သူ့အသွင်

မျက်ဝန်းထဲက ပုံရိပ်တစ်ခု
စိတ်အစဉ်မှာ ဖိတ်စင်သလို
ချစ်သူ့အသွင် ဟပ်ထင်နေလို့
နေရာတိုင်းမှာ စိတ်လှိုင်းထတယ်

လေပြည်အကြား ယှက်နွယ်ကစားလို့
ခေါင်းလေးအငဲ့ ဆံနွယ်အလွင့်မှာ
မျက်နက်ဝန်းရဲ့ အကြည့်တစ်ချက်အောက်
ငါ .....စီးမျောသွားတယ်

ပါးနှစ်ဘက်ပေါ် အလှတင့်အောင်
ထပ်ဆင့်တင်ကာ ပေါ်လွင်နေတဲ့
သူ့ပါးမို့က ပါးကွက်ကလေး ..
သင်းရနံ့က ပျံ့လွင့်နေတော့
ယိမ်းယိုင်စွာ မူးငိုင်ကျပေါ့

ပျိုမဒီရယ် ....
အလျင်စလို မဟုတ်ပေမယ့်
လျင်မြန်သလို ခလုတ်တိုက်တာတွေ,
ယဉ်တစ်ကိုယ်သာ သွယ်လျတာမို့
သူမတူကာ လှသွေးကြွယ်တဲ့
ချစ်စရာ့ရုပ်သွင် ကြည့်နေရင်းနဲ့
သိပ်ချစ်မိတယ်...

ရောင်နီပျောက်လု ဆည်းဆာလေးမှာ
ရှက်သွေးဖြာ သူ့မူရာက
စာဖွဲ့မမီ နတ်ပန်းချီရှုံးတော့
ဒီရင်မှာ ဟာရပြန်ပေါ့

အပြောချိုတွေ ပွင့်အန်ကျတဲ့
နှုတ်ခမ်းပါးရဲ့ ပွင့်လွှာထဲမှာ
ခိုကပ်နေတဲ့ သွားတက်ကလေးတွေ
အပြုံးတစ်ဝက်မှာ ပုန်းရက်သလို
ကွယ်ဝှက်နေတယ်

ကျော့ရှင်းလည်တိုင် ယှဉ်တိုင်းစံလို့
သွေးမျှင်အကြော စိမ်းမြခြင်းက
ရှု့တိုင်းယဉ်လို့ ဆင်တိုင်းလှအောင်
နတ်မိမယ်ရယ် ညှို့ယူလေသလား

ရာသီတစ်ခွင် လှည့်ငင်ယူတဲ့
နွေမိုးဆောင်းလို ...
ပြောင်းလဲခြင်းနောက် ခေါ်ဆောင်လိုက်တဲ့
အသက်အပိုင်း အရွယ်ဟိုင်းတောင်
တန်ဘိုးထားကာ ရိုးသားစွာ
ချစ်မယ့်... ကြင်ဖေါ်လေးကို

ကြိုးပြတ်နေတဲ့ ဂစ်တာအိုလို
ထွက်ပေါ်သံစဉ် မချိုလွင်လည်း
အသည်းကြားက ခွဲခြားမထားတဲ့
မေတ္တာကြိုးနဲ့ တီးခတ်ပေးမယ်
ချစ်သူ ပျော်စေဖို့ရယ် ...

နားလည်မှုတွေ ဆောင်ကျဉ်းထားရင်း
ချစ်သူ့လိုအင် ငြူစူမနေ
အပူသာ ငြိမ်းအေးစေတဲ့
အတွင်းသဘော မြတ်စိတ်ထားကို
ယုံကြည့်စိတ်ချ လက်ရှိဘ၀မှ
နောင်အနာဂတ်သည် သာယာလမ်းဆီ ..

11 comments:

မြတ်သွယ် said...

ဟီးးး
ကဗျာထဲမှာမျောသွားလို့ ဘာပြောရမှန်းတောင်
အသိတော့ဝူး
ကောင်းလိုက်လေခြင်း ကိုအရုပ်ကလေးရယ်
အဲလိုယဉ်သူလေးကို ညီမလေးသာယောက်ျားလေးသာဆို ချစ်မိမှာပဲ
မြင်သူငေးလောက်ပါပေတယ်
-ကြိုးပြတ်နေတဲ့ ဂစ်တာအိုလို
ထွက်ပေါ်သံစဉ် မချိုလွင်လည်း
အသည်းကြားက ခွဲခြားမထားတဲ့
မေတ္တာကြိုးနဲ့ တီးခတ်ပေးမယ်
ချစ်သူ ပျော်စေဖို့ရယ်- သူမပျော်ပါစေ
ကဗျာကောင်းလေး တန်ဖိုးထားလောက်ပါပေတယ်
ကဗျာအစပ်ကိုအားကျမိပါရဲ့
အားပေးပါတယ်ရှင်

sait phay yar said...

ကောင်းလွန်းလို့ သံစဉ်လေးနဲ့မြောလိုက်နေရင်း ပြီးလို့ပြီးမှန်း မသိလိုက်ဟီဟီ

su wai said...

အရေးအဖွဲ့လေးတွေ ကဗျာဆန်ပြီး အရမ်းလှတဲ့ ကဗျာလေးတစ်ပုဒ်ပါပဲ။
ချစ်သူနဲ့အတူ သာယာတဲ့ အနာဂတ်လမ်းကို ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေ...။

kiim said...

အကို ရေ..ကဗျာလေးကိုလာခံစားသွားပါတယ်
ပျောက်နေတာကြာပြိနော်..
ဘာတွေလုပ်.. :)

tartar said...

အစ်ကိုရေ.....အရမ်းကောင်းတဲ့ကဗျာရှည်ကြီးလာဖတ်သွားပါတယ်။ ကဗျာထဲကကောင်မလေးက သိပ်ချောမှာပဲနော်......သုံးထားတဲ့အရောင်လေးလဲလှတယ်။ အဖွဲ့အနွဲ့လည်းကောင်းတယ်...ချစ်ရသူနဲ့ တစ်ဘ၀လုံးလက်တွဲနိုင်ပါစေ။

ဗီလိန် said...

ရွရွလေးနဲ့လှတာ ဒါမျိုး။

Unknown said...

ကဗျာလေးဖတ်သွားပါတယ်
ပျော်ရွှင်ပါစေ အစ်ကိုတော်ရေ

ညီမလေး

ပန်းခင်း

နှင်းပွင့်ဖြူ said...

တော်တော် သပ်ရပ်တဲ့ အရေးအသားလေးပဲ..
ဖွဲ.နွဲ.ထားတာလေးတွေ ကောင်းတယ် .....

မသက်ဇင် said...

ကျော့ရှင်းလည်တိုင် ယှဉ်တိုင်းစံလို့
သွေးမျှင်အကြော စိမ်းမြခြင်းက
ရှု့တိုင်းယဉ်လို့ ဆင်တိုင်းလှအောင်
နတ်မိမယ်ရယ် ညှို့ယူလေသလား-------------

ဒီစာပုဒ်လေး တင်စားထားပုံကတော့ လှပါပေ့ရှင်---

နေ့အိပ်မက် said...

အဲလောက်လှတယ်လား :)

♥ Acacia ♥ said...

ရေးထားတာက အရမ်းကောင်းတယ် အမြဲအားပေးနေပါတယ်