ပင့်သက်ရှိုက်တဲ့ ဒီဆောင်း

လွန်ခဲ့တဲ့(၁၄)နှစ် ဒီဆောင်းမှာပဲ
ကျွန်တော့်နေ့တွေ ၀မ်းနည်းမှုများလာတယ် ...
အခုလို ရာသီဝန်းကျင်မျိုး
ကျွန်တော် အဖေ့ကိုတမ်းတမိတယ် ...

ကုန်လွန်ခဲ့ပြီလေ
လူသားတွေ သေသူသေ
ရှင်သူတွေထဲ ချမ်းသာသူ ချမ်းသာ
ဆင်းရဲသူတွေ ငတ်ပြတ်လို့ပြတ်
အတက်အဆင်း များပြားလှတဲ့ဘ၀တွေ
ပင့်သက်ရှိုက်သံတွေ စည်းချက်မကျတာ
ကျွန်တော်လည်း အပါအ၀င်ပေါ့ ..
ဒီကြားထဲ .......................
ကျွန်တော် အဖေ့ကိုတမ်းတမိတယ် ...

ဘ၀ကို ရုန်းကန်ရင်း အနေကြပ်လို့
သေရက်ကို စောင့်သူစောင့်
ဘ၀င်တစ်ချို့ကို လည်မှာဆွဲပြီး
မော်ကြွားသူ မော်ကြွား
အဲဒီအထဲ ....
သေရက်ကို ကျွန်တော် စောင့်နေတယ် အဖေ

အပြိုင်ပြေးဆွဲတဲ့ ဘတ်စ်ကားကြပ်ကြပ်ကိုတိုးစီးရင်း
စပယ်ယာ အငေါက်ကိုခံ
လှန်ချင်ပေမယ့် မလှန်ဝံ့တဲ့အဖြစ်
နားလည်မှုပေးခဲ့ရတဲ့
လူတစ်ယောက်စာ အခကြေးငွေအတွက်
ကျွန်တော် စာနာပေးတယ် အဖေ ..

အဖေပေးခဲ့တဲ့ ၅ကျပ်တန်တစ်ရွက်
ကျွန်တော့်အိတ်ကပ်ထဲ အမြဲဆောင်ဖြစ်ခဲ့ရင်း
စပယ်ယာလည်း ကျွန်တော့်လို
၅၀/၁၀၀ ရဖို့အတွက်
သူ့မှာလည်း ချွေးသန်တရဲရဲ
ကျွန်တော့်မှာလည်း ချွေးတစိုစိုနဲ့ပေါ့
ဒီကြားထဲ .............
ကျွန်တော် အဖေ့ကို တမ်းတမိတယ် ...

စစ်ပွဲတွေကြား
22MM ကျည်ဆန် ....
ကျဝံ့တဲ့ မညီညာလမ်းတွေအပေါ်
ကျွန်တော် နင်းလျှောက်ခဲ့တာလည်း အကြိမ်ကြိမ်

တောင်တန်းအလှနဲ့ ကော်ဖီပင်တွေကြား ........
အဆောက်အဦးတစ်ခုရယ် ...
သက်ရွက်ကြွေတွေနဲ့
အစုန်အဆန် ကူးခတ်နေတဲ့ ငါးကလေးတွေ
စီးမျောခွင့်ရတဲ့ စမ်းချောင်းငယ်ရယ် ...
အဲဒီနဘေးက ကျွန်တော်တို့ ခြံလေးကို
ဖြတ်သန်းလာတဲ့ လေပြည်ညှင်းဟာ
ကျွန်တော့်ရင်ထဲ ခံစားမှုတွေ
အပြိုပြိုအလဲလဲဖြစ်စေ
ဒါဟာ ..........
ကျွန်တော် အဖေ့ကို တမ်းတခြင်းတွေပေါ့

သူတစ်ကာ ထူးမဲ့ဒီဇင်ဘာ
သူတစ်ကာမြူးမဲ့ဒီဇင်ဘာ
နှစ်တစ်နှစ် အဆုံးသတ်ဒီဇင်ဘာ
ကျွန်တော့်အတွက်တော့
အခြေမကျ အနေလှ
အပီအပြင်ကြွေကျတဲ့ ဒီဇင်ဘာ .....
အဲဒီ အဆုံးသတ်ဒီဇင်ဘာမှာပဲ
ကျွန်တော် အဖေ့ကိုတမ်းတတယ်

ကျွန်တော် မြို့အနှံကို
ဆိုင်ကယ်တစ်စီးနဲ့ တေလေရိုက်ဖူးတဲ့လူငယ်
သတိရတယ်
တမ်းတတယ်
သို့ပေမယ့် ......
ရန်ပွဲတွေ ခ၀ါချ
ရိုးရိုးကုတ်ကုတ်ပဲ နေခဲ့တယ် အဖေ

ထိုထို ခံစားမှု အပိုင်အစအချို့ကြားမှပဲ
ကိုယ့်ဝမ်းစာအတွက်
မနက်ညတွေ စတေး ...
ထမင်းတစ်နပ်ကို ငုံ့ငုံ့စားနေတတ်ခဲ့ရင်း
အဖေပေးခဲ့ဖူးတဲ့ ၅ကျပ်တန်တစ်ရွက်
ကျွန်တော် ဆက်လက်သိမ်းထားတော့မယ် အဖေ ....။

(သူတကာတစ်ချို့ ရွှင်လန်းတဲ့ ဒီဇင်ဘာ .....
အဖေ့အတွက် လဆန်းပိုင်းမှာ မရေးဖြစ်ခဲ့တဲ့ကဗျာ
နှစ်တစ်နှစ်ရဲ့ အဆုံးသတ်နေ့မှာ ကျွန်တော် ကဗျာတစ်ပုဒ်နဲ့ ကန်တော့ပါရစေ .. အဖေ ....။)

“အခန်းနားဆုံး ကောလဟာလ”

ပင်လယ်တစ်စင်းလို
ခြစ်ခြစ်တောက်ပူနေတဲ့ နှလုံးသား
အနားသတ်တွေ တဝုန်းဝုန်းရိုက်ခတ်ဖို့
ကျောပြင်ကို အငွေ့ပျံခံပြီး
လရောင်ရဲ့ အပွေ့ဖက်ခံချင်တာ
မျှော်လင့်ခြင်းဆိုတဲ့ သီအိုရီဆန်ဆန်
ပေးဆပ်မှု…..

သစ်တစ်ပင်လို
ဆာလောင်မွတ်သိပ်နေတဲ့ အခက်အလက်တွေ
အလင်းရောင်ဘက်ကို အလုအယက်တက်ဖို့
အဆုတ်ထဲက အောက်စီဂျင်ထိုးပေးပြီး
နေမင်းရဲ့ နှုတ်ခမ်း ခပ်ဖွဖွနမ်းစေချင်တာ
တမ်းတခြင်းဆိုတဲ့ အိပ်မက်ဆန်ဆန်
သိမ်းပိုက်ခံရမှု….

ကန္တာရတစ်ခုလို
အထီးကျန်ဖြစ်နေတဲ့ မျက်နှာစာ
အလွမ်းပြေ အိုအေစစ်လေးအုတ်မြစ်ချဖို့
ရင်ဘတ်ကို တံလျှပ်အဖြစ်ပေးချေပြီး
ကောင်းကင်ရဲ့ မျက်ဝန်းတွေ ပြိုကျစေချင်တာ
ရယူလိုခြင်းဆိုတဲ့ မျက်လှည့်ဆန်ဆန်
နယ်ချဲ့ခံရမှု…..
……………………………..
………………………………
ညီမျှခြင်းတစ်ခုလို
လှိုင်းထနေတဲ့ အစွန်းထွက်တွေ
ယုံကြည်ချက်ကို ရေချိန်ညီစေဖို့
ကိန်းသေတွေနဲ့ အလေးခိုးပြီး
ရေခဲရိုက် အပြုံးအတုတွေချပြ
ရယူလိုခြင်းနဲ့ ပေးဆပ်ခြင်း
အမြတ်အစွန်းများတဲ့ဘက်မှာ ဖျာခင်းချင်ကြတာ
သဘာဝကို ဗီလိန်ဖြစ်စေတဲ့အတတ်…

အလွမ်းတွေနဲ့ပြည့်နေတဲ့ အထီးကျန်မှု့အတွက်
ဥက္ကာပျံတစ်စင်း
အရှိန်ပြင်းပြင်း ပစ်ဆောင့်ခံရတဲ့
မြေပြင်လို သွက်သွက်ခါလက်ခံရင်း
နာကျည်းခြင်း အပေါက်အပြဲဗရပွ…

အင်းလေ…
ရယူပိုင်ဆိုင်လိုခြင်း
ပေးဆပ်ကြေကွဲခြင်း
အရောင်အဆင်း အနံ့အရသာ
အဆင်းပုံဆောင်ခဲ
ဘယ်သူမှသဲသဲကွဲကွဲ မသတ်မှတ်နိုင်သေးတဲ့
အရာအားလုံးဖန်တီးနိုင်သော
ပါးစပ်ရာဇဝင်များစွာထဲက
…………
အချစ်ဆိုတာ
အခမ်းနားဆုံး ကောလဟာလ အဖြစ်…၊၊

“အစွန့်ပစ်ခံမြစ်”

မြတ်နိုးတတ်ခြင်းတွေ
အသက်ဝင်တဲ့နေ့ကစ...
အလွမ်းတွေ ရင်ဘတ်ထဲထည့်လို့
ငုံ့ငုံ့ကြည့်နေတတ်ခဲ့ရင်း
မင်းနဲ့တွေ့ရင်ပေးဖို့ အသဲနှလုံးကို
ဖွဖွလေးကိုင်ပြီး စောင့်နေခဲ့တာ....

ချစ်တတ်ခြင်းတွေ
ဖွားမြင်တဲ့နေ့ကစ...
တမ်းတမှု့တွေ ရင်ဘတ်ထဲထည့်လို့
ခဏခဏထုတ်ကြည့်နေတတ်ခဲ့ရင်း
မင်းနဲ့တွေ့ရင်ပေးဖို့ အသဲနှလုံးကို
ဖွဖွလေးကိုင်ပြီး စောင့်နေခဲ့တာ....

မျှော်လင့်တတ်ခြင်းတွေ
လူလားမြောက်တဲ့နေ့ကစ...
စိတ်ကူးတွေ ရင်ဘတ်ထဲထည့်လို့
လှမ်းလှမ်းကြည့်နေတတ်ခဲ့ရင်း
မင်းနဲ့တွေ့ရင်ပေးဖို့ အသဲနှလုံးကို
ဖွဖွလေးကိုင်ပြီး စောင့်နေခဲ့တာ....
...................

မနက်ဖန်ဆိုတာတွေ ခေါက်ကနဲခွေကျသွားတဲ့နောက်
အတူတူစီးဆင်းခဲ့တဲ့ အိပ်မက်ဈာပနမှာ
လရောင်ဟာအဖိတ်ဖိတ်အစင်စင် ကျကွဲနေရင်း
တစ်ခြမ်းရိုက်ထားတဲ့ဖိတ်စာရဲ့ တစ်ခြားဖက်မှာ
ကံစမ်းမဲတစ်ရွက်လို အဖြူရောင်သက်သက်
စီရင်ချက်ချခံလိုက်ရတဲ့ အမြတ်နိုးဆုံးဝဋ်ကြွေးတစ်ခုဟာ
လက်ထိုးအန်လို့မရလောက်အောင်
ချောင်ပိတ်ရိုက်ခံနေရဲ့
အချဉ်ပေါက်နေတဲ့အရုဏ်တွေမှာ
နေ့ဆက်ဖျားနာနေတဲ့ဘဝ
ဆန်တက်မလာတော့တဲ့ ကံတရားကို
ရေဆာသလို တမ်းတရင်း
ဂစ်တာဟာ သူ့အသံသူမျိုချနေရတယ်။
အနာဂတ်ကို ခြေဆုံးခေါင်းဆုံးကြည့်ခွင့်မရတဲ့
အစွန့်ပစ်ခံအစိတ်အပိုင်းကို ကြက်ခြေခတ်ပြီး
ပင်လယ်ဆီအငမ်းမရ အခစားဝင်ချင်နေမှတော့
ရိုးသားစွာစီးဆင်းခွင့်ပျောက်ဆုံး
နောက်ဆုံး
မြစ်ကျိုးအင်းအဖြစ်
ငါလေ....
ပုံ့ပုံ့လေးလဲကျကျန်ရစ်ခဲ့တယ်....။ ။

“မိုးစက်လေးရဲ့ ဒိုင်ယာရီ”


အိမ်မက်အသေတွေကို
သက်တမ်းတိုးဖို့ ကိုယ်တိုင်အငွေ့ပျံပြီး
ကမ္ဘာမြေက လွင့်ဆန်လာခဲ့တာ
ရှေ့ကတက်နှင့်တဲ့ တိမ်တွေလဲ
လမ်းခုလပ်မှာ ကိုယ့်ချွေးနဲ့ကိုယ် အအေးပတ်နေလေရဲ့….

အပြိုပြိုအလဲလဲ မနက်ဖန်တွေမိုးထားတဲ့
အိမ်ရာမဲ့အနာဂတ်တွေအတွက်လား
လိုက်လေဝေးလေ လမ်းစ ရေးရေးလေးမှမရှိတဲ့
အာမခံမဲ့ အစာအိမ်တွေအတွက်လား
မျက်နှာမူပြီး နောက်ပြန်လျှောက်နေတဲ့
ကျည်ရာပရပွနဲ့ မြို့ပြတွေ အတွက်လား
ခွာရာအထပ်ထပ် မြေဆီငတ်နေတဲ့
မျိုးပြတ် စိုက်ခင်းတွေအတွက်လား
?..?..?…………..?

ဒဏ်ရာရ ရင်တောင် ချုပ်ဖို့ အပ်တစ်စင်းမှမပါတဲ့
ရင်ဘတ်ဟင်းလင်းနဲ့ ငါ
မျှော်လင့်ခြင်း မိုးတိမ်တွေဆီ အရောက်
ကောင်းကင်လက်ဝါးအောက်က
အခြေခံ ဖျောက်မှုနဲ့
ကိုယ့်အမျိုးကိုယ်ခုတ်မဲ့ အရိုးအဖြစ်
စင်္ကြာဝဠာတံခါးဝမှာ
ဗီဇာမရတဲ့ ဒုက္ခသည်တစ်ယောက်
နောက်ဆုံးနံပတ်အဖြစ်နဲ့ “တောက်” ခေါက်ဖြစ်ခဲ့တယ်..

ဒီလိုနဲ့ ဖွဲ့တည်ခဲ့တဲ့တိမ်စတွေ
ကောင်းကင်ရဲ့ မုသာဝါဒအလှုပ်မှာ
ဖြုတ်ကနဲကြွေလိုကြွေ…
ဓါတ်ပြားဟောင်း အပ်ရာထဲမှာ
ငုတ်တုတ်သေလိုသေ
ကောင်းကင်ရဲ့ပြောင်းဝရှေ့မှာ
အစိမ်းရောင်တွေ ပေလိုပေနဲ့
အလေအလွင့်တွေ များလိုက်တာ..

