ကလေးအတွေး

လူကြီးမင်း ..
ကမ္ဘာကြီးက ဘယ်လိုလည်နေတာလဲ
သင်သိရင် တဆိတ်လောက်ပြောပြပါလား
အကျွန်သိတဲ့ အလည်ဆိုတာ
ဂျင်အဖြစ်နဲ့ မြင်တွေ့ခဲ့ရတဲ့ အရာလေးတစ်ခုမို့ ..
ဂျင်လှည့်ပတ်မှုနဲ့ ကမ္ဘာလှည့်ပတ်မှု ဘာကွာသလဲ
အကျွန် သင့်ကိုမေးတာ..
သင်လည်း လည်ပတ်အားကောင်းတဲ့ သူဆိုတာ သိထားလို့ပါ ...

လူကြီးမင်း ..
လူမှုရေးနယ်ပယ်မှာ နေတာလား
ဟန်ဆောင်မှုအပြည့်နဲ့ အပြုံးမျက်နှာတွေဖန်တီး
စည်းမျဉ်းတွေခွာချလို့
အကျွန့်ဆီလာရင်တောင်
နားထောင်ပေးနိုင်တဲ့ စွမ်းရည်အပြည့်တော့ယူခဲ့ပေးပါ ...

လူကြီးမင်း ..
အကျွန့်မှာ အပြစ်ရှိတယ်
အပြစ်ပေးပါ ..
စစ်ဆေးမယ်ဆိုလည်း တစ်ယောက်ထဲသာ စစ်ဆေးပါတော့
သင့်ကို ချွေးသိပ်ဖို့မဟုတ်..
မျက်နှာကြီးတွေကြား သင့်လုပ်ရပ်မမှန်တာတွေ မမြင်လို၍အတွက်သာ ...

လူကြီးမင်း ..
သင့်မှာ တာဝန်ရှိလား
ဆက်လုပ်ပါ ..
အကျွန့်အတွက် သင့်ကျင့်ဝတ် မပျက်ပါစေနဲ့
တစ်ခုတော့ လိုအပ်လိမ့်မယ်..
အဲဒါ အမှန်တရား ...

လူကြီးမင်း ..
သင့်အိမ်မှာ အံဝှက်ရှိလား
ရှိခဲ့မယ်ဆို အကျွန့်စိတ်ကူးယဉ်ခြင်းမှာ
အံဝှက်တစ်ခုရဲ့ သော့တစ်ချောင်းဖြစ်ချင်ပါရဲ့
သင်လိုတဲ့အခါ အဖြည့်ခံတစ်ခုအဖြစ်ပေါ့
သတိတစ်ခုတော့ ပေးမယ်
ဂရုတစိုက်တော့ သိမ်းထားပေးပါ..
သင်လိုအပ်ပြန်တဲ့အခါ ဖွင့်ဖို့ခက်ခဲရင်
သင် .. ဇောချွေးပြန်လိ့မ်မယ်
ဒါ .. သင့် ပေါ့လျော့မှု ...

လူကြီးမင်း ..
ကားအကောင်းစားကြီးတွေ ဘယ်နှစ်စီးလဲ
အကျွန့်မှာလည်း ကားဘီးနတ်တစ်လုံးတော့ရှိတယ် ..
အထင်တော့ မသေးနဲ့နော်
သင့်ကားဘီး အရစ်ပြုန်းနေတယ် ..
လိုအပ်မှာပါ .. ယူသုံးကြည့်
တစ်ပြားမှ ပေးစရာမလို ..
အကျွန်လည်း ကောက်တွေ့ထား၍သာ ...

လူကြီးမင်း ..
ခြသေံင်္ ၊ ကျားတွေ ဟိန်းဟောက်တာကို
အကျွန်မြင်ဖူးခဲ့တယ် ..
သင် .. ဟိန်းဟောက်တာ လူတစ်ချို့ ပြောသံကြားတယ်
အကျွန့််ကို တစ်ခေါက်လောက် ဟိန်းဟောက်ပြပါလား
သင်ဟာ ဘယ်လိုအသံသြဇာနဲ့ ဟိန်းဟောက်သလဲဆိုတာ
သိချင်လှပါဘိ ...

