မညီညာတဲ့ စည်းပေါ်ကလူ

လေနှင်ရာ ရော်ရွက်ဝါတွေကြားမှာ
သွေဖီကာအံတုတိုက်တဲ့ လေအဟုန်ရယ် ..
လမ်းဆုံမှာ အလွမ်းတွေစုကာရစ်အောင်
တစ်နည်းတစ်ဖုံနဲ့ စိတ်မှုန်အောင်လုပ်နေရော့လား ...

ရွက်လွင့်ခြင်းရဲ့ ကမ္ဘာငယ်မှာ
အာသီသတစ်ခုနဲ့ တစ်ခါပြန်ညှိနေရတဲ့
ဘ၀သံစဉ်တွေကြား မေ့မရတဲ့နေ့ရက်တစ်ချို့က
ညည့်နက်ညတွေမှာ သက်ပြင်းတစ်ချက်နဲ့
ကဗျာဟာ ထွက်သက်ပြင်းနေတယ် ...

အမှောင်ထုရဲ့ ယူဆောင်မှုအပြည့်မှာ
တေလေစိတ်တွေနဲ့ အရှိန်တက်နေတဲ့ဒီခေတ်ထဲ
လွမ်းသလိုဆွေးသလို တစ်ခန်းပိုခဲ့တာလည်း
ချစ်တတ်တဲ့ ဒီရင်ဘတ်မှာ
ကဗျာဟာ ၀ိညာဉ်မဲ့နေတယ် ...

အလွမ်းတွေကပိုကရိုနဲ့ အနမ်းတွေခြေတိုခဲ့တာ
ကြည့်ကောင်းတဲ့ ပြဇာတ်တစ်ပုဒ်ရဲ့
အဆွေးသံစဉ်မှာပဲ အတွေးစစ်ခင်းနေရပြီ ...

စောနေရင် အပိုပဲ ..
နောက်ကျရင် ဆက်သွား ..
ဒီသံသရာခရီးက လှည့်ပြန်ဖို့မရဘူး
ဒါ ...လမ်းအစရဲ့နိဂုံးလား ...

ဝမ်းတစ်ထွာ ဖြည့်ဖို့အတွက်
အလုပ်ကိုယ်စီတွေနဲ့ ရှင်သန်နေတဲ့လူတွေကြား
ငါသည်လည်းပဲ ...
အိတ်ကပ်ကိုလက်နှိုက် စိတ်စရိုက်က
ပိုက်ဆံနတ္ထိကြားမှာ လွင့်ပါမျောသွားပြန်တယ် ...

ဂုဏ်မဖေါ်တတ်ပေမယ့် ဂုဏ်ဖေါ်မက်လို့
ပုံပေါ်ပျက်နေတဲ့ ၀န်းကျင်တစ်ချို့အလယ်
ငါ .. ခြေခေါက်လဲတဲ့အဖြစ်က
တဆစ်ဆစ်နဲ့ အတွင်းဒဏ်ကိုဖြစ်လို့ ...

ငါ့ဘ၀မှာ ..
အချစ်အငြိနဲ့ ရပ်တည်မှုတစ်ခုအောက်
ဘ၀ပေး ကံဆင်းရဲမှုတွေက
စာနာမှု နှိုင်းမှီစရာတွေနဲ့ဆို
အချစ်ဟာ အကာအကွယ်တစ်ခုနဲ့
ပုံဖေါ်စက် အသွင်လား ...

င့ါကိုယ်ငါ ထုဆစ်နေတဲ့
ရုပ်အဆင်းတစ်ခုမှာ ရုပ်လုံးပေါ်ဖို့ကြိုးစားနေရင်း
မပီပြင်သေးပေမယ့် ဒီဝန်းကျင်ဘေးမှာ
အစအနများစွာ ကြွင်းကျန်မှုနှင့်အတူ
ရုပ်သဏ္ဍာန်အဖြစ်တော့
အနှေးနှင့်အမြန် တည်ရှိမှာပါ ...

တစ်ကိုယ်ကောင်းဆန်
အတ္တတွေဖိစီး စိတ်မာန်တွေတင်းနေတဲ့
လူ့စိတ်အစုံမှာ
ဘ၀ကိုကလည်း စုတ်ချက်အောက်က
အဖြည့်ခံ အဖြစ်လိုပါပဲ ...

မိုးမှောင်ကျတယ်ဆိုမှ
လေပြင်းတွေ ခြွေချလိုက်တာ
င့ါစိတ်တွေလည်း ဟိုးအဝေးဆုံးက
ကမ္ဘာတစ်ဖက်စွန်းအထိ
မညီမညာ အတိမ်းအစောင်းတွေနဲ့
လွင့်စင်ရင်း အနာတရအဖြစ်
ဒဏ်ရာထက်မှာလည်း အိပ်စက်ဖူးပါတယ် ...

နေ့ည ပြောင်းလဲခြင်းတွေနောက်
ချစ်သူပေးတဲ့ နွေးထွေးမှုနှင့်အတူ
ဘ၀ကို ပြောင်းပြန်အချိုးကျရင်
“ တစ် ” မဟုတ်တဲ့ “ သုည ” ဖြစ်ခြင်းအဖြစ်
ရှေ့ဆက်လျှောက်မဲ့ အနာဂတ်ကို ,
သူသိပါစ ..တန်ဖိုးမမဲ့တဲ့ သုညကိုလေ ...