ကျန်နေခဲ့သမျှ တိမ်စတွေလဲ
ကမ္ဘာမြေကိုထီးမိုးပေးခြင်းက
ဒုက္ခတွေမြိန်ရေယှက်ရေမြိုချတတ်တဲ့
ကောင်းကင်အတွက်တော့ စူးနေတဲ့မျက်မွှေးတစ်ပင်လို
မုန်တိုင်းအဖြစ် အကွက်ကျကျဆင်ခဲ့တယ်

မိုးစက်တွေအဖြစ် ဘဝပြောင်းသွားတဲ့တိမ်ဆိုင်တွေ
တစ်ချို့က တောင်တန်းတွေပေါ် တလိမ့်ကောက်ကွေး
တစ်ချို့က ပင်လယ်ထဲ ယက်ကန်ယက်ကန်
သစ်ရွက်ဖျားမှတင်ကျန်တဲ့ မိုးစက်လေးတောင်
အငုတ်မချန်တဲ့ ပလ္လင်ဥပဒေသမှာ
လေက မျက်နှာလုပ်ခြွေချတော့
ကဲ ဘယ်လို နေရမှာလဲ…

မြေပြင်ကို အရှိန်ပြင်းပြင်းနဲ့ ကြွေဆင်းသွားတဲ့
သစ်ရွက်ဖျားက မိုးစက်လေးရဲ့ကိုယ်မှာ
တတ်နိုင်သမျှနာကျည်းစိတ်နဲ့
ကောင်းကင်ရဲ့အရိပ်ကို အဆပေါင်းများစွာသေးပြီး
အကြွေးဆပ်ဖို့ တေးမှတ်သွားခဲ့တယ်….။

“လောင်းရိပ်”

နေရောင်ဟာ တိုက်နံရံနဲ့တိုက်မိပြီး
ပြူတင်းပေါက်ရှေ့ အဖိတ်ဖိတ်အစင်စင်ကျကွဲတာနဲ့
လူရာမဝင်တော့တဲ့ ရိုးသားမှုတွေ ချွတ်ချပြီး
ပေါ့ပေါ့ပါးပါး လိမ်ဆင်တစ်စုံကောက်စွပ်
မြင့်မြင့်ကြံချင်တဲ့သား ဘယ်လိုမှ ရိုးသားလို့မရဘူး အမေ…

လူတွေက မနက်စာကို ပေါရိသာဒလို မက်မောနေမှ
ခပ်နုံနုံအမေ့သား ရသက ဖြစ်ခဲ့ရတယ်
မုဆိုးနားနီးနေပေမယ့် လေးနဲ့မြား မကျွမ်းတော့
ကိုယ်ပစ်တဲ့မြား ကမ္ဘာ့ဆွဲအားထည့်မတွက်ခဲ့
အသက်ရှူလိုက်တိုင်း ရင်ဘတ်ကချုပ်ရိုး ပြုတ်ပြုတ်ထွက်နေတယ် အမေ…

အမေ ဘွန်ဇိုင်းလုပ်ပေးလိုက်တဲ့ လောကဓံက
ရေခံမြေခံမကောင်းတဲ့ ဒီဒေသမှာ
မျိုးမှန်ပေမဲ့ ဘယ်လိုမှအပင်မသန်ခဲ့ဘူး
အလုပ်ဆိုတာကလဲ ရောမခေတ်သတ်ကွင်းလိုပဲ
ခုခံကာကွယ်ရုံသက်သက်နဲ့ ဘယ်ဆက်ရှင်သန်နိုင်မှာလဲ
တစ်ယောက်ကျဆုံးမှု တစ်ယောက်ကဖဲ့စားရင်း
သူလိုကိုယ်လို နောက်ကျောက ဓါးဒဏ်ရာတွေနဲ့
ခြေလှမ်းတိုင်းမှာ ကိုယ့်ခေါင်းကိုယ်ပြန်နင်းနေရတယ် အမေ…

မာယာတွေသာ အတုံးလိုက်အတစ်လိုက်
လေလံအပြိုင်ဆွဲနေတဲ့ခေတ်မှာ
ဖြူစင်မှုဆိုတာ ခေါင်းရွက်ဗျပ်ထိုးသာသာ
ပီယဝါစာဆိုတာလဲ ဧည့်ကြိုကောင်တာလောက်သာအသုံးဝင်တဲ့
ဘာသာဗေဒသက်သက်
ဒီမှာ..
လူ ကို လူနဲ့မျှား လူးသားစားတယ် အမေ
အထက်ကိုပင့် အောက်ကိုဖိမှ ကိုယ့်နေရာလေး ချောင်မှာမို့
လက်ထိုးလှော်ခဲ့တဲ့သား လေတိုက်နှုန်းဖီလာနေတဲ့အလံ
လှေခွက်ကြီးမကျန်ခင်ကတည်းက လှဲခဲ့တယ်အမေ…

အလိုက်အထိုက်ဆိုတဲ့ နေထိုင်မှုတစ်ခုအတွက်
ကော်ဖီကို မျက်ရည်စပ်ပြီးသောက်လိုသောက်
ထမင်းကို သောကနဲ့ နယ်ဖတ်စားလိုစား
အမေ့သား ကုတ်သွေးတွေလဲ သူတို့လက်ဆေးခွက်ထဲမှာ
စာချုပ်လက်မှတ်တွေ အတိုင်းသားနဲ့
အသံတွေကို မြင်အောင်ကြည့်နေတယ် အမေ…

ညနေဆို “confessional”မှာ လူအပြည့်
ဖြည့်ခဲ့သမျှ အန်ထုတ်ကျတာလေ
ရာဘာစေးခြစ်သလို ချွေးစက်တွေခြစ်ခဲ့သမျှ
မျက်ရည်ခံထိုး ကျွန်တော်မျိုးမှားပါတယ်လုပ်ပြီး
လူမရဲ့ လင်းပိုင်တစ်ကောင်လို အကကိုကြည့်
အရိုးသက်သက်အမေ့သား အဲဒီဟင်းအိုးတွေ ဘယ်လိုအားနာရမလဲ အမေ…

မေးပါများရင် ပြန်ပို့ခံရမယ် အမေ
သွားပါများရင် ရဲအဖမ်းခံရမယ် အမေ
မအိပ်မနေရင် စက်ထဲလက်ပါသွားမယ် အမေ
သားလေ…
သမုဒ္ဒရာခြားနေတဲ့ လမင်းကြီးပန်ထားတဲ့ဆံနွယ်စအောက်က
အမေ့မျက်နှာမော့ကြည့်ရင်း
ငယ်ငယ်တုန်းကလို
ထမင်းဆီဆမ်းသီချင်းကို လွမ်းတယ်အမေ…

ဒီလိုနဲ့….
ဘယ်တုန်းကမှ မလျှော်ဖြစ်တဲ့ အဟောင်းထည်ကို
မိတ်ကပ်ထူထူဖို့ပြီး အဲဒီတိုက်မြင့်မြင့်လမ်းကြားတွေကပဲ
ည ဟာ မနေ့ကလို ကပိုကရိုဝင်လာနေရဲ့…အမေ…။ ။

စိမ်းရောင်သန်းတဲ့ လွင်ပြင်ကျယ်နောက်

အစိမ်းရောင်တွေ သန်းနေတဲ့
ဟော .. ဟိုက လွင်ပြင်ကျယ်မှာ
မင်းရင်ခွင်တစ်စုံလုံးကို ပစ်သွင်းကြည့်လိုက်ပါ ...
လွင်ပြင်ကျယ်အစိမ်းက
မင်းခန္ဓာမှာ လာထင်ဟပ်မယ်ဆို
အဲဒီလို ရောယှက်နေတဲ့
ခပ်စိမ်းစိမ်း မျက်ဝန်းအစုံများစွာကြားမှာပဲ
မင်းဟာ ခပ်စိမ်းစိမ်း အကြည့်တွေနဲ့ပဲ ဖလှယ်တော့မှာလား ..
လောကကြီးအတွင်းမှာ ပျက်ရယ်ပြုနေကြတယ်
မင်းရော သူတို့လို ခပ်စိမ်းစိမ်းစကားတွေနဲ့ လှောင်ပြောင်မှုကို
ပြုနေဦးမှာလား ...
ဆေးသားလွင်နေတဲ့ အစိမ်းရောင်ပန်းချီကားတစ်ချပ်
မျက်ဝန်းအစုံကို အေးစေတယ်ဆို ..
ထိုအေးမြမှုတွေ နောက်
အစိမ်းဆိုတဲ့ သဏ္ဍာန်သရုပ်
မင်းစိတ်မှာ စွဲထင်နေမှဖြင့်
မြင်မြင်သမျှ အေးမြချင်တဲ့ မင်းစိတ်
အစိမ်းရောင်တွေကြားမှာပဲ ဖြစ်တည်နေတော့မယ်
ဘ၀ကိုစိမ်းရောင်သန်းနေမှာလား ..
ထွေပြားစေတာလား ..
ထိုထိုအတွေးကြားမှာပဲ
အစိမ်းရောင်ဆိုတာ ????
...........
........................
သက်ရွက်ကြွေတွေ လွင့်ဝဲနေတဲ့နောက်
မင်းစိတ်အနောက်တွေ လိုက်နေမယ်ဆို
စိမ်းရောင်သန်းတဲ့ လွင်ပြင်ကို ပမာပြု
ထင်ဟပ်နေတဲ့ စိမ်းရောင်ဟာ
အပေါ်ယံမှာပဲ ဖြစ်တည်နေတာမို့
ထိုအပေါ်ယံကို ခ၀ါချ
စိတ်အအိုက်ပြေပျောက်မဲ့ ရောင်နီအလင်းစက်အောက်
ပြေးထွက်ကြပါစို့ ..။


သူငယ်ချင်း ပြည့်စုံ ရေးတဲ့ စိမ်းသက်ခြင်း ကဗျာလေးကို ဖတ်ပြီး ရေးခဲ့မိတဲ့ ကဗျာတစ်ပုဒ်ပါ ..။

“ကိုယ်စားဒဏ်ရာ”

မွေးညှင်းစိမ်းတွေ အရိတ်ခံရလို့
ကန္တာရ သမင်ဖြူကွက်တွေနဲ့
အရေပြားကင်ဆာဖြစ်ပြီး
ကမ္ဘာကြီး ပူနွေးလာတာလား….

သွေးကြောတွေ အဖေါက်ခံရလို့
ချဉ်ဆီခမ်း အနာရွတ်တွေနဲ့
ခုခံအားကျဆင်းပြီး
ကမ္ဘာကြီး ပူနွေးလာတာလား….

မဟုတ်ဘူး…
ငါတို့
သက်ပျင်းငွေ့ငွေ့လေး ချလိုက်တာနဲ့
ကမ္ဘာကြီး တစ်ရက်ထက်တစ်ရက်ပူနွေးလာတာ…။

အဖြူရောင်ကိုယ်ကျပ် အလုခံလိုက်ရလို့
ရေခဲတောင်တွေ ရှက်ရှက်နဲ့
မြစ်တွေထဲ ဆင်းပုန်းပြီး
သမုဒ္ဒရာတွေ မြင့်တက်လာတာလား….

ညစ်ပေနေတဲ့ လေတွေရှုရှိုက်နေရလို့
ကောင်းကင်က အဆုတ်ရောဂါနဲ့
ချွဲကပ် မုန်တိုင်းဆင်ပြီး
သမုဒ္ဒရာတွေ မြင့်တက်လာတာလား….

မဟုတ်ဘူး…
ငါတို့
မျက်ရည်သေးသေးလေး ပဲ့ကျသွားတာနဲ့
သမုဒ္ဒရာတွေ တစ်ဆထက်တစ်ဆမြင့်တက်လာတာ…။

မြိုပြရဲ့ ဖနောင့်ပေါက်ခံရလို့
ဆက်ထားတဲ့နံရိုးနှစ်ချောင်းကျိုးတာနဲ့
အကြောတွေဆတ်ကနဲ ရုန်းပြီး
ငလျင်တွေ လိမ့်လာတာလား….

ကုတ်ခြစ်ပြီး ဆွဲလှန်ခံထားရလို့
ချွေးပေါက်တွေပိတ်နေတာနဲ့
ပြည်တည်နေတဲ့အနာဖုနေရာက ချော်ရည်ပူတွေထွက်ပြီး
ငလျင်တွေ လိမ့်လာတာလား….

မဟုတ်ဘူး…
ငါတို့
နှစ်လုံးခုန်သံနှေးနှေးလေး ဆောင့်ရုန်းလိုက်တာနဲ့
ငလျင်တွေ တစ်ခါထက်တစ်ခါ လိမ့်လာတာ….။

အခုလေ
ကမ္ဘာကြီးက……
ကိုယ့်မျက်နှာကိုယ်ပြန်မကြည့်ရဲပဲ အရှက်သည်းနေချိန်မှာ
ငါတို့က…
ကိုယ့်မနက်စာ ကိုယ်လှန်မကြည့်ရဲပဲ ကျပ်တည်းနေလိုက်တာ….။

အထီးကျန်ခြင်း

ကိုယ့်ကျင့်တရားမှာ ချွေးတစိုစို
ငါ့ကိုယ်ငါ အရမ်းစိတ်ပူတယ်
အစွန်းရောက်အာရုံကို အဖုံးဖုံး
ငါဟာ သူတော်စင်လို
မျက်လုံးအောက်စိုက် လမ်းလျှောက်လို့
တစ်ကယ်တော့ စိတ်များလွန်တဲ့ ပုရွက်ဆိတ်တစ်ကောင်
ခေါင်းကို ဆတ်ခနဲ ဆတ်ခနဲ လွှဲရ
ကိုယ့်ကိုယ်ကို အမြဲအာပတ်ဖြေနေရတဲ့လူပါ
ငါ .. ၀တ်လက်စ ဂျင်းဘောင်းဘီ
ဒီရာသီအကုန် ...
တန်းပေါ် ပစ်တင်ထားလိုက်တော့မယ်ဆိုလည်း
ရန်ပွဲတွေ့ရင် သွေးက .. ၀င်ရိုက်ခဲ့ချင်တုန်းပဲ
ဝရန်တာပန်းအိုးထဲက မြေလို
လူငယ်စိတ်လို့ အော်ပြောနေတဲ့
အရုပ်တွေကြည့်ရင်း ..
ဆံပင်အရှည် ပြန်ထားချင်တယ်
ဆောင့်ဆွဲနေရတဲ့ အရာတွေများလွန်းလို့
လက်ထဲက ခွက်မှာ သံချေးတက်တက်လာ
လက်ဆစ်တဖျောက်ဖျောက်ချိုးရင်း
အပိုးမကျိုး ဘာမှမကျိုး
တောက်ထုတ်ပစ်ပြီးသား အဲသည်ဘ၀မျိုး သတိရတယ်
ငါဘယ်လို အယောင်ဆောင်ဆောင်
ငန်ကျိကျိလမ်းမပေါ်
အင်္ကျှီကော်လံ ထောင်ထားချင်တုန်းပဲ ...။ ။

ဆရာ ခိုင်မြဲကျော်စွာ ရေးတဲ့ ကဗျာလေးပါ ...။
ကျွန်တော့် အဖြစ်တွေနှင့် ထပ်တူတမျှ တိုက်ဆိုင်နေတာကြောင့် အခုကဗျာလေး တင်လိုက်ခြင်းပါ ..။

တစ်ယောက်သော .. သူ

ဟိုးဝေးဝေးမှာ မြင်ကြည့်လိုက်ချစ်သူ
အရောင်တွေများစွာကြား နစ်မြောနေမယ်ဆို
မင်း စုတ်ချက်က ... ဆေးသားလွင့်နေမလားပဲ ...

တစ်ခါတစ်ရံ ရောင်နီအလင်းစက်အောက်
ခပ်နောက်နောက် အတွေးတွေကိုပယ်ဖျက်
ချစ်သူ့အတွက် အလွမ်းစက်လက်နဲ့
ရှင်သန်ခဲ့တဲ့နေ့ ..
မင်းအတွက်ခါးသီးမှုဆို
ငါဟာ .. ပြယ်လွင့်မှု တိမ်တိုက်ပေါ့ ...

ဒဏ်ရာ ရထားဖူးတယ် ချစ်သူ .....
မင်းအတွက် စတေးခြင်း ယစ်မူးမှုက
မင်းဘ၀အတွက် သာမာန်သရုပ်ဆိုရင်တောင်
င့ါအတွက် တစ်ခါပြန်လွမ်းနေရမဲ့
တမ်းချင်း ကဗျာတစ်ပုဒ်ပါ ....

အလွမ်းချင်ဘူး .. မဆွေးချင်ဘူး
မင်းအလိုကျ အယူခံအတိုင်းဖြစ်တည်နေမဲ့
ဝတ်ရုံလွှာလေးတစ်ခုဆိုတာ
ယုံထားချစ်သူ ..

အဝေးမှာ ခေါ်သံကြားလား
အနီးမှာလား ...
အဲဒီခေါ်သံနှစ်ခု ရပ်တန့်မသွားဘူးဆို
မင်းနဲ့ငါ့ရဲ့ ကမ္ဘာငယ်တစ်ခုပေါ့ ...
သို့တည်း ...
ပိုင်ဆိုင်မှုပေါ့ .. ချစ်သူ...

ကာရံတွေ မသိမ်းချင်ဘူး ..
အလွမ်းတွေ မမျိုသိပ်ချင်ဘူး ..
တွေ့ခွင့်ရမယ်ဆို မင်းနှုတ်ခမ်းတစ်စုံက
င့ါအတွက် ဆေးရေးပန်းချီလို
ကြာလာလို့ အရောင်ပြယ်လွင့်မယ်ဆိုရင်တောင်
တခမ်းတနားပေါ့ ...

