ပြန်လည် Tag ခြင်း ၄ (အချစ်ဆိုသည်မှာ)

ညီသွေးကတော့ လုပ်ချလိုက်ပြန်ပြီ .. အကြွေးကျေခါစရှိသေး .. ထပ်တက်လိုက်ပြန်ပြီ
အချစ်ဆိုသည်မှာတဲ့ .. အချစ်အကြောင်းကို ခံစားရသလောက် ရင်ဖွင့်ချလိုက်မယ်ဗျာ..

အချစ်ဆိုသည်မှာ ... အချစ်ကို နားလည်ဖို့ခက်တယ်.. သိလားမေးကြရင် သိသလိုလိုပါပဲ
အချစ်ဆိုတဲ့ သေချာ မရေရာတဲ့ ဝေါဟာရ ခံစားစိတ်ကလေးကို
သေချာမသိပေမယ့် အချစ်ကို ကျွန်တော်ကိုယ်တိုင်လည်း ကြုံခဲ့ဖူးသလို
ယခုအချိန်မှာလည်း ခံစားတဲ့စိတ်ကလေးမှာ အချစ်ဆိုတာကို
ကိန်းအောင်းထားနေမိတယ် ....
အချစ်ဆိုသည်မှာ ... တိုတောင်းလှတဲ့ လူ့ဘ၀မှာ လူသားတိုင်းလိုလို အချစ်ကို ပုံစံအမျိုးမျိုးနဲ့
ပုံစံခွက်ထဲကို ဆွဲထည့် ပုံဖေါ်ဖို့ ဦးစားပေးနေကြတယ်လို့ ကျွန်တော်ထင်တယ်
ယောက်ျားလေးကလဲ ကိုယ်ချစ်တဲ့ မိန်းကလေးကို နည်းအမျိုးမျိုးနဲ့ချဉ်းကပ် ၊
မိန်းကလေးကလည်း ကိုယ့်ကိုချစ်တဲ့ ယောက်ျားလေးရဲ့ နောက်ခံကို အခုခေတ်မှာ
သိပ်စိတ်ဝင်စားကြတယ်ဗျ ..သာယာမှုတစ်ခုကို အခြေခံပြီး ချစ်လိုက်ကြတဲ့
စုံတွဲတွေ များပြားလိုက်ကြတာ.. အခုခေတ်ပိုဆိုးတယ်.. အချစ်ကို တော်တော်များများ
ကိုးကွယ်စရာလို့ထင်ကြတယ်.. တစ်ကယ်တော့ အချစ်ဆိုတာ နီးခြင်း ဝေးခြင်း
နဲ့ မမြင်ရတဲ့ နာမ်ရုပ်နှစ်ခုရဲ့ ဆွဲငင်အားတွေပါ ..
အချစ်ဆိုသည်မှာ ... ချစ်ကြပါ .. ချစ်နိုင်လေ ပိုကောင်းလေပဲ .. ကိုယ့်ကိုယ်ကိုတောင် ချစ်ဖို့ မလွယ်ဘူးလေ
တစ်ပါးသူကို ချစ်ဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်သေး ..ဘာဖြစ်လို့လဲဆိုတော့..
လူသားတစ်ယောက်ချင်းက ကိုယ့်ကိုယ်ကိုချစ်တယ်ဆိုရင် ဒုက္ခရောက်စေမယ့်
အပြုအမူ အပြောအဆို ..စသည်ဖြင့် လုပ်မှာ ပြောမှာ မဟုတ်ဘူးဗျ ..
ဒါပေမယ့် တစ်ခါတစ်ရံ မသိလိုက်လို့ လုပ်မိတဲ့ အရာမျိုးတွေတော့ မပါဘူးပေါ့လေ..
ဥပမာ .. ယောက်ျားလေးတွေ ..များသောအားဖြင့် အရက် ၊ ဆေးလိပ် ၊ ကွမ်း ..
အစရှိ အနောင်နောင် သောက်ကြ စားကြတယ်ဗျ.. ကျွန်တော်ကိုယ်တိုင်လည်း
ပါတာပဲ .. အဲဒါ ကိုယ့်ကိုယ်ကို ချစ်ဟန်ဆောင်နေတာ .. အဲလိုပြောလို့ စောစောက
