ဒီဇင်ဘာ..လျော်ကြေး

အခုလိုဒီဇင်ဘာဆို တောင်နေကြာတွေနဲ့
အနာတရကို ရွှေရောင်ချထားတဲ့မြို့ …
ရာသီနှိပ်စက်လို့ အတိတ်ပျက်ခဲ့တဲ့ ကမ္ဘာကြီးနှလုံးသား
သွေးရောင်တစက်စက်ထနေတဲ့ အပိုင်းအစတွေနဲ့
သန္ဓေတည်ခဲ့တဲ့မြို့ …
ကောင်းကင်ရောင်တလက်လက်ကြွနေတဲ့ ပုံဆောင်ခဲအစတွေနဲ့
အမြုံဘဝရောက်ခဲ့တဲ့မြို့ …
ဒဏ်ရာအပေါက်အပြဲ အရှက်တကွဲနဲ့
နှင်းတွေမစဲတဲ့မြို့ …
အဲဒီ ရတနာမြေ ဆိုတဲ့ မြို့ သေးသေးလေးမှာ ကြီးပြင်း
ကျွန်တော့်ကဗျာတွေ စစီးဆင်းခဲ့တယ်..၊၊

သူမရဲ့နယ်ရုပ်လေးအဖြစ်
အိပ်မက်တွေချကျွေးပြီး အိပ်စက်ခြင်းတွေသိမ်းပိုက်
ခြွေချခံလိုက်ရတဲ့ကြယ်ဟာ
ကြေကွဲခြင်းကာရံတွေနဲ့ အလွမ်းတွေဖဲ့ဖဲ့ချ
ကောင်းကင်ရဲ့ညတွေ ကဗျာတွေနဲ့တနေခဲ့တယ်…၊၊

ယုံကြည်ခြင်း ကောင်းကင်မှာ
ကျွန်တော် တင်ခဲ့တဲ့လမင်း
တညက်ညက် လင်းတယ်ဆိုရုံလေး
ကဗျာမာန သေးသေးလေးနဲ့
အစွမ်းကုန်မြုပ်နစ် အဖေ့ရင်ကို ကုတ်ခြစ်ခဲ့မိတယ်..။

အဖေ့ရင်မှာ ဖြစ်စေချင်တဲ့ ဗိသုကာဘဝ
ကဗျာတွေနဲ့ ဖြေပြခဲ့တဲ့ ကျွန်တော်
ကျောင်းတော်ကအပြန် အဖေ့ရင်ကွဲသံကိုကျောခိုင်း
တမင်ရိုင်းခဲ့တာမဟုတ်ဘူး အဖေ..။


ကာရန်နဲ့ကဗျာ ရင်မှာထိုးသိပ်
တရိပ်ရိပ် ရွက်လွှင့်ရင်း
အလင်းစက် တ၀က်တပျက်မိုး
ခြင်တွေရဲ့ ကကြိုးညှိလို့
ဒုက္ခနဲ့ အတိပြီးတဲ့ညတွေ
အဆောင်သူတွေ လက်ဖက်နဲ့
အသက်ဆက်ခဲ့တယ်..။

ကဗျာသမားရဲ့ ဘ၀လမ်း
ပျံသန်းရတာ ကြမ်းလွန်းပါတယ်အဖေ..။

ရင်နဲ့ရင်းပြီး အသက်သွင်းခဲ့တဲ့
ကျွန်တော်ရဲ့ အပြစ်မဲ့ကဗျာတွေ
တစ်ခါတစ်လေမှာ မိတ်ကပ်လိမ်းကျံ သိမ်းပိုက်ခံရတဲ့အခါ
ကြေကွဲမှု ချော်ရည်ပူတွေအဖြစ်
ဒေါသတွေ မီးတောင်လိုပေါက်ကွဲပေမယ့်
အံခဲရုံဘဲ တတ်နိုင်ခဲ့တယ်လေ..။

ဥယျာဉ်မှုး ကျွန်တော့်လက်နဲ့ အသက်ဆက်တဲ့ပန်းကလေး
အိပ်ဆေးတွေ ကျွေးခဲ့ကြလေတော့
နာကျည်းချက် အပိုင်းအစနဲ့
ဆောက်တည်ရာမဲ့တဲ့ မုန်တိုင်း
ကျွန်တော့်ရဲ့ ယုံကြည်ချက်တံတိုင်းတွေလည်း
ကျိုးပျက်စေခဲ့ရတယ်..။


အဖေ အတန်တန်ရိုက်ချိုးလို့ မကျိုးခဲ့တဲ့ဗီဇ
အဖေ အမျိုးမျိုးနားချ တားမရတဲ့ ကဗျာသည်ဘဝ
ဒဏ်ရာတွေစရခဲ့တာ အဲ..ဒီ့..က..နေ..ပါ အဖေ..။