လွမ်းနေဆဲ..
သတိရဆဲပါ .. ချစ်သူ
မင်းအတွက် စတေးခဲ့ရတဲ့ဖြစ်ရပ်တွေ
မျိုသိပ်မှုတွေ များခဲ့မယ်ဆို
င့ါအတွက် ခပ်လှပ်လှပ်မို့
မင်းကို ပမာပြု
သစ္စာတစ်ခုတိုင်တည်ပြုတယ်..
မင်းဟာ င့ါရဲ့ တစ်ယောက်သောသူ .....။



ကောင်းကင်ရှိုက်သံ

ငါ့ကို ချစ်ခဲ့သော..ငါ့ကိုပစ်ခဲ့သော...
ငါ့ကိုအပြုံးချွေခဲ့သော..ငါ့ကိုအမုန်းဝေခဲ့သော...
ငါ့ကိုအကြင်နာပေးဝေခဲ့သော..ငါ့ကိုနာကျင်ဆွေးစေခဲ့သော...
ငါ့ကိုအပျောက်မခံခဲ့သော..ငါ့ကိုကြောက်ကန်ခဲ့သော...
ငါ့ကိုတမ်းတခဲ့သော..ငါ့ကိုနန်းချခဲ့သော...
ငါ့ကိုဖန်ဆင်းခဲ့သော..ငါ့ကိုခံပြင်းခဲ့သော...
ငါ့ကိုငဲ့ကွက်ခဲ့သော..ငါ့ကိုကဲ့ရဲ့ခဲ့သော...
ငါ့ကိုမြတ်နိုးခဲ့သော..ငါ့ကိုအထပ်ထပ်ဆိုးခဲ့သော...
ရင်ဘတ်ထဲက အနာရွတ်လေးရေ...
ငါပေးခဲ့တဲ့"ကြင်နာမှု" တွေအတွက် နင်ပြန်ပေးခဲ့တဲ့..
"နာကျင်မှု" တွေက ...ရက်စက်လွန်းပါတယ်...
ငါဒီလိုကြေကွဲနေတာ ..နင်သိခဲ့ရင်..
...................
ပြည့်ဝချင်တဲ့ နင့် ရဲ့ညတွေအတွက်
ငါ့သောကမိုးတိမ်တွေ ဖြိုချခဲ့တယ်....
ရွှေရံများစွာနဲ့ ကခုန်ချင်တဲ့ နင့်ရဲ့တေးသွားတွေအတွက်
ငါ့မျက်ရည်တွေ ကြယ်တွေအဖြစ်ရံပေးခဲ့တယ်..
ကြဲဖြန့် ချင်တဲ့ နင့် ပန်းကုံးတွေအတွက်
ငါ့သက်ပြင်းတွေ နဂါးငွေ့ တန်းအဖြစ်ဖန်ဆင်းခဲ့တယ်..
အနှောက်ယှက်ကင်းကင်း နင်အလှစီးချင်းထိုးဖို့ 
ငါ့ကတ္တီပါညနေခင်းတွေ ရုပ်သိမ်းခဲ့တယ်..
ပူပန်တတ်တဲ့ နင့်အတ္တတွေအတွက်
ငါ့မာနမိုးကြိုးတွေ အနင်ခံပြီးမျိုချခဲ့တယ်..
အပျင်းပြေသက်သက် နင့်အပြုံးလေးတခုအတွက်
ငါ့ရင်ဘတ်ကိုခွဲပြီး ဥက္ကာပျံတွေကျဲခဲ့တယ်..
လူတွေအားလုံး နင့်ကိုတောင့်တနေဖို့ 
ငါ့ကိုငါ အမှောင်တွေ ချချနေခဲ့ရတယ်..
နင်ဖြိုဖျက်သမျှ ပြိုပျက်ခဲ့ရတဲ့ဘဝ..
နင်ဖျက်ဆီးသမျှ ပျက်ဆီးရတဲ့ဘဝ..
နင်ဖျောက်ဖျက်သမျှ ပျောက်ပျက်ခဲ့ရတဲ့ဘဝ..
နင်ရက်စက်ခဲ့သမျှ အရာရာ လက်မဲ့ ခဲ့ရတဲ့ဘဝ...
အဲဒီညညတွေမှာ......
နင့် ရဲ့အနာဂတ်တွေ ကမ်းကပ်နိုင်ဖို့ 
ငါ့ရဲ့ ပစ္စုပ္ပန်တွေ ဆုတ်ဖြဲပြီး တောင်ပံတွေတပ်ပေးခဲ့တာ
ငါ့ရဲ့ ပျံသန်းမူ့ လွဲချော်ခဲ့တာလား..
နင့်ကမ်းပါးတွေပြိုမကျအောင် ငါ့စွမ်အားတွေမြိုချလိုချ
နင့်လမ်းတွေဖြောင့်စင်းဖို့ ငါ့အလွမ်းတွေဆောင့်နင်းခံလိုခံ
နင်ကလေ....
ငါ့ကောင်းကင် အိုဇုန်းလွှာအထက်က
တရွဲရွဲ တစက်စက်လင်းနေတဲ့ လမင်းပါ..
နင် တဝင်းဝင်းလင်းလက်နေသမျှ....
ငါ..လေ...တစ်စ..တစ်စ...မှောင် ..ကျ...နေ..ရ..တယ်...။

စပ်ကြား

အာရုံအတွေး မှော်ဝင်ဆွေးဆို
င့ါတစ်ကိုယ်လုံး ဇောချွေးတွေပြန်
တစ်လှည့်တစ်ခါနဲ့ ကကွက်သွယ်ကြား
မင်း .. သင်ပြခဲ့တဲ့
ကရေး ကဟန် အချိုးလေးက
ဇာတ်ထုပ်အတွက် အနာတရဆို
ငါဟာ .. ပွဲလန့်သူလား ...

တမ်းတတစ်ဖြစ် လှိုက်ဖိုတိုးလို့
ဒီရင်ခုန်သံ စည်းချက်တွေမှာ
နွေနေမင်းက ရှင်ရော်တမ်းစေအောင်
ပူနွမ်းလျတဲ့ သူ့စခန်းပြမှာ
ထွန်းတောက်နေတော့
ဥသြငှက်ငယ် သံသာကျူးမလို
အမှန်သာထူးဆိုတဲ့ ..
လွမ်းစရာ့နွေမှာ ထွေပြားစေတယ် ...

တစ်ဆစ်ချိုးရဲ့ လောကဓံကွေ့
ကြုံသမျှကို ဘုံဘ၀ကနေ
ကြိတ်မှိတ်မျိုသိပ် အံတွေခဲလည်း
မှုန်ပြပြသာ ထိုတစ်ဆစ်ချိုး
အသစ်တစ်မျိုး တွေ့မလားရယ်လို့
ဆက်လျှောက်နေဆဲ ...

လအရောင်က င့ါအမှောင်ဆို
ကွယ်ရာနေမင်းရဲ့ ..
ဆွယ်ရာမြေကို ရောက်နေသူမို့
ရောင်စဉ်ကြားက အမှောင်ရဲ့တစ်ဖက်
ထိုထိုအနက် ပမာပြုလို့
အလင်းတစ်စက် အလျှင်းဖက်ရအောင်
တောင်းဆုပြု၏ ...

ဘူတာအိုလေး တည်မြဲမှုအောက်
နားခိုနေကျ ခရီးသွားတွေ
အချိန်နှင့်တစ်ပြေး သွားလျှင်ခရီးတွက်
ရထားအလာ စောင့်မျှော်ရင်းကြား
ကလေးငယ်ရဲ့ မျှော်လင့်မှုတွေ
ရထားတစ်စင်းနှင့် ..
ကပ်ပါလာမဲ့ သူ့အတွက်အလင်းတန်း
မျှော်လင့်တမ်းရင်း ..
ဘူတာအို သံလမ်းနှစ်ဖက်
အစရှာရမလို ဖြစ်နေတဲ့သူ့ဘဝ
အဆုံးမဲ့တာ ကြာခဲ့သလို
င့ါအတွက် ဥသြသံတစ်ချက်
နားစီနှစ်ဖက်မှာ စွင့်ထားဆဲပါ ...

အတိတ်ကိုပြန်တွေး
ဆွေးမနေနဲ့ ငေးမနေနဲ့
သေချာခြင်းမှာ အတိတ်ကိုရေးခြစ်
အမှတ်ရတာ ပစ္စုပ္ပန်လား ...

မူးမိုက်နေဆဲ အဖြစ်တွေမို့
ရှူရှိုက်ဆဲ လေထုမှာ
စို့နင့်အတွေးက မိုးထက်ကလမင်းကို
တမ်းတသလိုနဲ့ နွမ်းလျကာနေတာ
ငါ့စိတ်ရဲ့ ရှေးဘ၀က
ဖြစ်ခွင့်ရမှု ထင်ပါရဲ့ ...

သောကတွေဖယ်ထုတ် ..
ဖြစ်စဉ်တွေ ရုပ်ချည်းပြောင်းလဲ
မင်းကြောင့်လို မဆိုသာရင်တောင်
မင်းကိုချစ်တဲ့စိတ် ဒီစိတ်မှာထင်ဟပ်
မရေရာ င့ါဘ၀ကြား
သေချာနေလေရဲ့ ...

စိတ်အမျိုးမျိုးမှာ တိတ်တခိုးလေး
မချစ်ဝံ့ပါဘူး ..
ပွင့်လင်းတဲ့စိတ်ကို အခြေပြု
ရိုးရှင်းတဲ့နှလုံးသားမှာ ကြိတ်မှိတ်မနေလို့
လှစ်ဟ ပြောရင်ဖြင့် ..
ဗလာဖြစ်နေတဲ့ ဒီရင်ဘတ်မှာ
အကြိမ်ကြိမ်ခါ တက်မက်ဖူးတာ
မင်းတစ်ယောက်ဆို
ယုံမိတဲ့ မင်းစိတ်
တထိတ်ထိတ်တော့ ဖြစ်နေမလားပဲ ...

ဘ၀ဒဏ်တွေ .. ရ , ထားတာလား
အချစ်ဒဏ်တွေ .. ရ , ထားတာလား
သေချာမှုကတော့
ဘ၀ဒဏ်တွေကြားမှာပဲ
အချစ်ဒဏ်တွေ သင့်ခဲ့ဖူးပါတယ် ...

နှလုံးသားတစ်စုံမှာ
ကပ်ပါငြိနေတဲ့ နှိုးစက်လေး
သူနမ်းခဲ့တဲ့ အနမ်းတစ်ချက်
ငါ့နှလုံးသားမှာ ကန့်သတ်ချက်မဲ့နေတယ် ...

သဏ္ဍာန်သရုပ်နဲ့ အမှန်လုပ်ယူနေရတဲ့ခေတ်
အသစ်စက်စက်က ဟောင်းမယ်ဆို
ဘ၀ကိုကြိုးကုတ် စိတ်အထုပ်ကို
ပစ်လွှတ်ခြင်းအတွက် မောင်းတင်
ဟိုးခပ်စောင်းစောင့်က ပစ်မှတ်
င့ါအတွက် တည့်မယ်ဆို
ဖြစ်တည်တဲ့ လူ့ဘ၀မှာ
ငါ .. ခပ်ဟဟလေးတော့
နေ .. နေမယ် ..

နှလုံးသားရဲ့ အံဝှက်တွေမှာ
ခံတပ်တွေနဲ့ င့ါစိတ်
တရိပ်ရိပ်နဲ့ ဖြတ်ကျော်ခဲ့တဲ့
ဘ၀အမောတွေကြား ..
အချစ်က လမ်းပြကြယ်ဆို
နှလုံးသားရဲ့ နယ်ပယ်အတွင်း
သူကြားနိုင်ယုံသာ
ခပ်ဖွဖွလေးတော့ ပြောချင်မိပါတယ် ...

စိတ်နောက်ကိုလိုက် တေးချော့ကိုကြိုက်
ဒီအတွေး ဒီမှာတင်ရပ်
တစ်ခန်းဆက်ရမဲ့ ငါ့စိတ်အဝေး ...

ပို့စ်ကောင်းလေးတွေ ဖတ်ခွင့်ရရင်း ကျွန်တော် ကွန်းမန့်ပေးခဲ့ဖူးတဲ့ စာသားများကို ကဗျာအဖြစ် ပြန်ရေးခြင်းပါ ..။

"ပစ္စက္ခ" ..... “ဒီနေ့ထက်ထိ”

"ပစ္စက္ခ"

ကောင်းကင်ကို ပစ်တင်လိုက်တဲ့မြားးဦးမှာ
ရင်ဘတ်တန်းလန်းနဲ့
ပက်ပက်စက်စက် ခြောက်သွေ့နေပုံက....
..........
ငါ့ကိုယ်ငါ မေ့နေလောက်အောင်
ပြိုကျခဲ့တဲ့ တိမ်တွေ လိုက်ကောက်နေခဲ့
လေညှင်းရယ် အပြစ်အခတ် ရပ်စဲပေးပါ...

တစ်ချိန်က မင်းနဲ့အတူဖြိုချခဲ့တဲ့ ကမ်းပါးတွေ
မင်းနဲ့ငါ့ကို တစ်စစဝေးကွာစေရင်း
မြစ်ကျိုးအင်းအဖြစ်နဲ့
ပုံ့ပုံ့လေးလဲကျကျန်ရစ်ခဲ့တဲ့ငါ...

ငါ့အိပ်ရာခင်းတွေ ခမ်းနားစေချင်လို့
အလိမ္မာနဲ့ဖြန့်ခင်း ထိုင်ကြည်းရင်း
ရာဇဝင်ထဲမှာ နိစ္စဓူဝတွေ ကျဆုံးခဲ့...

ရုန်းကြွစေချင်လို့ မာနတွေအသားမာအတက်ခံပြီး
ကုန်းထပေးခဲ့တာ အကုန်မြင့်မလာပဲ
တစ်ချို့နစ်မြုတ်သွားတယ်...

ပေါက်ကွဲဖျက်ဆီးခဲ့ပြီးမှ အိနြေ္ဒရရ
ကြေးပန်းအိုးဘဝနဲ့ အနာရွတ်တွေတိုက်ချွတ်ပြီး
ဈေးကွက်တင်ထားတဲ့ ဥပစာ
အဲဒီနောက်ဖက်က အနာတရနဲ့
ဆုတ်ဖြဲခံခဲ့ရတဲ့ ငါ့ရဲ့ကြော်ညာ..

ယောနသံလို ခပ်မြင့်မြင့်ပျံချင်ခဲ့
အတောင်ပံတွေ ကောင်းကင်နဲ့ငြိပြီး
ဟင်းလင်းပြင်ကြီးထဲ အကြိမ်ကြိမ်ကျွံကျ
ကျိန်စာသင့်ခဲ့တဲ့ညညတွေ...

လက်ယဉ်နေတဲ့ လှည့်ကွက်ထဲ
ဘဝကိုထည့်ပြီးအချိုးခံ ကုလားဖန်အကြိမ်ကြိမ်ထိုးပေမဲ့
နှပ်ကြောင်းနဲ့အမြဲတိုးခဲ့တဲ့ ငါ
ရနံ့တွေ အငွေ့ပျံ သွားတဲ့ ရေမွှေးတစ်စက်လို
အစွန်းကွက်သက်သက်..

ဘယ်လိုမှမတူညီနိုင်တဲ့ ဆန့်ကျင်ဖက်လားရာနှစ်ခု
ညီမျှခြင်းအတုအဖြစ် မာယာကိန်းသေတွေချ
သက်တန့်ကွေးကွေးလေးနဲ့ ပဉ္စလက်ပြခဲ့တာ
အက်ရာတွေထမှ ကောခဲ့တဲ့မြစ်တစ်စင်း
ဆက်စီးဆင်းနိုင်ပါ့မလား...

မိတ္တူကူးထားတဲ့ စာမျက်နှာတွေနဲ့
ရွာနာခဲ့တဲ့ငါ ..
ပွင့်ချပ်တွေ ကြွေကျနေပေမဲ့
နေရသလောက်တော့ ဝေပြချင်တဲ့သောက
အနင်းခံပြီး ငါ့မာနနဲ့ငါ တင်းခံမယ်..

ပစ္စက္ခမှာ ကိုယ်တိုင်သွေးခဲ့တဲ့ဓါး
ရင်ဝနားမရောက်ခင်ထိ
ကောင်းကင်ကြီးနဲ့ ဝတ်မူန်ကူးပြီး
ငါ့ကဗျာတွေ ဒီကမ္ဘာကြီးအတွက်
ရှိုက်ကြီးတငင် သွန်ချလိုက်မယ်.. ..၊၊ ( ၂၀၀၈)



“ဒီနေ့ထက်ထိ”

သိပ် သတိရတယ် (....) ရေ....

