စပ်ကြား

အာရုံအတွေး မှော်ဝင်ဆွေးဆို
င့ါတစ်ကိုယ်လုံး ဇောချွေးတွေပြန်
တစ်လှည့်တစ်ခါနဲ့ ကကွက်သွယ်ကြား
မင်း .. သင်ပြခဲ့တဲ့
ကရေး ကဟန် အချိုးလေးက
ဇာတ်ထုပ်အတွက် အနာတရဆို
ငါဟာ .. ပွဲလန့်သူလား ...

တမ်းတတစ်ဖြစ် လှိုက်ဖိုတိုးလို့
ဒီရင်ခုန်သံ စည်းချက်တွေမှာ
နွေနေမင်းက ရှင်ရော်တမ်းစေအောင်
ပူနွမ်းလျတဲ့ သူ့စခန်းပြမှာ
ထွန်းတောက်နေတော့
ဥသြငှက်ငယ် သံသာကျူးမလို
အမှန်သာထူးဆိုတဲ့ ..
လွမ်းစရာ့နွေမှာ ထွေပြားစေတယ် ...

တစ်ဆစ်ချိုးရဲ့ လောကဓံကွေ့
ကြုံသမျှကို ဘုံဘ၀ကနေ
ကြိတ်မှိတ်မျိုသိပ် အံတွေခဲလည်း
မှုန်ပြပြသာ ထိုတစ်ဆစ်ချိုး
အသစ်တစ်မျိုး တွေ့မလားရယ်လို့
ဆက်လျှောက်နေဆဲ ...

လအရောင်က င့ါအမှောင်ဆို
ကွယ်ရာနေမင်းရဲ့ ..
ဆွယ်ရာမြေကို ရောက်နေသူမို့
ရောင်စဉ်ကြားက အမှောင်ရဲ့တစ်ဖက်
ထိုထိုအနက် ပမာပြုလို့
အလင်းတစ်စက် အလျှင်းဖက်ရအောင်
တောင်းဆုပြု၏ ...

ဘူတာအိုလေး တည်မြဲမှုအောက်
နားခိုနေကျ ခရီးသွားတွေ
အချိန်နှင့်တစ်ပြေး သွားလျှင်ခရီးတွက်
ရထားအလာ စောင့်မျှော်ရင်းကြား
ကလေးငယ်ရဲ့ မျှော်လင့်မှုတွေ
ရထားတစ်စင်းနှင့် ..
ကပ်ပါလာမဲ့ သူ့အတွက်အလင်းတန်း
မျှော်လင့်တမ်းရင်း ..
ဘူတာအို သံလမ်းနှစ်ဖက်
အစရှာရမလို ဖြစ်နေတဲ့သူ့ဘဝ
အဆုံးမဲ့တာ ကြာခဲ့သလို
င့ါအတွက် ဥသြသံတစ်ချက်
နားစီနှစ်ဖက်မှာ စွင့်ထားဆဲပါ ...

အတိတ်ကိုပြန်တွေး
ဆွေးမနေနဲ့ ငေးမနေနဲ့
သေချာခြင်းမှာ အတိတ်ကိုရေးခြစ်
အမှတ်ရတာ ပစ္စုပ္ပန်လား ...

မူးမိုက်နေဆဲ အဖြစ်တွေမို့
ရှူရှိုက်ဆဲ လေထုမှာ
စို့နင့်အတွေးက မိုးထက်ကလမင်းကို
တမ်းတသလိုနဲ့ နွမ်းလျကာနေတာ
ငါ့စိတ်ရဲ့ ရှေးဘ၀က
ဖြစ်ခွင့်ရမှု ထင်ပါရဲ့ ...

သောကတွေဖယ်ထုတ် ..
ဖြစ်စဉ်တွေ ရုပ်ချည်းပြောင်းလဲ
မင်းကြောင့်လို မဆိုသာရင်တောင်
မင်းကိုချစ်တဲ့စိတ် ဒီစိတ်မှာထင်ဟပ်
မရေရာ င့ါဘ၀ကြား
သေချာနေလေရဲ့ ...