လူကြီးမင်း ..
သင်ဘယ်အရွယ်က စ ကျောင်းနေလဲ
အကျွန်ကတော့ သူငယ်တန်း (၁၄)ခါပဲ နေဖူးတယ်..
အကျွန့်ထက် သင်တော်တာသိသလို
အဲဒီအတွက်လည်း သင်ဟာ လူတောတိုးနေနိုင်တယ်
တစ်စုံတစ်ခုအတွက် တစ်စုံတစ်ချို့လူတွေ
အိတ်ကပ်ကို ပိတ်ထားဖို့တော့ လိုအပ်မယ် ...

လူကြီးမင်း ..
ရောင်ဝါနေမင်းရဲ့ နေ၀င်ညနေကို မြင်ဖူးလား
အသင်လိုက်နိုင်မယ်ဆို အကျွန်လိုက်ပြမယ်..
အရောင်စုံလှတဲ့ မွန်းကြပ်မှုဆေးရောင်စုံကြားက .. သင်
အသွင်သစ်တစ်ခုကို ရစေချင်လှလို့ပါ ..
ကြည့်ဖို့အတွက် ငွေမလိုဘူး
သင့်စိတ်တစ်ခုပဲ ..အဲမှာတော့ ခြေလှမ်းကပ်ပါမယ် ...

လူကြီးမင်း ..
အိပ်ချိန် ပုံမှန်ရောရှိလား
သခင့်ကျေးဇူးနဲ့ စိတ်အရူးတစ်ပိုင်းနဲ့ အကျွန်
ဖတ်စရာ လေ့လာစရာများနဲ့
အိပ်ချိန်တဒင်္ဂမှာတော့ အိပ်ပျော်လျှက်ပါ
သင်ရော ..
မနက်အတွက် ညကတည်းက
အိပ်မပျော်ဘူး မဟုတ်လား ...

လူကြီးမင်း ..
စကားကောင်းနေတာ ..
သင့်တာဝန်မလား ..
အကျွန့်ကို ဘယ်ပို့ဆောင်မလဲ ..
နေ၀င်တာကို ကြည့်ရင်း
ဆောင်ရွက်ပါတော့ ..။

12 comments:

minn thuka said...

ဒါပေမဲ့ စကားလုံးတွေ ဘာလို့များ အားတွေလျော့ချ လိုက်တာလဲ
ဦးပေါ်ဦးလို တစ်ဖက်ကမ်းခုန်တော့မဲ့ အတိုင်းပါလို့
တမင်ရှောင်ရေးလိုက်တာလား...
ဥပမာဗျာ...ဟိတ်လူ နေရာမှာ လူကြီးမင်း လို့သုံးလိုက်ရင်
ဘာကိုရည်ရွယ်တာ ပိုပေါ်လွင်
မလားလို့...
ရှေ့ပိုင်းမှာတင်ထားတဲ့ ကဗျာတွေမှာ လက်ကျကောင်းကောင်းလေးတွေ
အများကြီးပါ...
"ဟိတ်လူ ..
သင့်မှာ တာဝန်ရှိလား
ဆက်လုပ်ပါ ..
အကျွန့်အတွက် သင့်ကျင့်ဝတ် မပျက်ပါစေနဲ့
တစ်ခုတော့ လိုအပ်လိမ့်မယ်..
အဲဒါ အမှန်တရား ... "
ကဗျာ ဆရာရဲ့ ပေါက်ကွဲမှုက ဟိတ်လူလို့ သုံးလိုက်တော့ ပြန့်သွားတယ်..
လူကြီးမင်း လို့ သုံးလိုက်ရင် " လူ..ကြီး..မင်း " အဲဒီ သုံးလုံးက ဆိုလိုချင်တဲ့
သရော်မှုကို ပိုမြင်စေမလားပဲ...
နားလည်ပေး နိုင်တာက...ကဗျာဆရာ က သူ့အမေ မျက်နှာ
မနက်မှာအေးအေးချမ်းချမ်းတွေ့ချင်သေးတော့
ဒီလို စကားလုံးတွေကို ချော့(တမင်ရေးတာ)ချလိုက်ရပုံပါပဲ...

