သိစေ

ငါ့အတွေးထဲမှာ ... စက္ကန့်မလပ်
စိုးမိုးခဲ့တဲ့ ... ချစ်ရသူရေ
မျက်ဝန်းထဲက ... ငါ့အကြည့်တွေကြောင့်
ဖြစ်ပေါ်လာတဲ့ ... ပုံရိပ်တွေကို
နားလည်ရ ခက်လို့နေပြီ
ဆုံနိုင်ဖို့အရေး ... မျှော်ကာတွေးရင်း
ရင်ခုန်ထပ်တူ ... စည်းချက်မှန်စွာ
ရူးသွပ်နေတဲ့ .... ငါ့ရဲ့စိတ်က
လှောင်အိမ်ထဲက ... ငှက်ငယ်လေးလို
ချစ်စိတ်တွေနဲ့ ... ပိတ်လှောင်နေပြီ
သေချာ မရေရာတဲ့ ... ငါ့ခံစားချက်ကို
လွတ်လပ်မှုတွေ ... ပေးချင်ပါတယ်
ဒါပေမဲ့လည်း ... ငါ့မြင်ကွင်းထဲ
ငါ့အမြင်တွေကြောင့်
မင်းပုံရိပ်ဟာ ... အရိပ်မထင်
နှလုံးသားမှာ ... ထင်ရစ်နေပြီး
ငါ့စိတ်ကိုငါ ... ချည်နှောင်မိပြီ
ကြုံဆုံခွင့်တွေ ... ရခဲ့ရင်ပေါ့
ခံစားတတ်တဲ့ ... ငါ့အချစ်စိတ်ကို
မျက်ဝန်းမှတစ်ဆင့် ... ပြောပြချင်တယ်
သိပ်ချစ်တာကို ... မင်းသိအောင်လို့ ......။


( ဒီကဗျာလေးကို နောက်တစ်ကြိမ် ပြန်လည်တင်ရခြင်းက ကျွန်တော်နှစ်သက်လို့ပါ )

ပင်လယ် ၀ဲဂယက်

ဘယ်ဆီကို မှန်းဆလို့
ဘယ်ကမ်းကို ကူးခတ်ရမလဲ ..
ရုတ်တရက် ကျရောက်လာ
မှောင်မည်းနေ တိမ်တိုက်များစွာ ...
ကူညီဖေါ်မဲ့သူ ငါ့အတွက်တော့
အလိုအပ်ဆုံး မင်း တစ်ယောက်ပါ ..
ဟိုက်နေသူ ငါ့အတွက်
ရင်ခွင်မှာ မှေးစက်ပါလို့
မပြောရက်ပါဘူး ...
ငါကိုယ်တိုင်လည်း ကူးခတ်နေရဆဲပဲလေ ..

ရင်ခတ်သံ ၁၂

သူများတွေဆိုတတ်တဲ့ ပါးပြင်ကသနပ်ခါးနဲ့
လှပတတ်တဲ့ မျက်နှာကိုတော့
တကယ့်လက်တွေ့ မမြင်ဖူးပါဘူး ..
ဒါပေမဲ့ ...အမွှေးနံ့သာ ဘာမှမလိမ်းကျံပဲနဲ့
လှနေတဲ့မျက်နှာနဲ့ ကိုယ်သင်းရနံ့လေးကို
ခံစားရမိတဲ့ အချိန်တဒင်္ဂကိုတော့
သီချင်းတစ်ပုဒ် ကဗျာတစ်ပိုဒ်နဲ့
စာဖွဲ့လို့ လုံလောက်လိမ့်မယ်လို့တော့
ကျွန်တော် မထင်မိဘူး ....

ဗလာ

နေ့ရက်တွေခြား
တွေ့နေပေမဲ့
ကြိုးစားတိုင်းလည်း
အရာမထင်ခဲ့
မင်း အပေါ်ထားတဲ့
ငါ့ ရဲ့ အချစ်
ငါ့ ရဲ့ မေတ္တာ
ငါ့ စေတနာ တွေကို
မင်း သိအောင်လို့
မီးမောင်းထိုးပြီး ပြသခဲ့လည်း
မျက်လွှာလေးချ အိပ်နေမှတော့
ငါ့ ဇတ်လေးလည်း ပြီးသာသွားတယ်
ဘာမှမရ ..
ဗလာလက်မှတ်
ကိုင်ဆောင်ကြည့်တဲ့
မင်း ရဲ့စိတ်က
ရုံထဲရောက်ရင်
အိပ်မောကျသတဲ့ ...