ပြောသလို ကိုယ့်ကိုယ်ကို မချစ်ဘူးဆိုရင် တစ်ခြားသူကို ချစ်ဖို့ ခဲယဉ်းတယ် ဆိုတာ
မှန်ပေမယ့် အချစ်စစ်တို့ မည်သည်မှာ ချစ်ကြတတ်ပါတယ်..
အချစ်ဆိုသည်မှာ ... ယောက်ျားလေးကပဲဖြစ်ဖြစ် ၊ မိန်းကလေးကပဲဖြစ်ဖြစ် ကိုယ်တစ်ကယ်ချစ်တဲ့သူကိုတွေ့
လာတဲ့အခါ အနည်းငယ်တော့ ကိုယ့်ရဲ့ အနေအထိုင် အပြောအဆို စရိုက်သဘာဝတွေ
ပြောင်းလဲ လာတတ်ကြတယ် .. တစ်ချို့ကြ ပါးစပ်ကတော့ ချစ်လိုက်တာ..
သူ့လောက် ချစ်နိုင်တဲ့သူ မရှိလောက်အောင်ကို ကြွေအောင်ပြောကြတာ..
တစ်ကယ်တမ်း အချစ်ဆိုတာ ဒွေး ဆိုတဲ့ သီချင်းခေါင်းစဉ်လို “ဖြေစရာမလိုတဲ့ အမေး”
ပါ .. တစ်ကယ်ချစ်တတ်ပြီ ဆိုရင် ကိုယ်ချစ်တဲ့သူက ဘယ်လိုပြောရင် ကြိုက်တတ်တယ်
ဘယ်လိုနေ ဘယ်လိုဝတ် ..စတာလေးတွေပေါ့ .. သူ့ဖာသာ ပြုပြင်လာကြတယ်..
အချစ်ဆိုသည်မှာ ... ကျွန်တော့်အစ်ကို တစ်ယောက်ပြောသလိုပဲ ..ရည်စား ချစ်သူ အိမ်ထောင်သည် တွေမှာ
တစ်ကယ်ချစ်ပြီ ဆိုရင် မင်း ဘယ်လိုနေ ဘယ်လိုထိုင်.. စတာတွေကို သိပ်ကိုပြောနေ
စရာ မလိုဘူး.. ပြောလို့ ပြင်သွားတာ ကိုယ့်စိတ်နဲ့ကိုယ်မှ မဟုတ်တာ..
သူပြောလို့ပြင်တာလေ .. ချစ်တဲ့သူကပြောလို့ ပြင်တာပေါ့လို့ ပြီးစလွယ်ပြောလို့မရဘူး..
ကိုယ့်ဖာသာ အလိုက်တသိနဲ့ ပြင်တာမှ အချစ်စစ်ပါ.. နားလည်မှုအရတော့
တစ်ယောက်နဲ့တစ်ယောက် အနည်းငယ် ပြုပြင်ပေးတာတော့ ရှိတာပေါ့..
ပြင်သင့်ရင်လည်း ပြင်ကြရတာပေါ့.. အစွန်းမထွက်ဖို့တော့ လိုတယ်..
တစ်ကယ်ချစ်တတ်တဲ့သူက ကိုယ့်ရဲ့ ဘ၀လက်တွဲဖေါ်က ငါဘာလေးလုပ်ရင် မကြိုက်ဘူး
ဒီလိုလေးနေရင် မကြိုက်ဘူး ..စတာတွေကို သူအသိစိတ်နဲ့ တွေးလာကြတယ်..
အခုခေတ်( ကျွန်တော်လည်း ယခုခေတ်ကာလသားတစ်ယောက်ပါ )..ဆိုလို့
ကျွန်တော့်ကို အရင်ရှေးခေတ်ကြီးကလားလို့တော့ ပြောမနေနဲ့ဦးနော်..ဟဟ
အခုခေတ်မှာ ချစ်ကြတဲ့စုံတွဲတွေ တွေ့မြင်နေကြတယ် ..ပေါ့ပေါ့နေ ပေါ့ပေါ့စားပဲ
“အပျော်အကြီး ကြီးကိုလိုချင်ရင် အပျော်အသေးလေးတွေကို ရှောင်သင့်တယ်”
များသောအားဖြင့် လျှောက်လည်ကြမယ် .. စားမယ်သောက်မယ်နဲ့ တစ်နေကုန်
