မာန စီးချင်း

အစ်ကို “ မင်းသုခ(MTK)” က ကျွန်တော့်အတွက် အမှတ်တရ ပေးတဲ့ ကဗျာလေးပါ ..။


ချစ်ခြင်းတွေကပဲ ကန်းစေခဲ့တာလား
မြတ်နိုးခြင်းတွေကပဲ ဆွံ့အစေခဲ့တာလား
ဘယ်ဘက်ရင်အုံတည့်တည့်က မြားချက်
ကြေကွဲခြင်းတွေ တစ်စက်စက်ကျမှ....

လောကဓံက ခင်းပေးတဲ့ဖျာတစ်ချပ်မှာ
ကံပစ်ချလိုက်သလို အနေအထိုင်မတတ်
သူမ ကြည့်တတ်သလို လိုက်ကြည့်ဖို့ကြိုးစားရင်း
ရင်ဘတ်ကနွေးနေသလောက်
ကြောင့်ကြမူတွေက ကျောပြင်မှာနက်နက်ရှိုင်းရှိုင်းစိုက်ဝင်လို့...

သံယောဇဉ်ဆိုတာကလဲ
ကိုယ်တိုင်လောင်ကျွမ်းပြီး
ကြွေမကျခင်အထိ လမ်းပြနေချင်တဲ့
ကြယ်တစ်စင်းလို ..
မရေရာတဲ့ ဆုတောင်းခြင်း သက်သက်
နားလည်မူတွေကို ပက်ချင်နဲ့သောက်နေရတဲ့အဖြစ်...

လိပ်စာရှာနေတဲ့ မြားဦးမှာ...
အချစ်ကိုမင်းဝတ်တန်ဆာလို
ပိုင်ဆိုင်မူအတွက်
ရာမယဏက ဒဿဂီရိကို ပစ်တဲ့မြား
အာဃာတအငြိုးနဲ့
တာဝန်တစ်ခုအတွက်
သောနုတ္တရကမင်း ဆဒ္ဒန်ကိုပစ်တဲ့မြား
အပျင်းပြေကစားရင်း
အမြင်လေးတစ်ချက်မှားတဲ့အတွက်
ပဠိယက္ခက သုဝဏ္ဏသျှံကိုပစ်တဲ့မြား
ရယူပိုင်ဆိုင်လိုတဲ့
တက်မက်ခြင်းအတွက်
ဗြဟ္မဒတ်မင်းက စန္ဒကိန္ဒရီကိုပစ်တဲ့မြား .....
ပစ္စည်းမဲ့တစ်ယောက်ရဲ့
အလင်းလက်ဆုံးတောက်ပမှုဟာ
ဂုဏ်သိက္ခာပါးပါးလေးပါ ....
တစ်စစပြိုကွဲလာတဲ့ အခန်းငယ်လေးထဲက
အက်ကြောင်းရာတွေရေတွက်ရင်း
သူမနဲ့ ကျနော် စီးချင်းမှာ
စံအိမ်ကို စိန်နဲ့ မွှမ်းပေးချင်တဲ့ အချစ်က
ကိုယ့်ရင်ဝ စိုက်မဲ့မြား
ကိုယ်တိုင် နှလုံးသားတဲ့တဲ့မှာ
ကိုင်ပေးထားခဲ့တဲ့အဖြစ်
ဒီနေ့ထက်ထိသူမ မသိခဲ့တာလား
ဒါမှမဟုတ်....
သူမ မပစ်ခဲ့ပါဘူးလို့ ပြောနေမလား...
ကျနော့် ရင်ဝမှာတော့ မြားတန်းလန်းနဲ့လေ...။

အစ်ကို “ မင်းသုခ(MTK)” ရဲ့ ကဗျာလေးအတွက် လေးစားတန်ဘိုးထားသလို ကျေးဇူးကမ္ဘာပါ ...။

20 comments:

နေရီနွယ် said...

ချစ်ခြင်းတွေ မြတ်နိုးခြင်းတွေနဲ့  သံယောဇဉ် တွေဆို
တာ တခါတရံ ကိုယ့်နှလုံးသားကို ထိုးဖောက်မယ့် မြားတစ်ချောင်းပဲ နော်... ကဗျာလေးက လေးနက်ပြည့်စုံ မှု့ကိုခံစားရပါတယ်
ဆရာ “မင်းသုခ” ရဲ့ “မာနစီးချင်း” ကဗျာလေးကို အရမ်းနှစ်သက်မိပါတယ်

thinzar said...

အရမ်းထိမိတဲ့စာသားတွေပဲ...။
ခံစားချက်ကို ဖောက်ထွင်းမြင်နေရသလိုပါပဲ...။

သဇင်ဏီ said...

တကယ်ခံစားလို့ရတဲ့ ကဗျာကောင်းတစ်ပုဒ်ပါ

သဇင်ဏီ said...

တကယ်ခံစားလို့ရတဲ့ ကဗျာကောင်းတစ်ပုဒ်ပါ

ကောင်းကင်ပြာ said...

