“အခန်းနားဆုံး ကောလဟာလ”

ပင်လယ်တစ်စင်းလို
ခြစ်ခြစ်တောက်ပူနေတဲ့ နှလုံးသား
အနားသတ်တွေ တဝုန်းဝုန်းရိုက်ခတ်ဖို့
ကျောပြင်ကို အငွေ့ပျံခံပြီး
လရောင်ရဲ့ အပွေ့ဖက်ခံချင်တာ
မျှော်လင့်ခြင်းဆိုတဲ့ သီအိုရီဆန်ဆန်
ပေးဆပ်မှု…..

သစ်တစ်ပင်လို
ဆာလောင်မွတ်သိပ်နေတဲ့ အခက်အလက်တွေ
အလင်းရောင်ဘက်ကို အလုအယက်တက်ဖို့
အဆုတ်ထဲက အောက်စီဂျင်ထိုးပေးပြီး
နေမင်းရဲ့ နှုတ်ခမ်း ခပ်ဖွဖွနမ်းစေချင်တာ
တမ်းတခြင်းဆိုတဲ့ အိပ်မက်ဆန်ဆန်
သိမ်းပိုက်ခံရမှု….

ကန္တာရတစ်ခုလို
အထီးကျန်ဖြစ်နေတဲ့ မျက်နှာစာ
အလွမ်းပြေ အိုအေစစ်လေးအုတ်မြစ်ချဖို့
ရင်ဘတ်ကို တံလျှပ်အဖြစ်ပေးချေပြီး
ကောင်းကင်ရဲ့ မျက်ဝန်းတွေ ပြိုကျစေချင်တာ
ရယူလိုခြင်းဆိုတဲ့ မျက်လှည့်ဆန်ဆန်
နယ်ချဲ့ခံရမှု…..
……………………………..
………………………………
ညီမျှခြင်းတစ်ခုလို
လှိုင်းထနေတဲ့ အစွန်းထွက်တွေ
ယုံကြည်ချက်ကို ရေချိန်ညီစေဖို့
ကိန်းသေတွေနဲ့ အလေးခိုးပြီး
ရေခဲရိုက် အပြုံးအတုတွေချပြ
ရယူလိုခြင်းနဲ့ ပေးဆပ်ခြင်း
အမြတ်အစွန်းများတဲ့ဘက်မှာ ဖျာခင်းချင်ကြတာ
သဘာဝကို ဗီလိန်ဖြစ်စေတဲ့အတတ်…

အလွမ်းတွေနဲ့ပြည့်နေတဲ့ အထီးကျန်မှု့အတွက်
ဥက္ကာပျံတစ်စင်း
အရှိန်ပြင်းပြင်း ပစ်ဆောင့်ခံရတဲ့
မြေပြင်လို သွက်သွက်ခါလက်ခံရင်း
နာကျည်းခြင်း အပေါက်အပြဲဗရပွ…

အင်းလေ…
ရယူပိုင်ဆိုင်လိုခြင်း
ပေးဆပ်ကြေကွဲခြင်း
အရောင်အဆင်း အနံ့အရသာ
အဆင်းပုံဆောင်ခဲ
ဘယ်သူမှသဲသဲကွဲကွဲ မသတ်မှတ်နိုင်သေးတဲ့
အရာအားလုံးဖန်တီးနိုင်သော
ပါးစပ်ရာဇဝင်များစွာထဲက
…………
အချစ်ဆိုတာ
အခမ်းနားဆုံး ကောလဟာလ အဖြစ်…၊၊

“အစွန့်ပစ်ခံမြစ်”

မြတ်နိုးတတ်ခြင်းတွေ
အသက်ဝင်တဲ့နေ့ကစ...
အလွမ်းတွေ ရင်ဘတ်ထဲထည့်လို့
ငုံ့ငုံ့ကြည့်နေတတ်ခဲ့ရင်း
မင်းနဲ့တွေ့ရင်ပေးဖို့ အသဲနှလုံးကို
ဖွဖွလေးကိုင်ပြီး စောင့်နေခဲ့တာ....