ပိုင်ဆိုင်ခွင့် မရှိခဲ့ပေမဲ့
ဆိုင်ခဲ့တဲ့ စက္ကန့်လေးတွေ တမ်းတရင်း
အလွမ်းတွေ တနင့်တပိုးနဲ့
လက်ကျန် ဘဝ ဆက်ဖြတ်သန်းဖို့
ရင်ဘတ်က ချုပ်ရိုးတွေ ပွတ်သပ်
ဒီနေ့ထက်ထိ အမှတ်ရနေဆဲပါ...။

ထားရစ်ခံခဲ့ရတဲ့ ပျော်ရွင်မှုတွေက
နာကျင်စေတာ မှန်ပေမဲ့
နာကျည်းမှု တစက်မှမပါတဲ့ သတိရခြင်းအဖြစ်
သိပ်ချစ်ခဲ့တာပဲလေဆိုတဲ့အတွေးနဲ့
မင်းအပြုံးလေးတွေ မနက်ခင်းတိုင်း
ဒီနေ့ထက်ထိ အနိုင်ပိုင်းနေဆဲပါ...။
......
သူများတကာ မေးငေါ့ခံပြီး
ချစ်ပြခဲ့တဲ့ အမှတ်တရလေးတွေနဲ့တင်
တစိမ်းရင်ခွင်မှာ ပျော်ရွင်နိုင်ပါစေ
ဓါရိုးကမ်းတယ်လို့ ကိုယ်နှလုံးသားကဆိုဆို
မင်း ငိုနေတာ မကြည့်ရက်တဲ့ငါ
ဒီနေ့ထက်ထိ အလွမ်းတွေပိနေဆဲပါ...။

တဘဝစာခြားသွားတဲ့ အဖြစ်က
ကိုယ့်မှာ အပြစ်ရှိခဲ့လို့လား
သံယောဇဉ်ကို သစ်တပင်လိုပိုင်းဖြတ်
မေ့တတ်ခဲ့ရင်တောင် မက်ခဲ့တဲ့အိပ်မက်တိုင်း
မင်းရဲ့ သမိုင်းကြောင်းတွေအဖြစ်
ဒီနေ့ထက်ထိ မျှော်မိနေဆဲပါ...။

ရေလဲမကြည် မြက်လဲမနုတဲ့ဘဝ
တပည့်တော် မြတ်နိုးခဲ့သမျှဟာ
အငြိုးအတေးကင်းကင်းနဲ့
ချစ်ခြင်းသက်သက်ပါ....

ဤ မှန်သောသစ္စာစကားကြောင့်
ဖြစ်လေရာဘဝတိုင်း
ထားရာနေ စေရာသွား
သူ့အလိုကျ ဖြစ်ရမဲ့အတူတူ
ကိုယ်က ချစ်ရတဲ့သူ မဖြစ်ပါရစေသား...။ ( ၁၉၉၁ )

( ဘာရယ်မဟုတ်ပါဘူး ငယ်ငယ်က ကဗျာလေး တိုက်ဆိုင်မှုတခုကြောင့် ပြန်စဉ်းစားပြီး ရေးလိုက်တာပါ...မလွဲလောက်ဘူးထင်ပါတယ်...လက်ရှိအနေနဲ့တော့ကဗျာကရီစရာကလေးကလား ဖြစ်နေတယ်..ပြီးတော့ကာ...ကာရံ သမားဘဝကနေ မော်ဒန်လိုင်းအကူး တကယ့်ကို ဟိုမကျ ဒီမကျ ကဗျာလေးပါ ...ကျနော့်အသက် ၂၅ လောက်က ကဗျာပါ ) <<<< အစ်ကိုသု ပြောတဲ့ စကားလေးပါ ..။ အစ်ကိုသု ရေးထားတဲ့ ၂၀၀၈က ကဗျာနဲ့ ၁၉၉၁က ကဗျာနှစ်ပုဒ် တွဲတင်လိုက်ခြင်းပါ ..။

အတွေ့ချင်ဆုံး ၁၀ယောက်

အတွေးချင်ဆုံး ၁၀ယောက်ဆိုပြီး ပန်းခင်းလေး က တက်ခ်ထားတာပါ.. ကြာပါပြီ ... မအားတာနဲ့ မရေးဖြစ်တာ ခု တက်ခ်အကြွေးတွေ များလာပြီဆိုတော့ စတင်ရေးပြီဗျာ စာရေးတဲ့မောင်နှမတွေထဲမှာ တွေ့မြင်ဖူးတဲ့ မောင်နှမတွေရှိသလို မတွေ့မမြင်ဖူးပဲ ခင်မင်တဲ့မောင်နှမတွေလည်း အများကြီးပါ .. အတွေ့ချင်ဆုံး၁၀ ယောက်ဆိုတော့ စာရေးတဲ့ မောင်နှမတွေထဲမှ အပြင်မှာ တွေ့ခွင့်ရချင်တဲ့ တွေ့ချင်မိတဲ့ ၁၀ယောက်ကိုပဲ ဖေါ်ပြလိုက်ပါတယ် ..။၁၀ယောက်ထဲ ကန့်သတ်ထားတော့ ခက်သားပဲ ..။ ဘလော့ခ်စာမျက်နှာပေါ်မှာ သိကျွမ်းခွင့်ရခဲ့တဲ့ မောင်နှမတွေ အားလုံးကိုတွေ့ချင်မိတာတော့ ရင်ထဲက ဆန္ဒပါ ..။

၁ ... ဘလော့ခ်စရေးတုန်းက တတိယမြောက် ခင်မင်ခဲ့ရတဲ့ ညီမလေး .. ဝေလေး ပါ ..။ညီမလေး ဝေလေးနဲ့ ကဗျာအကြောင်းလေးတွေ စသည့်ဖြင့် ပြောခဲ့ရင်း သံယောဇဉ်တိုး ခင်မင်သွားတဲ့ ညီမလေးပါ ..။ခုတော့ တစ်ယောက်နဲ့ တစ်ယောက် ဘီးဇီး နေတာနဲ့ အရင်ကလို စကားသိပ်မပြောဖြစ်တာ ကြာပါပြီ ..။အခွင့် ရှိသေးမယ်ဆိုရင်ဖြင့် ညီမလေး ဝေလေးနဲ့ တွေ့ဆုံချင်ပါသေးတယ် ..။ပထမ စသိတဲ့တစ်ယောက်နဲ့ ဒုတိယကတော့ ပြည်တွင်း ပြန်လာတုန်းလေး တွေ့ဖူးသွားပါပြီ ..။

၂ ... စတုတ္ထမြောက်သိကျွမ်းခဲ့တဲ့ ညီမငယ် ငှက်ငယ်လေးပါ .. တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူညီတဲ့အချိန်(နေ့ ၊ည )မှာ ညီမငယ်ငြိမ်းက မနက်ဆို ကျွန်တော်က ည ကျွန်တော်ညဆို သူက မနက် .. အလုပ်တစ်ဖက်နဲ့ အချိန်ပိုင်းလေးပဲ ပြောခွင့်ရခဲ့တဲ့ ညီမငယ် ငှက်ငယ်လေးကိုလည်း စကားတွေပြောရင်း ရင်းနှီးမှု ရလာတာနှင့် အမျှ တွေ့ချင်မိလာတဲ့အထဲ သူတစ်ယောက် အမြဲလိုလိုပါပဲ ..ခုတော့ စကားမပြောဖြစ်တာ တော်တော့ကို ကြာပါပြီ .. ခုဆို ကျွန်တော် ညပိုင်း အွန်လိုင်း တက်တဲ့ အချိန်တွေဆို ငြိမ်းကိုများ တွေ့မလားလို့ မျှော်နေတတ်မိပါတယ် ..။

၃ ... ညီမငယ် ငွန်ငယ်မိုးပါ .. စကားပြောရင် “ နော့ ” ဆိုတာလေး ထည့်ထည့်ပြောတတ်တယ် ညီမငယ်ပါ ..။
ငွန်ငယ် အားလို့ အွန်လိုင်းတက်လာတဲ့အချိန် ကျွန်တော်အွန်လိုင်းတက်တဲ့ အချိန်နဲ့ တိုးရင် စကားပြောဖြစ်တာ များပါတယ် ..။ခုတော့ မတွေ့ဖြစ်တာ ကြာပါပြီ .. ဘလော့ခ်လည်း သူကိုယ်တိုင် မရေးတော့ပါဘူး ..။ သူ့အစ်ကို ကိုလတ်ပဲ ဆက်ရေးပါတော့တယ် ။မောင်နှမ နှစ်ယောက်လုံးနဲ့လည်း တွေ့ချင်မိပါတယ် ..။ သတိတရလည်း ရှိပါတယ် ..။

၎ ...အဘွား နေရီနွယ်ပါ .. အဘွားနဲ့ကတော့ သူစာကျက်လို့ အိပ်ငိုက်လာတဲ့ အချိန် .. ပျင်းလို့ သက်ပြင်းချတဲ့ အချိန်တွေအပြင် တွေ့တိုင်း စနောက်ပြီး မောင်နှမအရင်းလို ပြောဖြစ်ကြတဲ့ အဘွားပါ ..(အဘွားလို့ ခေါ်ရခြင်းမှာ သူ့အိမ်ကို စသိခါစက စာဖတ်ပြီး ဆီပုံးမှာ ကျွန်တော့်ထက် အသက်ကြီးမယ်ထင်ပြီး အစ်မဆိုပြီး ရေးခဲ့မိတယ် .. နောက်ပိုင်း စကားပြောဖြစ်ကြတော့ ကျွန်တော့်ထက် အသက်ငယ်မှန်း သိခဲ့ရတယ် ...အဲမှာ သူက သူ့ကိုအသက်ကြီးတယ်လို့ ထင်တယ်ဆိုပြီး စိတ်ကောက်စွာနဲ့ ကျွန်တော့်ဆီပုံးမှာ အဘိုး ဆိုပြီး ပြန်လာအော်လို့ ကျွန်တော်ကလည်း သူ့ကို အဘွားလို့ စနောက် ခေါ်ခြင်းပါ . ။) စာတွေ ကြိုးစားနေတာလေ ..ကျွန်တော် လိုင်းပေါ် မရောက်တာနဲ့ ညီမလေး နဲ့ အေးဆေး မပြောဖြစ်တာ ကြာပါပြီ ..။ မောင်နှမအရင်းအဖြစ် သတ်မှတ်လို့ ကတိတွေ ပေးထားတဲ့ ညီမလေးပါ .. သူ့နဲ့လည်း တွေ့ချင်ပါတယ် .။ ပါးကွက်ကလေးကတော့ အမှတ်ရစမြဲပေါ့ ..။

၅ ... မကြီး အိန္ဒြာပါ .. ကဗျာတွေ အရေးကောင်းပြီး မောင်လေးတစ်ယောက်အပေါ် သွန်သင်ပြတဲ့ မကြီးပါ ..။
မကြီးနဲ့ မအားလို့ စကားမပြောဖြစ်ရင်တောင် အွန်လိုင်းမှာ မကြီး ရှိနေတယ် ဆိုရင်ဖြင့် ကျွန်တော်က ပျော်နေတတ်သူပါ ..စကားပြောဖြစ်တဲ့ အခါကျရင်တော့ အတိုင်းမသိ ပျော်နေမိတယ် .. ကဗျာအကြောင်းလေးတွေ ပြောလိုက် အလုပ်အကြောင်းလေးတွေ ပြောလိုက်နဲ့ နေ့ရက်ကလေးတွေ ကုန်လွန်လာတာနှင့်အမျှ မကြီးကိုလည်း တွေ့ချင်ပါတယ် .. တစ်ရက်တစ်ရက်နဲ့ မကြီးနဲ့ တွေ့ဖို့ နီးလာတာနှင့် အမျှ ပျော်နေမိတာလည်း အမှန်ပါ ..။ ဘ၀တာတိုမှာ ကျွန်တော် မြတ်နိုးရသော ကဗျာတွေ .. ကဗျာတွေကိုရေးနေသော မကြီး .. စသည်ဖြင့် ကဗျာတွေကြားမှာပဲ ကဗျာဆရာ .. မကြီးကို တန်ဘိုးထားပါ၏ ..။

၆ ... ကိုအိမ်ပါ .. ဟာသတွေပြောင်မြောက် ဖတ်ရသူ စိတ်အနောက်တွေ ပြေပျောက်အောင်ရေးနိုင်တဲ့ ကိုအိမ် ...
ပြီးတော့ ခုလက်ရှိ ချစ်သူ မရသေးဘူးလေ (လူတကာ သိအောင်လို့ ) ၊ အဲ့အစ်ကိုတော် ကိုအိမ်နဲ့လည်း တွေ့ချင်ပါတယ် ...မကြာတော့မဲ့ အချိန်မှာတော့ တွေ့ရမယ်တော့ မျှော်လင့်ရတာပါပဲ ..။

၇ ... အစ်မ၀ါပါ .. MBS နဲ့ ပတ်သက်တဲ့ ပို့စ်လေးတစ်ခု တင်တာကို ကွန်းမန့်သွားပေးရင်း ခင်မိခဲ့တဲ့ အစ်မပါ ..
အပြန်အလှန် စာတွေ ဖတ်ရင်း ရင်းနှီးချစ်ခင်ခဲ့တဲ့ အစ်မပါ .. အစ်မတော်လည်း ဘယ်အချိန် ပြန်လာမယ် မသိပေမယ့် အခွင့်ရှိသေးတယ် ဆိုရင်ဖြင့် တွေ့ချင်ပါသေးတယ် .. (အစ်ကိုနဲ့ သမီးငယ်လည်း ပါတယ်နော် ) ..။

၈ ... BLACK DREAM ပါ .. စာအရေးအသားကောင်းသလို နည်းပညာထဲမှာ ကျွန်တော် နှစ်သက်မိတဲ့အထဲ ဘလက်လည်း အပါအ၀င်ပေါ့ .. ပြီးတော့ ပြီးတော့ .... ထိုကြောင့် ထို့ကြောင့်လည်း သူ့ကို ခင်မိပါတယ် သူပြန်လာတဲ့ အချိန်တွေ့ရဦးမယ်လို့လည်း မျှော်လင့်မိသလို တွေ့လည်း တွေ့ချင်ပါသည် ..။သူကတော့ ပြန်ရောက်ရင် ဘယ်သူ့ကို အရင်တွေ့မယ် မသိ .. ဟိဟိ ..။

၉ ... အစ်မ ကောင်းကင်ပြာပါ .. အစ်မတော်နဲ့ ကျွန်တော် အကြိုက်ချင်း တူတာ တစ်ခုရှိတယ် .. ။ ဘလော့ခ်သွားဖတ်ရင်း တွေးမိတာက ကျွန်တော့်ထက် အသက်ငယ်မယ်ထင်တာ .. တစ်ကယ့်တစ်ကယ် သိပြီဆိုမှ ကျွန်တော့်ထက် အသက်ကြီးတာ သိတာ .. ဟီး .. ( ၁၆နှစ် ဟုတ်ဘူးနော် ).. ပြီးတော့ ပြန်လာမယ် ပြန်လာမယ်ဆိုပြီး ပြန်မလာသေးတဲ့အတွက်ရော အကြိက်ချင်းတူတာလေး အတွက်ရော ကဗျာလေးတွေ လာလာဖတ်တဲ့အခါ စိတ်ထဲက သံယောဇဉ်တိုးလို့ ခင်မင် တွေ့ချင်မိတဲ့ အစ်မပါ ..။

၁၀ ... ဦးနော်နဲ့ တီငယ်ပါ (နှစ်ယောက်ဆိုပေမယ့် ) ဘလော့ခ်တစ်ခုထဲမို့ တစ်ယောက်အဖြစ်ပဲ သတ်မှတ်တာ ..
တီငယ့် စာတွေဆို အရမ်းကြိုက်တယ် .. စာတွေ ဖတ်ရင်း ဖတ်ရင်း ခင်မင်မှုလေးတွေ ရတဲ့အခါ တီငယ်က သူရေးထားတဲ့ စာလေးတွေကို မေးလ်ကနေ ပို့ပေးဖူးတယ် .. ပြီးတော့ စသိခါစတုန်းက ပို့စ်တွေ အကုန်မဖတ်ရသေးပဲ မေးမိတာ တစ်ခုအတွက် တီငယ်ဖြေရှင်းချက် ထုတ်ရတာ မှတ်မိသေးတယ် .. ဟိ ..ပြီးတော့ ဦးနော် ကဗျာရွှတ်တဲ့ အသံ ...၊ နားထောင်ရပေမယ့် ဦးနော်မှန်း မသိတဲ့ အဖြစ် .. .. နားထဲမှာ ကဗျာတစ်ပုဒ်ရဲ့ အသံအနေအထား ပီပြင်ပြောင်မြောက်အောင် ရွတ်ဆိုနိုင်တဲ့ ဦးနော် .. အရေးကောင်းတဲ့အတွက်ရော .. စသည်ဖြင့် အဲလိုအဲလိုတွေကြောင့် တွေ့ချင်ပါ၏ ...

ညီမလေး ပန်းခင်းရေ .... ခုမှပဲရေးပေးဖြစ်တာ နားလည်ပေးပါနော့ .... တော်သေးတယ် အကြွေးရှင်က မေ့နေတာ နေမယ် ..အကြွေးမတောင်းလို့ ...။ သတိရတုန်းလေး ရေးလိုက်တာ ... ဆက်ရေးရင် ဘလော့ခ်စာရင်းဝင် အကုန်ပါမှာ သေချာတယ် ..။တွေ့သာတွေ့ချင်တာ .. ၁၀ယောက်လုံးရဲ့ဘလော့ခ်တွေ နောက်ပိုင်း မဖတ်ဖြစ်တာ များနေပြီ .. စိတ်ဆိုးနဲ့နော် ..မအားလို့ပါ ..။နောက်များ မကြာမီ အိမ်တွေ ပြန်လည်လို့ စာဖတ်ဖြစ်တော့မှာပါ ..။ ခုတော့ ဘူးသီးနော် ..။

ရွှေသမင်

တစ်ခါတစ်ခါ စိတ်အနယ်ထိုင်မှာ
အတွေးကို ဆွဲဆန့်မိတယ် ..
နိုးထခြင်းရဲ့ မနက်သစ်ရောက်တိုင်း ...