လောကဓံက ခင်းပေးတဲ့ဖျာတစ်ချပ်မှာ
ကံပစ်ချလိုက်သလို အနေအထိုင်မတတ်
သူမ ကြည့်တတ်သလို လိုက်ကြည့်ဖို့ကြိုးစားရင်း
ရင်ဘတ်ကနွေးနေသလောက်
ကြောင့်ကြမူတွေက ကျောပြင်မှာနက်နက်ရှိုင်းရှိုင်းစိုက်ဝင်လို့...

ရင်ထဲ ထိတယ်

ဇော်ထွန်း said...

ကျတော် လာရောက်လို့ မျှဝေခံစားသွားခဲ့ပါတယ်

Anonymous said...

ပစ္စည်းမဲ့တစ်ယောက်ရဲ့
အလင်းလက်ဆုံးတောက်ပမှုဟာ
ဂုဏ်သိက္ခာပါးပါးလေးပါ ....
ကောင်းလိုက်တဲ့ ကဗျာလေးပါပဲ အကိုရေ

khin oo may said...

ကဗျာကလေးကောင်းလိုက်တာ။

mgnge said...

တကယ်ပါ.. ခံစားချက်တွေဖော်သွားတာ စကာလုံးယူသွား တာတွေတော်တော် ကောင်းပါတယ်..။

တကယ်နှစ်သက်မိပါရဲ့ဗျာ..။

ပန်းခင်းလေး said...

ကဗျာကောင်းလေးတစ်ပုဒ်ကို ခံစားသွားတယ်နော်
ပျော်ရွှင်ပါစေ!

lovelessguiter said...

ကောင်းလိုက်တဲ့ ကဗျာကွာ.
ကဗျာလေးက ရင်ဝကို တကယ်မြားတန်းလန်းဖြစ်သွားစေတယ်...

minn thuka said...

ညီလေးရေ...လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကဆို စာရေးဆရာလို့ ခေါ်ရင် ထမင်းတစ်ပတ်လောက်
မစားပဲ ကြည်နူးနေမိမှာ ((ခေါက်ဆွဲပဲစားမှာ))
အခုတော့ ကျေးဇူးပြုပြီး စာရေးဆရာဆိုတာဖြုတ်ပေးပါ...။
ဆင်တော်နဲ့ ခလောက် ဖြစ်နေလို့
ဘာဖြစ်ဖြစ်ကျေးဇူးနော်....

နွေဆူးလင်္ကာ said...

ကဗျာလေးက မြင့်တယ်ဗျ။ စကားလုံးတွေကြွယ်တယ်။ ဖတ်လို့ ကောင်းပါတယ်

Eaindra said...

အကို...

ဘယ်ကနေဘယ်လို

အရုပ်ကလေးနဲ့ အပေါင်းအသင်းဖြစ်သွားလဲ..

သက်တူရွယ်တူဆိုတော့..

(ဟားဟား..)

ဖတ်နေတုန်း ပဲ
ကဗျာထဲက ခံစာချက်တွေ...
ပျော်ကျကုန်ပါရော..

အိန္ဒြာ

Tun Tun said...

စံအိမ်ကို စိန်နဲ့ မွှမ်းပေးချင်တဲ့ အချစ်က
ကိုယ့်ရင်ဝ စိုက်မဲ့မြား
ကိုယ်တိုင် နှလုံးသားတဲ့တဲ့မှာ
ကိုင်ပေးထားခဲ့တဲ့အဖြစ်
ဒီနေ့ထက်ထိသူမ မသိခဲ့တာလား
ကောင်းတယ်ဗျာ

su wai said...

သံယောဇဉ်ဆိုတာကလဲ
ကိုယ်တိုင်လောင်ကျွမ်းပြီး
ကြွေမကျခင်အထိ လမ်းပြနေချင်တဲ့
ကြယ်တစ်စင်းလို ..

ကဗျာထဲက စကားလုံးတွေရဲ့ မြားချက်က ရင်ကိုတည့်တည့် ထိတယ်..

ကဗျာကောင်းတစ်ပုဒ် ဖတ်ခွင့်ရတဲ့အတွက် ကိုမင်းသုခနဲ့ အရုပ်လေးကို ကျေးဇူးအထူးပါ။

emayarKhin said...

ကဗျာကောင်းကိုမျှဝေပေးတဲ့
အတွက်အရုပ်ကလေးရေ..ကျေးဇူးးးးး

မင်္ဂလာပါ .... said...

ကဗျာလေး အ၇မ်းကောင်းတယ် ....။

မယ့်ကိုး said...

ကဗျာကောင်းလေးကို မျှဝေပေးတဲ့အတွက် ကျေးဇူးအထူးပါ။...

Lucifer said...

ကဗျာကောင်းလေးပါကိုဖတ်ရလို့ ဝမ်းသာပါတယ်... တစ်ခါတစ်ရန် မာနတွေများနေရင်တောင် မမီးမှာပင်ပမ်းရတယ်.. မာနချင်း စီးချင်းထိုးရင် မလွယ်ပါဘူး..