့မေတ္တာ ပုံအပ်တာကို
ခံယူမတတ် ဖယ်ခွာရက်တဲ့
ငါ့စိတ်ကိုငါ မုန်းမိပါတယ်

ဆရာသင်ပေး ပညာရေးနဲ့
လိမ္မာယဉ်ကျေး ဆက်ဆံရေးကို
အလေးမထား ဆိုးရွားနေတဲ့
ငါ့စိတ်ကိုငါ မုန်းမိပါတယ်

ဘာသာတရား အလေးထားဖို့
သွန်သင်ညွှန်ကြား ဦးဆောင်ပြလို့
ငယ်စဉ်လိုက်နာ ထက်သန်စွာနဲ့
ယခုအခါ မပွားများတဲ့
င့ါစိတ်ကိုငါ မုန်းမိပါတယ်

အပေါင်းအသင်း ရောင်းရင်းတွေနဲ့
ပျော်ပါးနေခိုက် ကြည်နူးဟိုက်လို့
မိသားစုကို မေ့နေတတ်တဲ့
ငါ့စိတ်ကိုငါ မုန်းမိပါတယ်

အမြင်မတော် ဖြစ်ရပ်များနဲ့
စိန်ခေါ်ဝံ့ကြွား ငမိုက်သားကို
ရှောင်ခွာမနေ ၀င်ကာမွှေပြီး
ကျူးလွန်အပြစ် ရောက်ရှိတတ်တဲ့
ငါ့စိတ်ကိုငါ မုန်းမိပါတယ်

ခန္ဓာကျန်းမာ စိတ်ရွှင်လန်းဖို့
တစ်နေ့တာရဲ့ အိပ်စက်ခြင်းကို
မခုံမမင် အအိပ်နည်းတဲ့
င့ါစိတ်ကိုငါ မုန်းမိပါတယ်

ပြီးခဲ့ဖြစ်စဉ် ယခုလိုအင်
မိုးဆုံးမြေဆုံး ဒွန်တွဲတွေးတော့
ငူငူငိုင်ငိုင် အပီမှိုင်တဲ့
ငါ့စိတ်ကိုငါ မုန်းမိပါတယ်

တစ်ခါတစ်ရံ အလိုမကျ
ပြန်မရတဲ့ ကိစ္စတစ်ချို့
တမ်းတတတ်လို့ ညစ်မိသွားတဲ့
င့ါစိတ်ကိုငါ မုန်းမိပါတယ်

ဟိုစဉ်ကလေး ငယ်ရွယ်သေးတော့
အလိမ်မတတ် မှန်တာတတ်လို့
ခုချိန်အခါ တစ်ချို့တွေမှာ
မုသားသုံးတဲ့ အကျင့်လေးကြောင့်
ငါ့စိတ်ကိုငါ မုန်းမိပါတယ်

တစ်ခုခုကို စွဲလန်းလွန်းလို့
မျှော်လင့်ကြီးစွာ လိုချင်တက်မက်
အတ္တတွေနဲ့ ချက်ချင်းလက်ငင်း
ပြောမှလုပ်ရ ကျေနပ်တတ်တဲ့
ငါ့စိတ်ကိုငါ မုန်းမိပါတယ်

ကဗျာလေးနဲ့ ရေးဖွဲ့ပြီး ပြန်လည် ဖြေလိုက်ပါတယ်.. အစ်မနဲ့ ညီငယ်ရေ..
ကျေနပ် ဖတ်ရှု့နိုင်ပါစေ... ပြန်တက်မယ့်သူတွေကတော့

မယ်မဒီဆုဝေကဗျာချစ်သူ (ခေးရော့စ် )မိုးဦးဝေလွင်
ခေါင်ခေါင်ချင်းမလေးစိတ်ဖြေရာ မီးတောက်ပုလဲ
ပန်းခင်းလေးအလင်းစေတမန်ညခင်းရဲ့လမင်းမီးလေးဇာ
ဝေလေးတာတာသဉ္ဖာ

ပြန်လည် Tag ခြင်း ၄ (အချစ်ဆိုသည်မှာ)

ညီသွေးကတော့ လုပ်ချလိုက်ပြန်ပြီ .. အကြွေးကျေခါစရှိသေး .. ထပ်တက်လိုက်ပြန်ပြီ
အချစ်ဆိုသည်မှာတဲ့ .. အချစ်အကြောင်းကို ခံစားရသလောက် ရင်ဖွင့်ချလိုက်မယ်ဗျာ..