" အိပ်ချိန် ပုံမှန်ရောရှိလား
သခင့်ကျေးဇူးနဲ့ စိတ်အရူးတစ်ပိုင်းနဲ့ အကျွန်
ဖတ်စရာ လေ့လာစရာများနဲ့
အိပ်ချိန်တဒင်္ဂမှာတော့ အိပ်ပျော်လျှက်ပါ
သင်ရော ..
မနက်အတွက် ညကတည်းက
အိပ်မပျော်ဘူး မဟုတ်လား ..."
ပြန်တိုက်ချင်ပေမဲ့ အသိုက်ပါဖျက်ခံရမဲ့ ငှက်တစ်ကောင်လို
မီးတောက်နေတဲ့မျက်လုံးနဲ့ပဲ တတ်နိုင်သမျှ ဝှက်ကြည့်လိုက်တာ နားလည်ပေးပါတယ်...
ဒီလို ဘဝတွေ ဘယ်လောက်များနေပြီလဲ ....။

minn thuka said...

ပြေးလမ်းပေါ် ချခံလိုက်ရတဲ့ ရထားတစ်စင်းလို
ကိုယ်လိုရာ မောင်းနှင်ခွင့်မရှိတဲ့ အဖြစ် ကဗျာဆရာစိတ်ထဲ ဖြစ်နေသလား...
ရည်ရွယ်ချက်...ပြချင်တာလေးက ကောင်းပါတယ်..
ဒါပေမဲ့ စကားလုံးတွေ ဘာလို့များ အားတွေလျော့ချ လိုက်တာလဲ
ဦးပေါ်ဦးလို တစ်ဖက်ကမ်းခုန်တော့မဲ့ အတိုင်းပါလို့
တမင်ရှောင်ရေးလိုက်တာလား...
ဥပမာဗျာ...ဟိတ်လူ နေရာမှာ လူကြီးမင်း လို့သုံးလိုက်ရင်
ဘာကိုရည်ရွယ်တာ ပိုပေါ်လွင်
မလားလို့...
ရှေ့ပိုင်းမှာတင်ထားတဲ့ ကဗျာတွေမှာ လက်ကျကောင်းကောင်းလေးတွေ
အများကြီးပါ...
"ဟိတ်လူ ..
သင့်မှာ တာဝန်ရှိလား
ဆက်လုပ်ပါ ..
အကျွန့်အတွက် သင့်ကျင့်ဝတ် မပျက်ပါစေနဲ့
တစ်ခုတော့ လိုအပ်လိမ့်မယ်..
အဲဒါ အမှန်တရား ... "
ကဗျာ ဆရာရဲ့ ပေါက်ကွဲမှုက ဟိတ်လူလို့ သုံးလိုက်တော့ ပြန့်သွားတယ်..
လူကြီးမင်း လို့ သုံးလိုက်ရင် " လူ..ကြီး..မင်း " အဲဒီ သုံးလုံးက ဆိုလိုချင်တဲ့
သရော်မှုကို ပိုမြင်စေမလားပဲ...
နားလည်ပေး နိုင်တာက...ကဗျာဆရာ က သူ့အမေ မျက်နှာ
မနက်မှာအေးအေးချမ်းချမ်းတွေ့ချင်သေးတော့
ဒီလို စကားလုံးတွေကို ချော့(တမင်ရေးတာ)ချလိုက်ရပုံပါပဲ...

