စိတ်ကူးယဉ်ခြင်း

ကျွန်တော့်ကို နေ့အိပ်မက်က စိတ်ကူးယဉ်ခြင်းအကြောင်းကို TAG ထားလေရဲ့..
တစ်ပတ်အတွင်း ရေးဖို့ ဆုံးဖြတ်ထားတယ်လေ... တော်ကြာမရေးရင် နေ့အိပ်မက်ကနေ
ညအိပ်မက်ဖြစ်သွားရင် အိပ်ရေးပျက်မှာစိုးလို့..
(အိပ်မက် မက်ရင် နိုးတ၀က်နဲ့ အိပ်ရေးမ၀လို့လေ..ဟိဟိ)

စိတ်ကူးယဉ်ခြင်းမှာ ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာဆိုပြီး နှစ်မျိုးရှိတယ်လို့ ကျွန်တော်ကတော့ ခံယူမိတယ်.. ကျွန်တော်ကိုယ်တိုင်က စိတ်ကူးယဉ်တာကို ငယ်ငယ်ကတည်းက အကျင့်တစ်ခုလို မွေးလာခဲ့ပြီး ယခုအချိန်ထိလည်း စိတ်ကူးယဉ်မှုအား ထက်သန်နေတုန်းပါ.. ကျွန်တော် စိတ်ကူးယဉ်ခြင်းတွေထဲက မဖြစ်နိုင်တာ သိပေမယ့် ဖြစ်ချင်တဲ့ ရူးသွပ်ခြင်းလေးကို ချရေးလိုက်ပြီဗျာ..ငှက်တစ်ကောင်ဖြစ်ချင်တယ်..ရဲဝံ့တဲ့ ငှက်တစ်ကောင်အဖြစ်ပါ.. လိုရာပျံသန်းရင်း အတားအဆီးမဲ့စွာပေါ့ .. ကိုယ့်ရဲ့ခြေချောင်းတွေမှာလည်း ခွန်အားတွေအပြည့်နဲ့ မြဲမြံစွာ ကုတ်နိုင်တဲ့ အင်အားတွေလည်း ရှိရမယ်.. မိုင်ထောင်ချီဝေးတဲ့ ခရီးတွေကိုလည်း ပျံသန်းနိုင်ရမယ်..စသည်ဖြင့်ပေါ့.. အဲလိုပဲ ငှက်ဖြစ်ရင်တောင် အဲလိုငှက်ဖြစ်ချင်တာ..ငှက်တစ်ကောင်ရဲ့ ဆန္ဒကတော့ အေးမြတဲ့ သစ်ရိပ်ဝါးရိပ်မှာ လုံခြုံပြီး နားနေဖို့ အဆင်ပြေတဲ့ နေရာကို လိုချင်တယ်.. တစ်ကောင်တည်းပဲ နေချင်တယ်.. ပတ်ဝန်းကျင်မှာတော့ အပေါင်း အဖေါ်တစ်သိုက်တော့ ရှိရမယ်.. ကိုယ်ခိုလှုံရာ ပတ်ဝန်းကျင်ကပဲ ဆယ့်နှစ်ရာသီ စားသုံးလို့ ရမယ့် သစ်သီး အရွက်တွေ အဖူးအပွင့်တွေ ဖြစ်ထွန်းစေချင်တယ်.. ပတ်ဝန်းကျင် အပေါင်းအသင်း တွေကလည်း လိုအပ်ရင် ကိုယ့်ပတ်ဝန်းကျင်က စားလို့ရမယ့် အစားအစာတွေကို လောက်ငှစွာ စားသုံးလို့ ရရမယ်.. အနီးအနားမှာလည်း စမ်းချောင်းငယ်လေး
စီးဆင်းနေရမယ်.. ရေမှာ ပျော်မြူးတတ်တဲ့ ငါးလေးတွေကို သူတို့ အန္တရာယ်ကင်းအောင် စောင့်ရှောက်သလို ကိုယ်ကိုယ်တိုင်လည်း စမ်းရေအေးရဲ့ ကန့်သတ်နေရာလေးမှာ အတောင်အလက်တွေကို ဆေးကြာမယ်.. သောက်သုံးလို့ရမယ့်အခြမ်းမှာ သောက်သုံးမယ်.. စိမ်းလန်းတဲ့ ဖွံ့ဖြိုးသာယာတဲ့ နေရာလည်း ဖြစ်ရမယ် နားနားနေနေ နေပြီး ကိုယ့်ပတ်ဝန်းကျင်မှာ ညည်းငွေ့လာရင် မိုင်ချီဝေးတဲ့ နေရာသစ်ကို ပျံသန်းသွားမယ်..လမ်းမှာခရီးသွားတွေနဲ့ တွေ့ရင် အတူတူ ခရီးဆက်ကြမယ်..သူ့တို့ရဲ့ အထုပ်တွေကို ကိုယ့်ရဲ့ ခြေထောက်အစုံနဲ့ ကုတ်ယူပြီး လိုရာခရီးကို အဖေါ်ပြု သယ်ဆောင်ပေးမယ်.. လမ်းခရီးကြမ်းတွေ ရေစီးအားသန်တဲ့ ချောင်းတွေကို ဖြတ်ကျော်ရမယ်ဆို ကိုယ့်ရဲ့ သန်မာတဲ့ ခြေအစုံနဲ့ပဲ မြဲမြံစွာ ကုတ်ယူ သယ်ဆောင်ပေးမယ်.. ချောမွေ့တဲ့ နေရာရောက်တဲ့ အထိပေါ့.. အန္တရာယ်တွေနဲ့ ကြုံတွေ့ခဲ့မယ်ဆိုရင်လည်း ကိုယ့်ရဲ့ထက်မြက်တဲ့ နှုတ်သီးနဲ့တွေနဲ့ ထိုးဆိတ်မယ်.. ခြေအစုံနဲ့ တိုက်ခိုက်မယ်.. အချိန်အတိုင်းအတာ တစ်ခုအထိ.. ခရီးသွားဖေါ်တွေ ရောက်လိုတဲ့ နေရာကို ရောက်လို့ ခရီးတစ်ထောက်နားပြီး ကိုယ်လိုရာကို ဆက်ပျံသန်းမယ်.. လူတွေစကား နားလည်သလို လူတွေနားလည်အောင် ပြန်ပြောတတ်တော့ ခရီးသွားနေတဲ့အတောအတွင်းမှာ သူတို့နဲ့ ပြောဆို ဆွေးနွေးရင်း ဗဟုသုတ အတွေးအခေါ်တွေ သင်ခန်းစာတွေလည်း မှတ်ယူမယ်..ငှက်တစ်ကောင်ရဲ့ အားအင်နဲ့ မိုးမြင့်မှာ ပျံသန်းနေရင်း ကမ္ဘာမြေပြင်မှာ မြင်တွေ့နေရတဲ့ လူတွေ အဆောက်အဦးတွေ.. စသည်ဖြင့် အကုန်လိုက်ကြည့်မယ်..ရှု့ထောင့်အမျိုးမျိုးကနေ လိုက်ကြည့်လို့ လေဟုန်စီးရင်း ပျံဝဲနေမယ်..ပူအိုက်တဲ့ ရာသီတွေမှာလည်း ကိုယ့်ရဲ့ အတောင်ရိုက်ချက်တွေနဲ့ အားလုံးကို လေပြည်အေးတွေ တိုက်ခတ်ပေးမယ်.. ရောက်တဲ့ အရပ်မှာလည်း မိတ်ဆွေအချို့ ဖွဲ့မယ်..သူတို့ဆီကိုလည်း ကူးချီသန်းချီနဲ့ လိုအပ်တာတွေကို ဖလှယ်ကြမယ်..အားလုံးမဟုတ်ရင်တောင် ငှက်တစ်ကောင်ရဲ့ ဖြည့်စွမ်းပေးနိုင်တဲ့ ဘက်က တစ်ချို့ကို ဖြည့်စွမ်းပေးမယ်.. အိုမင်း မစွမ်းလို့ ပျံသန်းဖို့ အင်အားတွေ ကုန်ခမ်းနေရင်တောင် တစ်ချိန်တစ်ခါက ကိုယ့်ရဲ့ အတောင်ရိုက်ချက်ရဲ့ လေအဟုန်ကို သစ္စာပြုခဲ့မယ်.. နောင်ပေါက်လာမယ့် ငှက်ကလေးတွေကိုလည်း သင်ခန်းစာတွေ ပေးခဲ့မယ်..ငှက်တစ်ကောင်ရဲ့ သီိအိုရီကိုလည်း ကမ္ဘာတစ်ခွင်မှာ လှိုင်းအဖြစ် ထားရှိခဲ့မယ်..

စိတ်ကူးယဉ်ခြင်းကို စာတိုအနေနဲ့ ရေးသားလိုက်ပါတယ်..

တစ်ခါတစ်ရံ စိတ်ကူးယဉ်မှုတွေကြောင့် ပျော်ရွှင်ခြင်းတွေ ဖြစ်တတ်သလိုလက်တွေ့အကောင်အထည်ဖေါ်တဲ့ အခါ ဖြစ်မလာရင် စိတ်ညစ်တာလေးတွေဖြစ်ဖူးကြမှာပါ.. ကိုယ်တွေးတာလေးတွေ ဖြစ်ချင်တာလေးတွေကို စိတ်ကူးယဉ်တိုင်း ဖြစ်တယ်ဆိုပေမယ့် ကျွန်တော်တို့လူသားတွေအနေနဲ့ လက်တွေ့ဘ၀တွင် စိတ်ကူးယဉ်ခြင်းတွေနဲ့ ကွာဟတတ်တာမို့.. ရေးခဲ့ဖူးတဲ့ ကဗျာလေးကို ထည့်သွင်းရေးသားဖေါ်ပြရင်း နေ့အိပ်မက်နှင့် ဘလောခ့်မောင်နှမများ အားလုံးလည်းနားလည်ဖတ်ရှုရင်း စိတ်ကူးယဉ်ခြင်းမှ လက်တွေ့အနာဂတ်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ တောင်းဆုပြုလိုက်ပါတယ်..။

စိတ်ကူးယဉ်ခြင်း ရူးသွပ်ခြင်းကြောင့်
အတွေးမှာတင် ပျော်ခဲ့သော်လည်း
တစ်ကယ့်လက်တွေ ပီပြင်ဘ၀တွင်
စိတ်ကူးယဉ်မှု လက်တွေသရုပ်နှင့်
ကွာဟခြားနား လားလားမှမတူ
လူ့ဘ၀မို့ ယဉ်သည့်အတွေး
ဖြတ်တောက်ခဲ့ပါ ဒီမျှသာမို့ ..။

ဖြန့်ထွက် အတွေး

င့ါသမိုင်းကို ...
ငါ့အသွေးနဲ့ တည်ဆောက်နေလို့
ငါ့ခန္ဓာမှာ ...
ယှက်ဖြာသန်းတဲ့ လှိုက်ဖိုမှုတွေ ..

လင်းတံခါးမှာ အစင်းကျားနဲ့
ကြက်ခြေခတ်တဲ့ ကြမ္မာတွေကို
ပတ်ဝန်းကျင်ရဲ့ အသိုင်းဝိုင်းက
အတင်းအဖျင်း ပြောနေကြတဲ့
လူ့သမိုင်းရဲ့ အဆင့်တိုင်းကို ..

ဟိုစမ်းဒီစမ်း လျှောက်ကာလှမ်းလို့
ရှာနေမိတဲ့ ပစ္စုပ္ပန်မှာ
မှောင်မည်းခြင်းနဲ့ ကုန်ဆုံးခဲ့တဲ့
နေ့ရက်တစ်ချို့ ရောယှက်နေတယ် ..

ညင်သာစိုးထိတ် တိတ်တဆိတ်နဲ့
ပိတ်လျက်မနေ ဖွင့်လျက်ထားလို့
တံခါးဝရဲ့ တံစက်မြိတ်အောက်
ထိုင်ကာတွေးရင်း စိမ့်အေးနေတဲ့
ညည့်နက်ဆောင်းမှာ ပင့်သက်ရှိုက်တယ် ..

မြူးထူးကြတဲ့ နှစ်အကူးမှာ
ကြယ်အလင်းကို မျှော်ကိုးနေရင်း
စိတ်အသစ်နဲ့ ချိတ်ဆက်နေမယ့်
ငါ့ဘ၀ရဲ့ နေ့ရက်များစွာ ..

သာသနာခေတ် အာဏာစစ်တို့
ဒွန်တွဲနေတဲ့ ဤလူ့ဘောင်မှာ
မဖိတ်မစင် အိပ်ရင်တောင်မှ
နိုးကြားရမယ့် ဒီသံသရာ ..

