လေပြည်

ညခင်းဆည်းဆာ ချိန်ခါလေးမှာ
နှလုံးသားကို ရိုက်ခတ်သွားတဲ့
လေပြည်လေး ...ရေ
ခြေလှမ်းလေးတစ်စုံ တရွေ့ရွေ့နဲ့အလာ
မြင်တွေ့ရတဲ့ မင်းအပြုံးလေးကို
ကြည့်လို့မ၀တာ ငါတစ်ယောက်ပါ...
ရိုးမသွားတဲ့ အမူအရာလေးပမာ
ငေးမောရင်းနဲ့ ..
ချစ်နေမိတာ ငါတစ်ယောက်ပါ...
အထီးကျန်ဆန် ငါ့ဘ၀ထဲ
ဝင်လာရဲတဲ့ ပါရမီရှင်ရေ ...
မင်းလေးရဲ့ ဟန်ဆောင်ကင်းတဲ့
ချစ်ခြင်းတွေကြောင့် စိတ်အစဉ်မှာ
ခွန်အားတွေဖြစ် ..
အချစ်တွေပြည့်တာ ငါတစ်ယောက်ပါ...
ဖြူစင်အပြုံး ရှင်းသန့်မျက်နှာ
တောက်ပအကြည့်တွေ ပေါင်းစုနေတဲ့
မင်းတစ်ယောက်ကို ...
ဒီရင်ထဲ မေ့လို့မရတော့
လေညှင်းလေးလို တိုးဝှေ့လှည့်ပါလို့
တောင်းဆုခြွေပါ၏ ...

ချစ်သော အစ်ကို ကိုမျက်လုံး အတွက်

ကမ္ဘာတစ်ခွင်မှာ ရှာခင်စရာမလိုပဲ
အမှန်သာခင်ခဲ့ရတဲ့ ကိုမျက်လုံးရေ ..
တစ်နယ်စီခြားလို့ မိုင်တွေဝေးလည်း
ဆုံခွင့်လေးတွေ ရခဲ့ပါတယ်....
တည်ငြိမ်လှတဲ့ ကိုမျက်လုံးနဲ့....
သီကာကုံးတဲ့ ....
ပွင့်ဖူးလိုပဲ တစ်ကြိုးထဲမှာ
ပါဝင်ရလို့ ပျော်မိပါတယ် ...
မျက်လုံးဆိုတာ စိတ်ရဲ့ပြတင်းလို
အမှားအမှန် ကောင်းခြင်းသွင်ကို
ခွဲခြားသိမြင် အောင်မြင်ခြင်းနဲ့
အသိဥာဏ်တွေ လေ့လာခြင်းအတွက်
လိုအပ်ခြင်းတစ်ခု ....
ဒီလိုပါပဲ
ခင်မင်ရတဲ့ ကာလတစ်လျှောက်
နွေးထွေးစာနာ သံယောဇဉ်နဲ့
ဖေးမမှုတွေ ဖြည့်စွက်ပေးရင်း
လျှောက်လှမ်းနေတဲ့ ခရီးလမ်းကို
မကွေ့မကောက် လမ်းဖြောင့်ရောက်အောင်
စေတနာအရင်းခံ သွန်သင်ပြတဲ့
ကိုမျက်လုံးရေ ....
တစ်မြေထဲက တစ်သွေးထဲမို့
တွဲလက်ညီမယ့် ခိုင်မြဲလက်တွေ
မွေးနေ့မှတည် နောင်နှစ်ပေါင်း
ချမ်းမြေ့မှုအသင်္ချေ ရရှိရင်းနဲ့
သာယာဖြောင့်ဖြူး အနာဂတ်လမ်းကို
လျှောက်လှမ်းရင်းနဲ့ ပျော်ရွှင်ပါစေ ..