" အိပ်ချိန် ပုံမှန်ရောရှိလား
သခင့်ကျေးဇူးနဲ့ စိတ်အရူးတစ်ပိုင်းနဲ့ အကျွန်
ဖတ်စရာ လေ့လာစရာများနဲ့
အိပ်ချိန်တဒင်္ဂမှာတော့ အိပ်ပျော်လျှက်ပါ
သင်ရော ..
မနက်အတွက် ညကတည်းက
အိပ်မပျော်ဘူး မဟုတ်လား ..."
ပြန်တိုက်ချင်ပေမဲ့ အသိုက်ပါဖျက်ခံရမဲ့ ငှက်တစ်ကောင်လို
မီးတောက်နေတဲ့မျက်လုံးနဲ့ပဲ တတ်နိုင်သမျှ ဝှက်ကြည့်လိုက်တာ နားလည်ပေးပါတယ်...
ဒီလို ဘဝတွေ ဘယ်လောက်များနေပြီလဲ ....။

အရုပ်ကလေး said...

ဟိတ်လူ နေရာမှာ လူကြီးမင်း ဆိုတာ ပြန်ပြင်လိုက်ပါတယ် အစ်ကို ..
ကဗျာကို ပေါ်လွင်စေအောင် အကြံပေးတာ ကျေးဇူးကမ္ဘာ

အရုပ်ကလေး said...

ဆိုလိုချင်တဲ့ အကြောင်းတွေကတော့ အများကြီးပဲ ..
သိုပေမယ့် ..ကိုယ့်ပတ်ဝန်းကျင် ကျဉ်းကျဉ်းကလေးမှာပဲ
လူကြီးမင်း ဖြစ်နေတဲ့ အာဘော်တစ်ချို့ကို တစ်ညတစ်လေမှာ ကြားခဲ့ရတာလေးကို ပြန်လည်ရေးဖွဲ့ခြင်း သက်သက်ပါ ..အစ်ကို
ချော့တော့ ချော့ပေါ့ ...။

su wai said...

ကလေးအတွေး....လို့ ပြောထားပေမယ့် တချို့အကြောင်းအရာတွေကို မနည်း လိုက်တွေးကြည့်ရတယ်။

ကိုယ့်ကိုယ်ကိုယ် အဟုတ်ထင်နေတဲ့ လူကြီးတွေရဲ့ အပြုအမူ၊ စိတ်နေစိတ်ထား၊ လုပ်ရပ်အချို့ကို ကလေးတစ်ယောက်အနေနဲ့ မြင်ကြည့်ပြီး သရော်ထားတဲ့ ကဗျာတစ်ပုဒ်လို့ ထင်ပါတယ်။

ကဗျာဆရာရဲ့ ရင်ထဲက ပြောချင်တဲ့စကားတွေကို အမိအရ ဖမ်းဆုပ်နိုင်ဖို့ မလွယ်ကူလို့ ကိုယ်နားလည်သလောက် ခံစားသွားတယ်။

ကဗျာတစ်ပိုဒ်ချင်းစီရဲ့ အစမှာ လူကြီးမင်း... လို့ သုံးထားတာလေးက ကဗျာရဲ့ သရုပ်ကို ပိုပေါ်လွင်စေသွားသလိုပါပဲ။

စူးရှတဲ့အမြင်နဲ့ လူတွေရဲ့ စိတ်ကို ထွင်းဖောက်ကြည့်နိုင်ပြီး အတွေးထက်ထက် အရေးသွက်သွက်နဲ့ ကဗျာတွေ ဒီထက်မက ရေးနိုင်ပါစေ ကလေးလေးရေ :)

ခင်တဲ့
ဆုဝေ

Eaindra said...

လူကြီးမင်း ..
စကားကောင်းနေတာ ..
သင့်တာဝန်မလား ..
အကျွန့်ကို ဘယ်ပို့ဆောင်မလဲ ..
နေ၀င်တာကို ကြည့်ရင်း
ဆောင်ရွက်ပါတော့ ..။

ွှကလေးတွေးထားတယ် မထင်ရပါဘူး...