ချစ်တတ်ခြင်းတွေ
ဖွားမြင်တဲ့နေ့ကစ...
တမ်းတမှု့တွေ ရင်ဘတ်ထဲထည့်လို့
ခဏခဏထုတ်ကြည့်နေတတ်ခဲ့ရင်း
မင်းနဲ့တွေ့ရင်ပေးဖို့ အသဲနှလုံးကို
ဖွဖွလေးကိုင်ပြီး စောင့်နေခဲ့တာ....

မျှော်လင့်တတ်ခြင်းတွေ
လူလားမြောက်တဲ့နေ့ကစ...
စိတ်ကူးတွေ ရင်ဘတ်ထဲထည့်လို့
လှမ်းလှမ်းကြည့်နေတတ်ခဲ့ရင်း
မင်းနဲ့တွေ့ရင်ပေးဖို့ အသဲနှလုံးကို
ဖွဖွလေးကိုင်ပြီး စောင့်နေခဲ့တာ....
...................

မနက်ဖန်ဆိုတာတွေ ခေါက်ကနဲခွေကျသွားတဲ့နောက်
အတူတူစီးဆင်းခဲ့တဲ့ အိပ်မက်ဈာပနမှာ
လရောင်ဟာအဖိတ်ဖိတ်အစင်စင် ကျကွဲနေရင်း
တစ်ခြမ်းရိုက်ထားတဲ့ဖိတ်စာရဲ့ တစ်ခြားဖက်မှာ
ကံစမ်းမဲတစ်ရွက်လို အဖြူရောင်သက်သက်
စီရင်ချက်ချခံလိုက်ရတဲ့ အမြတ်နိုးဆုံးဝဋ်ကြွေးတစ်ခုဟာ
လက်ထိုးအန်လို့မရလောက်အောင်
ချောင်ပိတ်ရိုက်ခံနေရဲ့
အချဉ်ပေါက်နေတဲ့အရုဏ်တွေမှာ
နေ့ဆက်ဖျားနာနေတဲ့ဘဝ
ဆန်တက်မလာတော့တဲ့ ကံတရားကို
ရေဆာသလို တမ်းတရင်း
ဂစ်တာဟာ သူ့အသံသူမျိုချနေရတယ်။
အနာဂတ်ကို ခြေဆုံးခေါင်းဆုံးကြည့်ခွင့်မရတဲ့
အစွန့်ပစ်ခံအစိတ်အပိုင်းကို ကြက်ခြေခတ်ပြီး
ပင်လယ်ဆီအငမ်းမရ အခစားဝင်ချင်နေမှတော့
ရိုးသားစွာစီးဆင်းခွင့်ပျောက်ဆုံး
နောက်ဆုံး
မြစ်ကျိုးအင်းအဖြစ်
ငါလေ....
ပုံ့ပုံ့လေးလဲကျကျန်ရစ်ခဲ့တယ်....။ ။

“မိုးစက်လေးရဲ့ ဒိုင်ယာရီ”


အိမ်မက်အသေတွေကို
သက်တမ်းတိုးဖို့ ကိုယ်တိုင်အငွေ့ပျံပြီး
ကမ္ဘာမြေက လွင့်ဆန်လာခဲ့တာ
ရှေ့ကတက်နှင့်တဲ့ တိမ်တွေလဲ
လမ်းခုလပ်မှာ ကိုယ့်ချွေးနဲ့ကိုယ် အအေးပတ်နေလေရဲ့….

အပြိုပြိုအလဲလဲ မနက်ဖန်တွေမိုးထားတဲ့
အိမ်ရာမဲ့အနာဂတ်တွေအတွက်လား
လိုက်လေဝေးလေ လမ်းစ ရေးရေးလေးမှမရှိတဲ့
အာမခံမဲ့ အစာအိမ်တွေအတွက်လား
မျက်နှာမူပြီး နောက်ပြန်လျှောက်နေတဲ့
ကျည်ရာပရပွနဲ့ မြို့ပြတွေ အတွက်လား
ခွာရာအထပ်ထပ် မြေဆီငတ်နေတဲ့
မျိုးပြတ် စိုက်ခင်းတွေအတွက်လား
?..?..?…………..?