မျောနေတဲ့စိတ်

ကာရံညီတဲ့ ပင့်ချက်မျက်ခုံး
ရွှန်းလဲ့မျက်ဝန်းနဲ့
ဒွန်တွဲညီတဲ့ မင်းရဲ့အကြည့်မှာ
မျောနေမိတာ ငါတစ်ယောက်ပါ ..
ကြည်နူးရင်အစုံ
အဖုံဖုံနဲ့ ခွန်းခြွေစကား
သီကာပြောတဲ့
ပန်းဆီနှုတ်ခမ်း(...ပါး...)
ရှိုက်ကာနမ်းလို့
ခုန်မင်ခဲ့တာ ငါတစ်ယောက်ပါ ..
မှေးစက်ကာနေ
အေးစက်မနေတဲ့
နွေးထွေးကိုယ်ငွေ့
ရနံ့သင်းလည်း
ပင့်သက်ထပ်တူ
ရုပ်ခန္ဓာမှာ စွဲကျန်ရစ်လို့
သင်းနေဆဲဟာ ငါတစ်ယောက်ပါ ...

.....? .....

ဆေးလိပ်ဆိုတာ ...
တိုရင်သောက်လို့ကောင်းသလို
အချစ်ဆိုတာလည်း ...
အိုသွားရင် ဆေးလိပ်လိုပဲလား .....
ရေဆိုတာ ...
ငတ်ရင်သောက်လို့ ကောင်းသလို
အချစ်ဆိုတာလည်း ...
ပြတ်သွားရင် ရေလိုပဲလား ...
ချောကလက်ဆိုတာ ...
မကြိုက်တဲ့သူရှားသလို
အချစ်ကို မတွေ့ဖူးတဲ့သူလည်း ရှားမယ်ထင်ပါတယ်
ဘာပဲဖြစ်ဖြစ်ပေါ့ အဲဒီရှားမဲ့အချစ်ကိုပဲ
ငါတွေ့ဖူးချင်ပါတယ်

(သူငယ်ချင်း KTW ရဲ့ခံစားချက်လေးကို တင်ပြရခြင်းပါ )

သံသရာ ..၀ဲ

ရောင်နီဖြာ နံနက်ခင်းတိုင်းမှာ
အလိမ်ညာ မျက်ဝန်းတစ်စုံနဲ့
ဟန်ဆောင်ကာ အပြုံးတုခြွေလည်း
ရှောင်ဖယ်ခွာ ရုန်းမထွက်နိုင်တော့
ဒီမောင်မှာ သံသရာဆုံးတိုင်
ငူငိုင်စွာ ဆွေးရပြီပေါ့ ...

ရှိပြီးအတ္တ ကျောခြင်းအစွမ်း

ဖြစ်သင့်တာထက် ပိုပြီးကောင်းအောင်
နေပေမဲ့လည်း အကောင်းမဖြစ်
အဆိုးအဖြစ်နဲ့ ကြုံတွေ့နေလို့
ဒေါကပွပြီး ရင်ဆိုင်ချင်တယ်
မမှန်သူတွေ တစ်ချို့နဲ့ပေါ့
ဒေါသပါတိုင်း အမှားမကင်း
ဇတ်ကြီးပြင်းလည်း နောင်တဆိုတဲ့
တနုတ်နုတ်စိတ် ထပ်မဖြစ်လို့
နေချင်ပါတယ် ငါ့ဘ၀မှာ
လုပ်လိုက်စမ်းပါ လောကီသားတို့
မင်းတို့ထင်တိုင်း စွမ်းလို့ရရင်
ငါ့အစွမ်းလည်း ကျောသူသိမယ်
ခုချိန်ထက်တိုင် တစ်နေ့နေ့ပေါ့ ..