အချစ်ဆိုသည်မှာ ... အချစ်ကို နားလည်ဖို့ခက်တယ်.. သိလားမေးကြရင် သိသလိုလိုပါပဲ
အချစ်ဆိုတဲ့ သေချာ မရေရာတဲ့ ဝေါဟာရ ခံစားစိတ်ကလေးကို
သေချာမသိပေမယ့် အချစ်ကို ကျွန်တော်ကိုယ်တိုင်လည်း ကြုံခဲ့ဖူးသလို
ယခုအချိန်မှာလည်း ခံစားတဲ့စိတ်ကလေးမှာ အချစ်ဆိုတာကို
ကိန်းအောင်းထားနေမိတယ် ....
အချစ်ဆိုသည်မှာ ... တိုတောင်းလှတဲ့ လူ့ဘ၀မှာ လူသားတိုင်းလိုလို အချစ်ကို ပုံစံအမျိုးမျိုးနဲ့
ပုံစံခွက်ထဲကို ဆွဲထည့် ပုံဖေါ်ဖို့ ဦးစားပေးနေကြတယ်လို့ ကျွန်တော်ထင်တယ်
ယောက်ျားလေးကလဲ ကိုယ်ချစ်တဲ့ မိန်းကလေးကို နည်းအမျိုးမျိုးနဲ့ချဉ်းကပ် ၊
မိန်းကလေးကလည်း ကိုယ့်ကိုချစ်တဲ့ ယောက်ျားလေးရဲ့ နောက်ခံကို အခုခေတ်မှာ
သိပ်စိတ်ဝင်စားကြတယ်ဗျ ..သာယာမှုတစ်ခုကို အခြေခံပြီး ချစ်လိုက်ကြတဲ့
စုံတွဲတွေ များပြားလိုက်ကြတာ.. အခုခေတ်ပိုဆိုးတယ်.. အချစ်ကို တော်တော်များများ
ကိုးကွယ်စရာလို့ထင်ကြတယ်.. တစ်ကယ်တော့ အချစ်ဆိုတာ နီးခြင်း ဝေးခြင်း
နဲ့ မမြင်ရတဲ့ နာမ်ရုပ်နှစ်ခုရဲ့ ဆွဲငင်အားတွေပါ ..
အချစ်ဆိုသည်မှာ ... ချစ်ကြပါ .. ချစ်နိုင်လေ ပိုကောင်းလေပဲ .. ကိုယ့်ကိုယ်ကိုတောင် ချစ်ဖို့ မလွယ်ဘူးလေ
တစ်ပါးသူကို ချစ်ဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်သေး ..ဘာဖြစ်လို့လဲဆိုတော့..
လူသားတစ်ယောက်ချင်းက ကိုယ့်ကိုယ်ကိုချစ်တယ်ဆိုရင် ဒုက္ခရောက်စေမယ့်
အပြုအမူ အပြောအဆို ..စသည်ဖြင့် လုပ်မှာ ပြောမှာ မဟုတ်ဘူးဗျ ..
ဒါပေမယ့် တစ်ခါတစ်ရံ မသိလိုက်လို့ လုပ်မိတဲ့ အရာမျိုးတွေတော့ မပါဘူးပေါ့လေ..
ဥပမာ .. ယောက်ျားလေးတွေ ..များသောအားဖြင့် အရက် ၊ ဆေးလိပ် ၊ ကွမ်း ..
အစရှိ အနောင်နောင် သောက်ကြ စားကြတယ်ဗျ.. ကျွန်တော်ကိုယ်တိုင်လည်း
ပါတာပဲ .. အဲဒါ ကိုယ့်ကိုယ်ကို ချစ်ဟန်ဆောင်နေတာ .. အဲလိုပြောလို့ စောစောက
ပြောသလို ကိုယ့်ကိုယ်ကို မချစ်ဘူးဆိုရင် တစ်ခြားသူကို ချစ်ဖို့ ခဲယဉ်းတယ် ဆိုတာ
မှန်ပေမယ့် အချစ်စစ်တို့ မည်သည်မှာ ချစ်ကြတတ်ပါတယ်..
အချစ်ဆိုသည်မှာ ... ယောက်ျားလေးကပဲဖြစ်ဖြစ် ၊ မိန်းကလေးကပဲဖြစ်ဖြစ် ကိုယ်တစ်ကယ်ချစ်တဲ့သူကိုတွေ့
လာတဲ့အခါ အနည်းငယ်တော့ ကိုယ့်ရဲ့ အနေအထိုင် အပြောအဆို စရိုက်သဘာဝတွေ
ပြောင်းလဲ လာတတ်ကြတယ် .. တစ်ချို့ကြ ပါးစပ်ကတော့ ချစ်လိုက်တာ..
သူ့လောက် ချစ်နိုင်တဲ့သူ မရှိလောက်အောင်ကို ကြွေအောင်ပြောကြတာ..
တစ်ကယ်တမ်း အချစ်ဆိုတာ ဒွေး ဆိုတဲ့ သီချင်းခေါင်းစဉ်လို “ဖြေစရာမလိုတဲ့ အမေး”
ပါ .. တစ်ကယ်ချစ်တတ်ပြီ ဆိုရင် ကိုယ်ချစ်တဲ့သူက ဘယ်လိုပြောရင် ကြိုက်တတ်တယ်
ဘယ်လိုနေ ဘယ်လိုဝတ် ..စတာလေးတွေပေါ့ .. သူ့ဖာသာ ပြုပြင်လာကြတယ်..
အချစ်ဆိုသည်မှာ ... ကျွန်တော့်အစ်ကို တစ်ယောက်ပြောသလိုပဲ ..ရည်စား ချစ်သူ အိမ်ထောင်သည် တွေမှာ
တစ်ကယ်ချစ်ပြီ ဆိုရင် မင်း ဘယ်လိုနေ ဘယ်လိုထိုင်.. စတာတွေကို သိပ်ကိုပြောနေ
စရာ မလိုဘူး.. ပြောလို့ ပြင်သွားတာ ကိုယ့်စိတ်နဲ့ကိုယ်မှ မဟုတ်တာ..
သူပြောလို့ပြင်တာလေ .. ချစ်တဲ့သူကပြောလို့ ပြင်တာပေါ့လို့ ပြီးစလွယ်ပြောလို့မရဘူး..
ကိုယ့်ဖာသာ အလိုက်တသိနဲ့ ပြင်တာမှ အချစ်စစ်ပါ.. နားလည်မှုအရတော့
တစ်ယောက်နဲ့တစ်ယောက် အနည်းငယ် ပြုပြင်ပေးတာတော့ ရှိတာပေါ့..
ပြင်သင့်ရင်လည်း ပြင်ကြရတာပေါ့.. အစွန်းမထွက်ဖို့တော့ လိုတယ်..
တစ်ကယ်ချစ်တတ်တဲ့သူက ကိုယ့်ရဲ့ ဘ၀လက်တွဲဖေါ်က ငါဘာလေးလုပ်ရင် မကြိုက်ဘူး
