သူတို့အတွေးအခေါ် မှတ်စုများ (၂ )

ငွေ ၊ ရာထူး ၊ ဂုဏ်

နှစ်ပေါင်းများစွာ လွန်သောကာလ၌ ( ဗြိတိသျှ စာရေးဆရာကြီး ) ရုဒ်ယတ်ဒ် ၊
ကစ်ပလင်းန်သည် ကနေဒါနိုင်ငံ မွန်ထရီ မြို့ရှိ မဂ္ဂစ်လ်တက္ကသိုလ်၌ မိန့်ခွန်း
ပေးခဲ့ဖူးသည်။ ဆရာကြီး ပြောသွားသော စကားတစ်ရပ်ကို အမြဲသတိရနေ
ထိုက်ပေသည်။ သူက ကျောင်းသူ ကျောင်းသားတို့အား ငွေ ၊ ရာထူး ၊ ဌာနန္တရ ၊
ဂုဏ်ဒြပ်တို့နှင့် ပတ်သက်၍ အလွန်အကျွံ အာရုံမပြုသင့်ကြောင်း သတိပေး
စကား ပြောကြားလေသည်။ “တစ်နေ့မှာ မင်းတို့ အဲဒါတွေကို ဂရုမစိုက်တဲ့
လူတစ်ယောက်ကို တွေ့လိမ့်မယ်။ အဲဒီ အခါမှာ မင်းတို့ဟာ ဘယ်လောက်
ဆင်းရဲကြတယ်ဆိုတာ သိကြလိမ့်မယ်”
ဟဲလ်ဖို့ဒ်လတ်ကော့

ကြမ်းပိုး နှင့် ခြင်

ကြမ်းပိုးများ သင့်သွေးကို စုပ်သည် မှန်သော်လည်း သူတို့သည် စကားတစ်လုံးမျှ
မဆိုဘဲ သင့်ကို ကိုက်ကြသည်။ ယင်းသို့ ပြုခြင်းသည် ဖြောင့်မတ်၍ ပွင့်လင်းသည်။
ခြင်တို့သည်ကား ကွဲပြားခြားနားသည်။ မှန်ပါသည်။ သူတို့လူ့အသားကို ဖေါက်ထွင်း
နည်းသည် အတော်ပင် ကျနသေချာပါ၏ ။ သို့သော် မကိုက်ခင် မိန့်ခွန်းရှည်ကြီးသည်
အကိုက်ခံရသူတို့အဖို့ စိတ်ဆိုးစရာဖြစ်သည်။ သူတို့က သူတို့သည် လူ့သွေးကို
သောက်သုံးခြင်းသည် မှန်ကန်သော အမှုဖြစ်သည်ဟူ၍ အကြောင်းဖေါ်ပြချက်အားလုံး
ဖေါ်ထုတ် ရှင်းပြနေသည်ဆိုပါမူ ထိုသို့ ပြုခြင်းသည်ပင်လျှင် ပို၍စိတ်တိုဖွယ်ဖြစ်သည်။
ကျွန်ုပ်သည် သူတို့၏ ဘာသာစကားကို မသိ မတတ်သဖြင့် ၀မ်းမြောက်ပါသည်။
လူဆွန်း ( တရုတ်စာရေးဆရာကြီး )

ထိကြည့်ပါ

“မင်းက အင်္ကျီအိတ်ထဲ လက်နှိုက်ပြီး ကမ္ဘာလောကကြီးကို ကြည့်မနေပါနဲ့ ၊
လောကကြီး အကြောင်း ရေးဖို့ရာမှာ လက်ထုတ်ပြီး လောကကြီးကို ထိကြည့်ပါ”
ဟု အမေရိကန် စာရေးဆရာကြီး မာ့ခ်တွိန်းက လက်သင်စ စာရေးဆရာလေး
တစ်ယောက်ကို တစ်ခါက ပြောဖူးသည်။
ဂျွန် ကောဒ် လက်ဂမန်း
(အမေရိကန် စာပဒေသာမဂ္ဂဇင်း၊ ဖေဖေါ်ဝါရီလ၊ ၁၉၆၄)