အချိန်ဖြုန်းတဲ့ သူတွေ အများကြီးပဲ .. တစ်ကယ်တမ်းမေးကြည့် အချစ်ရဲ့ အတိမ်အနက်ကို
မသိသလို တစ်ကယ် အချစ်စစ်နဲ့ ချစ်တာလားလို့ ကိုယ့်ကိုယ်ကို ပြန်မေးခိုင်းရင်
သေချာမသိကြတာများပါတယ်.. အနှောင်အဖွဲ့နဲ့တော့ ချစ်ကြတာပဲ..ဒါပမယ့်
အဲဒီအနှောင်အဖွဲ့မှာ ပစ္စည်းကြွယ်ဝတာ ရုပ်ချောတာ စတဲ့ ပူလောင်တဲ့ သဘောတရား
တွေ ပါနေကြတယ် .. အချစ်ကလည်း ပူလောင်ပါတယ် ..မချစ်တတ်ရင်ပေါ့
မိန်းကလေး အများစုကိုတွေ့ဖူးတယ် .. အပြင်မှာရော လုပ်ငန်းခွင်တွေထဲမှာရော..
ထမင်း ဟင်းတောင် ဖြစ်အောင် မချက်နိုင်တဲ့ မိန်ကလေးတွေ အများကြီးပဲ
သူတို့အတွက်က အလှပြင်မယ်( မပြင်ရဘူးမပြောဘူးနော် လိုတာထက်ပိုပြီး ..)
အချိန်တန်ရင် လျှောက်လည်မယ် သုံးမယ် ဖြုန်းမယ် ပျော်မယ်ပေါ့ ..
ပြီးတော့ အိမ်ထောင်တွေကျတယ် .. အိမ်ထောင်မှုတာဝန်ကို ယောက်ျား လေးရော ၊
မိန်းကလေးပါ ဘာမှ မသိကြဘူး .. နောက်ဆုံတော့ မွေးထားတဲ့ မိဘကိုပဲ ဒုက္ခပေးကြတယ်
အချစ်စစ်ကို နားမလည် တန်ဘိုးမထားတတ်တော့ နောက်ဆုံး ကွဲကြတယ် မုန်းကြတယ်..
အိမ်ထောင်မှုကို သာယာအောင် ညှိနှိုင်း နားမလည်ကြဘူး ..
အချစ်ဆိုသည်မှာ ... လောကမှာ တစ်ယောက်နဲ့ တစ်ယောက် ချစ်တယ်ဆိုတာ အမျိုးမျိုးရှိကြတယ်
များသောအားဖြင့် ရှိကြတာဘာလဲဆိုတော့ ..တစ်ယောက်လိုအပ်တာ တစ်ယောက်မှာ
ရှိလို့ ချစ်ကြတာများတယ် ..အဲဒီလိုအပ်ချက်တွေ ဖြည့်ဆည်း ပေးနေသေးသမျှ
ချစ်ကြတာပဲ ..မပေးနိုင်ရင်တော့ ကွဲကြတယ် ..
အတွေးအခေါ်မရင့်ကျက်သေးတဲ့ သူတစ်ယောက်ကလည်း ကိုယ့်ထက် အတွေးအခေါ်
ရင့်ကျက်တဲ့သူကို ချစ်တာပဲ .. တစ်ချိန်ချိန်မှာ သူလည်း ရင့်ကျက်ပြီ ဆိုရင် သူရွေးချယ်တဲ့
သူကိုလည်း လိုအပ်ချင်မှ လိုတော့မယ် .. အဲလိုမျိုး အားပြိုင်မှုလေးတွေ ဖြစ်လာပြီ
ဆိုရင် ကွဲကြတယ် ..တစ်ယောက်နဲ့ တစ်ယောက် စိတ်အနှောက်အယှက် မဖြစ်အောင်
မမုန်းကြ မကွဲကြအောင် တစ်ယောက်လိုအပ်တာ တစ်ယောက်သိဖို့ အရေးကြီးတယ်..
ကိုယ့်အပေါ်ဖြည့်စွမ်း ပေးနိုင်တဲ့ သူထက် ပိုသာတဲ့ ဖြည့်စွမ်းပေးနိုင်တဲ့ သူကိုတွေ့ရင်
လည်း ကွဲသွားတတ်ကြတယ် ...ဒါကြောင့် ချစ်သူ ဖြစ်ပြီ ဆိုရင် ..