ကျွန်တော့် မာနမိုးတိမ်တွေ
တစ်ချိန်ချိန်တော့ ရွာချကောင်းပါရဲ့
အဲဒီမျှော်လင့်ချက်
တစ်ရက်ပြီး..တစ်ရက်ရင့်ရော်
တစ်ရွက်ပြီး..တစ်ရွက်ကြွေလွင့်
တစ်ခက်ပြီး..တစ်ခက်ကျိုးကျ
အဖေပျိုးမရခဲ့တဲ့ ကောင်းကင်ဟာ
ပြန်ကျမိုးလေးတစ်စက်မှ
အဖေ့ အတွက် မရွာချနိုင်ခဲ့ဘူးနော်..၊၊

ဒီဇင်ဘာ နောက်ဆုံးရက်
ယုံကြည်ချက်တွေနှုတ်ဆက် ခဲ့တဲ့အဖေ
ထွက်သက်တွေ ကြွေလုဆဲဆဲ
နှင်းသဲသဲမှာ ကျွန်တော့်ကဗျာလေးထဲက
တစ်ပိုင်းတစ်စစာသား အဖေရွတ်ပြသွားခဲ့တာ
အဝေးရောက်နေတဲ့သား ယူကြုံးမရခြင်းခေါင်းစဉ်အောက်မှ

တောက်ပခွင့် မရှိတဲ့ကြယ်တလုံးလိုဘဲ
ကျရှုံးခဲ့တယ် အဖေ..။

" ဟစ်တလာကို မယူနဲ့ အနုမြူဗုံးကို မမွေးနဲ့ "

တောင်တန်းတွေ ရေတံခွန်အဖြစ်နဲ့
အရောင်မဲ့သွေးတွေ အန်ချနေသမျှ
ကောင်ကင်ကြီး မိုးစက်တွေအဖြစ်
ရှိုက်ကြီးတငင် ငိုကြွေးနေသမျှ
ကဗျာသည်ဘ၀ကို ကာရံစားပြီး
ကြီးပြင်းရပ်တည်ချင်ခဲ့တဲ့ ကျွန်တော်
အဖေ့အပေါ် လုံးလုံးမတရားခဲ့ဘူးနော်..။

အဖေ့အိပ်မက် ရိတ်ဖြတ်ခဲ့တဲ့သား
အဖေလိုချင်တဲ့ပုံစံ ခြေစုံကန်တဲ့သား
အဖေရေးချင်တဲ့သမိုင်း ကျောခိုင်းခဲ့တဲ့သား
အဖေ့မျှော်လင့်ချက် ပျော်လွင့်ပျက်စေတဲ့သား
ယုံကြည်ချက်တစ်ခုနဲ့ ရှေ့တန်းထွက်ခဲ့တဲ့သား
တကယ့်ဇာတ်ဝင်ခန်းတွေမှာတော့
ဖြစ်လျှောက်ခန်းလောက်သာ ပါခဲ့ရတယ် အဖေ..။

အဖေရယ်...
အဖေစီးဆင်းခဲ့တဲ့ မျှော်လင့်ခြင်းမြစ်တွေမှာ
ချောက်တစ်ခုလို ဖြစ်ခဲ့တဲ့ကျွန်တော်
အခုတော့လေ
ပြိုကျစရာမကျန်တော့လောက်တဲ့ ကမ်းပါးတစ်ခုလို
ကျွန်တော့်ကိုယ်ကျွန်တော် ဖြိုချပြီး
ကျွန်တော်မြတ်နိုးခဲ့တဲ့ ကဗျာသည်ဘဝ
ကျွန်တော့်ကိုယ်ကျွန်တော် အိပ်မွေ့ချပြီး
ကံကြမ္မာကန်းရိုးတန်းပေါ်မှာ မြုပ်နှံခဲ့လိုက်တာ
ကျေနပ်ပါ အဖေ.....။

မင်းသုခ..

အစ်ကိုသုရေးတဲ့ ကဗျာလေးပါပဲ .. ဒီဇင်ဘာလမှာ ကမ္ဘာကြီးကနေ အဖေချစ်တဲ့ မိသားစုနဲ့ သူ့ပတ်ဝန်းကျင်ကို နှုတ်ဆက်သွားခဲ့တဲ့ ကိုသုအဖေနဲ့ ကျွန်တော့်အဖေအတွက် တိုက်ဆိုင်မှုရှိပြီး ထပ်တူကျတဲ့ ကဗျာတစ်ပုဒ်မို့ တင်လိုက်ခြင်းပါ ..။ဒီဇင်ဘာလ မရောက်သေးပေမယ့် ရင်ထဲ လှိုက်တက်နေတဲ့ သတိရစေတဲ့ စိတ်ကြောင့် ကြိုတင်လိုက်ခြင်းပါ ။

8 comments:

NangNyi said...