ထွက်မသွားတဲ့.....

ကယောက်ကယက်နဲ့
အမှောင့်ဖျက်တဲ့
ပယောဂလိုပဲ
ခန္ဓာကိုယ်တစ်ခုလုံး
ကတုန်ကရင်နဲ့
တုန်ရီနေပြီ...

အတ္တ၏ ဆန္ဒ

ချစ်သူ ... မင်းအမြဲစီးနေတဲ့
အဓိပတိ ကားကြီးမဖြစ်ချင်ဘူး ...
မင်းလေး စီးချင်တဲ့မှတ်တိုင်မှာစီးပြီး
ဆင်းချင်တဲ့မှတ်တိုင်မှာ ဆင်းသွားမှာ...

ဒီလိုမထည်ဝါချင်နေပါစေ ... မင်းလေးဘေးမှာ
အမြဲတမ်းယှဉ်တွဲပြီးလိုက်ရတဲ့
အိတ်ကလေးပဲ ဖြစ်ချင်တော့တယ်

ချစ်သူ ... ရာမဇာတ်တော်ထဲက
လက္ခဏာမင်းသားလေးလဲ မဖြစ်ချင်ဘူး ...
လေးတော်ကိုတင်လို့ ရသားနဲ့
အခြားတစ်ယောက်အတွက် အလျော့မပေးချင်ဘူး

အကောင်းမမြင်ချင်နေကြပါစေ ... အနည်းဆုံးတော့ မင်းလေးကိုပိုင်ဆိုင်ဘို့
ကြိုးစားပြီး အရာရာကိုစွန့်လွှတ်ရဲတဲ့
ဒဿဂီရီလို ဘီလူးဆိုးကြီးပဲ ဖြစ်လိုက်ချင်တော့တယ် ..


( သူငယ်ချင်း ATL ရဲ့ရင်တွင်းခံစားချက်လေးကို တင်ပြရခြင်းပါ )

ချန်ရစ်လို့ လှမ်းနေဆဲ

အိမ်ရှေ့ရောက်တိုင်း တွေ့နေရတဲ့
မင်းပုံရိပ်တွေ စိုးမိုးနေတယ်
ခြံဝတံခါး ထိုင်ကာနေရင်း
စာကျက်နေတဲ့ မင်းရဲ့စိတ်က
ငါနဲ့တွေ့ရင် စာလွှာအကြောင်း
အမှားပြောင်းလို့ ဆိုခဲ့တာတွေ
ခုထက်ထိတိုင် ကြားနေဆဲပါ
ငယ်စဉ်မှာမို့ ရူးတဲ့စိတ်ကြောင့်
နေ့စဉ်တိုင်းကို အိမ်ရှေ့လာတိုင်း
မြင်ခွင့်ရလို့ မော်ခဲ့မိတယ်
ဘုရားကျောင်းသွား ညစဉ်တိုင်းမှာ
အမြဲလိုလို လိုက်နေရတဲ့
ငါ့ခြေလှမ်းများ ခပ်လှမ်းလှမ်းမှာ
ချန်ကာထားရင်း လှမ်းနေဆဲပါ...

စာရွက်ဖြူလေး

စာရွက်ဖြူလေးတစ်ရွက်ကို ကိုယ့်အနေနဲ့
ခေါက်ထားပေမယ့် မင်းဖြန့်ခဲ့မယ်ဆိုရင်
ကိုယ်ရေးဖို့ အဆင်သင့်ပါ..
တစ်ကြောင်းတည်း...'သိပ်ချစ်တယ်လို့'

ကောင်းကင်ပြာကြီး ..