သူတို့အတွေးအခေါ် မှတ်စုများ (၅)

ခြေရာများ

လူတစ်ယောက် မိမိ၏တစ်သက်တာကို လျှောက်သွားသည့်အခါ ခြေရာအမျိုးမျိုးကို ချခဲ့သည်။
အချို့ကို အများမြင်နိုင်၏။ ဥပမာ - သူ့သားသမီးများနှင့် သူ့နေအိမ်။ အချို့ကိုမူ မမြင်နိုင်ပေ။
ပုံစံမှာ သူတစ်ပါး၏ ဘ၀များ၌ သူချခဲသော သူ့ခြေရာများ၊ သူတစ်ပါးကို ပေးခဲ့သော အကူအညီများ၊
သူပြောခဲ့ ဆိုခဲ့သည်များ။ ပုံစံမှာ သူရယ်စရာပြောသည်တို့၊ သူတစ်ပါးကို ထိခိုက်စေသော သတင်း
စကားများ၊ သူတစ်ပါးကို ပြောကြားခဲ့သော အားပေးစကားများ ၊ ထို'ခြေရာ'တို့ကို မမြင်နိုင်ပေ။
သူ့အဖို့မှာတော့ သူခြေရာချခဲ့ခြင်းအဖြစ်ကို မတွေးမိပေ။ သို့သော် သူသွားလာ ကြုံတွေ့ရသမျှ
နေရာတကာတွင် သူအမှတ်အသား တစ်ခုခုကို ထားပစ်ခဲ့သည်။ ထိုအမှတ်အသားတို့ကို
ပေါင်းလိုက်လျှင် သူ့ဘ၀ဖြစ်စဉ် ဖြစ်လာပေမည်။ လူဆိုသည်မှာဤသို့သာတည်း။
မာဂရက်လီရမ်းဘက

တွေးခေါ်သမျှ မခိုင်လှ

ကျွန်ုပ်တို့၏ အတွေးအခေါ်တို့ကို စုစည်းထားသော ချည်မျှင်ကလေး မခိုင်ပုံကို
မကြာခဏ တွေးထင်မိပါသည်။ ဆာလောင်ခြင်း၊ ငတ်မွတ်ခြင်း၊ အအေး၊ အပူ စသည်တို့ထဲမှ
တစ်ခုခုက ကျွန်ုပ်တို့ကို ထိလာခါ ရှိသေးသည်၊ ကျွန်ုပ်တို့ ဂုဏ်ယူနေသော အနုပညာ အတွေးအခေါ်များ၊
လောကအမြင်များသည် ဆေးကြိမ်လုံးဖြင့် တို့လိုက်သကဲ့သို့ ပျောက်သွားကြချေသည်။
လူအများဖို့ အင်္ကျီထဲ သန်းတစ်ကောင် ၀င်နေလျှင် ဂီတဆရာကြီး ဘီးသိုးဗင်း၏ တီးလုံးတီးကွက်တို့သည်
မိမိတို့ အာရုံထဲမှ ပျောက်ပျက်သွားလေတော့သည်။
စာရေးဆရာ ရောဘတ်ဗင်း

ပုံစံနှစ်မျိုး

လူ့သဘာဝ နှစ်မျိုးနှစ်စားကို ခွဲခြားဖို့ စမ်းသပ်မှုမှာ လွယ်ရှင်းပါသည်။ ကူးတို့သင်္ဘော
တစ်စင်းပေါ်သို့ လူမျိုးစု တစ်စုကို တင်ပေးထားပါ၊ သင်္ဘောမြစ်ဘက်သို့ ထွက်သည့်
အချိန်အခါတွင် လူတစ်စုက သင်္ဘာအပေါ်ထပ်သို့ တက်၍ ကုန်းပတ်ပေါ်မှ ကြည့်စရာ
ရှုစရာတို့ကို ကြည့်ရှုကြသည်။ ကျန်တစ်စုမှာ သင်္ဘောအတွင်းထဲမှာ ထိုင်၍ ငေးမောခြင်း၊ ဆေးလိပ်သောက်ခြင်းတို့၌ နစ်မွန်းနေကြသည်။ သင်္ဘောစီး ခရီးသည်တို့ကို နှစ်မျိုးနှစ်စား
ခွဲခြားနိုင်ပေသည်။ တစ်မျိုးသည် မြစ်ကိုဖြတ်ကူးရာ စိတ်ဝင်စားကြ၏။ အခြားတစ်မျိုးမှာမူ
တစ်ဘက်ကမ်းသို့ ရောက်ရလျှင်ပြီးရော ဟူသော သဘောထားမျှသာ ရှိသည်။
မက္ကစ အပ်စ်ထ်မဲင်းန်

ယူသာယူပါ

မိန်းမယူမယ်ဆိုရင် ယူသာယူပါ။ မယားကောင်းရရင် မင်းစိတ်ချမ်းသာလိမ့်မယ်။
မယားဆိုးရရင် မင်း ဒဿနိက ဆရာကြီး ဖြစ်လာလိမ့်မယ်။
ဂရိပညာရှိကြီး ဆိုကရေးတီး
( ဆိုကရေးတီးသည် သူ့ကိုယ်တွေ့ကို ညွှန်း၍ ဟာသသဘောဖြင့် အမှန်ကို ဆိုလိုလိုက်ခြင်း
ဖြစ်သည်ဟု ယူဆနိုင်ပေသည်။ ဆိုကရေးတီး၏ ဇနီးသည် ဆရာကြီးကို ပညာရှိကြီး တစ်ဦးဟု
မြင်နိုင်စွမ်း မရှိသည့်အလျောက် လူငယ်များနှင့် လေကန်ရင်း အချိန်းဖြုန်းနေသူဟု မြင်လေသည်။)

ရွှေနှင့်ငါး

အဘယ် မိန်းမ၏ နှလုံးသားသည် ရွှေကို မုန်းပါသနည်း?
အဘယ် ကြောင်သည် ငါးကို မကြိုက်ဘဲ ရှိပါသနည်း?
အင်္ဂလိပ် ကဗျာဆရာကြီး တောမတ်စ်ဂရေး

သူ့အသွင်

မျက်ဝန်းထဲက ပုံရိပ်တစ်ခု
စိတ်အစဉ်မှာ ဖိတ်စင်သလို
ချစ်သူ့အသွင် ဟပ်ထင်နေလို့
နေရာတိုင်းမှာ စိတ်လှိုင်းထတယ်

လေပြည်အကြား ယှက်နွယ်ကစားလို့
ခေါင်းလေးအငဲ့ ဆံနွယ်အလွင့်မှာ
မျက်နက်ဝန်းရဲ့ အကြည့်တစ်ချက်အောက်
ငါ .....စီးမျောသွားတယ်

ပါးနှစ်ဘက်ပေါ် အလှတင့်အောင်
ထပ်ဆင့်တင်ကာ ပေါ်လွင်နေတဲ့
သူ့ပါးမို့က ပါးကွက်ကလေး ..
သင်းရနံ့က ပျံ့လွင့်နေတော့
ယိမ်းယိုင်စွာ မူးငိုင်ကျပေါ့

ပျိုမဒီရယ် ....
အလျင်စလို မဟုတ်ပေမယ့်
လျင်မြန်သလို ခလုတ်တိုက်တာတွေ,
ယဉ်တစ်ကိုယ်သာ သွယ်လျတာမို့
သူမတူကာ လှသွေးကြွယ်တဲ့
ချစ်စရာ့ရုပ်သွင် ကြည့်နေရင်းနဲ့
သိပ်ချစ်မိတယ်...

ရောင်နီပျောက်လု ဆည်းဆာလေးမှာ
ရှက်သွေးဖြာ သူ့မူရာက
စာဖွဲ့မမီ နတ်ပန်းချီရှုံးတော့
ဒီရင်မှာ ဟာရပြန်ပေါ့

အပြောချိုတွေ ပွင့်အန်ကျတဲ့
နှုတ်ခမ်းပါးရဲ့ ပွင့်လွှာထဲမှာ
ခိုကပ်နေတဲ့ သွားတက်ကလေးတွေ
အပြုံးတစ်ဝက်မှာ ပုန်းရက်သလို
ကွယ်ဝှက်နေတယ်

ကျော့ရှင်းလည်တိုင် ယှဉ်တိုင်းစံလို့
သွေးမျှင်အကြော စိမ်းမြခြင်းက
ရှု့တိုင်းယဉ်လို့ ဆင်တိုင်းလှအောင်
နတ်မိမယ်ရယ် ညှို့ယူလေသလား

ရာသီတစ်ခွင် လှည့်ငင်ယူတဲ့
နွေမိုးဆောင်းလို ...
ပြောင်းလဲခြင်းနောက် ခေါ်ဆောင်လိုက်တဲ့
အသက်အပိုင်း အရွယ်ဟိုင်းတောင်
တန်ဘိုးထားကာ ရိုးသားစွာ
ချစ်မယ့်... ကြင်ဖေါ်လေးကို

ကြိုးပြတ်နေတဲ့ ဂစ်တာအိုလို
ထွက်ပေါ်သံစဉ် မချိုလွင်လည်း
အသည်းကြားက ခွဲခြားမထားတဲ့
မေတ္တာကြိုးနဲ့ တီးခတ်ပေးမယ်
ချစ်သူ ပျော်စေဖို့ရယ် ...

နားလည်မှုတွေ ဆောင်ကျဉ်းထားရင်း
ချစ်သူ့လိုအင် ငြူစူမနေ
အပူသာ ငြိမ်းအေးစေတဲ့
အတွင်းသဘော မြတ်စိတ်ထားကို
ယုံကြည့်စိတ်ချ လက်ရှိဘ၀မှ
နောင်အနာဂတ်သည် သာယာလမ်းဆီ ..

ဆောင်းညထပ်တူ

ချစ်သူ...
မြူမှုန်ဝေတဲ့ ဆောင်းမနက်မှာ
လန်းဆန်းခြင်းနဲ့ လှမ်းမမြင်တဲ့
ဟိုး .. အဝေးကို ငေးမောနေရင်း
ငါ့အာရုံတွေ ပျံ့လွင့်နေတယ်

ချစ်သူ...
နံနက်ခင်းရဲ့ အမြင်တွေကြား
နေခြည်အလာ မြက်ခင်းတွေမှာ
ခိုတွဲနေတဲ့ ဆီးနှင်းလေးတွေ
ဆောင်းပုလဲဖြစ် ပြိုးပြက်နေတာ
ငါ့အမြင်တောင်ေ၀၀ါးစေတယ်

ချစ်သူ...
အေးစက်စက်နဲ့ ဆောင်းညတွေမှာ
ခိုးနားနေရာ အခန်းကျဉ်းထဲ
ဝတ်ရုံအလွှာ ဆွဲကာခြုံလို့
ဆွေးရပုံမှာ ရင်နင့်စရာ

ချစ်သူ...
မြောက်ပြန်လေညှင်း တိုးဝှေ့ခြင်းနဲ့
ရင်ကိုရိုက်ခတ် အသည်းခိုက်လည်း
နှလုံးအိမ်မှာ နွေးထွေးခြင်းနဲ့
မင်းတစ်ယောက်ကို တမ်းတမိတယ်

ချစ်သူ...
နှင်းငွေပမာ ပ၀ါအလား
ရစ်ခြုံသိုင်းလို့ ချမ်းမြပါတဲ့
နှစ်တစ်နှစ်ရဲ့ ဒီဆောင်းညမှာ
မင်းတစ်ယောက်ကို လွမ်းမိနေတယ်

ချစ်သူ...
ဆုံတွေ့ရတဲ့ အချိန်မှစ
ဒီရင်ဘတ်ထဲ အဆုံးမရှိလို့
မျှော်ကာတွေးတော့ ငါ့စိတ်တွေက
မီးလင်းဖိုဘေး ထိုင်ကာနေရင်း
ဝေးမနေရဲလို့ ဆွေးနေရတယ်

ချစ်သူ...
ရင်မှာဖြစ်တည် သံယောဇဉ်နဲ့
တစ်နေ့တစ်ရက် အမေ့ခက်လို့
မင်းဆီအပ်နှင်း ဒီချစ်ခြင်းကို
ဆောင်းညထပ်တူ အေးမြမှုလို
ပုံဆောင်ပမာ တည်ပါစေ၏


ပြန်လည် Tag ခြင်း ၅ (Ten Things I Hate About Myself )

အခု ပို့စ်လေးကတောမမ၀ါ နဲ့ ညီငယ် ကေမောင်ငြိမ်း တို့ tag ထားတဲ့
ကိုယ့်ကိုယ်ကို အမုန်းဆုံး ၁၀ချက်ကို ပြန်လည်ဖြေခြင်းပါ


အတိတ်အကြောင်း ပြန်မောင်းခတ်လို့
အမေ့မေတ္တာ ပုံအပ်တာကို
ခံယူမတတ် ဖယ်ခွာရက်တဲ့
ငါ့စိတ်ကိုငါ မုန်းမိပါတယ်

ဆရာသင်ပေး ပညာရေးနဲ့
လိမ္မာယဉ်ကျေး ဆက်ဆံရေးကို
အလေးမထား ဆိုးရွားနေတဲ့
ငါ့စိတ်ကိုငါ မုန်းမိပါတယ်

ဘာသာတရား အလေးထားဖို့
သွန်သင်ညွှန်ကြား ဦးဆောင်ပြလို့
ငယ်စဉ်လိုက်နာ ထက်သန်စွာနဲ့
ယခုအခါ မပွားများတဲ့
င့ါစိတ်ကိုငါ မုန်းမိပါတယ်

အပေါင်းအသင်း ရောင်းရင်းတွေနဲ့
ပျော်ပါးနေခိုက် ကြည်နူးဟိုက်လို့
မိသားစုကို မေ့နေတတ်တဲ့
ငါ့စိတ်ကိုငါ မုန်းမိပါတယ်

အမြင်မတော် ဖြစ်ရပ်များနဲ့
စိန်ခေါ်ဝံ့ကြွား ငမိုက်သားကို
ရှောင်ခွာမနေ ၀င်ကာမွှေပြီး
ကျူးလွန်အပြစ် ရောက်ရှိတတ်တဲ့
ငါ့စိတ်ကိုငါ မုန်းမိပါတယ်

ခန္ဓာကျန်းမာ စိတ်ရွှင်လန်းဖို့
တစ်နေ့တာရဲ့ အိပ်စက်ခြင်းကို
မခုံမမင် အအိပ်နည်းတဲ့
င့ါစိတ်ကိုငါ မုန်းမိပါတယ်

ပြီးခဲ့ဖြစ်စဉ် ယခုလိုအင်
မိုးဆုံးမြေဆုံး ဒွန်တွဲတွေးတော့
ငူငူငိုင်ငိုင် အပီမှိုင်တဲ့
ငါ့စိတ်ကိုငါ မုန်းမိပါတယ်

တစ်ခါတစ်ရံ အလိုမကျ
ပြန်မရတဲ့ ကိစ္စတစ်ချို့
တမ်းတတတ်လို့ ညစ်မိသွားတဲ့
င့ါစိတ်ကိုငါ မုန်းမိပါတယ်

ဟိုစဉ်ကလေး ငယ်ရွယ်သေးတော့
အလိမ်မတတ် မှန်တာတတ်လို့
ခုချိန်အခါ တစ်ချို့တွေမှာ
မုသားသုံးတဲ့ အကျင့်လေးကြောင့်
ငါ့စိတ်ကိုငါ မုန်းမိပါတယ်

တစ်ခုခုကို စွဲလန်းလွန်းလို့
မျှော်လင့်ကြီးစွာ လိုချင်တက်မက်
အတ္တတွေနဲ့ ချက်ချင်းလက်ငင်း
ပြောမှလုပ်ရ ကျေနပ်တတ်တဲ့
ငါ့စိတ်ကိုငါ မုန်းမိပါတယ်

ကဗျာလေးနဲ့ ရေးဖွဲ့ပြီး ပြန်လည် ဖြေလိုက်ပါတယ်.. အစ်မနဲ့ ညီငယ်ရေ..
ကျေနပ် ဖတ်ရှု့နိုင်ပါစေ... ပြန်တက်မယ့်သူတွေကတော့

မယ်မဒီဆုဝေကဗျာချစ်သူ (ခေးရော့စ် )မိုးဦးဝေလွင်
ခေါင်ခေါင်ချင်းမလေးစိတ်ဖြေရာ မီးတောက်ပုလဲ
ပန်းခင်းလေးအလင်းစေတမန်ညခင်းရဲ့လမင်းမီးလေးဇာ
ဝေလေးတာတာသဉ္ဖာ

လမင်းသခင်နှင့် အလွမ်း ..ငါ



အလွမ်းပျိုးတဲ့ လက်တစ်စုံနဲ့
အလွမ်းမျိုးကို ခူးဆွတ်နေရင်း
အိပ်မပျော်လို့ ဖိတ်ခေါ်ခဲ့တယ်
အမြင်ထဲက လတစ်စင်းကို ...