၂၁ ရက်နေ့က ကျရောက်သော ကိုမျက်လုံး၏ မွေးနေ့လေးအတွက်
ကဗျာလေးနဲ့ အမှတ်တရ လက်ဆောင်လေးပါ

သြော် ... မိန်းကလေး

ဝန်းစက်နေတဲ့ မင်းမျက်ဝန်းနဲ့
အေးစက်စက် အပြုံးတွေအောက်
လှအမူရာ စန်းကူကာထလို့
လှည့်မြူကာ အကြည့်စူးတော့
ကြွေခဲ့ရတဲ့ ယောက်ျားသားတွေ ....
ညုသလိုလို အပြောချိုနဲ့ ...
မင်းနှုတ်ခမ်းတွေက .....
ဆေးမကူကာ ပွင့်ဖူးနီမို့
ဝဲခဲ့ရတဲ့ ပိတုန်းတွေမှာ
စစ်ခင်းလို့ပေါ့ ...
တည်ငြိမ်မနေ ဗီလိန်တွေနဲ့
မသိသလို ဟန်ဆောင်ထားရစ်တော့
ကွဲ(အသည်း) ခဲ့ရတဲ့ ယောက်ျားသားတွေ...
လှတန်ခိုးတွေ ကြွယ်နေလေတော့
မာနတွေ အရှိန်တက်လို့
ဗျာများရတဲ့ ပျိုမဒီရေ ...
အမူအရာကြွယ် ...
ချူပါတယ် မင်းအကျင့်တွေက
လူတကာအလယ် ပြောစမှတ်တွင်လို့
နာမည်ကျော် ပိုင်းလုံးဖြစ်တာ
မင်းမို့ မရှက်တယ် ...
ပတ်ဝန်းကျင် လူအများနဲ့
ယှဉ်ကာဝယ် စွဲချက်တင်လို့
ဘာတဲ့...
မင်းပြောတဲ့စကား ...
'ပေးဆပ်ခြင်းရဲ့ ရယူမှုတဲ့'
သြော် ...မိန်းကလေး
ပေးဆပ်ခြင်းရဲ့ ရယူမှုမှာ
မင်းကျေနပ်နေတာ အံ့သြစရာပဲ
မိန်းကလေးရေ....
မင်းရဲ့ စန်းတွေ
မင်းရဲ့ အလှပတွေ
မင်းရဲ့ မာန်မာနတွေ
မင်းရဲ့ အဆင်တန်ဆာတွေကို
ခ၀ါချလို့ .... နေကြည့်လိုက်ပါ....
ကြိုးပြတ်နေတဲ့ ဂစ်တာတစ်လက်လို
မင်း သံစဉ်တွေ မညီမညာနဲ့
ရောထွေးနေတာကို မင်းသိလှည့်မှာပါ..

အချစ်ဆုံးမို့

ချစ်သူ ...
တစ်ချိန်တစ်ခါက အချစ်ဆိုတာကို
ဝိုးတ၀ါးနဲ့ လမ်းပျောက်နေတဲ့
မျက်ကန်းတစ်ယောက်လို စမ်းလျှောက်ခဲ့ဖူးပါတယ်...
ပြန့်ဖြူးမနေတဲ့ ကျင်းနှုတ်ခမ်းတွေမို့
ငါ့ခန္ဓာမှာလည်း
ချို့ယွင်းနေတဲ့ နာရီတစ်လုံးလို
တစ်စစီပြန့်ကျဲနေရင်း ရပ်တန့်ခဲ့ဖူးပါတယ်...
ချစ်ခြင်းရဲ့အနှစ် ခံစားခြင်းရဲ့အပြုကို
ခုန်မင်စွာ ကြောက်ရွံ့နေရင်း
ငါတစ်ယောက်ထဲ ဒဏ်ရာတွေကို
အချိန်နှင့်အမျှ ကုစားလို့နေခဲ့မိတယ် ..
အခုတော့ ..
အတ္တစိတ်တွေ များပြားခြင်းနဲ့
ဟောဒီကမ္ဘာကြီးထဲမှာ
ငါလေ ... မင်းတစ်ယောက်ကို
မမျှော်လင့်ခြင်းနဲ့ ဆုံတွေ့ရသလို
မထင်မှတ်ပဲလည်း ချစ်သွားခဲ့တယ် ..
အတမ်းတဆုံး ရင်ခွင်တစ်ခု
အဖေါ်မဲ့နေ ငါ့ဘ၀အတွက်တော့
အလိုအပ်ဆုံး မင်းတစ်ယောက်ကို
ယုံကြည်ခြင်းတွေနဲ့ ..
စုန်ချီဆန်ချီ လိုက်ပါမျောရင်း
လှမ်းမမြင်တဲ့ ကမ်း(အနာဂတ်)ပြင်ကို
ခွန်အားအပြည့်နဲ့ ကူးခတ်နေလို့
ဒီသံသရာ လူ့ဘ၀တာမှာ
မင်းတစ်ယောက်ကို မရှောင်ပုန်းစွာနဲ့
အချစ်ဆုံးပါလို့ ပြောလိုက်ပါရစေ ...