တစ်ယောက်ကောင်းတာလေးတွေကို တစ်ယောက်မြင်တတ်ဖို့အရေးကြီးတယ်..
မြင်ပါများမှ တိုးတိုးပြီး မြင်နိုင်မယ် .. ဒါမှ တည်မြဲမယ် ..
အချစ်ဆိုသည်မှာ ... ရေရှည်တွဲလာပြီ ဆိုရင် တစ်ယောက်အားနည်းချက်တစ်ယောက်သိလာမယ် ..
အဲဒီအခါမှ ရွေးချယ်မိတဲ့သူကို ရွေးမိတာမှားလေခြင်းဆိုပြီး နောင်တရတတ်ကြတယ်..
အဲဒီအခါကျရင် ပြဿနာတက်နိုင်တယ် .. ဒါကြောင့် “ကိုယ်ရွေးချယ်တဲ့ အရာအတွက်
ဘယ်တော့မှ နောင်တ မရပါနဲ့”
အချစ်ဆိုသည်မှာ ... ကိုယ်ချစ်တဲ့သူကို လွတ်လပ်ပိုင်ခွင့်ပေးရမယ်..ကိုယ်ချစ်တဲ့သူမှာ ကိုယ်မကြိုက်တဲ့
အချက်တွေ ရှိနိုင်မယ် ..အဲဒီအခါကျရင် ပြင်ဖို့ပြောမယ် ..ပြင်ဖို့ပြောတဲ့အခါ
တစ်ဖက်ကလည်း ကိုယ့်ကိုချစ်တော့ တစ်ကယ့် လေးလေးနက်နက် ပြင်ချင်ပြင်မယ်..
ဒါမှ မဟုတ် ဟန်ဆောင်နေမယ် ..ပြောရင်တော့ ဟုတ်ကဲ့ပေါ့.. ကိုယ်ပြောလို့
ပြင်တာထက် ကိုယ့်ကို တစ်ကယ်ချစ်ပြီး သူ့ဟာသူ ပြင်သွားတာ အကောင်းဆုံးပဲ..
အချစ်ဆိုသည်မှာ ... တစ်ယောက်ကိုတစ်ယောက် တစ်ကယ်ချစ်ရင် ကိုယ်ချစ်တဲ့သူရဲ့ စိတ်ကို အမြဲတစေ
စိတ်ဝင်စားနေတာမို့ သူက ဘယ်လိုနေရင် ၊ ဘယ်လိုပြောရင် ၊ ဘယ်လိုစိတ်ဓါတ်ထားရင်
ကြိုက်တယ်ဆိုတာ သိကို သိရမယ်..
အချစ်ဆိုသည်မှာ ... လူတစ်ယောက် ( ကိုယ်ချစ်တဲ့သူ ) ကို လွတ်လပ်ပိုင်ခွင့်ပေးရမယ် .. အပေါ်မှာလည်း
ပြောထားခဲ့ပြီးပါပြီ .. သူလုပ်ချင်တာလုပ်ပေါ့ .. သူလုပ်တဲ့ အကြောင်းအရာတွေထဲမှာ
ကိုယ်မကြိုက်တာတွေ ပါချင်ပါမယ် .. ဆိုးဆိုးဝါးဝါး မဟုတ်ရင် ပြင်ဖို့ မပြောပါနဲ့..
သူကသာ ကိုယ့်ကို တစ်ကယ်ချစ်ရင် ဘယ်လိုနေစေချင်တယ် ၊ ဘယ်လိုလုပ်စေချင်တယ်
ဆိုတာ သူ့ဟာသူ သိလာလိမ့်မယ် .. ကိုယ်က ပြောလို့ပြင်ရင် သူ့အတွက်
ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်တတ်တယ် .. ပြီးတော့ ငါပြောတာတွေချည်းပဲပြင်တယ် ..
သူ့အသိစိတ်ဓါတ်နဲ့သူ မပြင်ပါလားဆိုတဲ့ သံသယ ၀င်နိုင်တယ် ..
အချစ်ဆိုသည်မှာ .. “ပန်းရိုင်းပွင့်လေးတွေလိုပဲ .. နေရာတကာမှာပေါက်နိုင်တယ်” လို့ စာရေးဆရာတစ်ယောက်