ကောင်မလေးရေ.....
အက်ဆစ်ပြင်းပြင်း လောင်းခံရတာမျိုး တဆစ်ဆစ်နဲ့နာကျင်နေပါပြီ
ဝန်းစက်မနေတဲ့ လမင်းဟာ အပြည့်အ၀ဘယ်လင်းပါ့မလဲ
လပြည့်ညမဟုတ်လို့လေ.. လပြည့်ညတိုင်းလည်း အပြည့်အဝ
မသာယာခဲ့ပါဘူး .. တိမ်ဖုံးခြင်းတွေနဲ့ပဲ အလင်းရောင်ကို
ရရှိခဲ့သူပါ.. အပြည့်အ၀အလင်းရရှိရင်တောင် အရိပ်ကျနေလေရဲ့
ဦးဆုံးရှင်သန်ခဲ့တဲ့ အပင်က ငါ့ကိုအုပ်မိုးနေလေပြီ..
လောင်းရိပ်မိတဲ့ ပန်းလိုပါပဲ..ငါညှိုးနွမ်းလို့ပေါ့..
တည်မြဲခြင်း မတည်မြဲခြင်းတွေနဲ့ ဖြစ်တည်နေတဲ့ ဒီသံသရာမှာ
ငါဟာ ကောင်းကင်ကြီးဖြစ်လိုက်ချင်ပါတယ် .. တည်မြဲနေလို့လေ
နေ့အခါမှာ ကောင်းကင်ကြီးကို အလင်းရောင်တွေနဲ့အတူ ပြည့်ပြည့်၀၀
မြင်တွေ့နေကျပေမဲ့ ညအခါ ကောင်းကင်ကြီးရဲ့အရောင်တွေကို
ဘယ်တွေ့နိုင်ပါ့မလဲ.. တွေ့မြင်တိုင်းလည်း မှောင်မည်းခြင်းတွေသာ
မြင်တွေ့ရမှာပေါ့ .. လမင်းရယ်, မင်းအလင်းရောင်တွေရရှိမှ
ကောင်းကင်ပြာကြီးကို မင်းကိုယ်တိုင်လည်း ကြည်ကြည်လင်လင်
မြင်တွေ့ရမှာပါ...

အခြားမရှိ

သမီးရေခွက် တစ်စက်မှမကျန်
ပြန်လှန်သုံးသပ် ငါလည်းမသောက်
ရေလည်းပျောက်ပြီ
ဘေးလူကိုမေး ဖြေနိုင်ဖို့ဝေး
ကိုယ့်ရှေ့ရေခွက် တစ်ချက်ဆက်ငေး
ဖြည်းဖြည်းချင်းတွေး တွေးရင်းနဲ့ဝေး
နောက်ဆုံးအဖြေ ငါပဲမေးသည်
ကျန်ရေတစ်ပေါက် အဖြေရောက်သည်
ငါမှတစ်ပါး အခြားမရှိပြီ...

(ကိုဒီလေးနှင့် ကျွန်တော်တို့သူငယ်ချင်းတစ်စု ဆိုင်လေးတစ်ဆိုင်မှာထိုင်ရင်း ရေနွေးခွက်လေးထဲကရေတွေပျောက်တာနှင့်ပတ်သက်ပြီး ကိုဒီလေး ရေးထားတဲ့ကဗျာလေးပါ)

ငါမှားပြီ

ကြိုက်တာရေး မိုက်တာမေးမယ်
မိုက်စရာအတွေးနဲ့ ရှိုက်ကာငေးလည်း
တွေးသူပဲကျန် မှားသူကအမှန်
လွမ်းသူလည်းဆွေး မှားသူလည်းဆွေး
ကြားလူတစ်ဦးမှာ အမှားအမှန်တွေးကာ
ငါ့လူအပြစ်လား ငါ့အပြစ်လည်းမသိ
မိုက်သည့်နောင်တ ဟိုက်ပြီးပြိုကျ
လဲမှသိသည် ငါမှားပြီ ..