ဒီလိုလေးနေရင် မကြိုက်ဘူး ..စတာတွေကို သူအသိစိတ်နဲ့ တွေးလာကြတယ်..
အခုခေတ်( ကျွန်တော်လည်း ယခုခေတ်ကာလသားတစ်ယောက်ပါ )..ဆိုလို့
ကျွန်တော့်ကို အရင်ရှေးခေတ်ကြီးကလားလို့တော့ ပြောမနေနဲ့ဦးနော်..ဟဟ
အခုခေတ်မှာ ချစ်ကြတဲ့စုံတွဲတွေ တွေ့မြင်နေကြတယ် ..ပေါ့ပေါ့နေ ပေါ့ပေါ့စားပဲ
“အပျော်အကြီး ကြီးကိုလိုချင်ရင် အပျော်အသေးလေးတွေကို ရှောင်သင့်တယ်”
များသောအားဖြင့် လျှောက်လည်ကြမယ် .. စားမယ်သောက်မယ်နဲ့ တစ်နေကုန်
အချိန်ဖြုန်းတဲ့ သူတွေ အများကြီးပဲ .. တစ်ကယ်တမ်းမေးကြည့် အချစ်ရဲ့ အတိမ်အနက်ကို
မသိသလို တစ်ကယ် အချစ်စစ်နဲ့ ချစ်တာလားလို့ ကိုယ့်ကိုယ်ကို ပြန်မေးခိုင်းရင်
သေချာမသိကြတာများပါတယ်.. အနှောင်အဖွဲ့နဲ့တော့ ချစ်ကြတာပဲ..ဒါပမယ့်
အဲဒီအနှောင်အဖွဲ့မှာ ပစ္စည်းကြွယ်ဝတာ ရုပ်ချောတာ စတဲ့ ပူလောင်တဲ့ သဘောတရား
တွေ ပါနေကြတယ် .. အချစ်ကလည်း ပူလောင်ပါတယ် ..မချစ်တတ်ရင်ပေါ့
မိန်းကလေး အများစုကိုတွေ့ဖူးတယ် .. အပြင်မှာရော လုပ်ငန်းခွင်တွေထဲမှာရော..
ထမင်း ဟင်းတောင် ဖြစ်အောင် မချက်နိုင်တဲ့ မိန်ကလေးတွေ အများကြီးပဲ
သူတို့အတွက်က အလှပြင်မယ်( မပြင်ရဘူးမပြောဘူးနော် လိုတာထက်ပိုပြီး ..)
အချိန်တန်ရင် လျှောက်လည်မယ် သုံးမယ် ဖြုန်းမယ် ပျော်မယ်ပေါ့ ..
ပြီးတော့ အိမ်ထောင်တွေကျတယ် .. အိမ်ထောင်မှုတာဝန်ကို ယောက်ျား လေးရော ၊
မိန်းကလေးပါ ဘာမှ မသိကြဘူး .. နောက်ဆုံတော့ မွေးထားတဲ့ မိဘကိုပဲ ဒုက္ခပေးကြတယ်
အချစ်စစ်ကို နားမလည် တန်ဘိုးမထားတတ်တော့ နောက်ဆုံး ကွဲကြတယ် မုန်းကြတယ်..
အိမ်ထောင်မှုကို သာယာအောင် ညှိနှိုင်း နားမလည်ကြဘူး ..
အချစ်ဆိုသည်မှာ ... လောကမှာ တစ်ယောက်နဲ့ တစ်ယောက် ချစ်တယ်ဆိုတာ အမျိုးမျိုးရှိကြတယ်
များသောအားဖြင့် ရှိကြတာဘာလဲဆိုတော့ ..တစ်ယောက်လိုအပ်တာ တစ်ယောက်မှာ
ရှိလို့ ချစ်ကြတာများတယ် ..အဲဒီလိုအပ်ချက်တွေ ဖြည့်ဆည်း ပေးနေသေးသမျှ
ချစ်ကြတာပဲ ..မပေးနိုင်ရင်တော့ ကွဲကြတယ် ..
အတွေးအခေါ်မရင့်ကျက်သေးတဲ့ သူတစ်ယောက်ကလည်း ကိုယ့်ထက် အတွေးအခေါ်
ရင့်ကျက်တဲ့သူကို ချစ်တာပဲ .. တစ်ချိန်ချိန်မှာ သူလည်း ရင့်ကျက်ပြီ ဆိုရင် သူရွေးချယ်တဲ့
သူကိုလည်း လိုအပ်ချင်မှ လိုတော့မယ် .. အဲလိုမျိုး အားပြိုင်မှုလေးတွေ ဖြစ်လာပြီ
ဆိုရင် ကွဲကြတယ် ..တစ်ယောက်နဲ့ တစ်ယောက် စိတ်အနှောက်အယှက် မဖြစ်အောင်
မမုန်းကြ မကွဲကြအောင် တစ်ယောက်လိုအပ်တာ တစ်ယောက်သိဖို့ အရေးကြီးတယ်..
ကိုယ့်အပေါ်ဖြည့်စွမ်း ပေးနိုင်တဲ့ သူထက် ပိုသာတဲ့ ဖြည့်စွမ်းပေးနိုင်တဲ့ သူကိုတွေ့ရင်
လည်း ကွဲသွားတတ်ကြတယ် ...ဒါကြောင့် ချစ်သူ ဖြစ်ပြီ ဆိုရင် ..
တစ်ယောက်ကောင်းတာလေးတွေကို တစ်ယောက်မြင်တတ်ဖို့အရေးကြီးတယ်..
မြင်ပါများမှ တိုးတိုးပြီး မြင်နိုင်မယ် .. ဒါမှ တည်မြဲမယ် ..
အချစ်ဆိုသည်မှာ ... ရေရှည်တွဲလာပြီ ဆိုရင် တစ်ယောက်အားနည်းချက်တစ်ယောက်သိလာမယ် ..
အဲဒီအခါမှ ရွေးချယ်မိတဲ့သူကို ရွေးမိတာမှားလေခြင်းဆိုပြီး နောင်တရတတ်ကြတယ်..
အဲဒီအခါကျရင် ပြဿနာတက်နိုင်တယ် .. ဒါကြောင့် “ကိုယ်ရွေးချယ်တဲ့ အရာအတွက်
ဘယ်တော့မှ နောင်တ မရပါနဲ့”
အချစ်ဆိုသည်မှာ ... ကိုယ်ချစ်တဲ့သူကို လွတ်လပ်ပိုင်ခွင့်ပေးရမယ်..ကိုယ်ချစ်တဲ့သူမှာ ကိုယ်မကြိုက်တဲ့
အချက်တွေ ရှိနိုင်မယ် ..အဲဒီအခါကျရင် ပြင်ဖို့ပြောမယ် ..ပြင်ဖို့ပြောတဲ့အခါ
တစ်ဖက်ကလည်း ကိုယ့်ကိုချစ်တော့ တစ်ကယ့် လေးလေးနက်နက် ပြင်ချင်ပြင်မယ်..
