“မိုးစက်လေးရဲ့ ဒိုင်ယာရီ”


အိမ်မက်အသေတွေကို
သက်တမ်းတိုးဖို့ ကိုယ်တိုင်အငွေ့ပျံပြီး
ကမ္ဘာမြေက လွင့်ဆန်လာခဲ့တာ
ရှေ့ကတက်နှင့်တဲ့ တိမ်တွေလဲ
လမ်းခုလပ်မှာ ကိုယ့်ချွေးနဲ့ကိုယ် အအေးပတ်နေလေရဲ့….

အပြိုပြိုအလဲလဲ မနက်ဖန်တွေမိုးထားတဲ့
အိမ်ရာမဲ့အနာဂတ်တွေအတွက်လား
လိုက်လေဝေးလေ လမ်းစ ရေးရေးလေးမှမရှိတဲ့
အာမခံမဲ့ အစာအိမ်တွေအတွက်လား
မျက်နှာမူပြီး နောက်ပြန်လျှောက်နေတဲ့
ကျည်ရာပရပွနဲ့ မြို့ပြတွေ အတွက်လား
ခွာရာအထပ်ထပ် မြေဆီငတ်နေတဲ့
မျိုးပြတ် စိုက်ခင်းတွေအတွက်လား
?..?..?…………..?

ဒဏ်ရာရ ရင်တောင် ချုပ်ဖို့ အပ်တစ်စင်းမှမပါတဲ့
ရင်ဘတ်ဟင်းလင်းနဲ့ ငါ
မျှော်လင့်ခြင်း မိုးတိမ်တွေဆီ အရောက်
ကောင်းကင်လက်ဝါးအောက်က
အခြေခံ ဖျောက်မှုနဲ့
ကိုယ့်အမျိုးကိုယ်ခုတ်မဲ့ အရိုးအဖြစ်
စင်္ကြာဝဠာတံခါးဝမှာ
ဗီဇာမရတဲ့ ဒုက္ခသည်တစ်ယောက်
နောက်ဆုံးနံပတ်အဖြစ်နဲ့ “တောက်” ခေါက်ဖြစ်ခဲ့တယ်..

ဒီလိုနဲ့ ဖွဲ့တည်ခဲ့တဲ့တိမ်စတွေ
ကောင်းကင်ရဲ့ မုသာဝါဒအလှုပ်မှာ
ဖြုတ်ကနဲကြွေလိုကြွေ…
ဓါတ်ပြားဟောင်း အပ်ရာထဲမှာ
ငုတ်တုတ်သေလိုသေ
ကောင်းကင်ရဲ့ပြောင်းဝရှေ့မှာ
အစိမ်းရောင်တွေ ပေလိုပေနဲ့
အလေအလွင့်တွေ များလိုက်တာ..

ကျန်နေခဲ့သမျှ တိမ်စတွေလဲ
ကမ္ဘာမြေကိုထီးမိုးပေးခြင်းက
ဒုက္ခတွေမြိန်ရေယှက်ရေမြိုချတတ်တဲ့
ကောင်းကင်အတွက်တော့ စူးနေတဲ့မျက်မွှေးတစ်ပင်လို
မုန်တိုင်းအဖြစ် အကွက်ကျကျဆင်ခဲ့တယ်

မိုးစက်တွေအဖြစ် ဘဝပြောင်းသွားတဲ့တိမ်ဆိုင်တွေ
တစ်ချို့က တောင်တန်းတွေပေါ် တလိမ့်ကောက်ကွေး
တစ်ချို့က ပင်လယ်ထဲ ယက်ကန်ယက်ကန်
သစ်ရွက်ဖျားမှတင်ကျန်တဲ့ မိုးစက်လေးတောင်
အငုတ်မချန်တဲ့ ပလ္လင်ဥပဒေသမှာ
လေက မျက်နှာလုပ်ခြွေချတော့
ကဲ ဘယ်လို နေရမှာလဲ…

မြေပြင်ကို အရှိန်ပြင်းပြင်းနဲ့ ကြွေဆင်းသွားတဲ့
သစ်ရွက်ဖျားက မိုးစက်လေးရဲ့ကိုယ်မှာ
တတ်နိုင်သမျှနာကျည်းစိတ်နဲ့
ကောင်းကင်ရဲ့အရိပ်ကို အဆပေါင်းများစွာသေးပြီး
အကြွေးဆပ်ဖို့ တေးမှတ်သွားခဲ့တယ်….။

7 comments:

phaythamee said...

မိုးစက်လေးရဲ ဒိုင်ယာရီ ဆိုတဲ့ကဗျာလေး ရှိသလို
အဖြူရောင်လေးရဲ့သန့်စင်ခြင်း ဆိုတဲကဗျာမျိုးကော မရှိဘူးလား.....? ဖြူလေး

phaythamee said...

ကဗျာလေးတောင်းသွားတယ်နော် အဆင်သင့်မယ်ဆို မအားဘူဆိုလည်း တင်ပေးပါလို့
ဖြူလေး

ကောင်းကင်ပြာ said...

ကောင်းကင်ရဲ့ပြောင်းဝရှေ့မှာ
အစိမ်းရောင်တွေ ပေလိုပေနဲ့
အလေအလွင့်တွေ များလိုက်တာ

တို့ကောင်းကင် ကတော့ တရောင်ထဲပါး)

ကိုတိုး said...

ကဗျာလေးကကောင်းလိုက်တာနော်အကိုရေ။ အဆင်ပြေမယ်ဆိုရင်ရေးပြီးတော့သာတင်ပေးပါဗျာ
ပျော်ရွှင်ပါစေနော်အကို


ခင်မင်လျက်

ကိုတိုးလေး

NangNyi said...

စင်္ကြာဝဠာတံခါးဝမှာ
ဗီဇာမရတဲ့ ဒုက္ခသည်တစ်ယောက်
နောက်ဆုံးနံပတ်အဖြစ်နဲ့ “တောက်” ခေါက်ဖြစ်ခဲ့တယ်..

desertraindrops said...

ကဗျာလေး ခံစားသွားတယ်

ညလင်းအိမ် said...

မိုးစက်လေးရဲ့ ဒိုင်ယာရီက ပီပြင်လိုက်တာဗျာ...