ငေးမောကြည့်စဉ် လှအချင်းမို့
မရိုးမရွ ငါ့စိတ်တွေက
ဟာတာတာနဲ့ နိုးကြားနေတယ်
အမြင်ထဲက လတစ်စင်းကြောင့် ...

သာယာအလင်း ဖြန့်ကျက်ရင်းက
ရွက်ကြွေတစ်စင်း သက်ဆင်းခြွေလို့
လေယူရာတိမ်း လွင့်ပါနေတယ်
အမြင်ထဲက လတစ်စင်းအောက် ...


ပင်ယံထက်က ကြွေဆင်းကျတဲ့
တစ်ခက်တစ်ပွင့် ငုံအဆင့်မို့
ရနံ့အဆင်း ပျံ့သင်းရင်းက
လွမ်းဝံ့ပါတဲ့ လအဆင်းနှင့် ...

အလွမ်းတွေကို ရေတွက်ရင်းနဲ့
လရောင်ဆမ်းတဲ့ လွမ်းလွင်ပြင်မှာ
မင်းအရိပ်ကို ရှာဖွေမိတယ်
အမြင်ထဲက လတစ်စင်းနှင့် ...

လမင်းအဖြာ ညတစ်ညမှာ
သေချာခြင်းနဲ့ လွမ်းရွက်တစ်ခု
ငါကိုယ်တိုင်ပဲ လွှင့်တင်နေပြီ
လရောင်နမ်းတဲ့ လွမ်းပင်လယ်မှာ ...


ဆေး၏သဘော ရောယှက်ရင်းက
စုတ်ချက်ဆွဲမှ ထင်ကျန်သလို
င့ါရင်ခွင်မှာ လွမ်းနေရအောင်
ခြယ်မှုန်းသလား မသိတော့ပါ
စိတ်ပြတင်းရဲ့ လအလင်းမှာ ...

နှုတ်မဆက်ပဲ ကွယ်ပျောက်တော့မယ့်
လမင်းငယ်ရေ ..
လွမ်းရလွန်းလို့ ထွက်ကျမိတဲ့
မျက်ရည်တစ်စက် ဆောင်ကျဉ်းသွားရင်း
ချစ်ရသူကို ပြောပေးလှည့်ပါ
လွမ်းနေရတဲ့ အကြောင်းတွေကို ...

မတွေ့ရတဲ့ အချိန်တွေမှာ
လွမ်းဆွတ်ခြင်းတွေ ငါ့မှာပြည့်လို့
ချစ်သူတစ်ယောက် အနားရောက်အောင်
တောင်းဆိုပြု၏ လမင်းသခင် ...

သူတို့အတွေးအခေါ် မှတ်စုများ (၄)

မဟုတ်တာတွေ

လူတွေ ခပ်များများမှာ ဖြစ်နေတာက သူတို့ရဲ့ မသိနားမလည်တာထက်
မဟုတ်တာတွေ အများကြီးကို သိတာက ခက်တာပဲ ။
အမေရိကန် ဟာသဆရာ ဂျော့ရှ်ဘစ်လင်း

ဘယ်သူ့အတွက် ခေါင်းလောင်းထိုးသလဲ

မည်သူပင်ဖြစ်စေ၊ လူသားတစ်ဦး သေဆုံးခြင်းသည် ကျွန်ုပ်အား ယုတ်လျော့စေသည်။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် လူ့လောက၌ အကျုံးဝင်သောကြောင့်ပင်။
ထို့ကြောင့် ဈာပန ခေါင်းလောင်းသံကြားလျှင် မည်သူ့အတွက် ထိုးသော ခေါင်းလောင်းသံ
ဖြစ်သည်ကို သိရန် လွှတ်၍ မမေးမြန်းပါလင့်။ သင့်အတွက် ထိုးသော ခေါင်းလောင်းသံပင်
ဖြစ်သည်။
အင်္ဂလိပ် ကဗျာဆရာကြီး ဂျွန်းဒေါန်
( ဂျွန်ဒေါန်၏အဆိုသည် လေးနက်ပေသည်။ လူသားအားလုံးအဖို့ သေခြင်းတရားသည်
ကြီးမားသော အရေးကိစ္စဖြစ်သည်။ မိမိနှင့် သက်ဆိုင်သူ ကွယ်လွန်ခြင်းကို မဆိုထားဘိ၊
မည်သည့် လူသားတစ်ဦး ကွယ်လွန်ခြင်းပင်လျှင် မိမိနှင့် မသက်ဆိုင်ဟု မမှတ်ယူဘဲ
သတိ သံဝေဂရဖို့ လိုအပ်သည်။ ကရုဏာသက်ဖို့ လိုအပ်သည်။ သူကွယ်လွန်ခြင်းကြောင့်
မိမိမှာလည်း သေခြင်းတရားကိုမေ့၍ ကာမဂုဏ်၌ နစ်မွန်းနေသောအဖြစ်မှ တစ်စွန်းတစ်စ
လျော့ပါးသွားချေသည်။ မိမိသည်လည်း သေချေရဦးမည်ဟူသော အသိက လောဘ၊
ဒေါသ၊ မောဟ တို့ကို ယုတ်လျော့စေသည်။ ထို့ကြောင့် (ဘုရားရှိခိုးကျောင်းမှ ထွက်လာသော
ဈာပန ခေါင်းလောင်းသံကို ကြားရလျှင် သင့်ကို သတိပေးသော ခေါင်းလောင်းသံဟု
ယူမှတ်ပါဟု ဂျွန်ဒေါန်က ဆိုလိုဟန်ရှိသည်။)

သင်လိုချင်တာ

သင်လိုချင်တာကို မရဘူးဆိုလျှင် သင်တစ်ကယ်တမ်း မလိုချင်၍လည်း ဖြစ်နိုင်သည်။
ဈေးဆစ်ဖို့ ကြိုးစားခဲ့၍လည်း ဖြစ်နိုင်သည်။
ဗြိတိသျှ စာရေးဆရာကြီး ရုဒ်ယတ်ဒ်ကစ်ပလင်း

သင်ပေးပါ

လူတစ်ယောက်ကို ငါးတစ်ကောင်ပေးရင် တစ်နေ့တည်းမှာ စားပစ်လိမ့်မယ်။
လူတစ်ယောက်ကို ငါးမျှားနည်း သင်ပေးရင် တစ်သက်လုံး စားရလိမ့်မယ်။
တရုတ်စကားပုံ

မ, သဘာဝ

ယောက်ျားတို့အဖို့ မ, သဘာဝသည် ခေတ်သစ် ပန်းချီနှင့် တူ၏။
သူတို့ ဘာကို ကြိုက်သည်၊ ဘာကို မကြိုက်သည် ဟူ၍ သိကြသည်။
သို့သော် နားလည်ဖို့ အလွန်ခက်သည်။ မိန်းမသည် ယောက်ျားအား
စိတ်လှုပ်ရှားစေသည်။ တိုးတက်မှုအတွက် အားမာန်တက်စေသည်။
နှစ်သိမ့်မှုကိုလည်း ပေးသည်။ မိန်းမသည် ယောက်ျား၏ ဘ၀အတွင်းသို့
အလှ၊ စည်းကမ်း၊ အဓိပ္ပါယ်၊ ရည်ရွယ်ချက်တို့ကို ယူလာသည်။
တစ်ချိန်တည်းမှာပင် သူ၏ ဂုဏ်၊ မာနတို့ဖြင့် ယောက်ျားကို စိတ်အနှောက်အယှက်
ပေးသည်။ သူ့ ထူးဆန်းသော ကြောင်းကျိုးပြမှုဖြင့် နဝေတိမ်တောင်
ဖြစ်စေသည်။ ချက်ချင်း စိတ်ပြောင်းလဲမှုများ၊ အပြုအမူ ပြောင်းလဲမှုများဖြင့်
ဒေါသဖြစ်စေသည်။
ဆောင်းပါးရှင် ဂျွန်-ကော့ဒ်-လက်ဂမန်း

လွမ်းခရီးသည်

ဒီကဗျာလေးက ပို့စ်အဟောင်းလေးပါ..
ကြိုက်လွန်းလို့ ပြန်တင်လိုက်တာပါ
သူငယ်ချင်းများအားလုံး မျှဝေခံစားနိုင်ပါစေ


မတွေ့ရတာ ကာလကြာပြီ
ဘယ်မှာသူရှိ မသိနိုင်ဘူး

ငေးငိုင်ငူငေး အဆွေအဖေါ်
အပျော်ဆိုတာ ဘာခေါ်တာလဲ

ရင်ထဲမသိ အဘိမာန်တွေ
လှန်ရှာဖွေလည်း လက်တွေညောင်းရုံ
မျက်စိမှုန်ရုံ စိတ်သာကုန်ရော

မတွေ့ရလျှင် မရွှင်ပြတဲ့
ရင်မှာဓလေ့ မပျော်မွေ့နိုင်

တ၀သောက တွက်ရေပြလျှင်
လက်တွေကညောင်း မျက်ရည်စက်ပေါင်း
ချောင်းလေးလိုစီး လွမ်းခရီးသည်

သူ မကယ်လျှင် အပူနယ်မှာ
နေ၀င်ချုပ်ငြိမ်း တစ်ဇတ်သိမ်းမည်

မတွေ့ရလျှင် သူလေလိုပဲ
စိမ်းပြီးနေမယ် စိတ်ထဲရွယ်လည်း
ရွယ်ရုံသာရှိ ပြန်ကြည့်သူ့စာ
လွမ်းလိုက်တာတွေ ဝေးလေဝေးလေ
ပိုချစ်နေမယ်...။

သူတို့အတွေးအခေါ် မှတ်စုများ (၃)

အားနည်းချက်

အားနည်းချက်ကို ညွှန်းသော အကြောင်းနှစ်ရပ်ရှိသည်။ ပြောဆိုသင့်သည့်
အချိန်အခါ၌ ဆိတ်ဆိတ်နေခြင်းနှင့် ဆိတ်ဆိတ်နေသင့်သည့် အချိန်အခါတွင်
ပြောဆိုခြင်းပင် ဖြစ်သည်။
ပါးရှားလူမျိုးတို့၏ စကားပုံ

မိန်းမတွေရဲ့ ပြောစကားတွေ

မိန်းမတွေ ပြောတဲ့စကားဟာ ကြွေထည်ပစ္စည်းတွေ ထုပ်ပိုးတဲ့ အခါ
ညှပ်သိပ်ပေးတဲ့ ကောက်ရိုးခြောက်နဲ့ တူတယ်။ အဲဒီကောက်ရိုးခြောက်ဟာ
ဘာမျှတန်ဘိုး မရှိပါ။ ဒါပေမယ့် မဟုတ်သေးဘူး။ အဲဒါမှ မရှိရင် အားလုံးကွဲကုန်ကြလိမ့်မယ်။
ရေးသူ မသိ

စိတ်မဆိုးပါနဲ့

သူတစ်ပါးကို သင်က ဖြစ်စေချင်တိုင်း ဖြစ်အောင် လုပ်မပေးနိုင်တာကို
စိတ်မဆိုးပါနဲ့ ။ သင့်ကိုယ်သင်ပင် သင်ဖြစ်စေချင်တိုင်း လုပ်မှမပေးနိုင်ဘဲ။
ဂျာမန်ဘုန်းတော်ကြီး စာရေးဆရာ

နားနှစ်ဘက် လျှာတစ်ခု

ကျွန်ုပ်တို့မှာ နားနှစ်ဘက်နှင့်လျှာတစ်ခုသာ ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည်
ပို၍ ကြားနာကာ လျှော့၍ ပြောဆိုရမည်ဖြစ်၏ ။
ရှေးဟောင်းဂရိဒဿနဆရာကြီး ဒိုင်အိုဂျီးနီးစ်

ယောက်ျားတွေကြားမှာ ရှားပါးသည်

ကိုယ်တိုင်လုပ်ချင်တာလုပ်ပြီး သူများတွေကို ကိုယ်လုပ်တဲ့ အတိုင်းကိုပဲ
သူတို့လုပ်ချင်တာလုပ်တယ်လို့ ထင်အောင် စည်းရုံးဆွဲဆောင်နိုင်တဲ့ သတ္တိဟာ
ယောက်ျားတွေကြားမှာ ရှားပါတယ်။ မိန်းမတွေကြားမှာတော့ ဒီသတ္တိဟာ
မျက်ခုံးမွှေးဆွဲသလိုပဲ ရိုးနေပါပြီ။
သောမတ်စ်-ဗေးလီ-အောလ်ဒရစ်ခ်ျ

ငါ့ ... ကဗျာရုပ်ကြွင်း

အသွေးအသား တောင့်တချက်တိုင်း
အလေးထားကာ နိုးကြားစေမယ့်
လက်အရှိန်ရဲ့ ဆွဲချက်အောက်က
သီကာကုံးမယ့် ကဗျာတွေရယ် ..

