ကဗျာငိုတဲ့ ..ည



၁၅.၀၆.၂၀၁၀.....
အမှတ်တရ နေ့လေးဖြစ်ခဲ့တယ်...
တရက်ထဲ တချိန်ထဲမှာ လူ(၂)ယောက်
အသဲကွဲခဲ့တယ်...

အသည်းကွဲတဲ့နေ့မှာပဲ
အလွမ်းတွေက ယိုဖိတ်သေဆုံး
နှလုံးသားတွေရဲ့ လောင်မြိုက်မှုက
ယုံတမ်းပုံပြင်လိုလွင့်ပါးသွားရ

ဒီလိုပါပဲ....
အတိတ်မဲ့တဲ့ညတွေမှာ
အနာဂတ်တွေက
သက်ပြင်းငွေ့ငွေ့လေးပင့်သက်ချ

အဲဒီညမှာပဲ
အတိတ်..အနာဂတ်..ပစ္စုပ္ပန်က တသားတည်း
ဖမ်းဆုပ်မရတဲ့ အလွမ်းတွေက
တစစီခြွေချ

နှလုံးသားလှလှတွေ ကြွေလွင့်သွားချိန်
နေရာတွေ အသက်မဲ့သွားတယ်
အဲဒီညလေး တညမှာပါပဲ.....

ရင်ခုန်သံတွေထပ်တူကျ
အော်မြည်သံတွေတဝုန်းဝုန်းနဲ့
နှလုံးသားကမ်းတွေ
တအိအိနဲ့ပြိုဆင်းသွားတယ်....
ရွှေရောင်အငွေ့တွေလွင့်ပျံ
ရီဝေအတွေးတွေကြားမှာ
ကဗျာတပုဒ်အရည်ပျော်သွားတယ်

အဲဒီညလေးမှာပဲ
ခံစားချက်အတိတ်ကိုခဝါချ
ရှေ့ဆက်ရမယ့်အနာဂတ်
မနက်ဖြန်တွေမှာ
ရင်ခုန်သံ အသစ်..အသစ်တွေကိုရင်မှာပိုက်လို့

ရင်ခုန်သံ ထပ်တူကျတဲ့
ငါတို့အသဲကွဲသမားတွေရဲ့
ရင်ခုန်သံ အသစ်ညတွေအတွက်..

လွင့်ပါးသွားရတဲ့ဖြစ်စဉ်တွေ
သေခြာနေတဲ့မရေရာမှုတွေကြား
မှန်ပြောင်း(အဝေးကြည့်)တခုလို
အနီးလား...အဝေးလား
သေခြာတဲ့သရုပ်က
ငါ့အမြင်တွေဝေဝါးစေတယ်

အဲဒီသမိုင်းမှာပဲ
ငါဟာ....
ကောက်ကြောင်းဖြစ်ခဲ့ရ...

ဒီနေ့ဟာပြဿဒါး
သရုပ်ပြမှု အလွဲတွေထဲ
အသဲကွဲသူတွေကြောင့်
ဘေးလူတွေနှလုံးအိမ်မှာ
ဆွံ့အ အက်ကွဲသံတွေနဲ့
ဖြေသိမ့်စရာကဗျာဟာ
အဆုံးသတ်တွေမဲ့လို့ပေါ့....

အဆုံးသတ်တွေမလှတဲ့ည
တယောက်နှလုံးသား တယောက်နှစ်သိမ့်လို့
ရှောင်မရ တိမ်းမရနဲ့
ဒီညွှတ်ကွင်းထဲပြိုဆင်း
တဝဲလည်လည်နဲ့ပြန်ရောက်ခဲ့တယ်

အဲဒီရာစုလေးမှာပဲ
နှလုံးသားဗဟိုပြုတဲ့ညခင်းလေး
မောင်နှမတွေစုံကာစုတဲ့
ဟောသည်ည ရင်ခုန်သံ
သံစဉ်တွေက မတိမ်းမယိမ်း
သိုသိုသိပ်သိပ်ပါပဲ...