ဒါမှ မဟုတ် ဟန်ဆောင်နေမယ် ..ပြောရင်တော့ ဟုတ်ကဲ့ပေါ့.. ကိုယ်ပြောလို့
ပြင်တာထက် ကိုယ့်ကို တစ်ကယ်ချစ်ပြီး သူ့ဟာသူ ပြင်သွားတာ အကောင်းဆုံးပဲ..
အချစ်ဆိုသည်မှာ ... တစ်ယောက်ကိုတစ်ယောက် တစ်ကယ်ချစ်ရင် ကိုယ်ချစ်တဲ့သူရဲ့ စိတ်ကို အမြဲတစေ
စိတ်ဝင်စားနေတာမို့ သူက ဘယ်လိုနေရင် ၊ ဘယ်လိုပြောရင် ၊ ဘယ်လိုစိတ်ဓါတ်ထားရင်
ကြိုက်တယ်ဆိုတာ သိကို သိရမယ်..
အချစ်ဆိုသည်မှာ ... လူတစ်ယောက် ( ကိုယ်ချစ်တဲ့သူ ) ကို လွတ်လပ်ပိုင်ခွင့်ပေးရမယ် .. အပေါ်မှာလည်း
ပြောထားခဲ့ပြီးပါပြီ .. သူလုပ်ချင်တာလုပ်ပေါ့ .. သူလုပ်တဲ့ အကြောင်းအရာတွေထဲမှာ
ကိုယ်မကြိုက်တာတွေ ပါချင်ပါမယ် .. ဆိုးဆိုးဝါးဝါး မဟုတ်ရင် ပြင်ဖို့ မပြောပါနဲ့..
သူကသာ ကိုယ့်ကို တစ်ကယ်ချစ်ရင် ဘယ်လိုနေစေချင်တယ် ၊ ဘယ်လိုလုပ်စေချင်တယ်
ဆိုတာ သူ့ဟာသူ သိလာလိမ့်မယ် .. ကိုယ်က ပြောလို့ပြင်ရင် သူ့အတွက်
ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်တတ်တယ် .. ပြီးတော့ ငါပြောတာတွေချည်းပဲပြင်တယ် ..
သူ့အသိစိတ်ဓါတ်နဲ့သူ မပြင်ပါလားဆိုတဲ့ သံသယ ၀င်နိုင်တယ် ..
အချစ်ဆိုသည်မှာ .. “ပန်းရိုင်းပွင့်လေးတွေလိုပဲ .. နေရာတကာမှာပေါက်နိုင်တယ်” လို့ စာရေးဆရာတစ်ယောက်
ရေးထားတာ ဖတ်ဖူးတယ်.. ကျန်တဲ့ ရေးထားတဲ့ အကြောင်းအရာတွေကိုတော့ မမှတ်မိ
တော့ ဘူး .. တစ်ကြောင်းလေးကိုပဲ စိတ်ထဲစွဲနေလို့ ပြန်ပြောပြလိုက်တာပါ ..
တစ်ခါတစ်ရံ အိမ်ထောင်ရေး အငယ်အနှောင်း ထားတာတွေနဲ့ ပတ်သက်ပြီး ရေးချင်တယ်ဗျ
အဲဒီအခါကျရင် တော်တော်များများက ကျွန်တော့်ကို တော်တော်ဝေဖန်ကြမှာ သေချာတယ်
ဒါပေမယ့် မရေးဖြစ်ဘူး (ဝေဖန်ခံရမှာ ကြောက်လို့မဟုတ်ဘူး ) တော်တော်များ လက်သင့်
မခံတဲ့ အတွေးမလို့ မရေးဖြစ်တာ .. ကိုယ့်ကိုယ်ကိုတော့ အများနဲ့ တစ်ယောက်ဖြစ်နေပြီလို့
သိထားလို့ပါ .. အဲဒီအကြောင်းအရာနဲ့ပတ်သက်လို့ပေါ့.. ထားပါတော့လေ..
အချစ်ဆိုသည်မှာ ... ကျွန်တော် ကဗျာလေးတစ်ပုဒ်ရဲ့ အပိုဒ်တစ်ပိုက်မှာ ရေးသလိုပဲ
ကိုယ်ချစ်မရှာ သူချစ်ရှာဆိုတဲ့ ပြောနေကြတဲ့ စကားတွေကို မကြိုက်သလို
မဖြစ်သင့်ဘူးဗျ .. သူကလည်း ကိုယ့်ကို ချစ်သလို ကိုယ်ကလည်း သူ့ကိုချစ်ရမယ်
အဲဒါမှ တရားမျှတသလို အိမ်ထောင်ရေးသာယာ မှာပေါ့ ..ချစ်ရတဲ့သူက ပူလောင်တာပဲ
ဥပမာ .. ကိုယ်က မချစ်ပဲ သူကချစ်တယ်ဆိုရင် .. ကိုယ်က လုပ်ချင်ရာလုပ်နေမှာလေ
သူ့ခမျာတော့ ချစ်တော့ အောင့်ပြီးဘာမှ မပြောပဲ သူ့ကိုယ်သူ စိတ်ဆင်းရဲခံ
နေရတယ် ..ဘယ်တရားပါ့မလဲ ယူပြီးသွားရင် ပိုဆိုး .. သူများ သားသမီးကို
စိတ်အစဉ်မှာ စိတ်ထွေ သောကတွေဖြစ်အောင် လုပ်နေတာနဲ့ တူသလို
ကိုယ်ချင်းမစာတတ်တဲ့ အတ္တသမားဖြစ်နေတာ ကိုယ့်ကိုယ်ကို သိဖို့ လိုအပ်မယ်
ထင်တယ်ဗျ.. ဂျွမ်ဟမ်း ဆိုတဲ့ သီချင်းစာသားလို “မချစ်ပဲနဲ့ အောင့်နမ်းမနေပါနဲ့”
ဆိုတဲ့ စာသားလို ကိုယ်ပျော်ဖို့ အတွက် ဖြစ်ပေမယ့် သူ့အတွက် ပေးဆပ်ရတာနဲ့
တန်ရဲ့လားဆိုတာကို တွေးတောရင်း ငါတစ်ကယ် အချစ်ဆိုတာကို နားမလည်တာလား ၊
နားလည်ရက်နဲ့ အချစ်စစ်ကို မပေးနိုင်တာလားဆိုတာ တွေးတောရင်း
ချစ်တတ်သူများ သာယာချမ်းမြေ့တဲ့ အနာဂတ်ကို အလှတွေ ဝေဖြာစွာနဲ့
အချစ်နဲ့ နားလည်မှုကို ဒွန်တွဲလို့ သာယာဖြောင့်ဖြူးစွာနဲ့ လျှောက်လှမ်းနိုင်ပါစေလို့
ဆန္ဒပြုရင်း ကျွန်တော်ရဲ့ ချစ်သောသူ တစ်ယောက်လည်း ပျော်ရွှင်ချမ်းမြေ့ပါစေ...