နှလုံးသားက အခစားဝင်
စိတ်ဓါတ်တွေ ပုံအပ်ထားလို့
အတွေးသံစဉ် တစ်ပတ်နွမ်းတောင်
လန်းဆန်းနေမယ့် ကဗျာတွေရယ် ..

ညအလင်းရဲ့ လမင်းသခင်ဆီ
လိုလားမှုတစ်ခု တောင်းဆိုပြုရင်
ဘယ်ညာနှစ်စုံ ဦးနှောက်တွေမှာ
ထွန်းလင်းပေးပါ ကဗျာဥာဏ်ကို ..

နွမ်းနယ်သမျှ အိပ်စက်ရတဲ့
တစ်နေ့တာရဲ့ အချိန်မှာတောင်
အိပ်မက်တစ်ခု ၀င်ကာလုလို့
စိုးမိုးလွန်းတဲ့ ကဗျာတွေရယ် ..

နိုးကြားစိတ်နဲ့ အိပ်မက်စိတ်တို့
ယှဉ်ပြိုင်တိုက်ခိုက် ထိုးစစ်ဆင်ရင်း
ထွက်ပေါ်လာတဲ့ ပေါက်ကွဲမှုတိုင်း
မြည်ဟည်းနေတဲ့ ကဗျာသံတွေ ..

စက္ကန့်တိုင်းရဲ့ ပင့်သက်ရှိုက်မှာ
ရှူသွင်းမှုကို ရပ်တန့်လောက်အောင်
လေပြွန်အ၀ စလယ်အဆုံး
တစ်ဆို့နေတဲ့ ကဗျာတွေရယ် ..

နားစည်အ၀ တဖျပ်ဖျပ်နဲ့
ကြားနေရတဲ့ အသံတွေဆီ
ရုတ်တရက်မို့ ကြည့်ကာမိတဲ့
ခဏတာမှာ မှင်သက်မိစဉ်
လေအတိုက်မို့ လူးလွန့်နေတဲ့
တံခါးရွက်က ကဗျာတွေရယ် ..

ကဗျာခင်းတဲ့ အိပ်ယာထက်ဝယ်
အညောင်းပြေရုံ မှေးစက်ခြင်းဖြင့်
မျက်နှာမူရာ မျက်နှာကြတ်မှာ
တန်ပြန်မှုကြောင့် ထင်ဟပ်နေလို့
အုပ်ကာမိုးတဲ့ ကဗျာတွေရယ် ..

ခန္ဓာရုပ်လုံး နိဂုံးချုပ်လည်း
ပျက်သည့်ခန္ဓာ ဆွေးရသော်မှ
မယွင်းမပျက် ကျန်ရှိခြင်းနဲ့
တည်မြဲနေမယ့် ငါ့ .. ကဗျာရုပ်ကြွင်း ...

ချစ်သူ့ ပုံရိပ်

ချစ်သူ ...
အိပ်မရတဲ့ နိုးတ၀က်ညမှာ
အမြင်အာရုံတွေထဲ ,
သန်းခေါင်ယံကျော် ပြိုးပြက်နေတဲ့
မိုးထက်က ကြယ်စင်တွေလို
မှိတ်တုတ်မှိတ်တုတ် လင်းလက်နေလို့
ငါ့စိတ်တွေလည်း တိတ်တဆိတ်နဲ့
တွေ့ချင်ဇောကို မျိုသိပ်ပြီး
ကြိတ်မှိတ်လို့ သတိရနေတဲ့
ချစ်သူ့ ပုံရိပ်တွေဆီ ..

ချစ်သူ ...
ပြဇာတ်ထဲက အလွမ်းခန်းလို
တရစ်ရစ်နဲ့ ,
တိုးလာခဲ့တဲ့ အလွမ်းရှိန်ကို
တလွင့်လွင့်နဲ့ ပျောက်ပျက်မသွားဖို့ ..
သိုသိပ်မိတဲ့ ငါ့အသိစိတ်မှာ
ဒိတ်အောက်နေတဲ့ အလွမ်းတွေက
တရစ်ပြီးတရစ် ထပ်နေတဲ့အထဲ
ကပ်ပါနေတဲ့ ချစ်သူ့ပုံရိပ်တွေ ..

ချစ်သူ ...
အနာဂတ်ကို စိတ်ချ
ဘ၀အမောကို ခ၀ါချလို့
ကြောက်စိတ်တွေ ပယ်ဖျက်ထားရင်း
အိပ်ပျော်နေဆဲ အသိမှာတောင်
မင်းပုံရိပ်တွေ နိုးကြားနေတာ
ငါ့ဝိဥာဉ်လည်း ခုန်ပေါက်မြူးနေတယ်
ချစ်သူ့ပုံရိပ်တွေနဲ့ အတူ ..

ချစ်သူ ...
အခန်းပြတင်းက ထွက်ကျလာတဲ့
မှုန်ပြပြ လမင်းအလင်းကြောင့်
တိုးထွက်နေတဲ့ ငါ့အရိပ်တောင်
ကြည့်နေရင်းနဲ့ ပြောင်းလဲသွားတယ်
ချစ်သူ့ပုံရိပ် ဖြစ်တည်ခြင်းနဲ့ ..

ချစ်သူ ...
တစ်ခါတစ်ရံ
မိုးနံ့သင်းပြီး ရွာသွန်းဖြိုးတဲ့
မိုးစက်တွေအောက်
အေးမြခြင်းနဲ့ မိုးရေတစက်
အသားလွှာပေါ် ကျရောက်သည့်တိုင်
ထိုမိုးရေစက် တစက်မှတည်
ချစ်သူ့ ပုံရိပ်တွေဆီ ..

သူတို့အတွေးအခေါ် မှတ်စုများ (၂ )

ငွေ ၊ ရာထူး ၊ ဂုဏ်

နှစ်ပေါင်းများစွာ လွန်သောကာလ၌ ( ဗြိတိသျှ စာရေးဆရာကြီး ) ရုဒ်ယတ်ဒ် ၊
ကစ်ပလင်းန်သည် ကနေဒါနိုင်ငံ မွန်ထရီ မြို့ရှိ မဂ္ဂစ်လ်တက္ကသိုလ်၌ မိန့်ခွန်း
ပေးခဲ့ဖူးသည်။ ဆရာကြီး ပြောသွားသော စကားတစ်ရပ်ကို အမြဲသတိရနေ
ထိုက်ပေသည်။ သူက ကျောင်းသူ ကျောင်းသားတို့အား ငွေ ၊ ရာထူး ၊ ဌာနန္တရ ၊
ဂုဏ်ဒြပ်တို့နှင့် ပတ်သက်၍ အလွန်အကျွံ အာရုံမပြုသင့်ကြောင်း သတိပေး
စကား ပြောကြားလေသည်။ “တစ်နေ့မှာ မင်းတို့ အဲဒါတွေကို ဂရုမစိုက်တဲ့
လူတစ်ယောက်ကို တွေ့လိမ့်မယ်။ အဲဒီ အခါမှာ မင်းတို့ဟာ ဘယ်လောက်
ဆင်းရဲကြတယ်ဆိုတာ သိကြလိမ့်မယ်”
ဟဲလ်ဖို့ဒ်လတ်ကော့

ကြမ်းပိုး နှင့် ခြင်

ကြမ်းပိုးများ သင့်သွေးကို စုပ်သည် မှန်သော်လည်း သူတို့သည် စကားတစ်လုံးမျှ
မဆိုဘဲ သင့်ကို ကိုက်ကြသည်။ ယင်းသို့ ပြုခြင်းသည် ဖြောင့်မတ်၍ ပွင့်လင်းသည်။
ခြင်တို့သည်ကား ကွဲပြားခြားနားသည်။ မှန်ပါသည်။ သူတို့လူ့အသားကို ဖေါက်ထွင်း
နည်းသည် အတော်ပင် ကျနသေချာပါ၏ ။ သို့သော် မကိုက်ခင် မိန့်ခွန်းရှည်ကြီးသည်
အကိုက်ခံရသူတို့အဖို့ စိတ်ဆိုးစရာဖြစ်သည်။ သူတို့က သူတို့သည် လူ့သွေးကို
သောက်သုံးခြင်းသည် မှန်ကန်သော အမှုဖြစ်သည်ဟူ၍ အကြောင်းဖေါ်ပြချက်အားလုံး
ဖေါ်ထုတ် ရှင်းပြနေသည်ဆိုပါမူ ထိုသို့ ပြုခြင်းသည်ပင်လျှင် ပို၍စိတ်တိုဖွယ်ဖြစ်သည်။
ကျွန်ုပ်သည် သူတို့၏ ဘာသာစကားကို မသိ မတတ်သဖြင့် ၀မ်းမြောက်ပါသည်။
လူဆွန်း ( တရုတ်စာရေးဆရာကြီး )

ထိကြည့်ပါ

“မင်းက အင်္ကျီအိတ်ထဲ လက်နှိုက်ပြီး ကမ္ဘာလောကကြီးကို ကြည့်မနေပါနဲ့ ၊
လောကကြီး အကြောင်း ရေးဖို့ရာမှာ လက်ထုတ်ပြီး လောကကြီးကို ထိကြည့်ပါ”
ဟု အမေရိကန် စာရေးဆရာကြီး မာ့ခ်တွိန်းက လက်သင်စ စာရေးဆရာလေး
တစ်ယောက်ကို တစ်ခါက ပြောဖူးသည်။
ဂျွန် ကောဒ် လက်ဂမန်း
(အမေရိကန် စာပဒေသာမဂ္ဂဇင်း၊ ဖေဖေါ်ဝါရီလ၊ ၁၉၆၄)

အချစ်

ယောက်ျား၏ အချစ်သည် သူ့ဘ၀နှင့် မသက်ဆိုင်သော သီးခြားအရာဖြစ်သည်။
မိန်းမအချစ်သည်ကား သူ့ဘ၀ တစ်ခုလုံးပင် ဖြစ်၏ ။
အင်္ဂလိပ် ကဗျာဆရာကြီး ဘိုင်ရွန်

မိန်းမ

ကောင်းသောမိန်းမသည် ယောက်ျားတစ်ယောက်ကို ဥာဏ်ကွန့်မြူးစေသည်။
ထက်မြက်သော မိန်းမသည် ထိုယောက်ျားကို စိတ်ဝင်စားစေသည်။
လှပသော မိန်းမသည် ထိုယောက်ျားကို မက်မောစေသည်။ စာနာစိတ်
ထားရှိသော မိန်းမကမူ ထိုယောက်ျားကို ရလေသည်။
ဟဲလင်းရောင်းလန်းဒ်

ခြေလှမ်း တစ်နဲ့နှစ်

တစ်နဲ့နှစ်မှာ
နှစ်ကခြေလှမ်း...ပထမ
ရောက်ခဲ့ပါတယ် ပန်းတိုင်ဆီကို...။
အရင်ဆုံးက...တစ်ဖြစ်ပေမဲ့
တစ်ကခြေလှမ်း...ဒုတိယ
ရောက်ခဲ့ပါတယ် ပန်းတိုင်ဆီကို...။
ပန်းတိုင်မှဆီ
နောက်လှည့်ပြန်ပြေး
ပထမခြေလှမ်း
နှစ်ဆိုတဲ့အရာ...။
ဒုတိယခြေလှမ်း
နောက်လှည့်ပြန်ပြေး
ပန်းတိုင်မှဆီ
တစ်ဆိုတဲ့အရာ...။

သူတို့အတွေးအခေါ် မှတ်စုများ (၁)

(၁) လွတ်လပ်မှုနှစ်မျိုး

လွတ်လပ်မှုနှစ်မျိုး ရှိသည်။ မှားသော လွတ်လပ်မှုမှာမူ
လူတစ်ယောက်သည် သူလုပ်ချင်ရာ လုပ်ဖို့ လွတ်လပ်သည်။
မှန်သော လွတ်လပ်မှုမှာမူ လူတစ်ယောက်သည် သူလုပ်သင့်ရာကို
လုပ်ဖို့ လွတ်လပ်သည်။
ဗြိတိသျှ ၀တ္ထုရေးဆရာကြီး ချားလ်စ်-ကင်းစလီ

(၂) ယောက်ျားများ ၊ မိန်းမများနှင့် အချစ်

ယောက်ျားတို့သည် မိန်းမတစ်ဦး၏ အချစ်ဦး ဖြစ်လိုကျသည်။
ယင်းသည် သူတို့၏ မသပ်ရပ်သော မာနပင် ဖြစ်သည်။
မိန်းမတို၌မူ အရာရာ၌ ပိုမိုသိမ်မွေ့သော ပင်ရင်းစိတ်ရှိ၏ ။
သူတို့သည် ယောက်ျားတစ်ယောက်၏ နောက်ဆုံးအချစ် ဖြစ်ချင်ကြသည်။
အော်စကာဝိုင်းလ်ဒ်ရေးသော“အရေးမပါ အရာမရောက်
သော မိန်းမတစ်ဦး” ပြဇာတ်မှ