ဘ၀ရယ် ..
ရိုးသားပါတဲ့ စိတ်အရင်းခံတစ်ခုမှာ
မရိုးမသား ဆက်ဆံခြင်းတွေကြား
ရှေ့ဆက်တိုးမလား ..
နောက်ပြန်ဆုတ်မလား ..
သေချာတာ တစ်ခုကတော့
ငါဟာ ... စည်းပေါ်ကလူပါ ...

10 comments:

Anonymous said...

ကဗျာလေးက ဘဝဒဿန လိုလို၊ တရားရစရာလိုလို၊ လူ့သဘာဝတွေ ဖော်ပြသလိုလို၊ လူ့ဘဝ ငြီးငွေ့စရာတွေလိုလို။
လိုလို၊ လိုလို တွေရေးလို့ ဝေဖန်တယ် မထင်နဲ့ ရသစုံပါတယ်လို့ ပြောမလို့နော် ဟဲဟဲ..။

နေရီနွယ် said...

ကဗျာလာဖတ်သွားတယ် အကိုကြီး

မြစ်ကျိုးအင်း said...

ကဗျာရှည်ကြီးဖတ်ပြီးတော့ ခံစားချက်တွေ နဲ့ နဲနဲမော
သွားသလိုပဲ ....ကဗျာရဲ့ဆွဲအားအောက်မှာ တဆက်ထဲ ပြီးတဲ့အထိ မနားတမ်း ဖတ်မိလိုက်တယ်လေ...
ဘ၀ရဲ့ အမောတွေ ဒဿန ဆန်ဆန် ဖွဲ့ထားတဲံ မော်ဒန် ကဗျာကောင်လေးလို့ ထင်မိတယ်..။

ကောင်းကင်ပြာ said...

ကဗျာက မြင့်တယ် တို့ လိုက်မမှီဘူး

su wai said...

မိုးမှောင်ကျတယ်ဆိုမှ
လေပြင်းတွေ ခြွေချလိုက်တာ
င့ါစိတ်တွေလည်း ဟိုးအဝေးဆုံးက
ကမ္ဘာတစ်ဖက်စွန်းအထိ
မညီမညာ အတိမ်းအစောင်းတွေနဲ့
လွင့်စင်ရင်း အနာတရအဖြစ်
ဒဏ်ရာထက်မှာလည်း အိပ်စက်ဖူးပါတယ် ...

အရမ်းကြိုက်မိတဲ့ အပိုဒ်လေးပါပဲ...

ကဗျာလေးကို အခါခါပြန်ဖတ်ရင်း ကိုယ်တိုင်လဲ စည်းပေါ်ကလူတစ်ယောက်များ ဖြစ်နေလားလို့ တွေးမိတယ်။ လှည့်ပြန်လို့ မရတဲ့ သံသရာခရီးမှာ ဘ၀သံစဉ်တွေကို ကြိုးစားညှိယူရင်း ဆက်လျှောက်နေရမှာပါပဲ။

အရည်အတွက်ထက် အရည်အသွေးက ပိုတန်ဖိုးရှိတာမို့ တစ်ပုဒ်ဆို ဆိုသလောက် ကဗျာကောင်းတွေ ဆက်တွေး ဆက်ရေးနိုင်ပါစေ အရုပ်လေးရေ...။

Unknown said...

ငါ့ကို ငါထုဆစ်ဖို့ ကြိုးစားရင်း . .. .
ဆိုတဲ့ စာပုဒ်လေးက အရမ်းကို အဓိပါယ်ရှိတယ်။ အရမ်း ကြိုက်တယ်။ နောက်ထပ် ဒီလို ကဗျာတွေ များများထပ်ရေးနိုင်ပါစေလို့ . . . .

lovelessguiter said...

ကဗျာအရှည်ကြီးကို သေချာဖတ်သွားတယ်သယ်ရင်းရေ... ဒီအရှည်ကြီးထဲမှာမှ ရင်ထဲကို ထိမိလိုက်တဲ့ တစ်ကြောင်းကတော့

စောနေရင် အပိုပဲ ..
နောက်ကျရင် ဆက်သွား ..
ဒီသံသရာခရီးက လှည့်ပြန်ဖို့မရဘူး
ဒါ ...လမ်းအစရဲ့နိဂုံးလား ...

ကောင်းလိုက်တာ.... ငါလည်း မင်းလိုမျိုးရေးတတ်ချင်တယ်လာတယ်ကွာ...

မသက်ဇင် said...

“ တစ် ” မဟုတ်တဲ့ “ သုည ” ဖြစ်ခြင်းအဖြစ်
ရှေ့ဆက်လျှောက်မဲ့ အနာဂတ်ကို ,
သူသိပါစ ..တန်ဖိုးမမဲ့တဲ့ သုညကိုလေ ...

ကဗျာဆရာလေးရေ
အစ်မတော်မအားဘူးဖြစ်နေတယ်
ကဗျာရှည်တပုဒ်လုံးကောင်းတယ်
သုညတွေဟာတန်ဘိုးကြီးလှပါတယ်
ခင်မင်စွာဖြင့်

mgnge said...

ဖတ်ရင်းနဲ့ မျောသွားတယ်..
ကိုယ့်ကိုယ်ကိုလည်း ပြန်တွေးကြည့်တယ်.. ။တစ်ခါ တစ်ခါတော့လည်း ကိုယ်တိုင်က စည်းပေါ်မှာရပ်နေမိ တဲ့
အဖြစ်မျိုးတွေတော်တော်များများ ကြုံနေ၇တယ် ဗျာ..။

မယ့်ကိုး said...

ဆန်းသစ်လှပတဲ့စကားလုံးတွေနဲ့  ကဗျာအတွေးလေးကို နှစ်သက်မိပါတယ်။