ရေးထားတာ ဖတ်ဖူးတယ်.. ကျန်တဲ့ ရေးထားတဲ့ အကြောင်းအရာတွေကိုတော့ မမှတ်မိ
တော့ ဘူး .. တစ်ကြောင်းလေးကိုပဲ စိတ်ထဲစွဲနေလို့ ပြန်ပြောပြလိုက်တာပါ ..
တစ်ခါတစ်ရံ အိမ်ထောင်ရေး အငယ်အနှောင်း ထားတာတွေနဲ့ ပတ်သက်ပြီး ရေးချင်တယ်ဗျ
အဲဒီအခါကျရင် တော်တော်များများက ကျွန်တော့်ကို တော်တော်ဝေဖန်ကြမှာ သေချာတယ်
ဒါပေမယ့် မရေးဖြစ်ဘူး (ဝေဖန်ခံရမှာ ကြောက်လို့မဟုတ်ဘူး ) တော်တော်များ လက်သင့်
မခံတဲ့ အတွေးမလို့ မရေးဖြစ်တာ .. ကိုယ့်ကိုယ်ကိုတော့ အများနဲ့ တစ်ယောက်ဖြစ်နေပြီလို့
သိထားလို့ပါ .. အဲဒီအကြောင်းအရာနဲ့ပတ်သက်လို့ပေါ့.. ထားပါတော့လေ..
အချစ်ဆိုသည်မှာ ... ကျွန်တော် ကဗျာလေးတစ်ပုဒ်ရဲ့ အပိုဒ်တစ်ပိုက်မှာ ရေးသလိုပဲ
ကိုယ်ချစ်မရှာ သူချစ်ရှာဆိုတဲ့ ပြောနေကြတဲ့ စကားတွေကို မကြိုက်သလို
မဖြစ်သင့်ဘူးဗျ .. သူကလည်း ကိုယ့်ကို ချစ်သလို ကိုယ်ကလည်း သူ့ကိုချစ်ရမယ်
အဲဒါမှ တရားမျှတသလို အိမ်ထောင်ရေးသာယာ မှာပေါ့ ..ချစ်ရတဲ့သူက ပူလောင်တာပဲ
ဥပမာ .. ကိုယ်က မချစ်ပဲ သူကချစ်တယ်ဆိုရင် .. ကိုယ်က လုပ်ချင်ရာလုပ်နေမှာလေ
သူ့ခမျာတော့ ချစ်တော့ အောင့်ပြီးဘာမှ မပြောပဲ သူ့ကိုယ်သူ စိတ်ဆင်းရဲခံ
နေရတယ် ..ဘယ်တရားပါ့မလဲ ယူပြီးသွားရင် ပိုဆိုး .. သူများ သားသမီးကို
စိတ်အစဉ်မှာ စိတ်ထွေ သောကတွေဖြစ်အောင် လုပ်နေတာနဲ့ တူသလို
ကိုယ်ချင်းမစာတတ်တဲ့ အတ္တသမားဖြစ်နေတာ ကိုယ့်ကိုယ်ကို သိဖို့ လိုအပ်မယ်
ထင်တယ်ဗျ.. ဂျွမ်ဟမ်း ဆိုတဲ့ သီချင်းစာသားလို “မချစ်ပဲနဲ့ အောင့်နမ်းမနေပါနဲ့”
ဆိုတဲ့ စာသားလို ကိုယ်ပျော်ဖို့ အတွက် ဖြစ်ပေမယ့် သူ့အတွက် ပေးဆပ်ရတာနဲ့
တန်ရဲ့လားဆိုတာကို တွေးတောရင်း ငါတစ်ကယ် အချစ်ဆိုတာကို နားမလည်တာလား ၊
နားလည်ရက်နဲ့ အချစ်စစ်ကို မပေးနိုင်တာလားဆိုတာ တွေးတောရင်း
ချစ်တတ်သူများ သာယာချမ်းမြေ့တဲ့ အနာဂတ်ကို အလှတွေ ဝေဖြာစွာနဲ့
အချစ်နဲ့ နားလည်မှုကို ဒွန်တွဲလို့ သာယာဖြောင့်ဖြူးစွာနဲ့ လျှောက်လှမ်းနိုင်ပါစေလို့
ဆန္ဒပြုရင်း ကျွန်တော်ရဲ့ ချစ်သောသူ တစ်ယောက်လည်း ပျော်ရွှင်ချမ်းမြေ့ပါစေ...