အင်းပေါ့လေ.. လူတစ်ယောက်က အကောင်းဆုံး ဘဝချည်းပဲတော့ ဘယ်ရနိုင်ပါ့မလဲ.. သားကောင်းသားလိမ္မာလုပ်မလား.. ကဗျာသမားလုပ်မလား..

သမီးကောင်းလား အောင်မြင်တဲ့လုပ်ငန်းပိုင်ရှင်လား..
ဇနီးကောင်းလား ဆရာဝန်ကောင်းလား..
မိခင်ကောင်းလား ရှေ့နေကောင်းလား..
အဲလို အဲလိုတွေပေါ့ဗျာ..

လင်းရမ္မာ said...

ကဗျာသမားရဲ့ ဘ၀လမ်း
ပျံသန်းရတာ ကြမ်းလွန်းပါတယ်အဖေ..။ ရင်နဲ့ရင်းပြီး အသက်သွင်းခဲ့တဲ့
ကျွန်တော်ရဲ့ အပြစ်မဲ့ကဗျာတွေ
တစ်ခါတစ်လေမှာ မိတ်ကပ်လိမ်းကျံ သိမ်းပိုက်ခံရတဲ့အခါ
ကြေကွဲမှု ချော်ရည်ပူတွေအဖြစ်
ဒေါသတွေ မီးတောင်လိုပေါက်ကွဲပေမယ့်
အံခဲရုံဘဲ တတ်နိုင်ခဲ့တယ်လေ.============
ကျွန်တော်ခံစားသွားပါတယ်ခင်ဗျာ

ပန်းခင်းလေး said...

ကဗျာလေးဖတ်ပြီး ရင်ထဲမှာ ဘယ်လိုဖြစ်သွားတယ်မသိဘူး ..
ရင်ထဲ နင့်သွားတယ်ပဲ ပြောရမလား မသိဘူး
တစ်နေ့ နေ့ မှာ ကိုယ်လည်း ဒီလိုပဲ ခံစားရမှာပါလား ဆိုတဲ့  အသိလေးနဲ့  ရင်ထဲမှာ နင့်နေတယ် ..

ညီမလေး

ပန်းခင်း

မြစ်ကျိုးအင်း said...

အကိုဒီကဗျာလေးကို ဖတ်ဖူးတယ် ကိုမင်းသုခ ပေးဖတ်တာလေ။
သဘောကျမိတယ် ။
ကဗျာထဲမှာ ကဗျာဆရာ တယောက်ရဲ့ မျှော်လင့်ချက်တွေ ခံစားချက်တွေ စွန့်လွှတ်ခဲ့ရတာတွေ
ထင်ထင်ရှားရှားတွေ့လိုက်ရတယ်။

အိန္ဒြာ said...

ဘရားသား...

နောက်တစ်ခေါက်လာဖတ်သွားတယ်

su wai said...

ကိုယ်တိုင်လဲ ဖခင်မဲ့ သမီးတစ်ယောက်မို့ ကဗျာဖတ်ပြီး အဖေ့ကို သတိရစိတ်နဲ့ ငိုချင်သွားတယ်..

ဒီဇင်ဘာမှာ အဖေကို ဆုံးရှုံးခဲ့ရတဲ့ ကိုမင်းသုခနဲ့ အရုပ်လေးရဲ့ ရင်ထဲက ၀မ်းနည်းကြေကွဲမှုတွေကို မျှဝေခံစားလျက်......။

Lucifer said...

စိတ်တော့မကောင်းပါဘူးကွယ်.. ဘာပဲ ဖြစ်ဖြစ်ပေါ့လေ..ကံတရားပါပဲး.. တတ်မှမတတ်နိုင်တာ.. ဘာမှလုပ်လို့ မရတာ ..ဒါပဲပြောဖို့ရှိတော့တယ်လေ

Anonymous said...

ရင်နဲ့ရင်းပြီး အသက်သွင်းခဲ့တဲ့
ကျွန်တော်ရဲ့ အပြစ်မဲ့ကဗျာတွေ
တစ်ခါတစ်လေမှာ မိတ်ကပ်လိမ်းကျံ သိမ်းပိုက်ခံရတဲ့အခါ
ကြေကွဲမှု ချော်ရည်ပူတွေအဖြစ်
ဒေါသတွေ မီးတောင်လိုပေါက်ကွဲပေမယ့်
အံခဲရုံဘဲ တတ်နိုင်ခဲ့တယ်လေ..။

ထိရှလွန်းတဲ့ ကဗျာလေးပါပဲ အကို