( ကျွန်တော့် အစ်ကို or သူငယ်ချင်း ကိုဒီလေး ရဲ့အမှတ်တရပါ )

မျက်ရည်မိုး

ဟိုး ..... အဝေးမှာ
တိမ်ပြာတွေ ငိုနေလေရဲ့
အငွေ့ပျံခြင်း ရေခိုးငွေ့တွေ
အစိုင်အခဲ ဖြစ်တည်ခြင်းနဲ့
ရွာချနေရဲ့ ခန္ဓာပေါ်ကို
အဆက်မပြတ် မိုးစက်တွေကြား
ငါတစ်ယောက်ထဲ ဆက်လျှောက်နေဆဲ
ခိုက်ခိုက်တုန်ခြင်း အေးမြခြင်းက
အပြင်မှာတင် ကျန်ခဲ့လေပြီ
အတွင်းပူခြင်း မင်းမသိတော့
တိမ်ပြာတွေနဲ့ ထပ်တူပြုရင်း
ငါငိုနေပြီ ကလေး .... လေးရေ

......ဆိုတာ

တခါတလေ သရဲသကြားလုံးလေးတစ်လုံးလိုပဲ
ချိုနေရာက...ချဉ်သွားတတ်သလို
ချဉ်နေရာကလည်း.......စပ်သွားတတ်တယ်...

တခါတလေ သေနတ်တစ်လက်လိုပဲ
ဆူပူဒုက္ခပေးဖို့...ဖြစ်နိုင်သလို
ငြိမ်းချမ်းဖို့ , လွတ်လပ်ဖို့လည်း ကြိုးစားလို့ရတယ်
သေနတ်ကိုကိုင်ထားတဲ့သူရဲ့
ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တယ်...

တခါတလေ Hip Hop သီချင်းတစ်ပုဒ်လိုပဲ
Rap စာသားနေရာမှာ မြူးကြွနေတတ်ပေမဲ့
Featuring နေရာကျတော့လည်း
အလွမ်း အဆွေးတွေနဲ့ ခံစားရတတ်တာပဲ...

...... ဒါတွေကိုသိနေပေမဲ့လည်း
ကျွန်တော်အပါအ၀င် လူတော်တော်များများကတော့
'ရဲလေး' ပြောတဲ့....မတော်တဲ့ဖိနပ်ကိုပဲ
မိုက်မဲစွာနဲ့ ဒုက္ခခံပြီး ...
စီးချင်နေမိတော့တယ်...


အစာ

မာန်တွေနဲ့အတူ
အတ္တမှာ စီးမျောပြီး
အချစ်ဆိုတဲ့အရာ
နာကြည်း အသည်းကွဲမှုတွေနဲ့
ကြုံခဲ့ရပြီ...
ပေးဆပ်ခြင်းရဲ့
နှလုံးသားဒဏ်ရာ
ဘ၀အမောတွေရယ်
ခါးသက်ပြီး
အတ္တကို အစာကျွေးထားချင်ပါရဲ့
မင်းဟာ ငါ့ရဲ့
ထာဝရ ပိုင်ဆိုင်ခြင်း
' နာမ် ' ရုပ်လို့ ...

ရင်တွင်းမောင်း

အဖေ့ပုံရိပ် ခဏခဏ

မြင်ယောင်မိလို့ လွမ်းဆွတ်နေရင်း

အတိတ်အကြောင်း ပြန်မောင်းခတ်လို့

မျက်ရည်စက်တို့ ကျခဲ့ရပြီ...

'..... မင်း အတွက်'

မင်းလေး အတွက်ဆိုရင်လေ......

တန်ဘိုးကြီးတဲ့ PARADO ကားတစ်စီးလိုမဟုတ်ခဲ့ရင်တောင်
မင်းလေး စေညွှန်းရာ သွားပေးတတ်တဲ့ စက်ဘီးတစ်စင်းက
တာယာတွေလိုပေါ့....တစ်ဖြည်းဖြည်းပါးလွှာပြီး
ပျောက်ကွယ်သွားတဲ့အထိ...

မင်းလေး အတွက်ဆိုရင်လေ......

တန်ဘိုးကြီး သားမွှေးအနွေးထည် တစ်ထည်မဟုတ်ခဲ့ရင်တောင် ပြာမှုန်အဖြစ်
ပျောက်ဆုံးသွားတတ်တဲ့ ထင်းချောင်းလေး တစ်ချောင်းလိုပဲ ဖြစ်ဖြစ်
နောက်ဆုံးထွက်သက်အထိ နွေးထွေးလုံခြုံမှုတွေ ပေးချင်တယ်...

မင်းလေး အတွက်ဆိုရင်လေ......

