၄၃ ညနေစာ

ကိုယ့်ဘာသာကိုယ် အမိန့်ချပြီး
တစ်ကျွန်းကျနေတာ ဆယ်စုတစ်ခု
ပိုင်ဆိုင်ခဲ့တာဆိုလို့
ခြေကျင်းခတ်ထားတဲ့နေ့တွေနဲ့
ကြိမ်ဒဏ်သင့်ထားတဲ့ အိပ်ရာထက်က ညတွေပဲရှိတယ်
လမ်းတွေကိုက ကြမ်းလွန်းပါတယ် အမေ...။

ပါးစပ်က "တောက်..." တစ်လုံးခေါက်ဖို့
တစ်နေကုန် "ဟုတ်ကဲ့" ခဲ့ရတာ
မှန်ထဲကမျက်နှာ ကျွန်တော်နဲ့ မတူတဲ့ကျွန်တော်
သွေးစက်လက်နဲ့တောင် ပြုံးနေလေရဲ့
ခေတ်ကိုက ဝေ့ဝိုက်လွန်းပါတယ် အမေ...။

အကျင့်ပါနေတဲ့ ခါးက
လူတွေ့တာနဲ့ ညွတ်ချင်နေတာ ကြာလှပေါ့
ဘာမှတော့ ဟုတ်တိပတ်တိ မရခဲ့ဘူး
အရှက်ပြေ ကျကျသွားတဲ့
မာနတွေပဲ ကောက်ကောက်နေရတယ်
ဘဝကိုက ဧည့်ကြိုဆန်လွန်းပါတယ် အမေ...။

အနာဂတ်လေးများ ဝယ်နိုင်မလားဆိုပြီး
အတိတ်တွေ မရှိမဲ့ရှိမဲ့ ရင်းလာခဲ့တာ
ပစ္စုပ္ပန်မှာ တိုးလာတာဆိုလို့
ခေါက်ရိုးကြေနေတဲ့ မွေးနေ့တွေပဲ ရှိတယ်
နေ့တွေကိုက အလင်းမှိန်လွန်းပါတယ် အမေ...။

မနက်ဖန်ဆိုတာလေးရှိချင်သေးတော့ ဒီနေ့ဆိုတာကို
တမင်အစားခံလိုက်တာ ကျောချနေမှန်းသိသိနဲ့
ရင်ဘတ်ကိုငုံ့မကြည့်ရဲဘူး ချုပ်ရာပရဗွ
အောက်ကျို့ပြီးမှရတဲ့ဒဏ်ရာတွေလေ
လူတွေကိုက ဇတ်တူသားစားလွန်းပါတယ် အမေ...။

သွေးရူးသွေးတန်းဖြစ်နေတဲ့ ဓနရှင်တွေရဲ့
ငတေမာပြီးရော ဇတ်လမ်းမှာ ဖြတ်လျောက်လောက်ပါရင်တောင်
လောလောဆယ် သီလစောင့်နိုင်တဲ့အနေအထား
အလုပ်အကိုင်တွေကိုက စနေနဲ့ ပါပ ကျလွန်းပါတယ် အမေ...။

သားလေ....
ဒီညနေစာ...
ချွေးနဲ့ ပြုတ်ထားတဲ့ သက်ပြင်း
မရေရာခြင်းတွေနဲ့ .....
ဒီလိုပဲ နယ်ဖတ်စားရတော့မယ် အမေ...။
မင်းသုခ
အစ်ကိုသု သူ့မွေးနေ့တုန်းကရေးထားတဲ့ ကဗျာလေးပါ ..။ အစ်ကိုသု ကဗျာတိုင်းကိုကြိုက်မိတဲ့အတွက် တင်လိုက်ခြင်းပါ ။ အစ်ကိုသု ... ကျေးဇူးကမ္ဘာပါ ။

22 comments:

နွေဆူးလင်္ကာ said...

ကဗျာကောင်းလေးတစ်ပုဒ်ပါပဲ။ အပိုဒ်တိုင်းက ခံစားချက်တွေ ပေးတယ်ဗျာ။

အရုပ်ကလေး said...