ကျွန်တော့်ကို tag ထာတဲ့ ညီသွေး (ကြယ်ဇင်သွေး) လည်း သာယာသော သုခတွေနဲ့ ချစ်ခရီးလမ်း
ဖြောင့်ဖြူးပါစေလို့ ဆုတောင်းရင်း .. ဒီပို့စ်လေးကို လာရောက်ဖတ်သူများလည်း ဆန္ဒနှင့် ဘ၀ တစ်ထပ်တည်း
ရရှိစံစားပါစေ.. ဒီပို့စ်လေးက ကျွန်တော်ခံယူထားတဲ့ စိတ်ထားနဲ့ တွေ့မြင် ကြားရတာတွေကို တင်ပြရတာပါ
တစ်ယောက်နဲ့ တစ်ယောက်မယူအဆတွေ မတူပေမယ့် ကောင်းစေချင်တဲ့ ဆန္ဒတစ်ခုထဲနဲ့ ရည်ရွယ်ပြီး
ရေးသားခြင်းပါ.. မျှဝေခံစားနိုင်ပါစေ..

ပြန်လည် Tag ခြင်း ၃

သူငယ်ချင်းတွေက အခုတလော အရမ်းကို တက်နေကျတယ်.. ပူလို့နဲ့ တူပါရဲ့...စတာပါ
ပြန်ဖြေရတော့မှာပဲ .. ဖြစ်သလိုစားခြင်းကို...