ရနံ့

ငါ .. ယုယခဲ့တယ်
ပန်းလေးတစ်ပွင့်ကို ...
မနမ်းရက် မရှိုက်ရက်အောင်
တန်ဘိုးထားရင်း ...
ဒီပန်းတွေထဲ အမြတ်နိုးဆုံး
ပန်းပွင့်လေးကို တသသနဲ့ ...
မပွင့်လန်းပါနဲ့ ပန်းပွင့်လေး
ဒီအတိုင်းပဲ ရှိနေပါ ..
စွန့်လွှတ်ဖို့ မဖြစ်နိုင်တဲ့
ဆန္ဒအချစ်စိတ်ကြောင့်
ကိုယ်ပျိုးခဲ့တဲ့ ပန်းလေးတစ်ပွင့်ကို
လက်လှမ်း ခူးဆွတ်တော့မယ် ...
သင်းရနံ့တို့ မပျက်ပြယ်အောင်
ငါ ယုယမှုနဲ့ သိမ်းထားမယ်...
ပန်းပွင့်လေးရယ် ရနံ့မပြယ်ပါနဲ့
ငါ ..တောင်းဆုပြုနေမယ် ..

ဖေဖေ့ အုတ်ဂူ

မိုင်တွေဝေးလို့ ခြားနားနေပြီ ..
ဟိုအဝေးက တောင်ပြာတန်းနှင့်
အေးချမ်းလှတဲ့ ဒေသလေးကို ...
ရင်မှအလွမ်း မှန်းဆရည်ရွယ်
တမ်းတမိတယ် ဖေဖေ့အုတ်ဂူ
မှိန်ဖျော့ဖျော့ရယ် ..
ရက်တွေပြောင်းလဲ နှစ်တွေဟောင်းလည်း
ဖေဖေ့စကား ဖေဖေ့အသွေးကို
သားရဲ့ခန္ဓာ သားရဲ့အသိမှာ
နှလုံးသွင်းလို့ မှတ်ယူထားတာ
ယနေ့ထိပါ ...
နောင်အနာဂတ် ကံကြမ္မာအကြောင်း
ဘယ်လိုပြောင်းလဲ ဟောင်းခြင်းပျက်ပြီး
အသစ်တည်လည်း သားရဲ့စိတ်မှာ
ဖေဖေဆိုတာ ထာဝရအမြဲ
ရှင်သန်နေမှာ သားအသိပါ ...

ပြန်လည် Tag ခြင်း ၁

ကိုယ့်ရဲ့ အမည် idulize (မမေးနဲ့နော် ...အဓိပ္ပါယ်ကိုမသိတာ ..)
သူငယ်ချင်းတွေကခေါ်ကြတယ် ရုပ်ကြီး ၊ ရုပ်ရုပ် ၊ ရုပ်လေး ...လို့
ချစ်သူကတော့ခေါ်တာ အချည်ပေါင်းတဲ့ ...( အချည်ကြိုက်တယ်နဲ့ တူပါရဲ့ )
ဒီမှာနေတယ် Hotelမှာနေတယ် (နှစ်ချုပ်နဲ့ကိုနေတာ ..ပေါနေလို့ )
ဖုန်းဆက်ချင်ရင် ၀၁ ........ မေ့နေတာ , ချစ်သူတောင်မပြောရသေဘူး
နောက်မှပြောတော့မယ် ...