ခိုင်မာပြီး လှပကျယ်ဝန်းတဲ့ တိုက်တစ်လုံး မဟုတ်ခဲ့ရင်တောင်
ဇီဝဇိုးငှက်တွေလို နှလုံးသွေး (အန်ဖတ်) နဲ့ ရင်းနှီးရတဲ့
အသိုက်အမြုံလေးတစ်ခုလိုပဲ ဖြစ်ဖြစ် ပေးဆပ်ချင်တယ်...

မ၀ံ့မရဲတောင်းဆိုပါရစေ..
တစ်ခုပါပဲ...
နွေးထွေးကြင်နာမှု အနည်းငယ်ပါတဲ့
အကြည့်လေး တစ်ချက်တော့
ပေးအပ်လှည့်ပါ....

အလွမ်း

ဘာကြောင့် ဘာ့အတွက် လွမ်းလွမ်း
အလွမ်းရဲ့ စေညွှန်းရာကို ခံနိုင်ရည်ရှိအောင်
ကြိုးစားခဲ့ပေမဲ့ အလွမ်းရဲ့ဒဏ်ကိုတော့
ခံနိုင်ရည် မရှိခဲ့ဘူး ..မိန်းကလေး ရေ...

ဘာမှမရှိ

တူညီခဲ့တယ် ထင်ခဲ့မိတဲ့

မင်းရဲ့အကျင့် မယုံကြည်လို့

မုန်းဖို့ကောင်းလည်း ငါ့စိတ်ကိုငါ

ကြိမ်ဖန်များစွာ ဖြေသိမ့်ထားတယ်

ဟာ... ( တွေး )

မျက်စိတစ်ဆုံး မှန်းဆမရ

ကြည့်ကာမိတဲ့ ပင်လယ်ပြင်ရယ်

ရေနှင့်အတူ လှိုင်းစီးရင်းက

ပေါင်းဖေါ်တစ်တွေ ပျော်ခဲ့ရတယ်

ဒီလိုနေ့ရက် ဒီချိန်အခါ

နောင်ဘယ်တော့မှ ဆုံနိုင်မလဲ

တွေးနေရင်းက ရင်မှာဟာပြီ

ပင်လယ်မှဆီ...

လက်တွေ့


အတိတ်က အိပ်မက်ရယ်ေ၀၀ါးလို့အဆုံးသတ်
မညီညာ ဒါအတွေး လက်တွေ့ကမပီပြင်
နှောင်းလွန်းစွာအိပ်မက်က ငါ့အနားစိုးရွံစွာ
မြဲပလို့မတည်ရှိ ငါ...ဆုတောင်းပါ၏

သူရူး

ဝေးရပ်တစ်နေရာက

တွေးရခက်သည်မို့

ဆွေးရတာနေ့စဉ်

မင်းပါးပြင် သူရူးရင်ခွင်

အပ်နှင်းကာ ညိမ်သက်ပြီလား

( သူငယ်ချင်း တစ်ယောက်ရဲ့ ကဗျာလေးပါ )

ငါ့မှာတော့ စောင့်စား

ဘယ်အလှတရားမှ မမြင်

တစ်နေ့တာ တစ်နှစ်ထင်ထင်

လန်းမရွှင်ခဲ့ပါဘူး ...

လွမ်းလိုက်တာ အချစ်ရယ် ။

မထင်မှတ်ပဲ..

မထင်မှတ်ပဲ တွေ့ဆုံ

မထင်မှတ်ပဲ သံယောဇဉ်တွေဖြစ်

မထင်မှတ်ပဲ အရမ်းချစ်ကြ

အဲဒီိလိုဖြစ်နေတဲ့ လူ့ဘ၀ကြီးထဲမှာ

အထီးကျန်ဆန်တဲ့ ကိုယ့်အတွက်တော့

ချစ်,ကြိုက်,ညား ဆိုတဲ့

သာမာန်ဇတ်လမ်းလေး တစ်ပုဒ်

'မင်း' လေးတစ်ယောက် ဖန်တီးပေးပါလားကွယ်...။

ရင်ခတ်သံများ ၁၁

'မင်း'အိပ်ချင်တဲ့အခါ 'မင်း'ကို အိပ်ပျော်သွားစေချင်ပါတယ်..