လွင့်ပါးခဲ့ရတဲ့ဖြစ်စဉ်တွေက
“အနှိုင်းမဲ့”....
ငါ....တခွက်သောက်ချလိုက်တယ်
ရီဝေယစ်မူးတဲ့ ယမကာအမူးမှာပဲ
တို့တတွေ...အားလုံးချစ်ကြတဲ့
အဲဒီ.....
၁၅.၀၆.၂၀၁၀...ည

အဖြူရောင်နတ်သမီးညလင်းအိမ်အရုပ်ကလေးမိုးငွေ့အနှိုင်းမဲ့


ကျွန်တော်တို့ ငါးယောက် တွေ့ဆုံဖြစ်တုန်းက အမှတ်တရ လက်တန်းချရေးဖြစ်ခဲ့တဲ့ ကဗျာလေးပါ။
မေတ္တာရပ်ခံချက်>>>ပို့စ်တင်ရန် အခက်အခဲဖြစ်နေပါသဖြင့် ကြိုတင်လိုက်ခြင်းပါ .. ပုံကိုလည်း တစ်ပုံရအောင် မနည်းတင်လိုက်ရတယ် .. connection ကောင်းတဲ့အခါ နောက်တစ်ပုံကျန်တာ ကြိုးစားပြီး တင်ပေးပါမည် ..

ဆုံတွေ့ခြင်းရဲ့ နေ့လေးတစ်နေ့

အခုတလော ငယ်သူငယ်ချင်းတွေနှင့် ဘလော့ခ်မောင်နှမတစ်ချို့ပါ ပြည်တွင်းကို အလည်အပတ်ရောက်နေတာကြောင့် လျှောက်လည်နေသည့်အတွက် ပို့စ်မတင်ဖြစ်သလို ဘလောခ့်အိမ်တွေကိုလည်း စာတွေ လိုက်မဖတ်ဖြစ်တာပါ..။

18.1.2009 (sunday) မှာ မက်မက် ရဲ့ ဆန္ဒအတိုင်း ဘလော့ခ်ဂါတွေနဲ့ ဆုံတွေဖို့ အစီအစဉ်လေး ဖြစ်မြောက်ခဲ့ပါတယ် ..။ အလုံမြို့နယ်ပိုင်းအတွင်းက ကော်ဖီဆိုင်လေး တစ်ဆိုင်မှာပါ..။ အဲဒီမှ ကန်တော်ကြီး (မျှော်စင်ကျွန်း) မှာ ဂိမ်းလေးတွေ ကို မောင်နှမတွေ ပျော်ပျော်ပါးပါး ကစားခဲ့ကြပါတယ်..။ ညပိုင်းမှာ အစား အသောက်တွေ စားသုံးရင်း မောင်နှမတွေ အားလုံး ပျော်ရွှင်ခဲ့ကြပါတယ်..။ အပြင်မှာ တွေ့ဆုံဖူးတဲ့ မောင်နှမတွေ ပါသလို အမြင်တွေ့ဖူးတဲ့ မောင်နှမတွေပါ ဆုံတွေ့ခွင့် ရတဲ့ပွဲလေးမို့ အားလုံးကိုယ်စီ ရင်ထဲအထိနဲ့ စိတ်အသိမှာ ကြည်နူးကြမှာ ဧကန်မုချပါ ..။ပွဲလေးကို ဖိတ်ထားပြီး အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်တဲ့ မောင်နှမတွေကိုလည်း နောက်တစ်ကြိမ်တွေ့ဆုံဖြစ်ခဲ့မယ်ဆိုရင်ပါဝင်နွှဲပျော်နိုင်ပါစေလို့ ဆုတောင်းရင်း ဒီပွဲလေး အထမြောက်အောင် ပါဝင်ဆင်နွှဲ ဆုံတွေ့ခဲ့ကြတဲ့ မောင်နှမတွေ အားလုံးကိုလည်းကျေးဇူးကမ္ဘာပါ ..။