(၃) အကောင်းမြင်နှင့် အဆိုးမြင်

အကောင်းမြင်သမားရော ၊ အဆိုးမြင်သမားတို့ပါ လူ့အဖွဲ့အစည်းကို
အကျိုးပြုကြ၏ ။ အကောင်းမြင်သမားက လေယာဉ်ကို တီထွင်သည်။
အဆိုးမြင်သမားက လေထီးကို တီထွင်သည်။
ဂစ်လ်-စာတန်း
(ဂစ်စာတန်းသည် မျက်မှောက်ခေတ် စာရေးဆရာ တစ်ဦးဖြစ်သည်။
အကောင်းမြင်သမားအဖြစ် လေယာဉ်ကို တီထွင်ပြီးလျှင် လူတို့၏
သွားလာရေး၊ သယ်ယူပို့ဆောင်ရေးကို ဖြစ်ထွန်းစေသည်ဆိုလျှင်
အပျက်မြင်သမားကလည်း မတောတဆ လေယာဉ်ပျက်ကျသော်
မသေကြေ မပျက်စီးနိုင်ရန် ကြိုတင် ပူပန်သည့်အလျောက် လေထီးကို
တီထွင်ပေးလိုက်သည်။ ဆိုလိုသည်မှာ အဖြစ်ကိုချည်း စဉ်းစား၍
လုပ်ဆောင်နေရုံဖြင့် မပြီးသေး။ အပျက်ကိုလည်း ထည့်သွင်းစဉ်းစား၍
လိုအပ်သော ကြိုတင်ကာကွယ်မှုတို့ကို ပြုနိုင်ရန် စီစဉ်ထားရမည်ဟူ၏)

(၄) ရောင့်ရဲခြင်း

ကျွန်ုပ်တို့မှာ ရှိသမျှနှင့် ရောင့်ရဲခြင်းသည် မှန်ကန်၏ ။
ဖြစ်သမျှဖြင့် ရောင့်ရဲခြင်းသည် ဘယ်သောအခါမျှ မမှန်ကန်ချေ ။
အင်္ဂလိပ်ပညာရှိ ဆာ၊ ဂျိမ်းစ်မက္ကင်းတော့

(၅) မိန်းမတွေ

ကျုပ်ခြေတစ်ဖက် သင်္ချိုင်းထဲ ရောက်တဲ့အခါ မိန်းမတွေအကြောင်းကို
ကျုပ်ပြောပြမယ်။ ပြောပြီး ကျုပ်ရဲ့ခေါင်းထဲကို ခုန်ချလိုက်ပြီး အဖုံးကို
ဆွဲဖုံးလိုက်မယ်။ ပြီးတော့ ကျုပ်က ဆိုမယ်။“ကဲ.... မင်းတို့ ငါ့ကို
ကြိုက်သလို လုပ်ပေတော့လို့”
ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်း

(၆) အရွယ်တင် တကယ်အို

လူတွေက အရွယ်တင်တယ် ပြောတဲ့အခါမှာ အိုပြီလို့ ပြောကြတာပါပဲ။
ရုပ်ရှင်မင်းသားကြီး ကေရီဂရန့်

လွမ်းမိပါတယ် ရှမ်းရိုးမဆီ

ငါ့စိတ်တွေ တမ်းတမိနေတယ်,
တစ်ချိန်က တောင်တန်းပြာကြီးဆီကို ...

တွေးမိလေတိုင်း ဆွေးတမြည့်မြည့်နဲ့
ငြိမ်သက်လို့ လွင့်မျောနေမိတယ် ...

အထက်ယံဆီမှ “နှင်း” ကြွေဆင်းသည့်တိုင်
ချမ်းစိမ့်ခြင်းနဲ့ ငါတစ်ကိုယ်ထဲ
ဟိုးအဝေးကို ငူငေးနေမိလေရဲ့ ...

မြူမှုန်ဝေ နံနက်ခင်းမှာ
တူစုံနှစ်ထွေ ပျံကာဝဲလို့
ခိုနားနေတဲ့ ကျေးငှက်မျိုးစုံ
အသွေးအရောင် စုံလင်စွာနဲ့
သံပြိုင် ဟစ်ကြွေးနေလိုက်ကြတာ,
ငါ့စိတ်တွေက ...
သူတို့ရဲ့ သံစဉ်စည်းချက်တွေမှာ
ငြိမ့်ညောင်းလို့ နေမိတော့တယ် ...

ရောင်နီလာ အလင်းရောင်အောက်
ကျောက်သားတွေမှ ..
စိမ့်ထွက်ခြင်း ရေစက်များမှတည်
တသွင်သွင် စီးဆင်းနေတဲ့
စမ်းချောင်းငယ်တွေ,
ပြိုးပြက်စွာနဲ့ ကယက်ထနေလိုက်ကြတာ
ငါ့စိတ်တွေကို လှုပ်ခတ်သွားစေသလိုပဲ ...

နေမင်းအရှိန် ကုန်ချိန်ရောက်လို့
လေညှင်းအလာ ဆည်းဆာလေးမှာ
သဘာဝအလျောက် ရေပြင်အောက်
ကူးခတ်နေတဲ့ ငါးကလေးတွေ ..
လူးလွန့်စွာ မြူးနေလိုက်ကြတာ
ငါ့အသွေးထဲ စိမ့်ဝင်သွားစေတယ် ..

ပလိုင်းကိုယ်စီ လွယ်ကာရွက်ရင်း
ပင်ကိုယ်အလုပ် ငြူစူမဟုတ်လို့
ပေါင်းဖေါ်ကိုယ်စီ စုကာပျော်ရင်း
သူငယ်ချင်းတစ်တွေ ဝေးလွင့်နေတာ
အချိန်ကုန်လို့ နှစ်တွေပြောင်းခဲ့ပါပြီ ...

သြော် ...
တောင်တန်းပြာကြီးနှင့်အတူ ..
သဘာဝရဲ့ အစုံအလင်
မြင်ကွင်းတွေကြား ..
ငါ့ဓလေ့နဲ့ နေ့ရက်တွေကို
အေးချမ်းလှတဲ့ ရှမ်းရိုးမမှာ
ထားခဲ့ရတာ ကြာခဲ့ပြီပေါ့ ...

အတွေးကို ရစ်သန်းတဲ့ အလွမ်း

ကောင်းကင်ရင်ခွင်ရဲ့ ပြာလွင်ဆေးသားအောက်
တိမ်စိုင်တွေ တစ်ရွေ့ရွေ့နဲ့
ပုံသဏ္ဍာန်စုံ အလှတွေယှဉ်ပြီး
လေနှင်ရာ လွင့်ပါမျောလို့
ကောင်းကင်ကြီးကို အလှကြွယ်စေနေရဲ့ ...

လေအဟုန်ရဲ့ စီးချင်းမှာ
စစ်ခင်းတဲ့ အရှိန်ဟာ
အထက်မှအောက် တိုက်ခတ်နေလိုက်ကြတာ
ပင်ပျိုတွေ ယိမ်းနွဲ့ကလို့ပေါ့ ...

မိုးယံမှ တိမ်စိုင်များ
ပင်ပျိုယိမ်းတွေနဲ့
ယှဉ်ပြိုင်ကာ လှသွေးကြွယ်တော့
ငူငိုင်စွာ လွမ်းနေရပေါ့ ...

အတွေးတွေ နယ်ချဲ့လို့
ပန်းမြိုင်အလည် ရနံ့တောမှာ
ဦးစွာပွင့်လန်း တစ်ပွင့်ပန်းမို့
လှမ်းကာယူနမ်း အသည်းပန်းကို
မသိတတ်လို့ ..
တစ်ဖက်လပ်နေ စိတ်တွေနဲ့အတူ
ငါထမ်းထားတဲ့ ဘ၀အိမ်ကြီးထဲမှာ
ပိတ်လှောင်မထားပါဘူး.. ချစ်သူ ...

လိုရာပျံသန်းဖို့ ခွင့်ပြုပေမယ့်
အတောင်ရိုက်ချက်ရဲ့ လေအဟုန်မှာ
ရှင်သန်သမျှတော့ မျောလွင့်နေချင်မိတယ် ...

အလှတရားကို ဖြေရှာမတတ်
ဘ၀တရားကိုသာ ဖွေရှာတတ်တဲ့
ချစ်သူရဲ့ နှုတ်ခမ်းတစ်စုံက
ပွင့်အန်ကျလာတဲ့ စကားလုံးတွေအောက်
လိုက်ကောက်လို့ ကြည့်နူးနေသလို
မျက်ဝန်းတစ်စုံရဲ့ အကြည့်တစ်ချက်မှာ
ခိုနားမိတဲ့ ငါ့စိတ်တွေက
အသိမှချီ နှလုံးသားထိဆီကို
ပျော်ဝင်နေမိပြီ..

နောက်ဆုံး .. အရှိန်တွေနဲ့
အီလိမ်တာတွေ များတဲ့ခေတ်မှာ
မအီမလိမ် အပီသာမြိန်မယ့်
အချစ်စစ်ကို မင်းထံပါး
အပ်နှင်းပါတယ် .. ချစ်သူ

ရုန်းထွက်မရတဲ့ ဆုံးတစ်ဖက်က
ပြန်လည်ကမ်းလင့်တဲ့ လက်တစ်စုံကို
သွေးကြောမျှင်မှ ကြိမ်နှုန်းတိုင်းရဲ့
နွေးထွေးမှုနှင့်အတူ ..
အသွေးအသားထိ ယုယမှုတွေ
စီးဆင်းပါ့မယ် ချစ်သူ ...

ပြန်လည် Tag ခြင်း ၄ (အချစ်ဆိုသည်မှာ)

ညီသွေးကတော့ လုပ်ချလိုက်ပြန်ပြီ .. အကြွေးကျေခါစရှိသေး .. ထပ်တက်လိုက်ပြန်ပြီ
အချစ်ဆိုသည်မှာတဲ့ .. အချစ်အကြောင်းကို ခံစားရသလောက် ရင်ဖွင့်ချလိုက်မယ်ဗျာ..