ကျွန်တော် ငယ်ငယ်က ဂျီးများတယ် ..ရေချိုးရမှာကြောက်လို့လေ..ဟိဟိ
စတာပါ တစ်နေ့ ၃ခါအနည်းဆုံး ရေချိုးတယ် ..သန့်ကြောင်း ကြုံတုန်းသိအောင် ပြောပြတာ..
မိဘအိမ်မှာနေတုန်းကတော့ ဂျီးများတယ် ..အစားအသောက်ရွေးတယ်ပေါ့
အသားဟင်းနဲ့ အရည်သောက်ပါမှစားတာ ..အသားဟင်းတောင် ၀က် ၊ ကြက် ၊
ဆိတ်သားမှ စားတာ .. မိုးသောက်လို့ ရောင်နီလာတာနဲ့ လက်ဖက်သုတ် ၊ တိုးဟူးသုတ် ၊
အကြော် ၊ ပဲပြုတ် တို့ပါမှ စားတာ.. ကျန်တဲ့ မုန့်တွေတော့ သိပ်မစားဖြစ်ဘူး
ထမင်း ၊ ဟင်းကိုပဲ အားပြုစားတယ် ( အားများနေလို့လေ )
အစာအိမ်ကလည်း သိပ်လက်သင့်မခံဘူးဗျ (တစ်နေ့ ၅နပ်လောက်ပါပဲ )
အဲလိုနဲ့ပဲ အိမ်နဲ့ကင်းကွာပြီး ကျောင်းတက်တာက စတော့တာပါပဲ
ဂျီးများတတ်တဲ့ ကျွန်တော်လေ .. ဆိုင် ထမင်း ဟင်း စစားတဲ့ အခါမှာပဲ စိတ်ညစ်ရတော့တယ်
ဗိုက်ကဆာပေမယ့် စိတ်က ဂျီးများတတ်တော့ စားလို့ သိပ်မ၀င်ဘူး..
မေမေ့စိတ်ကူးနဲ့ ချက်ထားတာလောက် စားမကောင်းဘူးဗျ .. မေမေ့လက်ရာက
အဲလောက်ထိကောင်းတာ ( အရိုက်ခံရလို့ ကျောမှာ အရာထင်လို့လေ )
မေမေ ချက်ကျွေးတဲ့ ထမင်း ဟင်းကို ကောင်းကြောင်းပြောနေတာ မေမေသာသိရင်
အိမ်ပြန်တဲ့အခါ သားအကြိုက်ဆိုပြီး အမယ်များစွာနဲ့ ချက်ကျွေးမှာ သေချာတယ် ..
ရေးရင်းနဲ့တောင် တမ်းတလို့ စားချင်စိတ်တွေ ဖြစ်နေပြီ ..
တက္ကသိုလ်ကျောင်းတက်တာကစပြီး ဂျီးများတဲ့စိတ်တွေ ပျောက်ကုန်တယ်..
ဇတ်လမ်းက စပြီလေ .. သူငယ်ချင်းတစ်အုပ်နဲ့ ဆိုင်ကယ်တွေစီးပြီး ပျော်နေရရင်
ထမင်းမေ့ ဟင်းမေ့ပဲ .. မရောက်ဖူးတဲ့ ဒေသတွေသွားလိုက် ဘုရားတွေ ဖူးလိုက်နဲ့
လမ်းမှာ ဗိုက်ဆာရင် ကြုံတဲ့ဆိုင် ၀င်ဆွဲလိုက်တာပဲ (ထမင်း ဟင်း စားတာပြောတာ )
ဒီလိုနဲ့ အိမ်ကတောင်းသုံးတာ များနေလို့ ချွေတာသုံးရင်း ပိုက်ဆံပြတ်ဖူးတယ်ဗျ
သူငယ်ချင်းနှစ်ယောက် ထမင်းကို ၆ ရက်လောက် မစားပဲ နေခဲ့ဖူးတယ်..
ကာတွန်း ၊ video တွေထဲမှာသာ စားစရာမရှိ ရေသောက် မှောက်အိပ်ဆိုတာကို
ရီခဲ့ဖူးတာ .. ကိုယ်တွေ့ကြုံမှပဲ ရီဖို့နေနေသာ ဆာတိုင်း ရေသောက်ဖို့ပဲ စဉ်းစားနေမိတော့တယ်..
နောက်ပိုင်း ဆိုင်ကယ် အလုပ်လေးလုပ်တော့ ပြန်သာယာလာတယ်ဆိုပါတော့
ဒါပေမယ့် အစားအသောက်ကို သိပ်မမက်တော့ဘူး ..ပိုက်ဆံရှိလည်း ထမင်းလေးတစ်ခဲ
မျိုကျသွားရင်ကို တင်းတိမ်သွားတယ်.. လျှောက်သွားရင်းတွေ့တဲ့နေရာ အဆာပြေရုံလောက်
လေး တစ်ခုခု စားရရင်ကို ဗိုက်က လက်သင့်ခံသွားပြီ ..အဲလိုနဲ့နေလာခဲ့တာ အခုလက်ရှိ
ထိဆို ၆ နှစ်ခွဲလောက်ရှိသွားပြီ .. အခုတစ်ယောက်ထဲနေတော့လည်း ထမင်း နှစ်နပ်တော့
ပုံမှန်စားတယ် ..ဟင်းက ဘာဟင်းပဲဖြစ်ဖြစ် စားတတ်နေပြီ ..
အော် .. ဒါနဲ့ တစ်ဆက်တည်း ပြောရဦးမယ် ..( ချစ်သူကတော့ ပျော်နေမှာပဲ ..
အစားအသောက် ဂျီးမများ ၊ စားတာနည်းတော့ အကုန်အကျသက်သာတယ်ဆိုပြီး ) ဟိဟိ
ကြွားတာ .. အခုဆို ပိုဆိုးတယ် .. ကွန်ပျူတာရှေ့ထိုင်ရင် ထမင်းစားဖို့ မေ့မေ့သွားတယ်..
(အိမ်လည်ခေါ် ထမင်းကျွေးရင် သူငယ်ချင်းတို့ အဆင်ပြေမှာပါ)..လှည့်ပတ်စားချင်လို့ပါ
အကုန်အကျသက်သာအောင်လို့ ..ဟဟ ထမင်းတော့ ပိုချက်ထား..
အသက်တစ်နှစ်ကြီးလေ ပိုသိလာလေပဲ .. ဘယ်လောက်စားစား အာဟာရဖြစ်ချင်မှဖြစ်တာ
အခုဆို ဘယ်နေရာ ဘယ်လိုအခြေနေမှာပဲ ဖြစ်ဖြစ် တော်တော်နဲ့ မစားပဲနဲ့လည်း နေနိုင်နေပြီ
တစ်ခါတစ်ခါ ထမင်းစားဖို့တောင် သတိထားနေရတယ် ..
ဘာကိုပဲစားစား အဆာပြေရုံလောက်လေးဆိုရင် ကျေနပ်နေပါပြီ
မိဘနဲ့ အဝေးမှာနေရတာ မနေချင်ပေမယ့် အစားအသောက် ဂျီးမများတတ်တော့တဲ့
ကိုယ့်စိတ်ကိုယ်တော့ အမွှန်းတင်နေမိပြီ ..
ကဗျာတိုလေးနဲ့လည်း ဖြေပေးလိုက်တယ်..

ရှိတာလေးနဲ့ ဖြစ်သလိုစား
အချစ်စစ်လို မရှားတဲ့
စပါးအဖူးမှ ဆန်ဖြစ်ခြင်းကို
ထမင်းချက်ကာ ဟင်းတစ်မယ်နှင့်
ငါ၏သွား ညက်ဖို့ဝါးပြီး
အာခံတွင်းမှာ လျှာစစ်မခင်းလို့
တစ်နေ့နှစ်နပ် ပုံမှန်စားပြီး
အာဟာရနှုန်း ခန္ဓာရုန်းအား
ရသင့်သလောက် ရှိသည်ပင်
တင်းတိမ်နိုင်တဲ့ င့ါစိတ်တွေက
ဘယ်အချိန်အခါ ဘယ်နေရာမဆို
ကြုံသလိုစား ကုန်လို့သွားတဲ့
သေချာခြင်းနှင့် ကျေနပ်နေပြီ..
သို့ပေမယ့်လည်း ..
တစ်ခါတစ်ရံ တမ်းတမိတယ်..
မေမေချက်သော ထမင်းနှင့်ဟင်းမှ
လက်ဆုံ စားပွဲဝိုင်းလေးဆီကို ..

ဘာမှ သိပ်မရေးတတ်တော့ ဒီလောက်လေးပဲ ရေးလိုက်တယ် သူငယ်ချင်းတို့
ကျွန်တော့်ကို tag ထားသော ညီမ megumi ၊ ညီမလေး ကင်း ( ချင်းမလေး )
တို့ ဒီလောက်နဲ့ပဲ ကျေနပ်နိုင်ပါစေနော် ..