အချစ်

ယောက်ျား၏ အချစ်သည် သူ့ဘ၀နှင့် မသက်ဆိုင်သော သီးခြားအရာဖြစ်သည်။
မိန်းမအချစ်သည်ကား သူ့ဘ၀ တစ်ခုလုံးပင် ဖြစ်၏ ။
အင်္ဂလိပ် ကဗျာဆရာကြီး ဘိုင်ရွန်

မိန်းမ

ကောင်းသောမိန်းမသည် ယောက်ျားတစ်ယောက်ကို ဥာဏ်ကွန့်မြူးစေသည်။
ထက်မြက်သော မိန်းမသည် ထိုယောက်ျားကို စိတ်ဝင်စားစေသည်။
လှပသော မိန်းမသည် ထိုယောက်ျားကို မက်မောစေသည်။ စာနာစိတ်
ထားရှိသော မိန်းမကမူ ထိုယောက်ျားကို ရလေသည်။
ဟဲလင်းရောင်းလန်းဒ်

8 comments:

su wai said...

အတွေးအခေါ် မှတ်စုလေးတွေ လာရောက်မှတ်သားသွားပါတယ်။ ငွေ၊ ရာထူး၊ ဂုဏ်ကို သဘောကျတယ်။ အဲဒီအရာတွေက ဘ၀မှာ လိုအပ်တာ မှန်ပေမယ့် တကယ့် ချမ်းသာမှု အစစ်အမှန်က အဲဒါတွေအပေါ်မှာ မူမတည်ဘူးဆိုတဲ့ မိန့်ခွန်းထဲက စကားလေးက တန်ဖိုးရှိပါတယ်။

Anonymous said...

အချစ်နဲ့မိန်းမ ကြိုက်တယ်... ဟိဟိ မှတ်ထားဦးမှ... မှန်ပဗျာ...

နှင်းဆီနက် said...

ထိကြည့်ပါ

“မင်းက အင်္ကျီအိတ်ထဲ လက်နှိုက်ပြီး ကမ္ဘာလောကကြီးကို ကြည့်မနေပါနဲ့ ၊
လောကကြီး အကြောင်း ရေးဖို့ရာမှာ လက်ထုတ်ပြီး လောကကြီးကို ထိကြည့်ပါ”
ဟု အမေရိကန် စာရေးဆရာကြီး မာ့ခ်တွိန်းက လက်သင်စ စာရေးဆရာလေး
တစ်ယောက်ကို တစ်ခါက ပြောဖူးသည်။

တကယ်ထိကြည့်တော့လဲ ကိုယ်မလုပ်နိုင်တာတွေ အများကြီးရှိတယ်ဆိုတာကိုတွေ့မိပါတယ်

ဝေလေး said...

မှတ်သားစရာစကားစုတွေကြီးပဲ။ မျှပေးတာကျေးဇူးအစ်ကိုရ.....
ကြမ်းပိုးနှင့်ခြင် ကိုဖတ်ပြီးပြုံးမိသွားတယ်..... :)

thinzar said...

မှတ်သားစရာလေးတွေ ။
ကောင်းပါတယ် အကို နောက်လည်း ရှိသေးရင် ဝေမျှဦးနော်...။

မသက်ဇင် said...

မှတ်သားဖွယ်ရာများ--မျှဝေပေးသည့်အတွက်--
ကျေးဇူးတင်ပါတယ်ရှင်---
ရွှင်လန်းချမ်းမြေ့ပါစေ--
ခင်မင်လျက်

Anonymous said...

မင်းက အင်္ကျီအိတ်ထဲ လက်နှိုက်ပြီး ကမ္ဘာလောကကြီးကို ကြည့်မနေပါနဲ့ ၊
လောကကြီး အကြောင်း ရေးဖို့ရာမှာ လက်ထုတ်ပြီး လောကကြီးကို ထိကြည့်ပါ”
လို့ဆိုလေတဲ့ ဂျွန်ကောဒ်လက်ဂမန်း ရဲ့ အဆိုအမိန့်လေး သဘောကျမိသဗျာ။

ဖိုးဂျယ် said...

တော်တော်ကောင်းတဲ့ အတွေးခေါ်လေးတွေပဲ ဖတ်တဲ့သူ အကျိုးရှိတယ်။ ကျေးဇူးပါ။