အတွေးထဲစီးမျောလို့
တစ်နေ့တာ ကုန်ဆုံးရတဲ့အဖြစ်တွေကြား
လမင်းရင်ခွင်ကို ခိုဝင်ချင်ပေမယ့်
သို့တည်း .. ခိုဝင်ခွင့်မရသေးတဲ့
နေကွယ်ချိန်မှာ
တစ်ခန်းရပ်ရမဲ့ အဖြစ်တွေ ..
အလင်းပျောက်တဲ့ ဇောက်နက်နက်ညတွေထဲ
စမ်းတ၀ါးဝါးနဲ့ လရောင်လွမ်းခန်းကို
ဖွင့်တတ်တာလည်း ကြာပါပြီ ...

ဘ၀ဟာ ... အံမ၀င်အောင်
အနားသတ်ပြတ်နေတဲ့ စိတ်ပုလင်းလေးဆိုရင်
ငါဟာ .. အဖွင့်အပိတ်တွေနဲ့ ဖြစ်တည်ရမဲ့
ရောက်တတ်ရာရာ
စိတ်အစီအရီ ပုလင်းလေးပေါ့ ...

လူမှုနယ်ပယ်ထဲ လှုပ်ရှားနေရင်း
လိုက်မမှီတဲ့ ဖြစ်ရပ်တစ်ချို့မှာ
တစ်ကိုယ်တည်း လွန့်လူးစွာ ..
အပြုံးများစွာရဲ့ ဘ၀တွေကြား
နစ်မြုတ်ရတာလည်း အကြိမ်ကြိမ် ...

ဖြစ်ခွင့်ရတဲ့ ဒီလူ့ဘ၀မှာ
အလိုက်မှားမိတဲ့ ရွှေသမင်ဖြစ်ရပ်လို
ဘ၀ဟာလည်း ဆုံးခန်းတိုင်ပြီလား ...

လင်းဖြာမလာတဲ့ မိုးစက်တွေအောက်
စိုသူမဲ့ဘ၀ကို အခါခါဟစ်ကြွေး
ပဲ့တင်သံတွေ သံပြိုင်ကြားနေရတဲ့
အိပ်မက်ထဲ ..
မျှော်လင့်ချက်နဲ့အတူ
ရင်ဘတ်အတွင်းရဲ့ အနာဖြစ်ခြင်းအပေါ်
အချစ်ဟာလည်း ရောထွေးသွားလေရဲ့ ...

သွေဖီရာ ရာသီတစ်ကြောမှာ
သွန်းခြင်းဖြိုးလို့ အေးစေမြမဲ့
မိုးနတ်မယ်ရေ ..
လွမ်းညတွေမှာ တမ်းတာတာ
သူရယ် သိမလားလေလို့
နွမ်းလျကာ နေရှာတဲ့
ကစဥ့်ကလျား ဖြစ်စဉ်ကြားမှာ
မှန်းဆဖြာ ဆောင်ကျဉ်းလှည့်ပါ
မိုးမဒီရဲ့ သွန်းဖြိုးအလီလီကို ...

သတိတရနဲ့ စိတ်တဒေသက
ငါ့အတွက်ဆိုရင် ..
စည်တော်အပါးမှာ အခစားဝင်မဲ့ကြယ်စင်မင်းဟာ
ချစ်သူ့အတွက် အလွမ်းစက်လက်နဲ့
ကမ်းတစ်ဖက်ကိုတောင် ကြွေကျနိုင်ရဲ့ ..
ချစ်သူ .. သင်သိပါစ ...

ဆိုညည်းဖြစ်သော သီချင်းများ

ညည်းဖြစ်တဲ့ သီချင်းများဆိုပြီး ပရော်စီကွေ့ခေါ် ဇောင်းက တက်ခ်ထားသည့်အတွက် လတ်တလော ညည်းဖြစ်တဲ့ သီချင်းတွေကို စိတ်ထဲက ညည်းရင်း ရေးလိုက်ပြီ ....။

၁ .. အာဇာနည် ( မင်းလေးတစ်ယောက် )

“အလွမ်းဆုံးသီချင်းလေးတစ်ပုဒ်နဲ့ ငါမင်းကိုမေ့ချင်လဲ ... သီချင်းလေးထဲအထိ မင်းရဲ့အကြောင်းတွေ ၀င်ဝင်လာတယ် ... အိပ်ပစ်လိုက်ဖို့ ဆေးတစ်ခွက် ငါသောက်ပြီး အိပ်ပျော်သွားတယ် .. အိပ်မက်ထဲတောင် မင်းလေးရောက်နေဆဲ ...... မချစ်နဲ့ မချစ်နဲ့ လူတွေက မုန်းဖို့ပြောတယ် .. ကိုယ့်ရဲ့အနားမှာ မင်းမရှိပဲ ဘယ်လို နေနိုင်မလဲ .. အချစ်နဲ့ အမုန်းနဲ့ ဘယ်လိုများ ပြောင်းလဲရမယ် အသက်ရှင်ခြင်းရဲ့ အကြောင်းပြချက် ကိုယ့်ရင်ထဲမှာ မင်းလေး တစ်ယောက်ထဲပဲ” .....။

၂ .. Gay Zar ( ဆန္ဒတစ်စုံတစ်ရာ )

“ချစ်တဲ့ မျက်ဝန်းလေး နှလုံးသားချင်းနားလည်ခဲ့ .. လျှို့ဝှက် သံယောဇဉ် ရင်ခုန်စွာ တမ်းတရင်း .. အို နေ့ရယ်
အို ညရယ် စိုးမိုးလို့ ထားခဲ့ပြီပေါ့ ... မေ့မရ သူ့နှုတ်ခမ်းလေး နုညံ့တဲ့ မုန်းတိုင်းလေးလား” ....။

၃ .. cobra ( ရူးမတတ်ခံစား )

“မင်းကိုတွေ့တဲ့ နေ့ကစပြီး ရင်ခုန်သံတွေကို သံစဉ်ဖြစ်အောင် ပြောင်းလဲတတ်လာခဲ့တယ် .. တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ငါ့အနားကမင်း ပျောက်ဆုံးသွားမှာကို အရမ်းကြောက်နေလို့ ..... ငါရေးထားတဲ့ ကဗျာတစ်ပုဒ် နံရံပေါ်တွေ့လို့ ဖတ်ကြည့်လိုက်တော့ မင်းအကြောင်းဖြစ်နေလို့” ....။

၎ .. ဒီလေး ( မင်းနားလည်မှာပါ )

“မလွမ်းပဲ မနေနိုင်အောင် မင်းလုပ်ခဲ့တယ် .... မချစ်ပဲ မနေနိုင်အောင် မင်းရဲ့ အပြုံးရယ် .. နှလုံးသားဒဏ်ရာတွေ မင်း မပေးပဲနဲ့ ရရှိခဲ့တာ ဘာကြောင့်လဲ” ....။

၅ .. ဟန်ထွန်း ( အလွမ်းကဗျာရှည် )

“ အလွမ်း ... ကဗျာလေးပဲ ........ ကဗျာရှည်ဟာ မဆုံးဘူး ..... အနမ်းတစ်ခုလည်း ကြွေကျသွား ..... ကိုယ့်ရင်ထဲ .. အမြဲသိမ်းထား .... ရင်ခုန်သံကာရံလေးများ” ....။

၆ .. ဒီလေး ( မသိခြင်းများ )

“မယုံရင် ကိုယ့်ရင်ကိုဝင်ကြည့် မင်းမသိတဲ့ အချစ်တွေ ပြည့်ကြပ်လွန်းတဲ့ မင်းရဲ့အကြောင်းတွေ .. ဘယ်သူမှမသိ ကိုယ်တိုင်နားမလည်သော မင်းရဲ့စိတ်ကို အဖြေရှာခဲ့ ... ယုံပါချစ်သူလေး .. မင်းရဲ့အနီးအနားမှာ အရိပ်တစ်ခုအဖြစ်နဲ့ နေခွင့်ရချင်တယ် .. ဆုတောင်းလဲ .. တစ်ကယ်ကို မပြည့်နိုင်ခဲ့ .. အချစ်နတ်ဘုရားရေ .. ဘယ်မှာလဲ .. ဟယ် ..အိုး.........ဟိုးးးးး” ....။

ညီငယ် .. ဇောင်း ..ရေ .. ရေးလိုက်ပြီနော် ..



ဒီဇင်ဘာ..လျော်ကြေး

အခုလိုဒီဇင်ဘာဆို တောင်နေကြာတွေနဲ့
အနာတရကို ရွှေရောင်ချထားတဲ့မြို့ …
ရာသီနှိပ်စက်လို့ အတိတ်ပျက်ခဲ့တဲ့ ကမ္ဘာကြီးနှလုံးသား
သွေးရောင်တစက်စက်ထနေတဲ့ အပိုင်းအစတွေနဲ့
သန္ဓေတည်ခဲ့တဲ့မြို့ …
ကောင်းကင်ရောင်တလက်လက်ကြွနေတဲ့ ပုံဆောင်ခဲအစတွေနဲ့
အမြုံဘဝရောက်ခဲ့တဲ့မြို့ …
ဒဏ်ရာအပေါက်အပြဲ အရှက်တကွဲနဲ့
နှင်းတွေမစဲတဲ့မြို့ …
အဲဒီ ရတနာမြေ ဆိုတဲ့ မြို့ သေးသေးလေးမှာ ကြီးပြင်း
ကျွန်တော့်ကဗျာတွေ စစီးဆင်းခဲ့တယ်..၊၊

သူမရဲ့နယ်ရုပ်လေးအဖြစ်
အိပ်မက်တွေချကျွေးပြီး အိပ်စက်ခြင်းတွေသိမ်းပိုက်
ခြွေချခံလိုက်ရတဲ့ကြယ်ဟာ
ကြေကွဲခြင်းကာရံတွေနဲ့ အလွမ်းတွေဖဲ့ဖဲ့ချ
ကောင်းကင်ရဲ့ညတွေ ကဗျာတွေနဲ့တနေခဲ့တယ်…၊၊

ယုံကြည်ခြင်း ကောင်းကင်မှာ
ကျွန်တော် တင်ခဲ့တဲ့လမင်း
တညက်ညက် လင်းတယ်ဆိုရုံလေး
ကဗျာမာန သေးသေးလေးနဲ့
အစွမ်းကုန်မြုပ်နစ် အဖေ့ရင်ကို ကုတ်ခြစ်ခဲ့မိတယ်..။

အဖေ့ရင်မှာ ဖြစ်စေချင်တဲ့ ဗိသုကာဘဝ
ကဗျာတွေနဲ့ ဖြေပြခဲ့တဲ့ ကျွန်တော်
ကျောင်းတော်ကအပြန် အဖေ့ရင်ကွဲသံကိုကျောခိုင်း
တမင်ရိုင်းခဲ့တာမဟုတ်ဘူး အဖေ..။


ကာရန်နဲ့ကဗျာ ရင်မှာထိုးသိပ်
တရိပ်ရိပ် ရွက်လွှင့်ရင်း
အလင်းစက် တ၀က်တပျက်မိုး
ခြင်တွေရဲ့ ကကြိုးညှိလို့
ဒုက္ခနဲ့ အတိပြီးတဲ့ညတွေ
အဆောင်သူတွေ လက်ဖက်နဲ့
အသက်ဆက်ခဲ့တယ်..။

ကဗျာသမားရဲ့ ဘ၀လမ်း
ပျံသန်းရတာ ကြမ်းလွန်းပါတယ်အဖေ..။

ရင်နဲ့ရင်းပြီး အသက်သွင်းခဲ့တဲ့
ကျွန်တော်ရဲ့ အပြစ်မဲ့ကဗျာတွေ
တစ်ခါတစ်လေမှာ မိတ်ကပ်လိမ်းကျံ သိမ်းပိုက်ခံရတဲ့အခါ
ကြေကွဲမှု ချော်ရည်ပူတွေအဖြစ်
ဒေါသတွေ မီးတောင်လိုပေါက်ကွဲပေမယ့်
အံခဲရုံဘဲ တတ်နိုင်ခဲ့တယ်လေ..။

ဥယျာဉ်မှုး ကျွန်တော့်လက်နဲ့ အသက်ဆက်တဲ့ပန်းကလေး
အိပ်ဆေးတွေ ကျွေးခဲ့ကြလေတော့
နာကျည်းချက် အပိုင်းအစနဲ့
ဆောက်တည်ရာမဲ့တဲ့ မုန်တိုင်း
ကျွန်တော့်ရဲ့ ယုံကြည်ချက်တံတိုင်းတွေလည်း
ကျိုးပျက်စေခဲ့ရတယ်..။


အဖေ အတန်တန်ရိုက်ချိုးလို့ မကျိုးခဲ့တဲ့ဗီဇ
အဖေ အမျိုးမျိုးနားချ တားမရတဲ့ ကဗျာသည်ဘဝ
ဒဏ်ရာတွေစရခဲ့တာ အဲ..ဒီ့..က..နေ..ပါ အဖေ..။

ကျွန်တော့် မာနမိုးတိမ်တွေ
တစ်ချိန်ချိန်တော့ ရွာချကောင်းပါရဲ့
အဲဒီမျှော်လင့်ချက်
တစ်ရက်ပြီး..တစ်ရက်ရင့်ရော်
တစ်ရွက်ပြီး..တစ်ရွက်ကြွေလွင့်
တစ်ခက်ပြီး..တစ်ခက်ကျိုးကျ
အဖေပျိုးမရခဲ့တဲ့ ကောင်းကင်ဟာ
ပြန်ကျမိုးလေးတစ်စက်မှ
အဖေ့ အတွက် မရွာချနိုင်ခဲ့ဘူးနော်..၊၊

ဒီဇင်ဘာ နောက်ဆုံးရက်
ယုံကြည်ချက်တွေနှုတ်ဆက် ခဲ့တဲ့အဖေ
ထွက်သက်တွေ ကြွေလုဆဲဆဲ
နှင်းသဲသဲမှာ ကျွန်တော့်ကဗျာလေးထဲက
တစ်ပိုင်းတစ်စစာသား အဖေရွတ်ပြသွားခဲ့တာ
အဝေးရောက်နေတဲ့သား ယူကြုံးမရခြင်းခေါင်းစဉ်အောက်မှ

တောက်ပခွင့် မရှိတဲ့ကြယ်တလုံးလိုဘဲ
ကျရှုံးခဲ့တယ် အဖေ..။

" ဟစ်တလာကို မယူနဲ့ အနုမြူဗုံးကို မမွေးနဲ့ "

တောင်တန်းတွေ ရေတံခွန်အဖြစ်နဲ့
အရောင်မဲ့သွေးတွေ အန်ချနေသမျှ
ကောင်ကင်ကြီး မိုးစက်တွေအဖြစ်
ရှိုက်ကြီးတငင် ငိုကြွေးနေသမျှ
ကဗျာသည်ဘ၀ကို ကာရံစားပြီး
ကြီးပြင်းရပ်တည်ချင်ခဲ့တဲ့ ကျွန်တော်
အဖေ့အပေါ် လုံးလုံးမတရားခဲ့ဘူးနော်..။

အဖေ့အိပ်မက် ရိတ်ဖြတ်ခဲ့တဲ့သား
အဖေလိုချင်တဲ့ပုံစံ ခြေစုံကန်တဲ့သား
အဖေရေးချင်တဲ့သမိုင်း ကျောခိုင်းခဲ့တဲ့သား
အဖေ့မျှော်လင့်ချက် ပျော်လွင့်ပျက်စေတဲ့သား
ယုံကြည်ချက်တစ်ခုနဲ့ ရှေ့တန်းထွက်ခဲ့တဲ့သား
တကယ့်ဇာတ်ဝင်ခန်းတွေမှာတော့
ဖြစ်လျှောက်ခန်းလောက်သာ ပါခဲ့ရတယ် အဖေ..။

အဖေရယ်...
အဖေစီးဆင်းခဲ့တဲ့ မျှော်လင့်ခြင်းမြစ်တွေမှာ
ချောက်တစ်ခုလို ဖြစ်ခဲ့တဲ့ကျွန်တော်
အခုတော့လေ
ပြိုကျစရာမကျန်တော့လောက်တဲ့ ကမ်းပါးတစ်ခုလို
ကျွန်တော့်ကိုယ်ကျွန်တော် ဖြိုချပြီး
ကျွန်တော်မြတ်နိုးခဲ့တဲ့ ကဗျာသည်ဘဝ
ကျွန်တော့်ကိုယ်ကျွန်တော် အိပ်မွေ့ချပြီး
ကံကြမ္မာကန်းရိုးတန်းပေါ်မှာ မြုပ်နှံခဲ့လိုက်တာ
ကျေနပ်ပါ အဖေ.....။

မင်းသုခ..