ဒဏ်ရာရ ရင်တောင် ချုပ်ဖို့ အပ်တစ်စင်းမှမပါတဲ့
ရင်ဘတ်ဟင်းလင်းနဲ့ ငါ
မျှော်လင့်ခြင်း မိုးတိမ်တွေဆီ အရောက်
ကောင်းကင်လက်ဝါးအောက်က
အခြေခံ ဖျောက်မှုနဲ့
ကိုယ့်အမျိုးကိုယ်ခုတ်မဲ့ အရိုးအဖြစ်
စင်္ကြာဝဠာတံခါးဝမှာ
ဗီဇာမရတဲ့ ဒုက္ခသည်တစ်ယောက်
နောက်ဆုံးနံပတ်အဖြစ်နဲ့ “တောက်” ခေါက်ဖြစ်ခဲ့တယ်..

ဒီလိုနဲ့ ဖွဲ့တည်ခဲ့တဲ့တိမ်စတွေ
ကောင်းကင်ရဲ့ မုသာဝါဒအလှုပ်မှာ
ဖြုတ်ကနဲကြွေလိုကြွေ…
ဓါတ်ပြားဟောင်း အပ်ရာထဲမှာ
ငုတ်တုတ်သေလိုသေ
ကောင်းကင်ရဲ့ပြောင်းဝရှေ့မှာ
အစိမ်းရောင်တွေ ပေလိုပေနဲ့
အလေအလွင့်တွေ များလိုက်တာ..

ကျန်နေခဲ့သမျှ တိမ်စတွေလဲ
ကမ္ဘာမြေကိုထီးမိုးပေးခြင်းက
ဒုက္ခတွေမြိန်ရေယှက်ရေမြိုချတတ်တဲ့
ကောင်းကင်အတွက်တော့ စူးနေတဲ့မျက်မွှေးတစ်ပင်လို
မုန်တိုင်းအဖြစ် အကွက်ကျကျဆင်ခဲ့တယ်

မိုးစက်တွေအဖြစ် ဘဝပြောင်းသွားတဲ့တိမ်ဆိုင်တွေ
တစ်ချို့က တောင်တန်းတွေပေါ် တလိမ့်ကောက်ကွေး
တစ်ချို့က ပင်လယ်ထဲ ယက်ကန်ယက်ကန်
သစ်ရွက်ဖျားမှတင်ကျန်တဲ့ မိုးစက်လေးတောင်
အငုတ်မချန်တဲ့ ပလ္လင်ဥပဒေသမှာ
လေက မျက်နှာလုပ်ခြွေချတော့
ကဲ ဘယ်လို နေရမှာလဲ…

မြေပြင်ကို အရှိန်ပြင်းပြင်းနဲ့ ကြွေဆင်းသွားတဲ့
သစ်ရွက်ဖျားက မိုးစက်လေးရဲ့ကိုယ်မှာ
တတ်နိုင်သမျှနာကျည်းစိတ်နဲ့
ကောင်းကင်ရဲ့အရိပ်ကို အဆပေါင်းများစွာသေးပြီး
အကြွေးဆပ်ဖို့ တေးမှတ်သွားခဲ့တယ်….။

“လောင်းရိပ်”

နေရောင်ဟာ တိုက်နံရံနဲ့တိုက်မိပြီး
ပြူတင်းပေါက်ရှေ့ အဖိတ်ဖိတ်အစင်စင်ကျကွဲတာနဲ့
လူရာမဝင်တော့တဲ့ ရိုးသားမှုတွေ ချွတ်ချပြီး
ပေါ့ပေါ့ပါးပါး လိမ်ဆင်တစ်စုံကောက်စွပ်
မြင့်မြင့်ကြံချင်တဲ့သား ဘယ်လိုမှ ရိုးသားလို့မရဘူး အမေ…

လူတွေက မနက်စာကို ပေါရိသာဒလို မက်မောနေမှ
ခပ်နုံနုံအမေ့သား ရသက ဖြစ်ခဲ့ရတယ်
မုဆိုးနားနီးနေပေမယ့် လေးနဲ့မြား မကျွမ်းတော့
ကိုယ်ပစ်တဲ့မြား ကမ္ဘာ့ဆွဲအားထည့်မတွက်ခဲ့
အသက်ရှူလိုက်တိုင်း ရင်ဘတ်ကချုပ်ရိုး ပြုတ်ပြုတ်ထွက်နေတယ် အမေ…