အစ်ကိုသု ...
အစ်ကိုသု ကဗျာတွေကို ညီ့ဘလောခ်မှာ ပြန်လည် ဖေါ်ပြခွင့်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ် အစ်ကို ။

အစ်ကိုသု ကဗျာတွေကို ညီ့ဘလောခ့်မှာလည်း စုထားချင်မိတယ် အစ်ကို ။
ဖတ်ချင်တဲ့ မောင်နှမတွေလည်း အဆင်ပြေအောင်ပါ ..။
အစ်ကိုခွင့်ပြုမယ် ဆိုရင်ပေါ့ ..။

ကိုရင်နော်ခင်လေးငယ် said...

သိပ်ကို အရသာရှိတဲ့ကဗျာ..

ပါးစပ်က "တောက်..." တစ်လုံးခေါက်ဖို့
တစ်နေကုန် "ဟုတ်ကဲ့" ခဲ့ရတာ..


သိပ်ထိ.. သိပ်မိုက်တဲ့ စကားလုံးပဲ..

ကိုကြီးသုကို လေးစားပြီးရင်းလေးစား..

အရုပ်ကလေးကိုလည်း ချစ်ပြီးရင်းချစ်...း)

မီးလေး said...

အစ်ကိုရေ ညွှတ်ရလွန်းလို့ ခါးတောင် နာနေပီ....
ခဏခဏ ပြုတ်ကျလွန်းတဲ့ မာန ပြန်မကောက်တော့ဘဲ ပြစ်ထားတာ အတော်ကြာပေါ့...
ကဗျာကောင်းလေး တပုဒ်ပါပဲ ကူးပြီးသိမ်းထားပါတယ်... ကဗျာရေးပြီး ပို့စ်တင်ခွင့်ပြုတဲ့ ကိုမင်းသုခကိုကော၊ ပို့စ်တင်ပြီး အားလုံးကို မျှဝေပေးတဲ့ ကိုအရုပ်ကလေးကိုကော ကျေးဇူးကမ္ဘာပါ...

ဖိုးဂျယ် said...

ကဗျာကောင်းလေးဗျာ
သိပ်ထိမိတဲ့ စကားလုံးတွေ သုံးသွားတယ်ဗျာ

minn thuka said...

သူကတောင်းလို့ ကိုယ်ကပေးခဲ့ရတော့ ကတိလို့ပဲပြောရမှာပေါ့...
ကိုယ်က အနာဂတ်အတွက် အတိတ်နဲ့ ပစ္စုပ္ပန်ကို
သက်သေတိုင်တည်ခဲ့တာမဟုတ်တော့ သစ္စာ တော့မမည်လောက်ဘူးထင်ပါရဲ့..
ကျနော် မတတ်တခေါက် စာတိုပေစတွေရေးပါတယ်...ဒါပေမဲ့ ကိုယ်ရေးကိုယ်ဖတ်လုပ်နေတာ ဆယ်ဆုနှစ်တခုမကတော့ပါဘူး....
မရေးတော့ပါဘူးလို့ ပေးထားတဲ့ကတိ ကျနော်မသိမသာဖျက်မိနေတာ ညီမလေး အိန္ဒြာရဲ့ "အိမ်ငါး "လေးကိုကျနော်တို့ မောင်နှမ အတူတူထိုင်ကြည့်ပြီးကတည်းကပါ။