အစ်ကိုသုရေးတဲ့ ကဗျာလေးပါပဲ .. ဒီဇင်ဘာလမှာ ကမ္ဘာကြီးကနေ အဖေချစ်တဲ့ မိသားစုနဲ့ သူ့ပတ်ဝန်းကျင်ကို နှုတ်ဆက်သွားခဲ့တဲ့ ကိုသုအဖေနဲ့ ကျွန်တော့်အဖေအတွက် တိုက်ဆိုင်မှုရှိပြီး ထပ်တူကျတဲ့ ကဗျာတစ်ပုဒ်မို့ တင်လိုက်ခြင်းပါ ..။ဒီဇင်ဘာလ မရောက်သေးပေမယ့် ရင်ထဲ လှိုက်တက်နေတဲ့ သတိရစေတဲ့ စိတ်ကြောင့် ကြိုတင်လိုက်ခြင်းပါ ။

မနက်ခင်းလိုက်ကောက်သူ (သို့) ခေတ်ပေါ် ကဗျာဆရာ

သေခြင်းက အငှါးချထားတဲ့ အသက်ရှုသံနဲ့
မနက်ဖန်တွေဝတ်ဆင်ရင်း .....
တစ်စုံတခုကြောင့် ကြေကွဲထိခိုက်ဖူးတဲ့
ပပ်ကြားအက်နှလုံးသားသာ မရှိခဲ့ရင်
ကဗျာဆိုတာ တွေ့ထိလို့မရတဲ့
ဘာသာစကားရဲ့ ဝိညာဉ်သက်သက် ..
အကြားနဲ့ ... အမြင်
ထောင့်မှန်ကျနေရင်တော့
သူက အသက်ရှင်နေတယ် ...

ဂျယ်ရီမီဘင်သမ်(Jeremy Bentham)လို
စကားမတတ်ခင်ကတည်းက စာတတ်နေဖို့
ကဗျာမှာ အဲဒီလိုဦးနှောက်မလိုဘူး
ပုံရိပ်တွေ ရင်ဘတ်မှာအသံထွက်အောင်
ခုန်တတ်တဲ့ သွေးလွတ်ကြောတွေပဲလိုတယ် ...

ဗီဇကို သပ်ရိုက်ထားရုံသက်သက်နဲ့တော့
မှတ်တိုင်မှားဆင်း မိမှာပဲ...
သူ့ခံယူချက်က တစ်ချို့တွေအတွက် တော့
နာလည်ရခက်တဲ့ ရင်ဘတ်စာ ...

ကဗျာဆရာဟာ ...
မရှိမဲ့ရှိမဲ့ လောင်စာလေးနဲ့
တဖျစ်ဖျစ်မြည်နေတဲ့ အနေအထိုင်မှာ
အနုပညာတွေ တောက်လောင်ဖို့
ခန္ဓာကိုယ်ကို "ပျိုး"မွေးထားရတဲ့
မီးစာတစ်ခုရဲ့ အနာဖတ် ...

ဦးနှောက်နဲ့ နှလုံးသား မျဉ်းတပြေးထဲကျနေပြီး
သက်မဲ့စကားလုံးတွေ သွေးပွက်ပွက်အန်စေသလို
တစ်စိမ်းတစ်ယောက်က
တစ်ခြားတစ်ယောက်ကို
သေစားသေစေ လုပ်ကြံခြင်းမှာ
အရာဝတ္ထုနှစ်ခုရဲ့ ပွတ်တိုက်မှုတွေ အားပျော့စေဖို့
အခမဲ့ နာမည်ပျက်စာရင်းဝင်
ကြားခံပစ္စည်းသက်သက်...။

သူ့ကဗျာတွေထဲမှာ သူ့မာယာနဲ့သူ
မျက်လုံးတွေကို လှည့်စားဖို့ကြိုးစားရင်း
သူကိုယ်တိုင် အိမ်မက်တွေကို
လျော့ဈေးနဲ့ချရောင်းနေရတာ မေ့နေတတ်သူ...။

ဘေးထွက်ဆိုးကြိုးတွေက
ယုံကြည်ချက်မိုးမလင်းသရွေ့
ဧဒင်မှားစားခဲ့တဲ့အသီး အခုစားနေကြတဲ့ပန်းသီးမဟုတ်ကြောင်း
အထောက်အထားအပေါ်မှာ သစ္စာရှိတဲ့သမိုင်းသမားလို
အပျက်အစီးတွေကြားမှာ နေသားတကျ..။

သီအိုရီထဲက လွတ်ဖို့
အသက်ရှုကြပ်နေတဲ့လမ်းမတွေ ကျော်ခွရင်း
ဟာမိုနီမဖြစ်တဲ့ ဝိုက်လက်သီးတချို့
ဝပ်ကျင်းထဲက ဟိန်းဟောက်သံတချို့
နေလောင်ခံ ယုံကြည်ချက်တချို့
ထုပ်ပိုး ဆက်လျောက်
မနက်ခင်းတွေ လိုက်ကောက်နေရင်း
စားခဲ့တဲ့ပီတိ
“လောက၌ ကဲရဲ့လွတ်သူမည်သည်မရှိ"
"လောက၌ ကဲရဲ့လွတ်သူမည်သည်မရှိ"
"လောက၌ ကဲရဲ့လွတ်သူမည်သည်မရှိ"
အဲဒီ သုံးခွန်းတိတိ
ပီးတဲ့နောက် .... ။ ။


ကိုမင်းသုခ

၄၃ ညနေစာ

ကိုယ့်ဘာသာကိုယ် အမိန့်ချပြီး
တစ်ကျွန်းကျနေတာ ဆယ်စုတစ်ခု
ပိုင်ဆိုင်ခဲ့တာဆိုလို့
ခြေကျင်းခတ်ထားတဲ့နေ့တွေနဲ့
ကြိမ်ဒဏ်သင့်ထားတဲ့ အိပ်ရာထက်က ညတွေပဲရှိတယ်
လမ်းတွေကိုက ကြမ်းလွန်းပါတယ် အမေ...။

ပါးစပ်က "တောက်..." တစ်လုံးခေါက်ဖို့
တစ်နေကုန် "ဟုတ်ကဲ့" ခဲ့ရတာ
မှန်ထဲကမျက်နှာ ကျွန်တော်နဲ့ မတူတဲ့ကျွန်တော်
သွေးစက်လက်နဲ့တောင် ပြုံးနေလေရဲ့
ခေတ်ကိုက ဝေ့ဝိုက်လွန်းပါတယ် အမေ...။

အကျင့်ပါနေတဲ့ ခါးက
လူတွေ့တာနဲ့ ညွတ်ချင်နေတာ ကြာလှပေါ့
ဘာမှတော့ ဟုတ်တိပတ်တိ မရခဲ့ဘူး
အရှက်ပြေ ကျကျသွားတဲ့
မာနတွေပဲ ကောက်ကောက်နေရတယ်
ဘဝကိုက ဧည့်ကြိုဆန်လွန်းပါတယ် အမေ...။

အနာဂတ်လေးများ ဝယ်နိုင်မလားဆိုပြီး
အတိတ်တွေ မရှိမဲ့ရှိမဲ့ ရင်းလာခဲ့တာ
ပစ္စုပ္ပန်မှာ တိုးလာတာဆိုလို့
ခေါက်ရိုးကြေနေတဲ့ မွေးနေ့တွေပဲ ရှိတယ်
နေ့တွေကိုက အလင်းမှိန်လွန်းပါတယ် အမေ...။

မနက်ဖန်ဆိုတာလေးရှိချင်သေးတော့ ဒီနေ့ဆိုတာကို
တမင်အစားခံလိုက်တာ ကျောချနေမှန်းသိသိနဲ့
ရင်ဘတ်ကိုငုံ့မကြည့်ရဲဘူး ချုပ်ရာပရဗွ
အောက်ကျို့ပြီးမှရတဲ့ဒဏ်ရာတွေလေ
လူတွေကိုက ဇတ်တူသားစားလွန်းပါတယ် အမေ...။

သွေးရူးသွေးတန်းဖြစ်နေတဲ့ ဓနရှင်တွေရဲ့
ငတေမာပြီးရော ဇတ်လမ်းမှာ ဖြတ်လျောက်လောက်ပါရင်တောင်
လောလောဆယ် သီလစောင့်နိုင်တဲ့အနေအထား
အလုပ်အကိုင်တွေကိုက စနေနဲ့ ပါပ ကျလွန်းပါတယ် အမေ...။

သားလေ....
ဒီညနေစာ...
ချွေးနဲ့ ပြုတ်ထားတဲ့ သက်ပြင်း
မရေရာခြင်းတွေနဲ့ .....
ဒီလိုပဲ နယ်ဖတ်စားရတော့မယ် အမေ...။
မင်းသုခ
အစ်ကိုသု သူ့မွေးနေ့တုန်းကရေးထားတဲ့ ကဗျာလေးပါ ..။ အစ်ကိုသု ကဗျာတိုင်းကိုကြိုက်မိတဲ့အတွက် တင်လိုက်ခြင်းပါ ။ အစ်ကိုသု ... ကျေးဇူးကမ္ဘာပါ ။

Blog Day တွေ့ဆုံပွဲ နှင့် သရေခေတ္တရာ 2.0 ခရီးစဉ်

မင်းယွန်းသစ် ဆီမှ ကူးယူဖေါ်ပြပါသည် ။

Blog Day အထိမ်းအမှတ် တွေ့ဆုံပွဲကို တက်ရောက် လိုတဲ့ သူငယ်ချင်းများ အနေနှင့် မည်သူမဆို အမည်စာရင်း register လုပ်ဖို့လိုအပ်ပါတယ်။ ခရီးစဉ်လိုက်ပါမယ့် သူများက တစ်ဦးလျှင် ၅၀၀၀ ကျပ် ပေးသွင်းရမှာပါ။ ခရီးစဉ်မလိုက်ပါနိုင်သူများ အနေနှင့်တော့ ပေးသွင်းရန် မလိုအပ်ပါဘူး။ လူတိုင်း နာမည်စာရင်း ပေးသွင်းဖို့ လိုအပ်တာကတော့ နာမည်စာရင်းအတိအကျ ရမှာသာ အင်္ကျီအရေအတွက် မှာယူလို့ ရမှာမို့ပါ။ နာမည်စာရင်း ပေးသွင်းခြင်းကို အနော်ရထာလမ်း တည့်တည့် ၅လမ်း၊ ကလီမှတ်တိုင် အနီး၊ သင်အာ စားသောက်ဆိုင် ကပ်လျက်ရှိ Activator Cyber Cafe ဆိုင်တွင် မနက် ၉ နာရီမှ ညနေ ၄နာရီ အတွင်း ပေးသွင်းနိုင်ပါပြီ။ ယနေ့မှ စ၍ ၂၅ရက်နေ့ အထိ စာရင်းပေးသွင်းနိုင်ပါပြီ။

တွေ့ဆုံပွဲအနေနှင့် ၂၉ရက်နေ့ မနက် ၁၀နာရီတွင် ကန်တော်ကြီးဥယျာဉ်၌် တွေ့ဆုံကျင်းပ ကြမှာ ဖြစ်ပါတယ်။ စာရင်းပေးသွင်းထားသူ မည်သူမဆို လာရောက်နိုင်ပါတယ်။ အကျီလက်ဆောင် အပြင် တခြားသော လက်ဆောင် ပစ္စည်းများကိုလဲ အမှတ်တရ အဖြစ် ပေးအုံးမှာ ဖြစ်ပြီး တပျော်တပါး ကစားကြအုံးမှာ ဖြစ်ပါတယ်။ သရေခေတ္တရာ 2.0 ခရီးစဉ်ကိုတော့ ၂၉ရက်နေ့ ညဘက် ၁၀နာရီမှာ စထွက်မှာ ဖြစ်ပါတယ်။ (စုရပ်ကို တွေ့ဆုံပွဲ နေ့ကျရင် အားလုံးညှိနှိုင်းပြီး အတည်ပြု ပြောကြားပေးပါမယ်)။ သွားမည့် ခရီးစဉ် ကြာချိန်ကတော့ ၂ညအိပ် ၃ရက် ခရီးသာ ဖြစ်ပါတယ်။ ရန်ကုန်မှ ပြည်မြို့ကို ၆နာရီခန့် မောင်းနှင်ရတဲ့ အတွက် ၂၉ရက်နေ့ ည၁၀နာရီ ထွက်လျှင် ၃၀ရက်နေ့ မနက် ၄နာရီတွင် ပြည်မြို့သို့ ရောက်ရှိပါမယ်။

ပြည်မြို့ရောက်သည်နှင့် နံနက်စာစားကာ ခေတ္တ နားမည် ဖြစ်ပြီး မနက် မိုးသောက်သည်နှင့် ပြည်ချောင်းသာ (ဤနေရာတွင် Knowlege Sharing အစီအစဉ်နှင့် ကစားပွဲများကို ကစား ကြမှာ ဖြစ်ပါတယ်။) ၊ သရေခေတ္တရာ မြို့ဟောင်း၊ အခြား ပြည်မြို့၏ အထင်ကရ ဘုရားများသို့ သွားရောက်ကြမှာ ဖြစ်ပါတယ်။ ၃၀ရက်နေ့ ည ၁၂နာရီ တွင် ပြည်မြို့မှ ပြန်လည် ထွက်ခွာမှာ ဖြစ်ပြီး ရန်ကုန်ကို ၃၁ရက် (တနလာင်္နေ့) မနက် ၆နာရီတွင် ပြန်ရောက်မှာ ဖြစ်ပါတယ်။ နေ့အားဖြင့်တော့ စနေနေ့ ညဘက် ထွက်ကာ တနင်္ဂနွေနေ့ တနေ့လုံး လည်ပတ် ပြီးလျှင် တနလာင်္နေ့ မနက် ပြန်ရောက်မှာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ ညဘက် ပြန်ရောက်လျှင် ရပေမယ့် မိန်းကလေးများ အနေဖြင့် မိုးချုပ်လျှင် ကားအခက်အခဲ ရှိမည်စိုးသော ကြောင့် ၃၁ရက်နေ့ မနက်ကို ပြန်ရောက် ရန်စီစဉ်လိုက်ခြင်း ဖြစ်ပါတယ်။ (ရုံးသမားတွေ အတွက်လဲ အဆင်ပြေမှာပါ)။ ပြီးတော့ လူဦးရေ အပေါ်မူတည်၍ ကားငှားရမည် ဖြစ်ပါသဖြင့် ဘလော့ဂ်မှ သူငယ်ချင်းများ အွန်လိုင်းမှ သူငယ်ချင်းများ အနေဖြင့် ၂၅ ရက်နေ့ မတိုင်ခင် အစောပိုင်းကို စာရင်းပေးသွင်းထားစေလိုပါတယ်။

တွေ့ဆုံပွဲလူစာရင်း ပေးသွင်းရန် အခက်အခဲရှိသူများ (ခရီးစဉ်မလိုက်နိုင်သည့် သူများ) အနေနှင့် သွားလာရန် နေရာ အခက်အခဲရှိပါက bloggersociety.mm@gmail.com ကို ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါတယ်။ ခရီးစဉ်လိုက်ပါမယ့် သူတွေကတော့ ကိုယ်တိုင်ကိုယ်ကျ လာပေးသွင်းဖို့ လိုတယ်နော့။ :) ကဲ ဘလော့ဂ်ဒေးမှာ ပျော်ပျော်ပါးပါး ဆုံကြရအောင်ဗျာ။

ဒိုမိန်းခွဲ ပြုလုပ်ခြင်း

myanmarbloggers.org ဒိုမိန်းဖြင့် ဒိုမိန်းခွဲများအား မည်သူ့ကိုမဆို ပြုလုပ်ပေးနေပါသည်။ ထိုသူသည် ဘလော့ဂ်တစ်ခု ရှိရန်သာ လိုအပ်ပါသည်။ myanmarbloggers.org ဒိုမိန်းအား တောင်းခံလိုသူများသည် bloggers@myanmarbloggers.org သို့ အီးမေးလ်ပို့ တောင်းခံနိုင်ပါသည်။ တောင်းခံနေသူများအား အီးမေးလ် နမူနာ ဖော်ပြပေးလိုက်ပါသည်။

Subject >> "Subdomain တစ်ခု တောင်းခံခြင်း"

ယခုလက်ရှိ သုံးစွဲနေသော ဘလော့ဂ်လိပ်စာ - http://idulize.blogspot.com
ပြောင်းလဲလိုသော လိပ်စာအသစ် - http://idulize.myanmarbloggers.org
တောင်းခံသူ နာမည် - အရုပ်ကလေး

Wordpress သမားများ အနေဖြင့် ဒိုမိန်းတောင်းဆိုလိုပါက မိမိ ဘလော့ဂ် တင်ထားသော ဆာဗာ၏ လိပ်စာပါ ထည့်ပေးရမည် ဖြစ်ပါသည်။ မိမိ Hosting Server ၏ လိပ်စာ သိမှသာ အသစ်ပေးမည့် လိပ်စာမှာ အလုပ်လုပ်မည် ဖြစ်ပါသည်။ ထို့ကြောင့် အီးမေးလ်ထဲတွင် အောက်ပါ ပုံစံဖြင့် တစ်ကြောင်း ပိုထည့်ပေးရပါမည်။

Sample >> ဘလော့ဂ်ဆာဗာ လိပ်စာ - ghs.google.com.