ပြန်လည်ွှTag ခြင်း ၂

ပထမဆုံးကျောင်းတက်တဲ့နေ့ ... မသိတော့ဘူး.. ကလေးပဲရှိသေးတာကိုး ...
ပထမဆုံး ကျောင်းပြေးတဲ့နေ့ ... ချိန်းပွဲရှိတုန်းကပေါ့ (ငယ်သေးတော့ သွေးထတာလေ..)
ကြီးတော့လည်း မဆိုးတော့ပါဘူး ..ရန်ဖြစ်တာကလွဲလို့ပေါ့..ဟဟ
ပထမဆုံး ရေးတဲ့ကဗျာ ... ငယ်ငယ်ကတော့ အများကြီးပဲ မမှတ်မိတော့ဘူး
(ဦးနှောက်က မမှတ်နိုင်အောင် တွေးနေရလို့ဗျ ..) မထင်နဲ့နော်
သိပ်ကိုမတွေးတာ ..
blog မှာတော့ ' သိစေ ' ဆိုတဲ့ ကဗျာလေးကို ပထမဆုံးရေးခဲ့တာပါ ...
ပထမဆုံး ရင်ခုန်ဖူးခြင်း ... သရဲခြောက်တဲ့ နေရာကို စလေ့လာတဲ့နေ့ ပေါ့ ..ရင်ခုန်လိုက်တာ
ပြောမနေနဲ့ .. မတွေ့ရလို့လေ (သရဲဆိုတာကို)
ပထမဆုံး နေခဲ့တဲ့မြို့ ... ရန်ကုန်မှာမွေးဆိုတော့ ရန်ကုန်မှာပဲပေါ့ ..
ပထမဆုံး သူငယ်ချင်း ... ငယ်ငယ် ကလေးထဲက စိတ်နေသဘောထား အားလုံးနီးပါးတူတဲ့
ဒီထွန်းဆိုတဲ့ သူငယ်ချင်းပါ
ပထမဆုံး တီးဖူးတဲ့ဂစ်တာ ... အစ်ကို့ ဂစ်တာ .. အခုတော့ မေ့ကုန်ပြီ .. အစကတည်းကလည်း တီးမှ
မတီးတတ်တာ ..
ပထမဆုံး ဖတ်ဖူးတဲ့စာအုပ် ... ပိတောက်ကြွင်း (စာရေးဆရာတော့ မမှတ်မိပါ )
ပထမဆုံး ရောက်ခဲ့တဲ့ နိုင်ငံခြား ... စုံနေတာပဲ လေ့လာရင်းပေါ့ (အိပ်မက်ထဲမှာ)
ပထမဆုံးရတဲ့ဆု ... ၂တန်းနှစ်ကစပြီးရတာ.. ဆုတွေကစုံနေတာပဲ
အဖက်ဖက်ကထူးချွန်လို့လေ (ကြွားတာ)
ပထမဆုံးသွားဖူးတဲ့ ခရီး ... ရွှေစက်တော် ဘုရားဖူး
ပထမဆုံး စီးဖူးတဲ့ကား ... ကားက စုံနေအောင်ကို စီးဖူးတာဆိုတော့ မမှတ်မိဘူးဗျ ..
(ကိုယ်ပိုင်ကားတစ်စီးမှမပါ )
ပထမဆုံး ဆိုတဲ့သီချင်း ... သန်းထွန်းလေး သီချင်းပါ (မွေးဌာနီ )
ပထမဆုံး ၀ယ်တဲ့သီချင်းခွေ ... 99 လက်ဆောင်
ပထမဆုံးရဖူးတဲ့ လက်ဆောင် ... သူငယ်ချင်းတစ်ယောက် ပေးတဲ့ အနွေးထည်လေးပါ
ပထမဆုံး အလုပ် ... ဆိုင်ကယ် ကယ်ရီ အလုပ်ပါ ..ကျောင်းတက်ရင်းလုပ်တာ.. ၀ါသနာပါလို့
လွင့်နေရတာကို က စိတ်အားသန်နေတာ .. အဲဒါကြောင့် ..ဟဲဟဲ
ပထမဆုံး တစ်ယောက်ထဲ ခရီးသွားခြင်း ... မိတ်္ထီလာမြို့သို့ သွားခြင်း ...
ပထမဆုံးသောက်ဖူးသော ဆေးလိပ်/အရက် ... ရွှေနှင်းဆီ ဆေးလိပ် .. Tiger ဘီယာပါ ..
အခုတော့ မသောက်တော့ပါ ....
ပထမဆုံးခင်တဲ့ ဘလော့ဂါမိတ်ဆွေ ... ကိုမျက်လုံးပါ .. သူနဲ့ နေရင်းနဲ့ပဲ blog ထဲကို စမ်းလျှောက်ခဲ့တာပါ
ပထမဆုံး ရေးတဲ့ ရည်းစားစာ ... “မင်းကတော့ ရုပ်ဆိုးတယ် ဒါပေမယ့် မင်းကိုချစ်တယ်”
ဆိုတဲ့စာသားလေးပါ ကောင်မလေးက
ချစ်စရာကောင်းတယ်ဗျ သူများတွေက မြှောက်ပြောကြတာလေ ..
အဖြေမရတော့ ကိုယ့်အလှည့်ရောက်တော့ ကြွေမလားပေါ့လေ..
ပြောင်းပြောကြည့်တာ ..အတူတူပါပဲ .. မရဘူး ..ဟိဟိ
ပထမဆုံးအရက်သောက်ခြင်း ... ဒုတိယနှစ်မှာဗျ .. အောင်ပွဲခံတဲ့နေ့လေ..
ဆိုးတကာ့ အဆိုးတွေပေါ့..သိပ်မဆိုးပါဘူး .. တစ်ခါတည်းပါ (ယုံလား )
ပထမဆုံး ချစ်မိခြင်း ... မိန်းကလေး တစ်ယောက်ကိုပါ ..
ကြွေမွသွားတဲ့ ရွက်ခြောက်လေးတစ်ရွက်လို
ကွယ်ပျောက်ခဲ့ပါပြီ .. ( တစ်ခါတုန်းကပေါ့ )