ဒါပေမဲ့ ကျနော့် စာတွေ တင်ခဲပါတယ် ကိုယ်တိုင်လဲဘာမှ ရေရေရာရာ မဝေခွဲတတ်နိုင်သေးဘူး... တိမ်တွေပြိုကျတဲ့အခိုက်မှာ ကျနော်ရောပြီး ငိုချနေသလိုများဖြစ်နေမလား...
တစ်စုံတရာသက်ရောက်မှုမရှိရင် ကျနော် ဘာစာမှမတင်ပါဘူး...သေချာတာက ကျနော်ကိုယ်ပိုင် ဘလော့ ဘယ်တော့မှ မလုပ်ပါဘူး...စာအကြောင်း သိတ်မတတ်သိတ်မသိသေးတာလဲပါတယ်...
ဒီကဗျာက စီပွါးပျက်ကာလ ကျနော့်မွေးနေ့ ညမှာရေးထားတာ ...၄ လလောက်ရှိပါပြီ..
အဲဒီအချိန်က ကျနော်မှာ လက်ခံထားတဲ့ အလုပ်တွေက ရက်ပိုင်းစာပဲရှိတယ်..ကျနော်ကိုမှီခိုနေတဲ့ အလုပ်သမားလေးတွေ (သူတို့က အိုတွေဗျ..ဗီယက်နမ်..အင်ဒိုနီးရှား..မြန်မာ)
ပါထမင်းငတ်ကိန်း...ကျနော်က လူမိုက်လေ မိလိုက်ရင် ကားနေမှာပဲ သနားတာလဲပါပါတယ်
ကျနော့် ရင်ဘတ်ထဲက အနာရွတ်လေး တစ်စိမ်းလက်မှာ ရင်ငွေ့ လှုံပြီးတဲ့နောက်ပိုင်း
ကျနော် အတိတ်က ဝိသေသတွေ တတ်နိုင်သမျှမေ့ထားတယ် ဒါကြောင့် နာမည်တောင်အ၇င်နာမည်တွေ
မသုံးတော့တာ...
ညီငယ် အရုပ်ကလေးက တင်ချင်တယ်ဆိုလို့ပေးလိုက်တာပါ...
အဓိက ကတော့ သူ့ရဲ့ ကဗျာအပေါ်ဆာလောင်မှုနဲ့ ကဗျာအပေါ်မှာရိုးသားတတ်မှုတွေကြောင့်ပါ..
(ကျန်တာ ကျနော်မသိပါ)
ကျနော့်အသိသေးသေးလေးကို ဖဲ့ယူချင်ရင်
ဖဲ့ပေးတတ်ပါတယ်...ဒါပေမဲ့ ဒါလေးတခုတော့
အခံပါစေချင်ရဲ့...အခုအကြမ်းရေးနေတဲ့ ကဗျာလေးရဲ့ အစပိုဒ်လိုပေါ့

" တစ်စုံတခုကြောင့် ကြေကွဲထိခိုက်ဖူးတဲ့
ပပ်ကြားအပ်နှလုံးသားသာ မရှိခဲ့ရင်
ကဗျာဆိုတာ မြင်လို့ထိလို့မရတဲ့
ဘာသာစကားရဲ့ ဝိညာဉ်။

ဂျယ်ရီမီဘင်သမ်(Jeremy Bentham)လို
စကားမတတ်ခင်ကတည်းက စာတတ်နေဖို့
ကဗျာမှာ အဲဒီလိုဦးဏှောက်မလိုဘူး
မြင်နေတာတွေ ရင်ဘတ်မှာ အသံထွက်အောင်
ခုန်တတ်တဲ့ သွေးလွတ်ကြောတွေပဲလိုတယ်။''
...လေးစားလျက်

Eaindra said...

အကိုရေ သိပ်မကြော်ငြာနဲ့ဗျ..

အိန္ဒြာဆိုတာ..ချောင်ကလောင်ထဲမှာရှိနေသေးတဲ့အချိန်မှာ
မင်းသုခတို့ စာမျက်နှာပေါ်
စင်ပေါ်မှာ...တောက်စားနေခဲ့ပြီဆိုတာ..
မေ့မနေနဲ့
မေ့ချင်ယောင်ဆောင်မနေနဲ့..

((((ဟွန်းးးးးးးးးးးးး))))

အိန္ဒြာ

ဝေလေး said...

သိပ်ကောင်းတဲ့ကဗျာပဲ အစ်ကို။ နှစ်သက်မိပါတယ်။ ကဗျာကိုပြန်မျှဝေပေးတဲ့ အစ်ကိုအရုပ်ကလေးကိုရော ရေးတဲ့အစ်ကိုကိုပါ လေးစားလျက်

မြစ်ကျိုးအင်း said...