ကျွန်တော့်ကို tag ထာတဲ့ ညီသွေး (ကြယ်ဇင်သွေး) လည်း သာယာသော သုခတွေနဲ့ ချစ်ခရီးလမ်း
ဖြောင့်ဖြူးပါစေလို့ ဆုတောင်းရင်း .. ဒီပို့စ်လေးကို လာရောက်ဖတ်သူများလည်း ဆန္ဒနှင့် ဘ၀ တစ်ထပ်တည်း
ရရှိစံစားပါစေ.. ဒီပို့စ်လေးက ကျွန်တော်ခံယူထားတဲ့ စိတ်ထားနဲ့ တွေ့မြင် ကြားရတာတွေကို တင်ပြရတာပါ
တစ်ယောက်နဲ့ တစ်ယောက်မယူအဆတွေ မတူပေမယ့် ကောင်းစေချင်တဲ့ ဆန္ဒတစ်ခုထဲနဲ့ ရည်ရွယ်ပြီး
ရေးသားခြင်းပါ.. မျှဝေခံစားနိုင်ပါစေ..

12 comments:

Prizewai said...

လေးစားပါတယ်။ ခံယူချက်တွေကို။
အရုပ်ကလေးလည်း အချစ်စစ်စစ်တွေ့ပြီး သာယာချမ်းမြေ့ပါစေ။

su wai said...

အချစ်ဆိုသည်မှာကို လေးနက်တဲ့အတွေးတွေနဲ့ ဘယ်ပေါင်းစုံကနေ ခံစားရေးပြသွားနိုင်ပါတယ်။ အချစ်ဆိုတဲ့ ခံစားချက်မှာ နားလည်မှုတွေ ဖြည့်စွက်ထားနိုင်ပြီဆိုရင်တော့ ဘာမှမလိုအပ်အောင် ပြည့်စုံနေမှာ အမှန်ပါပဲ။

thinzar said...

တစ်ကယ်ချစ်တတ်တဲ့သူက ကိုယ့်ရဲ့ ဘ၀လက်တွဲဖေါ်က ငါဘာလေးလုပ်ရင် မကြိုက်ဘူး
ဒီလိုလေးနေရင် မကြိုက်ဘူး ..စတာတွေကို သူအသိစိတ်နဲ့ တွေးလာကြတယ်..

ကိုယ်ပြောလို့
ပြင်တာထက် ကိုယ့်ကို တစ်ကယ်ချစ်ပြီး သူ့ဟာသူ ပြင်သွားတာ အကောင်းဆုံးပဲ..
အချစ်ဆိုသည်မှာ ... တစ်ယောက်ကိုတစ်ယောက် တစ်ကယ်ချစ်ရင် ကိုယ်ချစ်တဲ့သူရဲ့ စိတ်ကို အမြဲတစေ
စိတ်ဝင်စားနေတာမို့ သူက ဘယ်လိုနေရင် ၊ ဘယ်လိုပြောရင် ၊ ဘယ်လိုစိတ်ဓါတ်ထားရင်
ကြိုက်တယ်ဆိုတာ သိကို သိရမယ်

thinzar said...

ကျန်သွားလို့ ဟဲဟဲ
မှန်တယ်အစ်ကိုရေ အဲလိုပဲဖြစ်ရမယ်ထင်တယ်

ဝေလေး said...

အစ်ကို့ခံယူချက်တွေကြိုက်တယ်အစ်ကိုရာ
အများနဲ့တစ်ယောက်မဟုတ်ပါဘူး
အနည်းဆုံးဝေလေးတော့ ပါတယ်.... :P
နားလည်နိုင်ရင်ကောင်းမယ်နော်.....
လူတိုင်းဒီလိုသိတတ်ကြရင်ကောင်းမှာပဲ.....