အရုပ်ကလေး said...

ကလေး မဟုတ်တဲ့ လူလတ်လေး တွေးထားတာပေါ့ ..
မကြီး ပြောသလိုဆို .. ဟိ

နေရီနွယ် said...

အကိုကြီးရေ “ကလေးအတွေး”လည်း မဟုတ်ဘူး အသုံးအနှုန်း တွေက သိုသိပ်ထိမိ လွန်းတယ်.... ၃ ခေါက်လောက်ဖတ်မှ ကဗျာဆရာ သဘောကို ရေးရေးနားလည်သလိုရှိတယ် ... “လူကြီးမင်း ..
လူမှုရေးနယ်ပယ်မှာ နေတာလား
ဟန်ဆောင်မှုအပြည့်နဲ့ အပြုံးမျက်နှာတွေဖန်တီး
စည်းမျဉ်းတွေခွာချလို့
အကျွန့်ဆီလာရင်တောင်
နားထောင်ပေးနိုင်တဲ့ စွမ်းရည်အပြည့်တော့ယူခဲ့ပေးပါ ...”

မယ့်ကိုး said...

ကလေးအတွေး လူငယ်တစ်ယောက်အတွေးလေးက ဆန်းသစ်လှပါတယ်။ အစ်ကို မင်းသုခက လူကြီးမင်းလို့  စေတနာနဲ့ ပြင်ပေးတာကို သဘောကျတယ်။
ဒီလို ပရိသတ်တစ်ယောက်ရထားတာ အရုပ်ကလေး ကံကောင်းလိုက်တာ။

Anonymous said...

ကဘာကြီးက ဂျင်လောက်လည်တာ မမြန်ဘူး၊ ဒါပေမဲ့ အဆုံးမရှိတဲ့ လည်ပါတ်ခြင်းနဲ့ လည်နေတာပါ။ ဂျင်ကျတော့ တချိန်မှာ ရပ်သွားပါတယ်။
စွမ်းရည်ပြည့်ဖို့ ချာခြင်သွင်းလိုက်ဦးမယ် အရင်..။
ကျန်တာတွေ မပြောတော့ဘူးဗျာ ဟီး စိတ်ဆိုးမှာစိုးလို့

ပန်းခင်းလေး said...

လူကြီးမင်း
တကယ်ပဲ မအားတာလား
မအားချင်ယောင်ပဲဆောင်နေတာလား
အချိန်နဲနဲလေးပေးလို့ 
အကျွန့် post ကြွေးလေးဆပ်မယ်ဆိုရင်
အကျွန်ဝမ်းသာမိမှာပဲ . ..

လူကြီးမင်း
သင့်မှာ တကယ်ပဲ အလုပ်များနေတာလား
တကယ်အဟုတ်ဆိုရင်
ဆက်လုပ်ပါ
post အကြွေးအတွက် အလုပ်ပျက်တော့ မခံပါနဲ့ 
တစ်ခုတော့ ရှိတယ်
အချိန်ရတာနဲ့  post အကြွေးတော့ ဆပ်
အကျွန် အကြွေးထပ်မတောင်းချင်ဘူး

ဟဲဟဲ :P

အတွေ့ ချင်ဆုံးဆယ်ယောက်Tag ထားတာမရေးသေးဘူးနော် ။
ကဗျာကို ဖျက်သွားတယ်လို့ တော့ မထင်လိုက်နဲ့  နော် .. ပျော်စေချင်ရုံသက်သက်ပါ ..
post အကြွေးက လမ်းကြုံလို့ တောင်းသွားတာ
လွန်တာရှိရင် ခွင့်လွှတ်နော်!!!!

ညီမလေး

ပန်းခင်း

အရုပ်ကလေး said...

ရေးပေးပါ့မယ် ညီမလေးရေ ...။
မေ့နေတာထက် ရက်ရွေ့နေတာ များနေလို့ .. ဟိ

မကြာမီ လာမည် ..