စိတ်အမျိုးမျိုးမှာ တိတ်တခိုးလေး
မချစ်ဝံ့ပါဘူး ..
ပွင့်လင်းတဲ့စိတ်ကို အခြေပြု
ရိုးရှင်းတဲ့နှလုံးသားမှာ ကြိတ်မှိတ်မနေလို့
လှစ်ဟ ပြောရင်ဖြင့် ..
ဗလာဖြစ်နေတဲ့ ဒီရင်ဘတ်မှာ
အကြိမ်ကြိမ်ခါ တက်မက်ဖူးတာ
မင်းတစ်ယောက်ဆို
ယုံမိတဲ့ မင်းစိတ်
တထိတ်ထိတ်တော့ ဖြစ်နေမလားပဲ ...

ဘ၀ဒဏ်တွေ .. ရ , ထားတာလား
အချစ်ဒဏ်တွေ .. ရ , ထားတာလား
သေချာမှုကတော့
ဘ၀ဒဏ်တွေကြားမှာပဲ
အချစ်ဒဏ်တွေ သင့်ခဲ့ဖူးပါတယ် ...

နှလုံးသားတစ်စုံမှာ
ကပ်ပါငြိနေတဲ့ နှိုးစက်လေး
သူနမ်းခဲ့တဲ့ အနမ်းတစ်ချက်
ငါ့နှလုံးသားမှာ ကန့်သတ်ချက်မဲ့နေတယ် ...

သဏ္ဍာန်သရုပ်နဲ့ အမှန်လုပ်ယူနေရတဲ့ခေတ်
အသစ်စက်စက်က ဟောင်းမယ်ဆို
ဘ၀ကိုကြိုးကုတ် စိတ်အထုပ်ကို
ပစ်လွှတ်ခြင်းအတွက် မောင်းတင်
ဟိုးခပ်စောင်းစောင့်က ပစ်မှတ်
င့ါအတွက် တည့်မယ်ဆို
ဖြစ်တည်တဲ့ လူ့ဘ၀မှာ
ငါ .. ခပ်ဟဟလေးတော့
နေ .. နေမယ် ..

နှလုံးသားရဲ့ အံဝှက်တွေမှာ
ခံတပ်တွေနဲ့ င့ါစိတ်
တရိပ်ရိပ်နဲ့ ဖြတ်ကျော်ခဲ့တဲ့
ဘ၀အမောတွေကြား ..
အချစ်က လမ်းပြကြယ်ဆို
နှလုံးသားရဲ့ နယ်ပယ်အတွင်း
သူကြားနိုင်ယုံသာ
ခပ်ဖွဖွလေးတော့ ပြောချင်မိပါတယ် ...

စိတ်နောက်ကိုလိုက် တေးချော့ကိုကြိုက်
ဒီအတွေး ဒီမှာတင်ရပ်
တစ်ခန်းဆက်ရမဲ့ ငါ့စိတ်အဝေး ...

ပို့စ်ကောင်းလေးတွေ ဖတ်ခွင့်ရရင်း ကျွန်တော် ကွန်းမန့်ပေးခဲ့ဖူးတဲ့ စာသားများကို ကဗျာအဖြစ် ပြန်ရေးခြင်းပါ ..။

14 comments:

မယ့်ကိုး said...

စို့နင့်အတွေးက မိုးထက်ကလမင်းကို
တမ်းတသလိုနဲ့ နွမ်းလျကာနေတာ
ငါ့စိတ်ရဲ့ ရှေးဘ၀က
ဖြစ်ခွင့်ရမှု ထင်ပါရဲ့ ...


မိုက်တယ်။ ဒီစာကြောင်းလေး ရင်ထဲရောက်သွားပြီ။
အားပေးလျက်...

Anonymous said...

နုဖတ်နေတာပဲ.. ပြီးတော့ ကရုဏာသက်စရာ..
ရထားတစ်စင်းစင်းမှာတော့ ဒီကလေးငယ်အတွက် အလင်းတစ်စက်လောက် ပါတန်ကောင်းပါရဲ့..

Anonymous said...

တယ်.......... ဒီ မိုးကယ်နဲ့တော့ ..
ဘာလို့ ဦးသွားရတာတုန်း.. နာချင်ပီထင်၏
ပိစ်စ်စ်ထားတာ မကြာသေးဘူးနော်.. ဟင်းးဟင်းး

အိန္ဒြာ said...

စိတ်ကူးလေးကောင်းပါတယ်..