ကဗျာကောင်းကြောင်း စကားလုံးတွေ ပြောင်မြောက် ကြောင်းပြောနေရင် အပိုစကားတွေဖြစ်မှာပဲလေ...။
ရင်ဘတ်ချင်းမတူတဲ့သူတွေတောင် ခံစားနိင်လောက် အောင် ထိထိမိမိရှိပါတယ်...။
ဂုဏ်ယူပါတယ် ကိုမင်းသုခရေ...။

ကောင်းကင်ပြာ said...

ကိုယ်တိုင်ကဗျာတွေကို လှပ ထိမိအောင် မရေးတတ်ပေမဲ့ ကဗျာချစ်တတ်သူ တယောက်အတွက် ခံစားချက်တွေကို စကားလုံးတွေနဲ့ ပုံဖေါ်ထားတာကို ခံစားဖတ်သွားပါတယ်၊ ရေးသူရော တင်ပေးသူရော ကျေးဇူးလဲ တင်ပါတယ်

လင်းကြယ်ဖြူ said...

သားလေ....
ဒီညနေစာ...
ချွေးနဲ့ ပြုတ်ထားတဲ့ သက်ပြင်း
မရေရာခြင်းတွေနဲ့ .....
ဒီလိုပဲ နယ်ဖတ်စားရတော့မယ် အမေ...

တဲ့ စာစုလေးကကောင်းလိုက်တာခင်ဗျာ

su wai said...

အတိတ်တွေ ရင်းခဲ့ပေမယ့် အနာဂတ်ဆိုတာ အရောင်းကောင်တာရဲ့ မှန်ရှိုးကေ့စ်ထဲက မ၀ယ်နိုင်တဲ့ တန်ဖိုးကြီးပစ္စည်းတစ်ခု ဖြစ်နေဆဲပါပဲ...။
ကဗျာထဲက တချို့အပိုဒ်တွေက ခံစားချက်နဲ့ ထပ်တူကျလွန်းလို့ အထပ်ထပ်အခါခါ ပြန်ဖတ်မိပါတယ်။
side bar မှာ တင်ပေးထားတဲ့ ကိုမင်းသုခရဲ့ အနုပညာဖန်တီးမှုနဲ့ ပတ်သက်တဲ့ စကားတွေကလဲ မှတ်သားစရာပါပဲ။
အရုပ်လေး ပြောသလို ဒီဘလော့မှာ ကိုမင်းသုခရဲ့ ကဗျာတွေကို ဖတ်ခွင့်ရမယ်ဆိုရင် အရမ်းဝမ်းသာမိမှာပါ။

ကဗျာကောင်းလေး ဖတ်ရတဲ့အတွက် ကျေးဇူးတင်လျက်...

ဆုဝေ

Anonymous said...

ဘာပြောရမှန်းမသိလောက်အောင် ကောင်းပါတယ်..
ဘဝအကြောင်းရေးထားတာထင်တယ်နော်..
နားလည်အောင် ကြိုးစားသွားပါတယ်.. =)

ပန်းခင်းလေး said...

ဖြတ်သန်းလာခဲ့ တဲ့  ဘ၀လမ်းခရီးတစ်လျှောက်မှာ “ဟင့်အင်း” ဆိုတဲ့  စကားထက်
“ဟုတ်ကဲ့”ဆိုတဲ့  အသုံးအနှုန်းတွေ
များခဲ့ ရတာ ..

“မာန”ဆိုတာလည်း ရှိသေးရဲ့ လားဆိုတာ ပြန်ရှာကြည့် ယူရမလို ဖြစ်နေပြီ …

ကိုယ်တိုင် ဒီလိုကဗျာတွေမရေးတတ်ပေမယ့် ကဗျာရဲ့ စကားလုံးတိုင်းက ရင်ထဲကို ထိထိမိမိရှိတာ ခံစားခဲ့ ရတယ်။

ကဗျာရေးတဲ့ ကိုမင်းသုခနဲ့ 

ဖော်ပြပေးတဲ့  ကိုအရုပ်ကလေးကို ကျေးဇူးပါ။

HAPPY CLOUD said...