အချစ်ဆိုသည်မှာ ... အချစ်ကို နားလည်ဖို့ခက်တယ်.. သိလားမေးကြရင် သိသလိုလိုပါပဲ
အချစ်ဆိုတဲ့ သေချာ မရေရာတဲ့ ဝေါဟာရ ခံစားစိတ်ကလေးကို
သေချာမသိပေမယ့် အချစ်ကို ကျွန်တော်ကိုယ်တိုင်လည်း ကြုံခဲ့ဖူးသလို
ယခုအချိန်မှာလည်း ခံစားတဲ့စိတ်ကလေးမှာ အချစ်ဆိုတာကို
ကိန်းအောင်းထားနေမိတယ် ....
အချစ်ဆိုသည်မှာ ... တိုတောင်းလှတဲ့ လူ့ဘ၀မှာ လူသားတိုင်းလိုလို အချစ်ကို ပုံစံအမျိုးမျိုးနဲ့
ပုံစံခွက်ထဲကို ဆွဲထည့် ပုံဖေါ်ဖို့ ဦးစားပေးနေကြတယ်လို့ ကျွန်တော်ထင်တယ်
ယောက်ျားလေးကလဲ ကိုယ်ချစ်တဲ့ မိန်းကလေးကို နည်းအမျိုးမျိုးနဲ့ချဉ်းကပ် ၊
မိန်းကလေးကလည်း ကိုယ့်ကိုချစ်တဲ့ ယောက်ျားလေးရဲ့ နောက်ခံကို အခုခေတ်မှာ
သိပ်စိတ်ဝင်စားကြတယ်ဗျ ..သာယာမှုတစ်ခုကို အခြေခံပြီး ချစ်လိုက်ကြတဲ့
စုံတွဲတွေ များပြားလိုက်ကြတာ.. အခုခေတ်ပိုဆိုးတယ်.. အချစ်ကို တော်တော်များများ
ကိုးကွယ်စရာလို့ထင်ကြတယ်.. တစ်ကယ်တော့ အချစ်ဆိုတာ နီးခြင်း ဝေးခြင်း
နဲ့ မမြင်ရတဲ့ နာမ်ရုပ်နှစ်ခုရဲ့ ဆွဲငင်အားတွေပါ ..
အချစ်ဆိုသည်မှာ ... ချစ်ကြပါ .. ချစ်နိုင်လေ ပိုကောင်းလေပဲ .. ကိုယ့်ကိုယ်ကိုတောင် ချစ်ဖို့ မလွယ်ဘူးလေ
တစ်ပါးသူကို ချစ်ဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်သေး ..ဘာဖြစ်လို့လဲဆိုတော့..
လူသားတစ်ယောက်ချင်းက ကိုယ့်ကိုယ်ကိုချစ်တယ်ဆိုရင် ဒုက္ခရောက်စေမယ့်
အပြုအမူ အပြောအဆို ..စသည်ဖြင့် လုပ်မှာ ပြောမှာ မဟုတ်ဘူးဗျ ..
ဒါပေမယ့် တစ်ခါတစ်ရံ မသိလိုက်လို့ လုပ်မိတဲ့ အရာမျိုးတွေတော့ မပါဘူးပေါ့လေ..
ဥပမာ .. ယောက်ျားလေးတွေ ..များသောအားဖြင့် အရက် ၊ ဆေးလိပ် ၊ ကွမ်း ..
အစရှိ အနောင်နောင် သောက်ကြ စားကြတယ်ဗျ.. ကျွန်တော်ကိုယ်တိုင်လည်း
ပါတာပဲ .. အဲဒါ ကိုယ့်ကိုယ်ကို ချစ်ဟန်ဆောင်နေတာ .. အဲလိုပြောလို့ စောစောက
ပြောသလို ကိုယ့်ကိုယ်ကို မချစ်ဘူးဆိုရင် တစ်ခြားသူကို ချစ်ဖို့ ခဲယဉ်းတယ် ဆိုတာ
မှန်ပေမယ့် အချစ်စစ်တို့ မည်သည်မှာ ချစ်ကြတတ်ပါတယ်..
အချစ်ဆိုသည်မှာ ... ယောက်ျားလေးကပဲဖြစ်ဖြစ် ၊ မိန်းကလေးကပဲဖြစ်ဖြစ် ကိုယ်တစ်ကယ်ချစ်တဲ့သူကိုတွေ့
လာတဲ့အခါ အနည်းငယ်တော့ ကိုယ့်ရဲ့ အနေအထိုင် အပြောအဆို စရိုက်သဘာဝတွေ
ပြောင်းလဲ လာတတ်ကြတယ် .. တစ်ချို့ကြ ပါးစပ်ကတော့ ချစ်လိုက်တာ..
သူ့လောက် ချစ်နိုင်တဲ့သူ မရှိလောက်အောင်ကို ကြွေအောင်ပြောကြတာ..
တစ်ကယ်တမ်း အချစ်ဆိုတာ ဒွေး ဆိုတဲ့ သီချင်းခေါင်းစဉ်လို “ဖြေစရာမလိုတဲ့ အမေး”
ပါ .. တစ်ကယ်ချစ်တတ်ပြီ ဆိုရင် ကိုယ်ချစ်တဲ့သူက ဘယ်လိုပြောရင် ကြိုက်တတ်တယ်
ဘယ်လိုနေ ဘယ်လိုဝတ် ..စတာလေးတွေပေါ့ .. သူ့ဖာသာ ပြုပြင်လာကြတယ်..
အချစ်ဆိုသည်မှာ ... ကျွန်တော့်အစ်ကို တစ်ယောက်ပြောသလိုပဲ ..ရည်စား ချစ်သူ အိမ်ထောင်သည် တွေမှာ
တစ်ကယ်ချစ်ပြီ ဆိုရင် မင်း ဘယ်လိုနေ ဘယ်လိုထိုင်.. စတာတွေကို သိပ်ကိုပြောနေ
စရာ မလိုဘူး.. ပြောလို့ ပြင်သွားတာ ကိုယ့်စိတ်နဲ့ကိုယ်မှ မဟုတ်တာ..
သူပြောလို့ပြင်တာလေ .. ချစ်တဲ့သူကပြောလို့ ပြင်တာပေါ့လို့ ပြီးစလွယ်ပြောလို့မရဘူး..
ကိုယ့်ဖာသာ အလိုက်တသိနဲ့ ပြင်တာမှ အချစ်စစ်ပါ.. နားလည်မှုအရတော့
တစ်ယောက်နဲ့တစ်ယောက် အနည်းငယ် ပြုပြင်ပေးတာတော့ ရှိတာပေါ့..
ပြင်သင့်ရင်လည်း ပြင်ကြရတာပေါ့.. အစွန်းမထွက်ဖို့တော့ လိုတယ်..
တစ်ကယ်ချစ်တတ်တဲ့သူက ကိုယ့်ရဲ့ ဘ၀လက်တွဲဖေါ်က ငါဘာလေးလုပ်ရင် မကြိုက်ဘူး
ဒီလိုလေးနေရင် မကြိုက်ဘူး ..စတာတွေကို သူအသိစိတ်နဲ့ တွေးလာကြတယ်..
အခုခေတ်( ကျွန်တော်လည်း ယခုခေတ်ကာလသားတစ်ယောက်ပါ )..ဆိုလို့
ကျွန်တော့်ကို အရင်ရှေးခေတ်ကြီးကလားလို့တော့ ပြောမနေနဲ့ဦးနော်..ဟဟ
အခုခေတ်မှာ ချစ်ကြတဲ့စုံတွဲတွေ တွေ့မြင်နေကြတယ် ..ပေါ့ပေါ့နေ ပေါ့ပေါ့စားပဲ
“အပျော်အကြီး ကြီးကိုလိုချင်ရင် အပျော်အသေးလေးတွေကို ရှောင်သင့်တယ်”
များသောအားဖြင့် လျှောက်လည်ကြမယ် .. စားမယ်သောက်မယ်နဲ့ တစ်နေကုန်
အချိန်ဖြုန်းတဲ့ သူတွေ အများကြီးပဲ .. တစ်ကယ်တမ်းမေးကြည့် အချစ်ရဲ့ အတိမ်အနက်ကို
မသိသလို တစ်ကယ် အချစ်စစ်နဲ့ ချစ်တာလားလို့ ကိုယ့်ကိုယ်ကို ပြန်မေးခိုင်းရင်
သေချာမသိကြတာများပါတယ်.. အနှောင်အဖွဲ့နဲ့တော့ ချစ်ကြတာပဲ..ဒါပမယ့်
အဲဒီအနှောင်အဖွဲ့မှာ ပစ္စည်းကြွယ်ဝတာ ရုပ်ချောတာ စတဲ့ ပူလောင်တဲ့ သဘောတရား
တွေ ပါနေကြတယ် .. အချစ်ကလည်း ပူလောင်ပါတယ် ..မချစ်တတ်ရင်ပေါ့
မိန်းကလေး အများစုကိုတွေ့ဖူးတယ် .. အပြင်မှာရော လုပ်ငန်းခွင်တွေထဲမှာရော..
ထမင်း ဟင်းတောင် ဖြစ်အောင် မချက်နိုင်တဲ့ မိန်ကလေးတွေ အများကြီးပဲ
သူတို့အတွက်က အလှပြင်မယ်( မပြင်ရဘူးမပြောဘူးနော် လိုတာထက်ပိုပြီး ..)
အချိန်တန်ရင် လျှောက်လည်မယ် သုံးမယ် ဖြုန်းမယ် ပျော်မယ်ပေါ့ ..
ပြီးတော့ အိမ်ထောင်တွေကျတယ် .. အိမ်ထောင်မှုတာဝန်ကို ယောက်ျား လေးရော ၊
မိန်းကလေးပါ ဘာမှ မသိကြဘူး .. နောက်ဆုံတော့ မွေးထားတဲ့ မိဘကိုပဲ ဒုက္ခပေးကြတယ်
အချစ်စစ်ကို နားမလည် တန်ဘိုးမထားတတ်တော့ နောက်ဆုံး ကွဲကြတယ် မုန်းကြတယ်..
အိမ်ထောင်မှုကို သာယာအောင် ညှိနှိုင်း နားမလည်ကြဘူး ..
အချစ်ဆိုသည်မှာ ... လောကမှာ တစ်ယောက်နဲ့ တစ်ယောက် ချစ်တယ်ဆိုတာ အမျိုးမျိုးရှိကြတယ်
များသောအားဖြင့် ရှိကြတာဘာလဲဆိုတော့ ..တစ်ယောက်လိုအပ်တာ တစ်ယောက်မှာ
ရှိလို့ ချစ်ကြတာများတယ် ..အဲဒီလိုအပ်ချက်တွေ ဖြည့်ဆည်း ပေးနေသေးသမျှ
ချစ်ကြတာပဲ ..မပေးနိုင်ရင်တော့ ကွဲကြတယ် ..
အတွေးအခေါ်မရင့်ကျက်သေးတဲ့ သူတစ်ယောက်ကလည်း ကိုယ့်ထက် အတွေးအခေါ်
ရင့်ကျက်တဲ့သူကို ချစ်တာပဲ .. တစ်ချိန်ချိန်မှာ သူလည်း ရင့်ကျက်ပြီ ဆိုရင် သူရွေးချယ်တဲ့
သူကိုလည်း လိုအပ်ချင်မှ လိုတော့မယ် .. အဲလိုမျိုး အားပြိုင်မှုလေးတွေ ဖြစ်လာပြီ
ဆိုရင် ကွဲကြတယ် ..တစ်ယောက်နဲ့ တစ်ယောက် စိတ်အနှောက်အယှက် မဖြစ်အောင်
မမုန်းကြ မကွဲကြအောင် တစ်ယောက်လိုအပ်တာ တစ်ယောက်သိဖို့ အရေးကြီးတယ်..
ကိုယ့်အပေါ်ဖြည့်စွမ်း ပေးနိုင်တဲ့ သူထက် ပိုသာတဲ့ ဖြည့်စွမ်းပေးနိုင်တဲ့ သူကိုတွေ့ရင်
လည်း ကွဲသွားတတ်ကြတယ် ...ဒါကြောင့် ချစ်သူ ဖြစ်ပြီ ဆိုရင် ..
တစ်ယောက်ကောင်းတာလေးတွေကို တစ်ယောက်မြင်တတ်ဖို့အရေးကြီးတယ်..
မြင်ပါများမှ တိုးတိုးပြီး မြင်နိုင်မယ် .. ဒါမှ တည်မြဲမယ် ..
အချစ်ဆိုသည်မှာ ... ရေရှည်တွဲလာပြီ ဆိုရင် တစ်ယောက်အားနည်းချက်တစ်ယောက်သိလာမယ် ..
အဲဒီအခါမှ ရွေးချယ်မိတဲ့သူကို ရွေးမိတာမှားလေခြင်းဆိုပြီး နောင်တရတတ်ကြတယ်..
အဲဒီအခါကျရင် ပြဿနာတက်နိုင်တယ် .. ဒါကြောင့် “ကိုယ်ရွေးချယ်တဲ့ အရာအတွက်
ဘယ်တော့မှ နောင်တ မရပါနဲ့”
အချစ်ဆိုသည်မှာ ... ကိုယ်ချစ်တဲ့သူကို လွတ်လပ်ပိုင်ခွင့်ပေးရမယ်..ကိုယ်ချစ်တဲ့သူမှာ ကိုယ်မကြိုက်တဲ့
အချက်တွေ ရှိနိုင်မယ် ..အဲဒီအခါကျရင် ပြင်ဖို့ပြောမယ် ..ပြင်ဖို့ပြောတဲ့အခါ
တစ်ဖက်ကလည်း ကိုယ့်ကိုချစ်တော့ တစ်ကယ့် လေးလေးနက်နက် ပြင်ချင်ပြင်မယ်..
ဒါမှ မဟုတ် ဟန်ဆောင်နေမယ် ..ပြောရင်တော့ ဟုတ်ကဲ့ပေါ့.. ကိုယ်ပြောလို့
ပြင်တာထက် ကိုယ့်ကို တစ်ကယ်ချစ်ပြီး သူ့ဟာသူ ပြင်သွားတာ အကောင်းဆုံးပဲ..
အချစ်ဆိုသည်မှာ ... တစ်ယောက်ကိုတစ်ယောက် တစ်ကယ်ချစ်ရင် ကိုယ်ချစ်တဲ့သူရဲ့ စိတ်ကို အမြဲတစေ
စိတ်ဝင်စားနေတာမို့ သူက ဘယ်လိုနေရင် ၊ ဘယ်လိုပြောရင် ၊ ဘယ်လိုစိတ်ဓါတ်ထားရင်
ကြိုက်တယ်ဆိုတာ သိကို သိရမယ်..
အချစ်ဆိုသည်မှာ ... လူတစ်ယောက် ( ကိုယ်ချစ်တဲ့သူ ) ကို လွတ်လပ်ပိုင်ခွင့်ပေးရမယ် .. အပေါ်မှာလည်း
ပြောထားခဲ့ပြီးပါပြီ .. သူလုပ်ချင်တာလုပ်ပေါ့ .. သူလုပ်တဲ့ အကြောင်းအရာတွေထဲမှာ
ကိုယ်မကြိုက်တာတွေ ပါချင်ပါမယ် .. ဆိုးဆိုးဝါးဝါး မဟုတ်ရင် ပြင်ဖို့ မပြောပါနဲ့..
သူကသာ ကိုယ့်ကို တစ်ကယ်ချစ်ရင် ဘယ်လိုနေစေချင်တယ် ၊ ဘယ်လိုလုပ်စေချင်တယ်
ဆိုတာ သူ့ဟာသူ သိလာလိမ့်မယ် .. ကိုယ်က ပြောလို့ပြင်ရင် သူ့အတွက်
ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်တတ်တယ် .. ပြီးတော့ ငါပြောတာတွေချည်းပဲပြင်တယ် ..
သူ့အသိစိတ်ဓါတ်နဲ့သူ မပြင်ပါလားဆိုတဲ့ သံသယ ၀င်နိုင်တယ် ..
အချစ်ဆိုသည်မှာ .. “ပန်းရိုင်းပွင့်လေးတွေလိုပဲ .. နေရာတကာမှာပေါက်နိုင်တယ်” လို့ စာရေးဆရာတစ်ယောက်
ရေးထားတာ ဖတ်ဖူးတယ်.. ကျန်တဲ့ ရေးထားတဲ့ အကြောင်းအရာတွေကိုတော့ မမှတ်မိ
တော့ ဘူး .. တစ်ကြောင်းလေးကိုပဲ စိတ်ထဲစွဲနေလို့ ပြန်ပြောပြလိုက်တာပါ ..
တစ်ခါတစ်ရံ အိမ်ထောင်ရေး အငယ်အနှောင်း ထားတာတွေနဲ့ ပတ်သက်ပြီး ရေးချင်တယ်ဗျ
အဲဒီအခါကျရင် တော်တော်များများက ကျွန်တော့်ကို တော်တော်ဝေဖန်ကြမှာ သေချာတယ်
ဒါပေမယ့် မရေးဖြစ်ဘူး (ဝေဖန်ခံရမှာ ကြောက်လို့မဟုတ်ဘူး ) တော်တော်များ လက်သင့်
မခံတဲ့ အတွေးမလို့ မရေးဖြစ်တာ .. ကိုယ့်ကိုယ်ကိုတော့ အများနဲ့ တစ်ယောက်ဖြစ်နေပြီလို့
သိထားလို့ပါ .. အဲဒီအကြောင်းအရာနဲ့ပတ်သက်လို့ပေါ့.. ထားပါတော့လေ..
အချစ်ဆိုသည်မှာ ... ကျွန်တော် ကဗျာလေးတစ်ပုဒ်ရဲ့ အပိုဒ်တစ်ပိုက်မှာ ရေးသလိုပဲ
ကိုယ်ချစ်မရှာ သူချစ်ရှာဆိုတဲ့ ပြောနေကြတဲ့ စကားတွေကို မကြိုက်သလို
မဖြစ်သင့်ဘူးဗျ .. သူကလည်း ကိုယ့်ကို ချစ်သလို ကိုယ်ကလည်း သူ့ကိုချစ်ရမယ်
အဲဒါမှ တရားမျှတသလို အိမ်ထောင်ရေးသာယာ မှာပေါ့ ..ချစ်ရတဲ့သူက ပူလောင်တာပဲ
ဥပမာ .. ကိုယ်က မချစ်ပဲ သူကချစ်တယ်ဆိုရင် .. ကိုယ်က လုပ်ချင်ရာလုပ်နေမှာလေ
သူ့ခမျာတော့ ချစ်တော့ အောင့်ပြီးဘာမှ မပြောပဲ သူ့ကိုယ်သူ စိတ်ဆင်းရဲခံ
နေရတယ် ..ဘယ်တရားပါ့မလဲ ယူပြီးသွားရင် ပိုဆိုး .. သူများ သားသမီးကို
စိတ်အစဉ်မှာ စိတ်ထွေ သောကတွေဖြစ်အောင် လုပ်နေတာနဲ့ တူသလို
ကိုယ်ချင်းမစာတတ်တဲ့ အတ္တသမားဖြစ်နေတာ ကိုယ့်ကိုယ်ကို သိဖို့ လိုအပ်မယ်
ထင်တယ်ဗျ.. ဂျွမ်ဟမ်း ဆိုတဲ့ သီချင်းစာသားလို “မချစ်ပဲနဲ့ အောင့်နမ်းမနေပါနဲ့”
ဆိုတဲ့ စာသားလို ကိုယ်ပျော်ဖို့ အတွက် ဖြစ်ပေမယ့် သူ့အတွက် ပေးဆပ်ရတာနဲ့
တန်ရဲ့လားဆိုတာကို တွေးတောရင်း ငါတစ်ကယ် အချစ်ဆိုတာကို နားမလည်တာလား ၊
နားလည်ရက်နဲ့ အချစ်စစ်ကို မပေးနိုင်တာလားဆိုတာ တွေးတောရင်း
ချစ်တတ်သူများ သာယာချမ်းမြေ့တဲ့ အနာဂတ်ကို အလှတွေ ဝေဖြာစွာနဲ့
အချစ်နဲ့ နားလည်မှုကို ဒွန်တွဲလို့ သာယာဖြောင့်ဖြူးစွာနဲ့ လျှောက်လှမ်းနိုင်ပါစေလို့
ဆန္ဒပြုရင်း ကျွန်တော်ရဲ့ ချစ်သောသူ တစ်ယောက်လည်း ပျော်ရွှင်ချမ်းမြေ့ပါစေ...