Blogspot သမားများ ဒိုမိန်း ပြောင်းလဲရန် နည်းပညာ အခက်အခဲ ရှိပါက ကိုပီကေ ရေးသား ဖော်ပြထားသော ပို့စ်တွင် သွားရောက် လေ့လာနိုင်ပါသည်။
How to setup Custom Domain in Blogger.com http://knowhow.myanmarbloggers.org/2008/08/custom-domain.html

မှတ်ချက် ။
ဒိုမိန်းတောင်းခံသူများသည် အီးမေးလ် မပို့ခင် (သို့) ပို့ပြီးပြီးချင်း Setting ကို မပြောင်းပစ်သေးဘဲ ဒိုမိန်း ပြုလုပ်ပြီးကြောင်း အကြောင်းကြားစာ ရမှသာ Setting များ ပြောင်းလဲပေးပါရန် တောင်းဆိုအပ်ပါသည်။
myanmarbloggers.org ဖြင့် သုံးစွဲနေပြီးသူများသည် မိမိ ကိုယ်ပိုင်ဒိုမိန်းအသစ် (သို့) တခြား ဒိုမိန်း တစ်ခုခုသို့ ပြောင်းရွှေ့လိုပါက အီးမေးလ်ပို့ အကြောင်းကြားပေးပါရန် တောင်းဆိုအပ်ပါသည်။
myanmarbloggers.org ဒိုမိန်းအား တောင်းဆိုသူ မည်သူ့ကိုမဆို ဘလော့ဂ်ရှိရုံဖြင့် အခမဲ့ ပြုလုပ်ပေးနေပါသည်။ သို့သော် myanmarbloggers.org ဒိုမိန်းဖြင့် သုံးစွဲနေသူများသည် MBS ၏ ဂုဏ်သိက္ခာကို ထိပါးစေသော အပြုအမူ လုပ်ရပ်များ အထင်အရှား ရှိခဲ့ပါလျှင် ကျူးလွန်သူ မည်သူ့ကိုမဆို ဒိုမိန်းသုံးစွဲခွင့် ရုတ်သိမ်းပစ်မည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
bloggers@myanmarbloggers.org သို့ ပေးပို့သော တောင်းခံစာများကိုသာ လက်ခံ ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
myanmarbloggers.info ဖြင့် ရှိနှင့်ပြီးသူများ myanmarbloggers.org အဖြစ် ပြောင်းလဲလိုပါကလည်း လက်ခံဆောင်ရွက်ပေးပါမည်။

ိ်




ကလေးအတွေး

လူကြီးမင်း ..
ကမ္ဘာကြီးက ဘယ်လိုလည်နေတာလဲ
သင်သိရင် တဆိတ်လောက်ပြောပြပါလား
အကျွန်သိတဲ့ အလည်ဆိုတာ
ဂျင်အဖြစ်နဲ့ မြင်တွေ့ခဲ့ရတဲ့ အရာလေးတစ်ခုမို့ ..
ဂျင်လှည့်ပတ်မှုနဲ့ ကမ္ဘာလှည့်ပတ်မှု ဘာကွာသလဲ
အကျွန် သင့်ကိုမေးတာ..
သင်လည်း လည်ပတ်အားကောင်းတဲ့ သူဆိုတာ သိထားလို့ပါ ...

လူကြီးမင်း ..
လူမှုရေးနယ်ပယ်မှာ နေတာလား
ဟန်ဆောင်မှုအပြည့်နဲ့ အပြုံးမျက်နှာတွေဖန်တီး
စည်းမျဉ်းတွေခွာချလို့
အကျွန့်ဆီလာရင်တောင်
နားထောင်ပေးနိုင်တဲ့ စွမ်းရည်အပြည့်တော့ယူခဲ့ပေးပါ ...

လူကြီးမင်း ..
အကျွန့်မှာ အပြစ်ရှိတယ်
အပြစ်ပေးပါ ..
စစ်ဆေးမယ်ဆိုလည်း တစ်ယောက်ထဲသာ စစ်ဆေးပါတော့
သင့်ကို ချွေးသိပ်ဖို့မဟုတ်..
မျက်နှာကြီးတွေကြား သင့်လုပ်ရပ်မမှန်တာတွေ မမြင်လို၍အတွက်သာ ...

လူကြီးမင်း ..
သင့်မှာ တာဝန်ရှိလား
ဆက်လုပ်ပါ ..
အကျွန့်အတွက် သင့်ကျင့်ဝတ် မပျက်ပါစေနဲ့
တစ်ခုတော့ လိုအပ်လိမ့်မယ်..
အဲဒါ အမှန်တရား ...

လူကြီးမင်း ..
သင့်အိမ်မှာ အံဝှက်ရှိလား
ရှိခဲ့မယ်ဆို အကျွန့်စိတ်ကူးယဉ်ခြင်းမှာ
အံဝှက်တစ်ခုရဲ့ သော့တစ်ချောင်းဖြစ်ချင်ပါရဲ့
သင်လိုတဲ့အခါ အဖြည့်ခံတစ်ခုအဖြစ်ပေါ့
သတိတစ်ခုတော့ ပေးမယ်
ဂရုတစိုက်တော့ သိမ်းထားပေးပါ..
သင်လိုအပ်ပြန်တဲ့အခါ ဖွင့်ဖို့ခက်ခဲရင်
သင် .. ဇောချွေးပြန်လိ့မ်မယ်
ဒါ .. သင့် ပေါ့လျော့မှု ...

လူကြီးမင်း ..
ကားအကောင်းစားကြီးတွေ ဘယ်နှစ်စီးလဲ
အကျွန့်မှာလည်း ကားဘီးနတ်တစ်လုံးတော့ရှိတယ် ..
အထင်တော့ မသေးနဲ့နော်
သင့်ကားဘီး အရစ်ပြုန်းနေတယ် ..
လိုအပ်မှာပါ .. ယူသုံးကြည့်
တစ်ပြားမှ ပေးစရာမလို ..
အကျွန်လည်း ကောက်တွေ့ထား၍သာ ...

လူကြီးမင်း ..
ခြသေံင်္ ၊ ကျားတွေ ဟိန်းဟောက်တာကို
အကျွန်မြင်ဖူးခဲ့တယ် ..
သင် .. ဟိန်းဟောက်တာ လူတစ်ချို့ ပြောသံကြားတယ်
အကျွန့််ကို တစ်ခေါက်လောက် ဟိန်းဟောက်ပြပါလား
သင်ဟာ ဘယ်လိုအသံသြဇာနဲ့ ဟိန်းဟောက်သလဲဆိုတာ
သိချင်လှပါဘိ ...

လူကြီးမင်း ..
သင်ဘယ်အရွယ်က စ ကျောင်းနေလဲ
အကျွန်ကတော့ သူငယ်တန်း (၁၄)ခါပဲ နေဖူးတယ်..
အကျွန့်ထက် သင်တော်တာသိသလို
အဲဒီအတွက်လည်း သင်ဟာ လူတောတိုးနေနိုင်တယ်
တစ်စုံတစ်ခုအတွက် တစ်စုံတစ်ချို့လူတွေ
အိတ်ကပ်ကို ပိတ်ထားဖို့တော့ လိုအပ်မယ် ...

လူကြီးမင်း ..
ရောင်ဝါနေမင်းရဲ့ နေ၀င်ညနေကို မြင်ဖူးလား
အသင်လိုက်နိုင်မယ်ဆို အကျွန်လိုက်ပြမယ်..
အရောင်စုံလှတဲ့ မွန်းကြပ်မှုဆေးရောင်စုံကြားက .. သင်
အသွင်သစ်တစ်ခုကို ရစေချင်လှလို့ပါ ..
ကြည့်ဖို့အတွက် ငွေမလိုဘူး
သင့်စိတ်တစ်ခုပဲ ..အဲမှာတော့ ခြေလှမ်းကပ်ပါမယ် ...

လူကြီးမင်း ..
အိပ်ချိန် ပုံမှန်ရောရှိလား
သခင့်ကျေးဇူးနဲ့ စိတ်အရူးတစ်ပိုင်းနဲ့ အကျွန်
ဖတ်စရာ လေ့လာစရာများနဲ့
အိပ်ချိန်တဒင်္ဂမှာတော့ အိပ်ပျော်လျှက်ပါ
သင်ရော ..
မနက်အတွက် ညကတည်းက
အိပ်မပျော်ဘူး မဟုတ်လား ...

လူကြီးမင်း ..
စကားကောင်းနေတာ ..
သင့်တာဝန်မလား ..
အကျွန့်ကို ဘယ်ပို့ဆောင်မလဲ ..
နေ၀င်တာကို ကြည့်ရင်း
ဆောင်ရွက်ပါတော့ ..။

မာန စီးချင်း

အစ်ကို “ မင်းသုခ(MTK)” က ကျွန်တော့်အတွက် အမှတ်တရ ပေးတဲ့ ကဗျာလေးပါ ..။


ချစ်ခြင်းတွေကပဲ ကန်းစေခဲ့တာလား
မြတ်နိုးခြင်းတွေကပဲ ဆွံ့အစေခဲ့တာလား
ဘယ်ဘက်ရင်အုံတည့်တည့်က မြားချက်
ကြေကွဲခြင်းတွေ တစ်စက်စက်ကျမှ....

လောကဓံက ခင်းပေးတဲ့ဖျာတစ်ချပ်မှာ
ကံပစ်ချလိုက်သလို အနေအထိုင်မတတ်
သူမ ကြည့်တတ်သလို လိုက်ကြည့်ဖို့ကြိုးစားရင်း
ရင်ဘတ်ကနွေးနေသလောက်
ကြောင့်ကြမူတွေက ကျောပြင်မှာနက်နက်ရှိုင်းရှိုင်းစိုက်ဝင်လို့...

သံယောဇဉ်ဆိုတာကလဲ
ကိုယ်တိုင်လောင်ကျွမ်းပြီး
ကြွေမကျခင်အထိ လမ်းပြနေချင်တဲ့
ကြယ်တစ်စင်းလို ..
မရေရာတဲ့ ဆုတောင်းခြင်း သက်သက်
နားလည်မူတွေကို ပက်ချင်နဲ့သောက်နေရတဲ့အဖြစ်...

လိပ်စာရှာနေတဲ့ မြားဦးမှာ...
အချစ်ကိုမင်းဝတ်တန်ဆာလို
ပိုင်ဆိုင်မူအတွက်
ရာမယဏက ဒဿဂီရိကို ပစ်တဲ့မြား
အာဃာတအငြိုးနဲ့
တာဝန်တစ်ခုအတွက်
သောနုတ္တရကမင်း ဆဒ္ဒန်ကိုပစ်တဲ့မြား
အပျင်းပြေကစားရင်း
အမြင်လေးတစ်ချက်မှားတဲ့အတွက်
ပဠိယက္ခက သုဝဏ္ဏသျှံကိုပစ်တဲ့မြား
ရယူပိုင်ဆိုင်လိုတဲ့
တက်မက်ခြင်းအတွက်
ဗြဟ္မဒတ်မင်းက စန္ဒကိန္ဒရီကိုပစ်တဲ့မြား .....
ပစ္စည်းမဲ့တစ်ယောက်ရဲ့
အလင်းလက်ဆုံးတောက်ပမှုဟာ
ဂုဏ်သိက္ခာပါးပါးလေးပါ ....
တစ်စစပြိုကွဲလာတဲ့ အခန်းငယ်လေးထဲက
အက်ကြောင်းရာတွေရေတွက်ရင်း
သူမနဲ့ ကျနော် စီးချင်းမှာ
စံအိမ်ကို စိန်နဲ့ မွှမ်းပေးချင်တဲ့ အချစ်က
ကိုယ့်ရင်ဝ စိုက်မဲ့မြား
ကိုယ်တိုင် နှလုံးသားတဲ့တဲ့မှာ
ကိုင်ပေးထားခဲ့တဲ့အဖြစ်
ဒီနေ့ထက်ထိသူမ မသိခဲ့တာလား
ဒါမှမဟုတ်....
သူမ မပစ်ခဲ့ပါဘူးလို့ ပြောနေမလား...
ကျနော့် ရင်ဝမှာတော့ မြားတန်းလန်းနဲ့လေ...။

အစ်ကို “ မင်းသုခ(MTK)” ရဲ့ ကဗျာလေးအတွက် လေးစားတန်ဘိုးထားသလို ကျေးဇူးကမ္ဘာပါ ...။

မညီညာတဲ့ စည်းပေါ်ကလူ

လေနှင်ရာ ရော်ရွက်ဝါတွေကြားမှာ
သွေဖီကာအံတုတိုက်တဲ့ လေအဟုန်ရယ် ..
လမ်းဆုံမှာ အလွမ်းတွေစုကာရစ်အောင်
တစ်နည်းတစ်ဖုံနဲ့ စိတ်မှုန်အောင်လုပ်နေရော့လား ...

ရွက်လွင့်ခြင်းရဲ့ ကမ္ဘာငယ်မှာ
အာသီသတစ်ခုနဲ့ တစ်ခါပြန်ညှိနေရတဲ့
ဘ၀သံစဉ်တွေကြား မေ့မရတဲ့နေ့ရက်တစ်ချို့က
ညည့်နက်ညတွေမှာ သက်ပြင်းတစ်ချက်နဲ့
ကဗျာဟာ ထွက်သက်ပြင်းနေတယ် ...

အမှောင်ထုရဲ့ ယူဆောင်မှုအပြည့်မှာ
တေလေစိတ်တွေနဲ့ အရှိန်တက်နေတဲ့ဒီခေတ်ထဲ
လွမ်းသလိုဆွေးသလို တစ်ခန်းပိုခဲ့တာလည်း
ချစ်တတ်တဲ့ ဒီရင်ဘတ်မှာ
ကဗျာဟာ ၀ိညာဉ်မဲ့နေတယ် ...

အလွမ်းတွေကပိုကရိုနဲ့ အနမ်းတွေခြေတိုခဲ့တာ
ကြည့်ကောင်းတဲ့ ပြဇာတ်တစ်ပုဒ်ရဲ့
အဆွေးသံစဉ်မှာပဲ အတွေးစစ်ခင်းနေရပြီ ...

စောနေရင် အပိုပဲ ..
နောက်ကျရင် ဆက်သွား ..
ဒီသံသရာခရီးက လှည့်ပြန်ဖို့မရဘူး
ဒါ ...လမ်းအစရဲ့နိဂုံးလား ...

ဝမ်းတစ်ထွာ ဖြည့်ဖို့အတွက်
အလုပ်ကိုယ်စီတွေနဲ့ ရှင်သန်နေတဲ့လူတွေကြား
ငါသည်လည်းပဲ ...
အိတ်ကပ်ကိုလက်နှိုက် စိတ်စရိုက်က
ပိုက်ဆံနတ္ထိကြားမှာ လွင့်ပါမျောသွားပြန်တယ် ...

ဂုဏ်မဖေါ်တတ်ပေမယ့် ဂုဏ်ဖေါ်မက်လို့
ပုံပေါ်ပျက်နေတဲ့ ၀န်းကျင်တစ်ချို့အလယ်
ငါ .. ခြေခေါက်လဲတဲ့အဖြစ်က
တဆစ်ဆစ်နဲ့ အတွင်းဒဏ်ကိုဖြစ်လို့ ...

ငါ့ဘ၀မှာ ..
အချစ်အငြိနဲ့ ရပ်တည်မှုတစ်ခုအောက်
ဘ၀ပေး ကံဆင်းရဲမှုတွေက
စာနာမှု နှိုင်းမှီစရာတွေနဲ့ဆို
အချစ်ဟာ အကာအကွယ်တစ်ခုနဲ့
ပုံဖေါ်စက် အသွင်လား ...