အမေ ဘွန်ဇိုင်းလုပ်ပေးလိုက်တဲ့ လောကဓံက
ရေခံမြေခံမကောင်းတဲ့ ဒီဒေသမှာ
မျိုးမှန်ပေမဲ့ ဘယ်လိုမှအပင်မသန်ခဲ့ဘူး
အလုပ်ဆိုတာကလဲ ရောမခေတ်သတ်ကွင်းလိုပဲ
ခုခံကာကွယ်ရုံသက်သက်နဲ့ ဘယ်ဆက်ရှင်သန်နိုင်မှာလဲ
တစ်ယောက်ကျဆုံးမှု တစ်ယောက်ကဖဲ့စားရင်း
သူလိုကိုယ်လို နောက်ကျောက ဓါးဒဏ်ရာတွေနဲ့
ခြေလှမ်းတိုင်းမှာ ကိုယ့်ခေါင်းကိုယ်ပြန်နင်းနေရတယ် အမေ…

မာယာတွေသာ အတုံးလိုက်အတစ်လိုက်
လေလံအပြိုင်ဆွဲနေတဲ့ခေတ်မှာ
ဖြူစင်မှုဆိုတာ ခေါင်းရွက်ဗျပ်ထိုးသာသာ
ပီယဝါစာဆိုတာလဲ ဧည့်ကြိုကောင်တာလောက်သာအသုံးဝင်တဲ့
ဘာသာဗေဒသက်သက်
ဒီမှာ..
လူ ကို လူနဲ့မျှား လူးသားစားတယ် အမေ
အထက်ကိုပင့် အောက်ကိုဖိမှ ကိုယ့်နေရာလေး ချောင်မှာမို့
လက်ထိုးလှော်ခဲ့တဲ့သား လေတိုက်နှုန်းဖီလာနေတဲ့အလံ
လှေခွက်ကြီးမကျန်ခင်ကတည်းက လှဲခဲ့တယ်အမေ…

အလိုက်အထိုက်ဆိုတဲ့ နေထိုင်မှုတစ်ခုအတွက်
ကော်ဖီကို မျက်ရည်စပ်ပြီးသောက်လိုသောက်
ထမင်းကို သောကနဲ့ နယ်ဖတ်စားလိုစား
အမေ့သား ကုတ်သွေးတွေလဲ သူတို့လက်ဆေးခွက်ထဲမှာ
စာချုပ်လက်မှတ်တွေ အတိုင်းသားနဲ့
အသံတွေကို မြင်အောင်ကြည့်နေတယ် အမေ…

ညနေဆို “confessional”မှာ လူအပြည့်
ဖြည့်ခဲ့သမျှ အန်ထုတ်ကျတာလေ
ရာဘာစေးခြစ်သလို ချွေးစက်တွေခြစ်ခဲ့သမျှ
မျက်ရည်ခံထိုး ကျွန်တော်မျိုးမှားပါတယ်လုပ်ပြီး
လူမရဲ့ လင်းပိုင်တစ်ကောင်လို အကကိုကြည့်
အရိုးသက်သက်အမေ့သား အဲဒီဟင်းအိုးတွေ ဘယ်လိုအားနာရမလဲ အမေ…

မေးပါများရင် ပြန်ပို့ခံရမယ် အမေ
သွားပါများရင် ရဲအဖမ်းခံရမယ် အမေ
မအိပ်မနေရင် စက်ထဲလက်ပါသွားမယ် အမေ
သားလေ…
သမုဒ္ဒရာခြားနေတဲ့ လမင်းကြီးပန်ထားတဲ့ဆံနွယ်စအောက်က
အမေ့မျက်နှာမော့ကြည့်ရင်း
ငယ်ငယ်တုန်းကလို
ထမင်းဆီဆမ်းသီချင်းကို လွမ်းတယ်အမေ…

ဒီလိုနဲ့….
ဘယ်တုန်းကမှ မလျှော်ဖြစ်တဲ့ အဟောင်းထည်ကို
မိတ်ကပ်ထူထူဖို့ပြီး အဲဒီတိုက်မြင့်မြင့်လမ်းကြားတွေကပဲ
ည ဟာ မနေ့ကလို ကပိုကရိုဝင်လာနေရဲ့…အမေ…။ ။