ကျွန်တော့်ကို tag ထာတဲ့ ညီသွေး (ကြယ်ဇင်သွေး) လည်း သာယာသော သုခတွေနဲ့ ချစ်ခရီးလမ်း
ဖြောင့်ဖြူးပါစေလို့ ဆုတောင်းရင်း .. ဒီပို့စ်လေးကို လာရောက်ဖတ်သူများလည်း ဆန္ဒနှင့် ဘ၀ တစ်ထပ်တည်း
ရရှိစံစားပါစေ.. ဒီပို့စ်လေးက ကျွန်တော်ခံယူထားတဲ့ စိတ်ထားနဲ့ တွေ့မြင် ကြားရတာတွေကို တင်ပြရတာပါ
တစ်ယောက်နဲ့ တစ်ယောက်မယူအဆတွေ မတူပေမယ့် ကောင်းစေချင်တဲ့ ဆန္ဒတစ်ခုထဲနဲ့ ရည်ရွယ်ပြီး
ရေးသားခြင်းပါ.. မျှဝေခံစားနိုင်ပါစေ..

ပြန်လည် Tag ခြင်း ၃

သူငယ်ချင်းတွေက အခုတလော အရမ်းကို တက်နေကျတယ်.. ပူလို့နဲ့ တူပါရဲ့...စတာပါ
ပြန်ဖြေရတော့မှာပဲ .. ဖြစ်သလိုစားခြင်းကို...

ကျွန်တော် ငယ်ငယ်က ဂျီးများတယ် ..ရေချိုးရမှာကြောက်လို့လေ..ဟိဟိ
စတာပါ တစ်နေ့ ၃ခါအနည်းဆုံး ရေချိုးတယ် ..သန့်ကြောင်း ကြုံတုန်းသိအောင် ပြောပြတာ..
မိဘအိမ်မှာနေတုန်းကတော့ ဂျီးများတယ် ..အစားအသောက်ရွေးတယ်ပေါ့
အသားဟင်းနဲ့ အရည်သောက်ပါမှစားတာ ..အသားဟင်းတောင် ၀က် ၊ ကြက် ၊
ဆိတ်သားမှ စားတာ .. မိုးသောက်လို့ ရောင်နီလာတာနဲ့ လက်ဖက်သုတ် ၊ တိုးဟူးသုတ် ၊
အကြော် ၊ ပဲပြုတ် တို့ပါမှ စားတာ.. ကျန်တဲ့ မုန့်တွေတော့ သိပ်မစားဖြစ်ဘူး
ထမင်း ၊ ဟင်းကိုပဲ အားပြုစားတယ် ( အားများနေလို့လေ )
အစာအိမ်ကလည်း သိပ်လက်သင့်မခံဘူးဗျ (တစ်နေ့ ၅နပ်လောက်ပါပဲ )
အဲလိုနဲ့ပဲ အိမ်နဲ့ကင်းကွာပြီး ကျောင်းတက်တာက စတော့တာပါပဲ
ဂျီးများတတ်တဲ့ ကျွန်တော်လေ .. ဆိုင် ထမင်း ဟင်း စစားတဲ့ အခါမှာပဲ စိတ်ညစ်ရတော့တယ်
ဗိုက်ကဆာပေမယ့် စိတ်က ဂျီးများတတ်တော့ စားလို့ သိပ်မ၀င်ဘူး..
မေမေ့စိတ်ကူးနဲ့ ချက်ထားတာလောက် စားမကောင်းဘူးဗျ .. မေမေ့လက်ရာက
အဲလောက်ထိကောင်းတာ ( အရိုက်ခံရလို့ ကျောမှာ အရာထင်လို့လေ )
မေမေ ချက်ကျွေးတဲ့ ထမင်း ဟင်းကို ကောင်းကြောင်းပြောနေတာ မေမေသာသိရင်
အိမ်ပြန်တဲ့အခါ သားအကြိုက်ဆိုပြီး အမယ်များစွာနဲ့ ချက်ကျွေးမှာ သေချာတယ် ..
ရေးရင်းနဲ့တောင် တမ်းတလို့ စားချင်စိတ်တွေ ဖြစ်နေပြီ ..
တက္ကသိုလ်ကျောင်းတက်တာကစပြီး ဂျီးများတဲ့စိတ်တွေ ပျောက်ကုန်တယ်..
ဇတ်လမ်းက စပြီလေ .. သူငယ်ချင်းတစ်အုပ်နဲ့ ဆိုင်ကယ်တွေစီးပြီး ပျော်နေရရင်
ထမင်းမေ့ ဟင်းမေ့ပဲ .. မရောက်ဖူးတဲ့ ဒေသတွေသွားလိုက် ဘုရားတွေ ဖူးလိုက်နဲ့
လမ်းမှာ ဗိုက်ဆာရင် ကြုံတဲ့ဆိုင် ၀င်ဆွဲလိုက်တာပဲ (ထမင်း ဟင်း စားတာပြောတာ )
ဒီလိုနဲ့ အိမ်ကတောင်းသုံးတာ များနေလို့ ချွေတာသုံးရင်း ပိုက်ဆံပြတ်ဖူးတယ်ဗျ
သူငယ်ချင်းနှစ်ယောက် ထမင်းကို ၆ ရက်လောက် မစားပဲ နေခဲ့ဖူးတယ်..
ကာတွန်း ၊ video တွေထဲမှာသာ စားစရာမရှိ ရေသောက် မှောက်အိပ်ဆိုတာကို
ရီခဲ့ဖူးတာ .. ကိုယ်တွေ့ကြုံမှပဲ ရီဖို့နေနေသာ ဆာတိုင်း ရေသောက်ဖို့ပဲ စဉ်းစားနေမိတော့တယ်..
နောက်ပိုင်း ဆိုင်ကယ် အလုပ်လေးလုပ်တော့ ပြန်သာယာလာတယ်ဆိုပါတော့
ဒါပေမယ့် အစားအသောက်ကို သိပ်မမက်တော့ဘူး ..ပိုက်ဆံရှိလည်း ထမင်းလေးတစ်ခဲ
မျိုကျသွားရင်ကို တင်းတိမ်သွားတယ်.. လျှောက်သွားရင်းတွေ့တဲ့နေရာ အဆာပြေရုံလောက်
လေး တစ်ခုခု စားရရင်ကို ဗိုက်က လက်သင့်ခံသွားပြီ ..အဲလိုနဲ့နေလာခဲ့တာ အခုလက်ရှိ
ထိဆို ၆ နှစ်ခွဲလောက်ရှိသွားပြီ .. အခုတစ်ယောက်ထဲနေတော့လည်း ထမင်း နှစ်နပ်တော့
ပုံမှန်စားတယ် ..ဟင်းက ဘာဟင်းပဲဖြစ်ဖြစ် စားတတ်နေပြီ ..
အော် .. ဒါနဲ့ တစ်ဆက်တည်း ပြောရဦးမယ် ..( ချစ်သူကတော့ ပျော်နေမှာပဲ ..
အစားအသောက် ဂျီးမများ ၊ စားတာနည်းတော့ အကုန်အကျသက်သာတယ်ဆိုပြီး ) ဟိဟိ
ကြွားတာ .. အခုဆို ပိုဆိုးတယ် .. ကွန်ပျူတာရှေ့ထိုင်ရင် ထမင်းစားဖို့ မေ့မေ့သွားတယ်..
(အိမ်လည်ခေါ် ထမင်းကျွေးရင် သူငယ်ချင်းတို့ အဆင်ပြေမှာပါ)..လှည့်ပတ်စားချင်လို့ပါ
အကုန်အကျသက်သာအောင်လို့ ..ဟဟ ထမင်းတော့ ပိုချက်ထား..
အသက်တစ်နှစ်ကြီးလေ ပိုသိလာလေပဲ .. ဘယ်လောက်စားစား အာဟာရဖြစ်ချင်မှဖြစ်တာ
အခုဆို ဘယ်နေရာ ဘယ်လိုအခြေနေမှာပဲ ဖြစ်ဖြစ် တော်တော်နဲ့ မစားပဲနဲ့လည်း နေနိုင်နေပြီ
တစ်ခါတစ်ခါ ထမင်းစားဖို့တောင် သတိထားနေရတယ် ..
ဘာကိုပဲစားစား အဆာပြေရုံလောက်လေးဆိုရင် ကျေနပ်နေပါပြီ
မိဘနဲ့ အဝေးမှာနေရတာ မနေချင်ပေမယ့် အစားအသောက် ဂျီးမများတတ်တော့တဲ့
ကိုယ့်စိတ်ကိုယ်တော့ အမွှန်းတင်နေမိပြီ ..
ကဗျာတိုလေးနဲ့လည်း ဖြေပေးလိုက်တယ်..

ရှိတာလေးနဲ့ ဖြစ်သလိုစား
အချစ်စစ်လို မရှားတဲ့
စပါးအဖူးမှ ဆန်ဖြစ်ခြင်းကို
ထမင်းချက်ကာ ဟင်းတစ်မယ်နှင့်
ငါ၏သွား ညက်ဖို့ဝါးပြီး
အာခံတွင်းမှာ လျှာစစ်မခင်းလို့
တစ်နေ့နှစ်နပ် ပုံမှန်စားပြီး
အာဟာရနှုန်း ခန္ဓာရုန်းအား
ရသင့်သလောက် ရှိသည်ပင်
တင်းတိမ်နိုင်တဲ့ င့ါစိတ်တွေက
ဘယ်အချိန်အခါ ဘယ်နေရာမဆို
ကြုံသလိုစား ကုန်လို့သွားတဲ့
သေချာခြင်းနှင့် ကျေနပ်နေပြီ..
သို့ပေမယ့်လည်း ..
တစ်ခါတစ်ရံ တမ်းတမိတယ်..
မေမေချက်သော ထမင်းနှင့်ဟင်းမှ
လက်ဆုံ စားပွဲဝိုင်းလေးဆီကို ..

ဘာမှ သိပ်မရေးတတ်တော့ ဒီလောက်လေးပဲ ရေးလိုက်တယ် သူငယ်ချင်းတို့
ကျွန်တော့်ကို tag ထားသော ညီမ megumi ၊ ညီမလေး ကင်း ( ချင်းမလေး )
တို့ ဒီလောက်နဲ့ပဲ ကျေနပ်နိုင်ပါစေနော် ..