င့ါကိုယ်ငါ ထုဆစ်နေတဲ့
ရုပ်အဆင်းတစ်ခုမှာ ရုပ်လုံးပေါ်ဖို့ကြိုးစားနေရင်း
မပီပြင်သေးပေမယ့် ဒီဝန်းကျင်ဘေးမှာ
အစအနများစွာ ကြွင်းကျန်မှုနှင့်အတူ
ရုပ်သဏ္ဍာန်အဖြစ်တော့
အနှေးနှင့်အမြန် တည်ရှိမှာပါ ...

တစ်ကိုယ်ကောင်းဆန်
အတ္တတွေဖိစီး စိတ်မာန်တွေတင်းနေတဲ့
လူ့စိတ်အစုံမှာ
ဘ၀ကိုကလည်း စုတ်ချက်အောက်က
အဖြည့်ခံ အဖြစ်လိုပါပဲ ...

မိုးမှောင်ကျတယ်ဆိုမှ
လေပြင်းတွေ ခြွေချလိုက်တာ
င့ါစိတ်တွေလည်း ဟိုးအဝေးဆုံးက
ကမ္ဘာတစ်ဖက်စွန်းအထိ
မညီမညာ အတိမ်းအစောင်းတွေနဲ့
လွင့်စင်ရင်း အနာတရအဖြစ်
ဒဏ်ရာထက်မှာလည်း အိပ်စက်ဖူးပါတယ် ...

နေ့ည ပြောင်းလဲခြင်းတွေနောက်
ချစ်သူပေးတဲ့ နွေးထွေးမှုနှင့်အတူ
ဘ၀ကို ပြောင်းပြန်အချိုးကျရင်
“ တစ် ” မဟုတ်တဲ့ “ သုည ” ဖြစ်ခြင်းအဖြစ်
ရှေ့ဆက်လျှောက်မဲ့ အနာဂတ်ကို ,
သူသိပါစ ..တန်ဖိုးမမဲ့တဲ့ သုညကိုလေ ...

ဘ၀ရယ် ..
ရိုးသားပါတဲ့ စိတ်အရင်းခံတစ်ခုမှာ
မရိုးမသား ဆက်ဆံခြင်းတွေကြား
ရှေ့ဆက်တိုးမလား ..
နောက်ပြန်ဆုတ်မလား ..
သေချာတာ တစ်ခုကတော့
ငါဟာ ... စည်းပေါ်ကလူပါ ...

အပျိုကြီးမမ

နှစ်ဆယ်ကျော် အစိတ်ပိုင်းမှာလ

အရွယ်တော် တစ်ဆိတ်ဟိုင်းပြီမို့

စိတ်တိုင်းကျ တွေ့မယ်မထင်။

မတန်မှ ရွေးလှချည်ရဲ့

ကံပေးလျှင် လိုရာရောက်လိမ့်မပေါ့

ဖောက်စရာ မာန်ကိုယုံလို့

ကြောင်းမဆုံ နှောင်းပုံအလုပ်ကယ်နှင့်

ခေါင်းသုံးလျှင် ရောင်းကုန်ပုပ်မှဖြင့်

(ခင်ရယ်) ကောင်းကောင်း မဟုတ်ချင်…။

ရမလို လိုတာမရတာနှင့်

မအပျို ကိုယ်မှာ သ,တော့မဟဲ့လို့

အိုကာမှ တန်ဆာဆင်

သြော်… ဇရာအသွင်ဟာမို့ မြင်သူမုန်း။

ဈေးမကွဲခင်

ကြေးနည်းတာ မမြော်မြင်နဲ့တော့

ခေါ်ငင်ကာ တွင်အောင်ရောင်းပါမှ

ကုန်ကောင်းဆို အမြန်မနှင်လို့

အမှန်ပင် ရက်ကြာလို့ နှေးတော့ကမ

လျှော့ဈေးလေလံဆိုင်၌

ဈေးမကိုင် အနိုင်ထုတ်ရတော့

ရေးမသာ ဆွေးကာစုတ်တယ်

အိုကွယ်… ကြေးယုတ်လို့ရှုံး။

မဟာဂီတ ဦးပြုံးချို

သူငယ်ချင်းတစ်ယောက် ပို့ပေးတဲ့ ဆရာဦးပြုံးချိုရေးတဲ့ ကဗျာလေးပါ ..။

အာရုံများစွာကြားမှ မိုးအတွေး

မိုးရွာနေတယ် ... ချစ်သူ
ကောင်းကင်တစ်ခွင်လုံး မှိုင်းညှို့အုံ့ဆိုင်းပြီး
သွန်းခြင်းအဖြစ်နဲ့ မိုးစက်တွေကြွေ
ငါလျှောက်ရာလမ်းမတစ်လျှောက် ဆက်လျှောက်နေရင်း
ငါ့အတွေးတစ်ချက်, တစ်ချက်ကလေးမလပ်အောင်
တွေးတောနေမိတဲ့ သူ့အကြောင်းကိုလေ ...

မိုးစက်တွေအဖြိုင်ဖြိုင်နဲ့ ရက်တွေဆက်
လွမ်းစိတ်တွေကို ထပ်တိုးရစ်နေခဲ့တာ
သူတစ်ယောက်အတွက် လွမ်းမောဖွယ်ရာတွေကို ...

ဘေးဝဲယာ မကြည့်နိုင်အောင်ပဲ
မျက်နှာမူရာ တစိုက်မတ်မတ်လျှောက်ရင်း
လေယူရာတိမ်း မိုးစက်တွေဖြန်းပက်ကြတာ
ငါ့တစ်ကိုယ်လုံး စိုရွဲရောပေါ့ ...


မိုးမင်းကပဲ မညှာလေသလား
လေပြည်ကပဲ အညှိုးနဲ့ပြင်းနေသလား
ထိုထိုအတွေးကြားက ချစ်သူ့အနမ်းတစ်ချက်နဲ့
သူ့ရုပ်လွှာကို သတိရနေမိတာ ...

ပါးပြင်ထက် အငွေ့အသက်က
နှလုံးသားထဲ စီးမျောရင်း
တရွေ့ရွေ့နဲ့ ဖြတ်သန်းလာလိုက်တာ
ချမ်းစိမ့်မှုတွေပြေပျောက်
လမ်းအချိုးအရောက်မှာ သူ့အရိပ်ယောင်လားပဲ ...

ညအမှောင်ထုရဲ့ ရောင်စုံမီးတွေကြားမှာ
တစ်ကိုယ်ထဲ လွင့်မျောရင်း
မလုံ့တလုံထီးတစ်ချောင်းနဲ့
စိတ်အာရုံများစွာထဲမှ မင်းအကြောင်းတွေကို
မနားတမ်းတွေးနေရင်း မိုးစက်တွေနဲ့အတူ
တစ်လမ်းဝင် တစ်လမ်းထွက်နှင့်
အခန်းဆက်တွေ သရုပ်ဆောင်နေရသလိုပဲ ...

ချမ်းစိမ့်နေတာလား
နွေးထွေးနေတာလား
သေချာတဲ့ သရုပ်ကတော့ စိုစွတ်ဆဲပေမယ့်
အနွေးဓါတ်တွေ ဖြန့်ကြတ်နေတယ် ...

အေးစက်စက် လက်တွေနဲ့
ငါ့ပါးပြင်ကို တယုတယစမ်းနေမိတယ်
ပါးချိုင့်လေးအဖြစ် တည်ရှိနေသလားလို့ ...

လျှပ်စီးတစ်ချက်အောက် မှင်သက်မိတဲ့အခါ
ထီးတစ်လက်အောက်က .. ငါ
ဆက်လျှောက်ရင်းပါ ..
ဦးတည်ရာအတွက် ....

တစ်ချက်တစ်ချက် လေပြည်အဝေ့မှာ
ပါးပြင်ထက် မိုးစက်တွေ ခုန်ဆင်းလာတာ
ချစ်သူ့အနမ်းတစ်ပွင့်ကိုများ
ခိုးယူလေမလား ...

အံကြိတ်လို့ ခါရမ်း
ပါးပြင်ထက် အနမ်းတစ်ပွင့်တော့
လွင့်ပါမသွားအောင် ..
ငါ .. တောင်းဆုပြုနေတယ် ...

အထက်နဲ့အောက် မိုးရေတွေကြားမှ
ဖြတ်လျှောက်နေတဲ့ ခြေလှမ်းနှင့်အတူ
မိုးကိုပဲ တမ်းတသလား
မိုးကိုပဲ မုန်းနေသလား
သေချာခြင်း တစ်ခုကတော့
မိုးရေတွေကြားမှာပဲ ချစ်သူကို
တမ်းတလို့ ချစ်နေတယ် ...

မိုးရနံ့တွေကြားမှာပဲ သူ့ကိုယ်ငွေ့ရနံ့လေးကို
အခါခါရှုရှိုက် မူးမိုက်နေတာ
မင်းသိနိုင်မလား ချစ်သူ ...

မိုးကိုမနှစ်သက်ပေမယ့်
မိုးစက်တွေအောက် ထီးတစ်လက်နှင့်
အတူရှိချိန်လေးမှာ..
ထွေးဖက်ခွင့်ရတဲ့ တဒင်္ဂလေးမို့
မိုးနှင့်အတူ မင်းကိုသိပ်ချစ်မိတယ် ...

ပြတင်းမှန်တွေကို မိုးစက်တွေလာအရိုက်
ခိုကာတွဲလို့ စီးမျောသွာတာငေးနေရင်းမှ
ရုတ်တရက် ငါ့လက်တစ်စုံက
တံခါးမှန်ကို တွန်းဖွင့်လို့
ပါးထိုးအပ်လိုက်တယ် ..
အနမ်းတစ်ပွင့် လှမ်းလင့်ခြွေမလားပဲ ...

အနမ်းပေါင်းများစွာ ပါးပြင်ထက်
အထပ်ထပ် ပုံအပ်သွားတယ် ..
တစ်ကယ်လား
ရူးသွပ်မှုလား
ရူးသွပ်ခြင်းကြားက တစ်ကယ်ဖြစ်တဲ့
မိုးစက်တွေရဲ့ အနမ်းပေါင်းများစွာ ...

အနမ်းများစွာအတွက် သက်ဆင်းခုန်ပေါက်နေတဲ့မိုးစက်တွေ
ငေးမောလို့ တွေဝေနေရင်း
အခန်းငယ်တစ်ခုလုံး မိုးငွေ့တွေနဲ့အတူ
သူတို့ နေရာအပြည့်ယူကျလေပြီ ...

အိပ်စက်ဖို့ဘုံပျောက်
အနမ်းတစ်ချက်နောက်ပဲ ဆက်လိုက်ရမလား
သူ့အနမ်းတစ်ချက် မှန်းဆင့်ကာပဲခြွေမလား
မျက်လုံးစုံမှိတ် အိပ်ဆေးတွေသောက်မလား
တွေဝေရင်း တွေဝေရင်း ..
'......' အသံတစ်ချက်
ရုတ်တရက်ဆိုသလို ..
ငါ.. တုန်ရင်သွားတယ် ....

အတွေးစတွေ ပျက်ပြယ်သွားရင်း
ကောင်ကင်ပြင် မော့အကြည့်
အိုး ... မိုးစက်တွေကွယ်ပျောက်
မနက်အချိန်ရောက်တာ
မသိလိုက်ခြင်းရဲ့ မြင်တွေ့ချင်းအချိန်ကြားကပေါ့ ...။

သူရူးစိတ်

ဆေးသားတစ်စက်မှ မကျန်အောင်
အရောင်ပြယ်လွင့်ခဲ့တဲ့ အိပ်မက်အကြောင်း
ငါ ... တစေ့တစောင်းနဲ့ လေ့လာမိနေဆဲ ...

ရေပြင်အပေါ် ဖြတ်တိုက်သွားတဲ့
လေပြည်ထုရဲ့ အားမာန်အပြုကြောင့်
ဝဲဂယက်ကြားမှာ စုန်းစုန်းမြုတ်ရမဲ့အဖြစ်တစ်ခုနဲ့
ငါ ... ရုန်းထွက်ဖို့ ခွန်အားမဲ့နေခဲ့တယ် ...

တစ်ကယ့်လက်တွေ့မှာ ငါ့အတွက်ကြမ္မာက
အကွက်ငယ်အတွင်းမှာ ရွက်ဖျင်ထိုးသလိုပဲ ..
အချိန်တန်ရင် ဖြစ်တည်ရာမှာ
အနှစ်ချီမပါတတ်သလို ..
အစသက်သက်မှာပဲ အဆုံးသတ်ကပေါ်လာတတ်တာ
ပွဲအစရဲ့ လှမ်းတပြစာထင်ပါရဲ့ ...

အဆိပ်ဆူးရယ် ..
သုတ်လိမ်းသူ သူ့အတွက်
တစ်ခါတစ်ရံမှ အဆိပ်သင့်တတ်ပေမယ့်
စိုက်ဝင်သူ အဖို့တော့
အဆိပ့်ရဲ့ရလဒ်တွေကို ခံစားရရင်း
တစ်နေကွယ်ပျောက်လို့
ခွေခေါက်ခဲ့တာ မင်းအသိနဲ့
မျော့စင်းထိနေပြီ ...

ငါ ... မလွမ်းပါဘူး
ငါ ... မဆန်းပါဘူး
ဒီလိုနဲ့ပဲ ဆန်းပြားတဲ့အဖြစ်တွေနဲ့
အလွမ်းရိုးကိုလည်း ..
ငါ .. ကျော်ဖြတ်နေရပြီ ...

အချင်းမိုင်မရှိတဲ့ အကွာအဝေးတစ်ခုအတွက်
နှိုင်းပြစရာမရှိ တိုင်းတာစရာမရှိနဲ့
လက်မှိုင်ကျနေတဲ့ ငါ့အသွေးအသားပေါ်ထွန်းမှု
ဒီအရေးအသားတွေကြား ..
ဗျာများခဲ့ရတာလည်း ကြာပါပြီ ...

အိပ်မက်တွေကို အကောင်ထည်ဖေါ်ရင်း
ဟိုးအဝေးက ..
ဥသြသံမပြုတဲ့ ရထားတစ်စင်း
ရိပ်ခနဲနဲ့ သိမ့်ကနဲဖြစ်သွားအောင်
ခုတ်မောင်းအသွား ..
ငါ့ရဲ့ .. စိတ်ကူးသရုပ်တွေလည်း
သူနှင့်အတူ လိုက်ပါစီးမျောရင်း
မှုန်ပြပြနဲ့ မှေးမှိန်ပျောက်ကွယ်ခဲ့ပြီ ...

ရင်ခုန်သံကျူးရင့် ..
နှလုံးသားတွေ တဆတ်ဆတ်နာကျင်ရင်း
မနာနိုင်တဲ့ ဒီအသည်းမှာ
တစ်ခါပြန်ပြီး မရနိုင်တာသိပေမယ့်
ဝေးခွင့်မရချင်တဲ့ စိတ်တွေက
အကြိမ်ကြိမ် နှိုးစက်သံပေးနေတယ် ...

လတ်ဆတ်ဆဲ အတိတ်နေ့ရက်တစ်ချို့ဟာ
အမှတ်ရဆဲ င့ါအသိတွေကြားမှာ
အလွမ်းမျက်နှာစာနဲ့ ဥပေက္ခာမူကို
လက်ဝယ်ပိုင်ဆိုင်မိနေသလား ...

စိတ္တဇလည်း .. မဆန်ပါဘူး
အိပ်မက်တွေလည်း .. မပျက်သုဉ်းဘူး
သို့ပေမယ့်လည်း ..
အလျင်းသင့်စွာနဲ့ပဲ အိပ်မက်တွေပျက်သုဉ်း
တစ်နေ့တာ ကုန်ဆုံးလို့
အို ... ပြောမဆုံးနိုင်တဲ့
စိတ္တဇဆန်အဖြစ်တွေ ..

ငါ .. မသိဘူး
ငါ .. မကြည့်ဘူး
ဒါပေမယ့် မင်းအကြည့်တွေအောက်မှာပဲ
င့ါရဲ့ မသိခြင်းတွေက
လိမ်ညာမှုအဖြစ် သရုပ်ပေါ်ခဲ့ရပြီ ...

မိုးစင်စင် မလင်းသေးဘူး
ညသန်းခေါင်လည်း မရောက်သေးဘူး
သို့ပေမယ့် ..
သန်းခေါင်ယံအောက်မှာပဲ
မိုးစင်စင်လင်းခဲ့တာ ကိုယ့်အတွေးကြားကပဲ
မင်းကြောင့်လို့ ထင်ပါရဲ့ ...

လွန့်လူးစွာနဲ့ အခြေမတည်နိုင်တဲ့
ဘ၀ကြားမှာပဲ ..
တစ်နေ့တာတွေကုန်ဆုံး
မနက်ခင်းစရဲ့ အာရုဏ်ဦးကို
မျှော်တွေးပြီး သူရူးစိတ်တွေနဲ့
ဘုံနန်းတစ်ခုကို ခြေတစ်လှမ်းနဲ့
ငါ .. ဆက်လျှောက်နေဆဲ ...