ကိုယ့်ရဲ့ အကြိုက်ဆုံးတွေက

အရောင်ဆိုရင် ( အဖြူ ၊ အနက် )
အ၀တ်အစားဆိုရင် လုံခြုံရင် အကုန်ကြိုက်
အစားအစာ ရွေးတယ်နော် .....( ..ဖြစ်ပါ့မလား ..)
သီချင်းဆိုရင် pop သီချင်းလေးတွေဆို ကြိုက်တယ်
( လေးမဆိုလို့လေ )
စာရေးဆရာဆိုရင် ဖတ်ဖူးသမျှ စာရေးဆရာတွေ ကြိုက်ပါ့
ဖတ်တာများနေလို့ သိပ်မမှတ်မိတာ ( ထင်လား )
အချစ်ဆုံးသူတွေက မိသားစုလေး ၊ ပြီးတော့ ... တစ်ယောက်သောသူပေါ့ ..(ဟဲဟဲ)
အလေးစားဆုံးသူက ဈေးထဲက ကြက်သားသည်လေ ( အလေးခိုးခိုးပြီး သူ့အတွက်ကျန်
အောင် စားနေလို့ )
အများဆုံးနားလည်ပေးနိုင်သူ မေ ... ( မေမေကိုပြောတာနော်)
ရင်အခုန်ဆုံးအချိန် ဆိုးသမျှ မေမေ သိသွားတဲ့ အချိန်..(မဆိုးပါဘူး ..တစ်ကယ်ပြောတာ)
အကြောက်ဆုံးအချိန် ချစ်သူက ထားခဲ့မှာအကြောက်ဆုံး (ယောက်ျားဆိုပေမဲ့ အချစ်နဲ့
ပတ်သက်ရင် ခံစားလွယ်လို့ ..ဟဲဟဲ)
အပျော်ဆုံးအချိန် သိန်း (၅၀၀)ထီ ခြောက်ကြိမ်ပေါက်တုန်းကလေ
ပိုက်ဆံလိုလား လာယူနော် ..(ရောက်ရင်တော့ ပြန်ပေးခဲ့ဦး )
အမှတ်တရနေ့ ပြောတော့ပြောချင်တယ် ဒါပေမဲ့ ချစ်သူက မပြောရဘူးတဲ့
သူပြောမယ်တဲ့ .. (ယုံလား )
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် လူ့စည်းစိမ်ကို အပြည့်အ၀စံစားရပါလို၏လို့ ဆုတောင်းမှာ
အချစ်ဆိုတာ ဘုရားကပေးတဲ့ ဆုလာဘ်လား ...( ကိုလေးဆိုတာ ..)
အမုန်းဆိုတာ လုံးဝကိုမရှိတာ ..
အချစ်ဆိုတာ ကိုယ့်ရဲ့ အချစ်တွေကို သူနဲ့ထပ်တူထပ်မျှ ပုံအပ်ကာချစ်တဲ့သူ
အလွမ်းဆိုတာ ဘယ်သူ့ကိုပဲချစ်ချစ် , ချစ်ပြီးရင်အကြောင်းအမျိုးမျိုကြောင့်
အလွမ်းဆိုတာ ဖြစ်လာတာပဲလို့ ထင်တာပဲ (မှားရင်တော့မသိ)
သံယောဇဉ်ဆိုတာ လူတွေပြောပြောနေတဲ့ အရိပ်သုံးပါးနားမလည်ဘူး ဆိုတဲ့အထဲက
သံယောဇဉ်အရိပ် ကိုပြောတာ ( ဟုတ်လား )
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် မမြဲတဲ့ ခန္ဓာကိုယ်ကြီးပါလားလို့ .. (တရားရတယ်မထင်နဲ့နော်..)
အပြောချင်ဆုံးစကားတစ်ခွန်း ဘ၀မှာ ဘယ်တော့မှ နောင်တမရပါနဲ့လို့...
နောင်တရရင် အရခံရတဲ့ သက်ရှိ ၊ သက်မဲ့က စိတ်ညစ်စရာ,
အသုံးမ၀င်တာဖြစ်ရော (ဟုတ်တယ်မို့လား)
ကိုယ့်စကားမဟုတ်ဘူးနော် ( သူများစကား )

ခင်တဲ့သူငယ်ချင်းတွေကိုတော့ မ tag တော့ပါဘူး ...
သူငယ်ချင်း နန်း .. ဖြေပြီးသွားပြီနော် ..