Tag ထားတဲ့ သူငယ်ချင်းတွေက ကြာနေပြီ .. အခုမှ အချိန်လေး ရလို့ ပါ ... နားလည်ပေးပါလို့ ပြောပါရစေ

ပထမဆုံးကို Tag ထားတဲ့ ညီလေး ညီသွေး (ကြယ်ဇင်သွေး) ၊ ညီမ မီးလေး (ခိုင်သင်ဇာ) တို့ရဲ့ နှစ်ယောက်
tag ထားတာကို ဖြေပေးရခြင်းပါ .. သူငယ်ချင်း ညီ ၊ ညီမ ကို အားနာပါတယ်.. နောက်ကျနေလို့

ပြန်လည် Tag ခြင်း ၁

ကိုယ့်ရဲ့ အမည် idulize (မမေးနဲ့နော် ...အဓိပ္ပါယ်ကိုမသိတာ ..)
သူငယ်ချင်းတွေကခေါ်ကြတယ် ရုပ်ကြီး ၊ ရုပ်ရုပ် ၊ ရုပ်လေး ...လို့
ချစ်သူကတော့ခေါ်တာ အချည်ပေါင်းတဲ့ ...( အချည်ကြိုက်တယ်နဲ့ တူပါရဲ့ )
ဒီမှာနေတယ် Hotelမှာနေတယ် (နှစ်ချုပ်နဲ့ကိုနေတာ ..ပေါနေလို့ )
ဖုန်းဆက်ချင်ရင် ၀၁ ........ မေ့နေတာ , ချစ်သူတောင်မပြောရသေဘူး
နောက်မှပြောတော့မယ် ...

ကိုယ့်ရဲ့ အကြိုက်ဆုံးတွေက

အရောင်ဆိုရင် ( အဖြူ ၊ အနက် )
အ၀တ်အစားဆိုရင် လုံခြုံရင် အကုန်ကြိုက်
အစားအစာ ရွေးတယ်နော် .....( ..ဖြစ်ပါ့မလား ..)
သီချင်းဆိုရင် pop သီချင်းလေးတွေဆို ကြိုက်တယ်
( လေးမဆိုလို့လေ )
စာရေးဆရာဆိုရင် ဖတ်ဖူးသမျှ စာရေးဆရာတွေ ကြိုက်ပါ့
ဖတ်တာများနေလို့ သိပ်မမှတ်မိတာ ( ထင်လား )
အချစ်ဆုံးသူတွေက မိသားစုလေး ၊ ပြီးတော့ ... တစ်ယောက်သောသူပေါ့ ..(ဟဲဟဲ)
အလေးစားဆုံးသူက ဈေးထဲက ကြက်သားသည်လေ ( အလေးခိုးခိုးပြီး သူ့အတွက်ကျန်
အောင် စားနေလို့ )
အများဆုံးနားလည်ပေးနိုင်သူ မေ ... ( မေမေကိုပြောတာနော်)
ရင်အခုန်ဆုံးအချိန် ဆိုးသမျှ မေမေ သိသွားတဲ့ အချိန်..(မဆိုးပါဘူး ..တစ်ကယ်ပြောတာ)
အကြောက်ဆုံးအချိန် ချစ်သူက ထားခဲ့မှာအကြောက်ဆုံး (ယောက်ျားဆိုပေမဲ့ အချစ်နဲ့
ပတ်သက်ရင် ခံစားလွယ်လို့ ..ဟဲဟဲ)
အပျော်ဆုံးအချိန် သိန်း (၅၀၀)ထီ ခြောက်ကြိမ်ပေါက်တုန်းကလေ
ပိုက်ဆံလိုလား လာယူနော် ..(ရောက်ရင်တော့ ပြန်ပေးခဲ့ဦး )
အမှတ်တရနေ့ ပြောတော့ပြောချင်တယ် ဒါပေမဲ့ ချစ်သူက မပြောရဘူးတဲ့
သူပြောမယ်တဲ့ .. (ယုံလား )
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် လူ့စည်းစိမ်ကို အပြည့်အ၀စံစားရပါလို၏လို့ ဆုတောင်းမှာ
အချစ်ဆိုတာ ဘုရားကပေးတဲ့ ဆုလာဘ်လား ...( ကိုလေးဆိုတာ ..)
အမုန်းဆိုတာ လုံးဝကိုမရှိတာ ..
အချစ်ဆိုတာ ကိုယ့်ရဲ့ အချစ်တွေကို သူနဲ့ထပ်တူထပ်မျှ ပုံအပ်ကာချစ်တဲ့သူ
အလွမ်းဆိုတာ ဘယ်သူ့ကိုပဲချစ်ချစ် , ချစ်ပြီးရင်အကြောင်းအမျိုးမျိုကြောင့်
အလွမ်းဆိုတာ ဖြစ်လာတာပဲလို့ ထင်တာပဲ (မှားရင်တော့မသိ)
သံယောဇဉ်ဆိုတာ လူတွေပြောပြောနေတဲ့ အရိပ်သုံးပါးနားမလည်ဘူး ဆိုတဲ့အထဲက
သံယောဇဉ်အရိပ် ကိုပြောတာ ( ဟုတ်လား )
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် မမြဲတဲ့ ခန္ဓာကိုယ်ကြီးပါလားလို့ .. (တရားရတယ်မထင်နဲ့နော်..)
အပြောချင်ဆုံးစကားတစ်ခွန်း ဘ၀မှာ ဘယ်တော့မှ နောင်တမရပါနဲ့လို့...
နောင်တရရင် အရခံရတဲ့ သက်ရှိ ၊ သက်မဲ့က စိတ်ညစ်စရာ,
အသုံးမ၀င်တာဖြစ်ရော (ဟုတ်တယ်မို့လား)
ကိုယ့်စကားမဟုတ်ဘူးနော် ( သူများစကား )

ခင်တဲ့သူငယ်ချင်းတွေကိုတော့ မ tag တော့ပါဘူး ...
သူငယ်ချင်း နန်း .. ဖြေပြီးသွားပြီနော် ..