အကိုသုရေ... အကို့ ကဗျာမှန်းမသိပဲ ၀င်ဖတ်ကြည့်မိတာ ... ဒီလို ရေးဟန်မျိုးဖတ်ဖူးပါတယ်လို့ တွေးရင်း... ကဗျာလည်း ဆုံးရော ဒိုင်းကနဲပဲ ရင်ထဲမှာ ကြည်နူးသွားတယ်... အော် ငါ့အကိုကြီး ဆရာသုလက်ရာကိုးလို့... ကဗျာထဲက အုံ့မှိုင်းလာသမျှ..... ကဗျာ အဆုံးမှာ တသသ ပြုံးနေမိတယ် အကိုရေ....
အကိုဟိုတလောက ပြောတဲ့ အရုပ်ကလေးဆီတင်တဲ့ ကဗျာ ဆိုတာက ဒီကဗျာပေါ့...
ကျနော် အကို့လို ခံစားနေရပေမယ့် အကို့ လိုတော့ ကဗျာကောင်းဖြစ်အောင် အရေးတတ်ဘူးဗျာ...
ညီလေး အရုပ်ကလေးကိုကျေးဇူးတင်ပါတယ်ကွာ...
ဒီကဗျာကို ဖတ်ရလို့...
ဆရာသုက ဗုံလိုပဲ မတီးသမျှတော့ မမြည်ဘူးဗျ...
ကဲညီလေးရေ လာလည်သွားတယ်နော်...
ခုပထမဆုံးလာဖြစ်တာပါ..
ဖိုးမောင်

Anonymous said...

ရှယ်ကဗျာလေးပဲဗျာ... ဒီစာသားလေးတော့ ကြိုက်တယ်ဗျာ ပါးစပ်က "တောက်..." တစ်လုံးခေါက်ဖို့
တစ်နေကုန် "ဟုတ်ကဲ့" ခဲ့ရတာ
မှန်ထဲကမျက်နှာ ကျွန်တော်နဲ့ မတူတဲ့ကျွန်တော်
သွေးစက်လက်နဲ့တောင် ပြုံးနေလေရဲ့
ခေတ်ကိုက ဝေ့ဝိုက်လွန်းပါတယ် အမေ...။
ဟုတ်တယ်ဗျာ အဲဒါ ကျနော်တို့ ဘဝတွေရဲ့ အစစ် အမှန်လို့ပဲ ပြောရမလားတောင် မသိဘူးဗျာ

ကိုရီး{ကိုကြီး} said...

အရမ်းကောင်းလွန်းလို့ ဘာပြောရမှန်း မသိဘူး။

neking said...

ကဗျာကောင်းတစ်ပုဒ်ပါ။အထူးသဖြင့်ကျွန်တော်တို့လိုမိဝေးဖဝေးနဲ့နေသူတွေ၊အလုပ်လုပ်နေသူတွေနဲ့လက်ရှိပေးတဲ့ဘ၀တွေကိုထင်သာလွန်းပါတယ်ဗျာ။

lovelessguiter said...

ကောင်းလိုက်တာ သယ်ရင်းရာ...
သွေးရူးသွေးတန်းဖြစ်နေတာ ဓနရှင်တွေမဟုတ်ဘူး ထင်တာပဲ....

thinzar said...

ဘဝအတွက် မာနတွေ ချထားရတဲ့ဒဏ်က
ရင်ဘတ်ထဲမှာ ကျင်ခနဲနာသွားရင်တောင်မှ
အနာဂါတ်အတွက်လို့မာန်တင်းရင်း
အပြုံးတုလေးတော့ ဆောင်တက်လာပြီ ကိုအိကုရေ..

နေရီနွယ် said...

ကဗျာကောင်းပဲရှင် ခံစားချက်တွေ ထိမိလွန်းတယ် ကိုအရုပ်ရေ ကဗျာကောင်းတွေ ခုလိုမျှဝေပေးတာ ကျေးဇူးပါရှင်

Unknown said...

ပါးစပ်က "တောက်..." တစ်လုံးခေါက်ဖို့
တစ်နေကုန် "ဟုတ်ကဲ့" ခဲ့ရတာ..

မိုက်တယ်...

လင်းနေ