ဒါကြောင့်တစ်ချို့စာသားတွေ မြင်ဖူးပါတယ်ထင်နေတာ..

ကဗျာလေးက..စကားလုံးလှလှလေးတွေကို ချိတ်သွယ်ထားတဲ့..ပုတီးကုံးလှလှလေးနဲ့တူပါတယ်...။

ခင်ခင်မင်မင်

အျိႏၵာ

အရုပ်ကလေး said...

မကြီး >>>> မကြီးက မှတ်မိသားပဲ .. ဟိ
မယ်ကိုး >>> ရင်ထဲ ရောက်သွားတာလား .. တစ်ဆို့နေဦးမယ် .. ။
ကာတွန်း >>> သူ့ဖာသာ မကြီးကို ချိတ်ချိုးပြီး ပြောနေတာ မယ်မယ်ကိုးထက် နောက်ကျမှာပေါ့ ..

Unknown said...

ဖတ်သွားတယ် ... စိတ်ကူးကောင်းတဲ့ဖန်းတီးမှု့ အတွက် ..cheer :P

Unknown said...

ကဗျာရှည်ကြီးတစ်ပုဒ်ကို တစ်လုံးချင်း ဆုံးအောင်ဖတ်သွားပါတယ် အစ်ကို ရေ.....
စိတ်အမျိုးမျိုးမှာ တိတ်တခိုးလေး
မချစ်ဝံ့ပါဘူး ..
ပွင့်လင်းတဲ့စိတ်ကို အခြေပြု
ရိုးရှင်းတဲ့နှလုံးသားမှာ ကြိတ်မှိတ်မနေလို့
လှစ်ဟ ပြောရင်ဖြင့် ..
ဗလာဖြစ်နေတဲ့ ဒီရင်ဘတ်မှာ
အကြိမ်ကြိမ်ခါ တက်မက်ဖူးတာ
မင်းတစ်ယောက်ဆို
ယုံမိတဲ့ မင်းစိတ်
တထိတ်ထိတ်တော့ ဖြစ်နေမလားပဲ ...

ဒီအပိုဒ်လေးကိုတော့ ရင်ထဲမှာ အကြိုက်ဆုံးပဲ
အားပေးနေမယ်နော်
ညီမလေး နှင်းဟေမာ

ကောင်းကင်ပြာ said...

အတိတ်ကိုပြန်တွေး
ဆွေးမနေနဲ့ ငေးမနေနဲ့
သေချာခြင်းမှာ အတိတ်ကိုရေးခြစ်
အမှတ်ရတာ ပစ္စုပ္ပန်လား ...

အမတော့ ဒါလေးကြိုက်တယ် ရုပ်ရုပ်ရေ...း)

လင်းကြယ်ဖြူ said...

Comment များနဲ့အတူ ပေါက်ဖွားလာတဲ့
ခံစားမှုစာစုလေးပေါ့နော..
ပျော်ပါစေခင်ဗျာ

NangNyi said...

အဟဲ.. ဒါကိုရော ဘာပြောရမလဲ..
“လာဖတ်သွားပါတယ်ဗျိုး”လို့ပဲ အော်လိုက်ရမလား..
“ကဗျာလေး ခံစားသွားပါတယ်”လို့ပဲ ပြောရမလား..
“ကောင်းလိုက်တာနော်.. အစ်ကိုက တွေးတတ်တယ်” လို့ပဲ ရေးရမလား..

အင်း..
တော်ပါပြီ ဘာမှမရေးသွားတော့ဘူး

Unknown said...

ဟူးးလာဖတ်တယ်သားရေ
အမေတို့ ဦးနှောက်နဲ့တော့လိုက်မမှီဘူးကွယ်
အစကနေဖတ်လိုက်တယ် နားမလည်ဘူး
ဟူးးးးးးးးးးမောတယ်သားရယ်
အမေပြောတဲ့ အမောပြေလေး ဘယ်များရောက်နေလည်းကွယ်

Unknown said...

ကောင်း၏

မီးလေး said...

ခေါင်းစဉ်လေးတွေကို စာလုံးကြီးကြီးနဲ့ တပ်ပေးပါလား... တပုဒ်နဲ့ တပုဒ်မရှင်းဘူး ရောနေသလိုပဲ... :D

Anonymous said...

ကဗျာလေးကို ခံစားသွားပါတယ်ဗျာ..။