ပြန်လည်ွှTag ခြင်း ၂

ပထမဆုံးကျောင်းတက်တဲ့နေ့ ... မသိတော့ဘူး.. ကလေးပဲရှိသေးတာကိုး ...
ပထမဆုံး ကျောင်းပြေးတဲ့နေ့ ... ချိန်းပွဲရှိတုန်းကပေါ့ (ငယ်သေးတော့ သွေးထတာလေ..)
ကြီးတော့လည်း မဆိုးတော့ပါဘူး ..ရန်ဖြစ်တာကလွဲလို့ပေါ့..ဟဟ
ပထမဆုံး ရေးတဲ့ကဗျာ ... ငယ်ငယ်ကတော့ အများကြီးပဲ မမှတ်မိတော့ဘူး
(ဦးနှောက်က မမှတ်နိုင်အောင် တွေးနေရလို့ဗျ ..) မထင်နဲ့နော်
သိပ်ကိုမတွေးတာ ..
blog မှာတော့ ' သိစေ ' ဆိုတဲ့ ကဗျာလေးကို ပထမဆုံးရေးခဲ့တာပါ ...
ပထမဆုံး ရင်ခုန်ဖူးခြင်း ... သရဲခြောက်တဲ့ နေရာကို စလေ့လာတဲ့နေ့ ပေါ့ ..ရင်ခုန်လိုက်တာ
ပြောမနေနဲ့ .. မတွေ့ရလို့လေ (သရဲဆိုတာကို)
ပထမဆုံး နေခဲ့တဲ့မြို့ ... ရန်ကုန်မှာမွေးဆိုတော့ ရန်ကုန်မှာပဲပေါ့ ..
ပထမဆုံး သူငယ်ချင်း ... ငယ်ငယ် ကလေးထဲက စိတ်နေသဘောထား အားလုံးနီးပါးတူတဲ့
ဒီထွန်းဆိုတဲ့ သူငယ်ချင်းပါ
ပထမဆုံး တီးဖူးတဲ့ဂစ်တာ ... အစ်ကို့ ဂစ်တာ .. အခုတော့ မေ့ကုန်ပြီ .. အစကတည်းကလည်း တီးမှ
မတီးတတ်တာ ..
ပထမဆုံး ဖတ်ဖူးတဲ့စာအုပ် ... ပိတောက်ကြွင်း (စာရေးဆရာတော့ မမှတ်မိပါ )
ပထမဆုံး ရောက်ခဲ့တဲ့ နိုင်ငံခြား ... စုံနေတာပဲ လေ့လာရင်းပေါ့ (အိပ်မက်ထဲမှာ)
ပထမဆုံးရတဲ့ဆု ... ၂တန်းနှစ်ကစပြီးရတာ.. ဆုတွေကစုံနေတာပဲ
အဖက်ဖက်ကထူးချွန်လို့လေ (ကြွားတာ)
ပထမဆုံးသွားဖူးတဲ့ ခရီး ... ရွှေစက်တော် ဘုရားဖူး
ပထမဆုံး စီးဖူးတဲ့ကား ... ကားက စုံနေအောင်ကို စီးဖူးတာဆိုတော့ မမှတ်မိဘူးဗျ ..
(ကိုယ်ပိုင်ကားတစ်စီးမှမပါ )
ပထမဆုံး ဆိုတဲ့သီချင်း ... သန်းထွန်းလေး သီချင်းပါ (မွေးဌာနီ )
ပထမဆုံး ၀ယ်တဲ့သီချင်းခွေ ... 99 လက်ဆောင်
ပထမဆုံးရဖူးတဲ့ လက်ဆောင် ... သူငယ်ချင်းတစ်ယောက် ပေးတဲ့ အနွေးထည်လေးပါ
ပထမဆုံး အလုပ် ... ဆိုင်ကယ် ကယ်ရီ အလုပ်ပါ ..ကျောင်းတက်ရင်းလုပ်တာ.. ၀ါသနာပါလို့
လွင့်နေရတာကို က စိတ်အားသန်နေတာ .. အဲဒါကြောင့် ..ဟဲဟဲ
ပထမဆုံး တစ်ယောက်ထဲ ခရီးသွားခြင်း ... မိတ်္ထီလာမြို့သို့ သွားခြင်း ...
ပထမဆုံးသောက်ဖူးသော ဆေးလိပ်/အရက် ... ရွှေနှင်းဆီ ဆေးလိပ် .. Tiger ဘီယာပါ ..
အခုတော့ မသောက်တော့ပါ ....
ပထမဆုံးခင်တဲ့ ဘလော့ဂါမိတ်ဆွေ ... ကိုမျက်လုံးပါ .. သူနဲ့ နေရင်းနဲ့ပဲ blog ထဲကို စမ်းလျှောက်ခဲ့တာပါ
ပထမဆုံး ရေးတဲ့ ရည်းစားစာ ... “မင်းကတော့ ရုပ်ဆိုးတယ် ဒါပေမယ့် မင်းကိုချစ်တယ်”
ဆိုတဲ့စာသားလေးပါ ကောင်မလေးက
ချစ်စရာကောင်းတယ်ဗျ သူများတွေက မြှောက်ပြောကြတာလေ ..
အဖြေမရတော့ ကိုယ့်အလှည့်ရောက်တော့ ကြွေမလားပေါ့လေ..
ပြောင်းပြောကြည့်တာ ..အတူတူပါပဲ .. မရဘူး ..ဟိဟိ
ပထမဆုံးအရက်သောက်ခြင်း ... ဒုတိယနှစ်မှာဗျ .. အောင်ပွဲခံတဲ့နေ့လေ..
ဆိုးတကာ့ အဆိုးတွေပေါ့..သိပ်မဆိုးပါဘူး .. တစ်ခါတည်းပါ (ယုံလား )
ပထမဆုံး ချစ်မိခြင်း ... မိန်းကလေး တစ်ယောက်ကိုပါ ..
ကြွေမွသွားတဲ့ ရွက်ခြောက်လေးတစ်ရွက်လို
ကွယ်ပျောက်ခဲ့ပါပြီ .. ( တစ်ခါတုန်းကပေါ့ )

Tag ထားတဲ့ သူငယ်ချင်းတွေက ကြာနေပြီ .. အခုမှ အချိန်လေး ရလို့ ပါ ... နားလည်ပေးပါလို့ ပြောပါရစေ

ပထမဆုံးကို Tag ထားတဲ့ ညီလေး ညီသွေး (ကြယ်ဇင်သွေး) ၊ ညီမ မီးလေး (ခိုင်သင်ဇာ) တို့ရဲ့ နှစ်ယောက်
tag ထားတာကို ဖြေပေးရခြင်းပါ .. သူငယ်ချင်း ညီ ၊ ညီမ ကို အားနာပါတယ်.. နောက်ကျနေလို့

ချစ်သောသူ တစ်ယောက်

ငါ့နှလုံးသားရဲ့ ဗဟိုစည်းကြောင်းမှာ
အနားသတ်မညီတဲ့ ချစ်ခြင်းတွေကို
စွန်းထွက်မနေ ၀န်းလျက်နေအောင်
ထပ်တူပြု ရေးဆွဲခဲ့တဲ့
မင်းနှလုံးသား ဆွဲချက်တွေကို
တန်ဘိုးထား မြတ်နိုးနေမယ့်
ချစ်သောသူ တစ်ယောက်ကိုလေ ...

သံသရာ ဘ၀တာမှာ
ပွဲတော်အလည် နွဲပျော်လည်း
ဆွဲခေါ်ကာ တွဲပျော်ပါ့မယ်
ချစ်သောသူ တစ်ယောက်ကိုလေ ...

ဘ၀ကို တန်ဆာဆင်
အားမာန်ကို ပီတိအဟုန်လုပ်လို့
နှုတ်မရတဲ့ ဇွဲသတ္တိတွေနဲ့
ဘ၀တစ်သက်စာ ထာဝရအမြဲကို
ကိန်းအောင်းကာ စောင့်ရှောက်ပါ့မယ်
ချစ်သောသူ တစ်ယောက်ကိုလေ ...

သစ္စာတရားတွေ ဆုပ်ကိုင်ထားရင်း
မာန်တိုင်ထူ ချစ်ခြင်းတွေနဲ့
တည်မြဲစွာ စိုက်ထူထားမယ့်
ငါ့အသိရဲ့ မှတ်ဥာဏ်အလွှာမှာ
ချစ်သောသူ တစ်ယောက်ကိုလေ ...

“ဘုရားဟောတော့ ငါလည်းအရူး
အမှားတော့ ပူးမှာပေါ့”...
ဆိုရိုးရှိခဲ့ ကမ္ဘာတစ်ခွင်မှာ
လုပ်ရပ်အမှား ရှိသည်ခါလည်း
အမှားမကင်း လူဖြစ်ခြင်းမို့
ဖေးမစာနာ နားလည်ပါ့မယ်
ချစ်သောသူ တစ်ယောက်ကိုလေ ...

ကိုယ်ချစ်မရှာ သူချစ်ရှာလို့
ပြောနေကျတဲ့ စကားတွေကို
ပယ်ဖျက်ကာ သိစေလို့ရယ် ..
သူချစ်သလို ကိုယ်ချစ်ပါ့မယ်
ချစ်သောသူ တစ်ယောက်ကိုလေ ...

သူနှင့်အတူ သူ့ကိုယ်ပွားတွေ

ငါ၏ခန္ဓာ ကြွေပျက်မသွားခင်
လှုပ်ရှားရတဲ့ ဘ၀တိုမှာ
ငါနှင့်အတူ ....
အမြဲရှိဖို့ ဖွေရှာရတဲ့
သူနှင့်အတူ သူ့ကိုယ်ပွားတွေ ...

လိုသလိုအကျိုး စီကာသုံးလို့
အနားကနေ ပြန်ထွက်သွားတဲ့
သူနှင့်အတူ သူ့ကိုယ်ပွားတွေ ...

မရှိမဖြစ် အနားရှိမှ
ပျော်မွေ့ပါတဲ့ ငါ့စိတ်တွေက
ထပ်ကာထပ်ကာ ရှာရပြန်တယ်
သူနှင့်အတူ သူ့ကိုယ်ပွားတွေ ...

ဘယ်လောက်ရှာရှာ ပြန်ကာတွေ့လည်း
ခဏတာပဲ ခိုဝင်အောင်းလို့
ပြန်လည်ပျောက်သွား စိတ်မောရတယ်
သူနှင့်အတူ သူ့ကိုယ်ပွားတွေ ...

ဖြစ်ခြင်းပျက်ခြင်း လောကအလယ်
လူ့ဘုံဘ၀ စုပြုံကျတဲ့
စိတ်အာရုံမှာ ရှင်သန်ခြင်းတွက်
ရှာလိုက်သုံးလိုက် ပြန်ပျောက်လိုက်နဲ့
ခန္ဓာချုပ်ငြိမ်း တဇာတ်သိမ်းရင်
လာရောက်ပေးဆပ် ပုထုဇဉ်ဘဝ
ငါရှာသမျှ ထားခဲ့ရမဲ့
သူနှင့်အတူ သူ့ကိုယ်ပွားတွေ ...

သြော် .... စိတ်အထွေထွေနဲ့
ပိတ်မနေအောင် ပွင့်ထွက်နေတဲ့
ငါလိုလူသား များစွာတွေလည်း
အချိန်တန်လို့ ဘယ်လိုပင်သေဆုံး
မြေအောက် ... လုံးလုံးရောက်လည်း
ကမ္ဘာတည်သ၍ ရှင်သန်နေမဲ့
သူနှင့်အတူ သူ့ကိုယ်ပွားတွေ ...

လေပြည်

ညခင်းဆည်းဆာ ချိန်ခါလေးမှာ
နှလုံးသားကို ရိုက်ခတ်သွားတဲ့
လေပြည်လေး ...ရေ
ခြေလှမ်းလေးတစ်စုံ တရွေ့ရွေ့နဲ့အလာ
မြင်တွေ့ရတဲ့ မင်းအပြုံးလေးကို
ကြည့်လို့မ၀တာ ငါတစ်ယောက်ပါ...
ရိုးမသွားတဲ့ အမူအရာလေးပမာ
ငေးမောရင်းနဲ့ ..
ချစ်နေမိတာ ငါတစ်ယောက်ပါ...
အထီးကျန်ဆန် ငါ့ဘ၀ထဲ
ဝင်လာရဲတဲ့ ပါရမီရှင်ရေ ...
မင်းလေးရဲ့ ဟန်ဆောင်ကင်းတဲ့
ချစ်ခြင်းတွေကြောင့် စိတ်အစဉ်မှာ
ခွန်အားတွေဖြစ် ..
အချစ်တွေပြည့်တာ ငါတစ်ယောက်ပါ...
ဖြူစင်အပြုံး ရှင်းသန့်မျက်နှာ
တောက်ပအကြည့်တွေ ပေါင်းစုနေတဲ့
မင်းတစ်ယောက်ကို ...
ဒီရင်ထဲ မေ့လို့မရတော့
လေညှင်းလေးလို တိုးဝှေ့လှည့်ပါလို့
တောင်းဆုခြွေပါ၏ ...

ချစ်သော အစ်ကို ကိုမျက်လုံး အတွက်

ကမ္ဘာတစ်ခွင်မှာ ရှာခင်စရာမလိုပဲ
အမှန်သာခင်ခဲ့ရတဲ့ ကိုမျက်လုံးရေ ..
တစ်နယ်စီခြားလို့ မိုင်တွေဝေးလည်း
ဆုံခွင့်လေးတွေ ရခဲ့ပါတယ်....
တည်ငြိမ်လှတဲ့ ကိုမျက်လုံးနဲ့....
သီကာကုံးတဲ့ ....
ပွင့်ဖူးလိုပဲ တစ်ကြိုးထဲမှာ
ပါဝင်ရလို့ ပျော်မိပါတယ် ...
မျက်လုံးဆိုတာ စိတ်ရဲ့ပြတင်းလို
အမှားအမှန် ကောင်းခြင်းသွင်ကို
ခွဲခြားသိမြင် အောင်မြင်ခြင်းနဲ့
အသိဥာဏ်တွေ လေ့လာခြင်းအတွက်
လိုအပ်ခြင်းတစ်ခု ....
ဒီလိုပါပဲ
ခင်မင်ရတဲ့ ကာလတစ်လျှောက်
နွေးထွေးစာနာ သံယောဇဉ်နဲ့
ဖေးမမှုတွေ ဖြည့်စွက်ပေးရင်း
လျှောက်လှမ်းနေတဲ့ ခရီးလမ်းကို
မကွေ့မကောက် လမ်းဖြောင့်ရောက်အောင်
စေတနာအရင်းခံ သွန်သင်ပြတဲ့
ကိုမျက်လုံးရေ ....
တစ်မြေထဲက တစ်သွေးထဲမို့
တွဲလက်ညီမယ့် ခိုင်မြဲလက်တွေ
မွေးနေ့မှတည် နောင်နှစ်ပေါင်း
ချမ်းမြေ့မှုအသင်္ချေ ရရှိရင်းနဲ့
သာယာဖြောင့်ဖြူး အနာဂတ်လမ်းကို
လျှောက်လှမ်းရင်းနဲ့ ပျော်ရွှင်ပါစေ ..

၂၁ ရက်နေ့က ကျရောက်သော ကိုမျက်လုံး၏ မွေးနေ့လေးအတွက်
ကဗျာလေးနဲ့ အမှတ်တရ လက်ဆောင်လေးပါ