ခေါင်ခေါင် said...

ဝေမျှပေးတာ ကျေးဇူးပါပဲ အစ်ကို ...
မှတ်သားစရာတွေ ကြီးပါပဲ..
သေသေချာချာကို ရေးပေးထားတာ...

Unknown said...

ကို idulize လိုပဲ ကိုယ်ချစ်မရှာ သူချစ်ရှာ ဆိုတာကို လုံးဝ သဘောမကျပါဘူး။ ကိုယ်ကမချစ်တဲ့အတွက် မချစ်မနှစ်သက်သောသူနှင့် အတူနေရခြင်း ဒုက္ခကို ကိုယ့်ဘက်က ခံစားရမယ်။ မချစ်တဲ့အတွက် သူ့ဘက်ကိုလဲ ထည့်စဉ်းစားပေးဖြစ်မှာ မဟုတ်ပါဘူး။ အဲဒီလိုပဲ သူ့အနေနဲ့လဲ တစ်ဖက်သတ်အချစ်နဲ့ နားလည်ဖြည့်ဆည်းပေးနေရတဲ့အတွက် ကြာလာတာနဲ့အမျှ စိတ်ဆင်းရဲလာမှာပါပဲ။ ချစ်သူဘ၀မှာပဲဖြစ်ဖြစ်၊ အိမ်ထောင်သည်ဘ၀မှာပဲဖြစ်ဖြစ် သူရော ကိုယ်ရော အပြန်အလှန် ချစ်ကြမှသာ သာယာချမ်းမြေ့မှုကို ခံစားရမှာပါ။

Anonymous said...

ပေးတဲ့ဆုနဲ့ပြည့်ရပါလို၏ဗျာ။ အဟင့်ရွှတ်ရွှတ်.... ငိုနေတာနော်... တော်ကြာ ရယ်တယ်ထင်နေဦးမယ်။ အချစ်=အပြုံး, စစ်=အရှုံး
(ဘာအဓိပ္ပါယ်လည်းတော့မသိဘူး။အဆင်ပြေသလိုပြန်လိုက်)
ရှေးပညာရှိကြယ်ဇင်သွေး
နောက်တာပါအကို.......... မှတ်သားစရာတွေအများကြီးရသွားပြီ။ ကျွန်တော်ကိစ္စ အကူအညီတောင်းဦးမှပဲ........ ဟီဟီ

သက်တန့် said...

ဟုတ်ပါတယ် အကိုရေ... နှစ်ဦးနှစ်ဖက် ညီညွတ်မျှတတဲ့ အချစ်က အကောင်းဆုံးပါပဲ...
အကိုပြောထားတာတွေ သဘောကျပါတယ်... :)

Unknown said...

ုဆွေးနွေးချင်လို့ ပါနော်
ကို idulize ရဲ့ အချစ်ဆိုသည်မှာလေးက တော်တော်လေး ဖတ်လို့ ကောင်းပါတယ် တွေးပုံလေးတွေကိုလဲ အတော်ကို သဘောကျပါတယ်
ဒါပေမယ့် မိန်းကလေး အများစု (လုပ်ငန်းခွင်မှာရော အပြင်မှာရော)လို့  အများစုဆိုတာချည်းတော့ မသုံးပါနဲ့ရှင်
အချို့ မိန်းကလေးတွေ ဒါမှမဟုတ် ကိုယ်တွေ့ ဖူး ကိုယ်ကြုံခဲ့ဖူးတဲ့ မိန်းကလေးတွေလို့ ပြောပါ..

ထမင်းဟင်းမချက်တတ်တာ အပြစ်လို့ မထင်ပါနဲ မချက်တတ်ဘူးလို့ ပြောတာ ဂုန်ယူချင်တဲ့ မိန်းမမျိုးတွေလဲ ရှိတတ်ပါတယ်
ဘယ်သူမဆို အချိန်အားလေးရရင် ကိုယ့်ချစ်သူ ကိုယ့်မိသားစု ကိုယ့်သားသမီးတွေ ကို ကိုယ့်လက်ရာလေးနဲ့ ချက်ပြုတ်ကျွေးမွေးချင်တာ မိန်းမတွေရဲ့ အမေသဘာဝပါ
အလှပြင်တာလည်း လုပ်ငန်းခွင်မှာ လူပ်ရှားသွားလာနေကြတဲ့ စမတ်ကျကျ ၀တ်စား ဆင်ယင်ပြင်ဆင်တာဆိုရင် မိန်းကလေး သဘာဝပါ.