အိပ်ပျော်သွားအောင်လည်း ကိုယ် 'မင်း' ကိုချော့သိပ်နေမှာပေါ့..

ဒါပေမဲ့, ' မင်း'အိပ်ပျော်သွားတဲ့အခါ ....

'မင်း'လှုပ်ရှားဟန်တွေ, စကားသံချိုတွေ ရပ်တန့်သွားတဲ့အခါ

ကိုယ် တစ်ယောက်ထဲ ကယောင်ချောက်ချား ဖြစ်ရတော့မယ်..

ကိုယ်တောင်းဆိုပါတယ်....'မင်း' အိပ်ပျော်သွားရင်တောင်

ယောင်ယမ်းပြီး ကိုယ့်ကို စကားတွေပြောနေပေးပါ...

ရင်ခတ်သံများ ၁၀

အရုပ်တစ်ရုပ်လို ကစားဖို့ အသုံးချခဲ့ရင်တောင် ကြည်ဖြူစွာနဲ့ခွင့်ပြုပေးမှာပါ

မချစ်ဘူးလို့ငြင်းခဲ့ရင်တောင် ကြည့်ချင်ရက်နဲ့ ခေါင်းငုံ့နေရတဲ့ဘဝ

ချစ်နေရက်နဲ့ ဟန်ဆောင်နေရတဲ့ဒုက္ခတွေလောက် ဆိုးမှာ မဟုတ်ပါဘူး ...

ဘ၀တစ်ခုလုံးရခဲ့တဲ့ နောင်တတွေထဲမှာ မင်းလေးနဲ့ ဆုံတွေ့ခွင့် ရခဲ့တဲ့နောင်တကို

အမုန်းဆုံးပဲ ...

ရင်ခတ်သံများ ၉

မျှော်နေရတာ မောနေပြီ ကောင်မလေး ...ရေ

တို့နှစ်ယောက်ရဲ့ဆုံနိုင်ခွင့်အတွက် အချိန်ဘယ်လောက်တောင်ယူရမှာလဲ..

မင်းလေးကို ကြည့်ခွင့်တောင် မရှိတော့ဘူးလား ...

ခံစားရတာတွေက ရင်နဲ့ မဆံတော့ဘူး ... ကြာလာရင် ...။

ရင်ခတ်သံများ ၈

တစ်ချို့စာအုပ်တွေမှာ ဖတ်ဖူးတယ်

ချစ်သူလက်ကို ကိုင်ထားတဲ့အချိန်က ကမ္ဘာတစ်ခြမ်းကို ပိုင်သလိုပဲတဲ့

ကိုယ်ရော ဘယ်တော့မှများ ကမ္ဘာတစ်ခြမ်းကို ပိုင်ဆိုင်ခွင့်ရမှာလဲ...

မင်းရဲ့အနားမှာ အနီးဆုံးနေရမဲ့ မူပိုင်ခွင့်ကို ရဖို့အတွက် ကိုယ့်ရဲ့နာကျင်မှုတွေ...

ထိန်းချုပ်မှုတွေ... တိတ်တဆိတ်ကြေကွဲခဲ့ရတာတွေ ...ဘယ်လောက်တောင်ပေးဆပ်ခဲ့ရမှာလဲ

တွေ့ချင်နေတဲ့ အတ္တစိတ်က လွှမ်းမိုးနေမိတော့တယ်...

ဖြစ်နိုင်ရင် ခဏလောက်ဖြစ်ဖြစ်ပေါ့ ..... ( ပြန်ခဲ့ပါဦး )

ရင်ခတ်သံများ ၇

ယုံကြည်ပါလို့ မတိုက်တွန်းပါဘူး

ဒါပေမဲ့ အခွင့်ရလို့ မင်း ရဲ့ဘေးနားမှာ နေခွင့်ရခဲ့ရင်

ကိုယ့်ရဲ့ အချစ်တွေကို အချိန်က သက်သေပြသွားမှာပါ...။