ဒါပေမယ့် အပျင်းထူတာ လုံ့ လ၀ီရိယမရှိတာ လင့်လုပ်စာပဲ ထိုင်စားချင်တာ ရည်းစားဆီက ချူချင်တာ(တောင်းတာ) သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း အတင်းတုတ်တာနဲ့ ပဲ အချိန်ကုန်နေတဲ မိန်းကလေးမျိုးဆိုရင်တော ကို idulize ပြောတဲ့သူ မိန်းကလေးအမျိုးအစားထဲမှာ ပါမယ်ထင်ပါတယ် :)

ခုခေတ်မြန်မာမိန်းကလေး အများစုဟာ ကိုယ်အားကိုယ့်ကိုး ကိုယ့်ကိုကိုယ် တည်ဆောက်နေရတဲ့ သူတွေများပါတယ် အများစုလဲ ဖြစ်ပါတယ်..
ဒီတော့ ယောက်ကျားလေးကလည်း ကိုယ်ရွေးချယ်တဲ့ ကိုယ်ချစ်တဲ့ မိန်းကလေးရဲ့ တန်ဖိုး ကို ကိုယ်ကိုယ်တိုင် သိပြီးမှ ရွေးချယ်နိုင်ရပါမယ် မိသားစုမှာ ပတ်ဝန်းကျင်မှာ လုပ်ငန်းခွင်မှာ သူချစ်တဲ့မိန်းကလေး တန်ဖိုးဘယ်လောက်ရှိလဲဆိုတာ သူကိုယ်တိုင်လေ့လာနိုင်ရပါမယ်။။ ..

ဒီလိုပဲ မိန်းကလေးဘက်ကလည်း ဒီယောက်ကျားလေးတစ်ယောက်ဟာ မိုးလင်းမိုးချူပ် လမ်းပေါ်မှာပဲ အချိန်ကုန်နေတဲ့သူလား လက်ဘက်ရည်ဆိုင် ထိုင်လေပမ်းတဲ့သူလား ဘိလိယက်ပဲ တစ်နေကုန်ထိုးနေတာလား လယ်ယာပြန်စားရေးလား ယောင်ခြောက်ဆယ်လား တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်လားဆိုတာ ပြန်သုံးသပ်နိုင်ရပါမယ်
ယောက်ကျားလေး အများစုလို့ တော့ မသုံးချင်ပါ တစ်ချို့ ဝေလေလေတွေကို ပြောချင်တာပါ
အပြန်အလှန်ရှိနိုင်ပါတယ်.

ဟဲဟဲ ပြောတာများသွားပြီ ၀င်ဆွေးနွေးကြည့်တာပါနော်

မြင့်မြတ်တဲ့ ယောက်ကျားတွေ ဗိုလ်ချူပ်အောင်ဆန်းမှသည် အဘဦးဝင်းတင်လို ကိုမင်းကိုနိုင်လို ယောက်ကျားတိုင်းကို လေးစားတန်ဖိုးထားပါတယ် ကျေးဇူးတင်ပါတယ်

မသက်ဇင် said...

အချစ်အကြောင်းလာဖတ်ပါတယ်ရှင်----
အခုတလော အချစ်တွေပဲဖတ်နေရတော့--
ကောင်းပါတယ်---
ခံစားမှု ရသ လေးတွေဖတ်ရတာပေါ့---
ရေးထားတာလေးတွေ စိတ်ဝင်စားပါတယ်---
ဆက်ရေးပါ--
အားပေးနေပါတယ်ရှင်---
ခင်မင်လျက်

desertraindrops said...

အရုပ်လေးရေ.မှတ်သားသွားတယ်။ ပြောနေစရာမလိုပဲ အလိုလိုပြောင်းလဲသွားတာတော့ အမှန်ပဲ။ :))