အတွေးကို ရစ်သန်းတဲ့ အလွမ်း

ကောင်းကင်ရင်ခွင်ရဲ့ ပြာလွင်ဆေးသားအောက်
တိမ်စိုင်တွေ တစ်ရွေ့ရွေ့နဲ့
ပုံသဏ္ဍာန်စုံ အလှတွေယှဉ်ပြီး
လေနှင်ရာ လွင့်ပါမျောလို့
ကောင်းကင်ကြီးကို အလှကြွယ်စေနေရဲ့ ...

လေအဟုန်ရဲ့ စီးချင်းမှာ
စစ်ခင်းတဲ့ အရှိန်ဟာ
အထက်မှအောက် တိုက်ခတ်နေလိုက်ကြတာ
ပင်ပျိုတွေ ယိမ်းနွဲ့ကလို့ပေါ့ ...

မိုးယံမှ တိမ်စိုင်များ
ပင်ပျိုယိမ်းတွေနဲ့
ယှဉ်ပြိုင်ကာ လှသွေးကြွယ်တော့
ငူငိုင်စွာ လွမ်းနေရပေါ့ ...

အတွေးတွေ နယ်ချဲ့လို့
ပန်းမြိုင်အလည် ရနံ့တောမှာ
ဦးစွာပွင့်လန်း တစ်ပွင့်ပန်းမို့
လှမ်းကာယူနမ်း အသည်းပန်းကို
မသိတတ်လို့ ..
တစ်ဖက်လပ်နေ စိတ်တွေနဲ့အတူ
ငါထမ်းထားတဲ့ ဘ၀အိမ်ကြီးထဲမှာ
ပိတ်လှောင်မထားပါဘူး.. ချစ်သူ ...

လိုရာပျံသန်းဖို့ ခွင့်ပြုပေမယ့်
အတောင်ရိုက်ချက်ရဲ့ လေအဟုန်မှာ
ရှင်သန်သမျှတော့ မျောလွင့်နေချင်မိတယ် ...

အလှတရားကို ဖြေရှာမတတ်
ဘ၀တရားကိုသာ ဖွေရှာတတ်တဲ့
ချစ်သူရဲ့ နှုတ်ခမ်းတစ်စုံက
ပွင့်အန်ကျလာတဲ့ စကားလုံးတွေအောက်
လိုက်ကောက်လို့ ကြည့်နူးနေသလို
မျက်ဝန်းတစ်စုံရဲ့ အကြည့်တစ်ချက်မှာ
ခိုနားမိတဲ့ ငါ့စိတ်တွေက
အသိမှချီ နှလုံးသားထိဆီကို
ပျော်ဝင်နေမိပြီ..

နောက်ဆုံး .. အရှိန်တွေနဲ့
အီလိမ်တာတွေ များတဲ့ခေတ်မှာ
မအီမလိမ် အပီသာမြိန်မယ့်
အချစ်စစ်ကို မင်းထံပါး
အပ်နှင်းပါတယ် .. ချစ်သူ

ရုန်းထွက်မရတဲ့ ဆုံးတစ်ဖက်က
ပြန်လည်ကမ်းလင့်တဲ့ လက်တစ်စုံကို
သွေးကြောမျှင်မှ ကြိမ်နှုန်းတိုင်းရဲ့
နွေးထွေးမှုနှင့်အတူ ..
အသွေးအသားထိ ယုယမှုတွေ
စီးဆင်းပါ့မယ် ချစ်သူ ...

9 comments:

flowerworld said...

အလှတရားကို ဖြေရှာမတတ်
ဘ၀တရားကိုသာ ဖွေရှာတတ်တဲ့
ချစ်သူရဲ့ နှုတ်ခမ်းတစ်စုံက
ပွင့်အန်ကျလာတဲ့ စကားလုံးတွေအောက်
လိုက်ကောက်လို့ ကြည့်နူးနေသလို
မျက်ဝန်းတစ်စုံရဲ့ အကြည့်တစ်ချက်မှာ
ခိုနားမိတဲ့ ငါ့စိတ်တွေက
အသိမှချီ နှလုံးသားထိဆီကို
ပျော်ဝင်နေမိပြီ......
ဒီအပိုဒ်လေးကိုကြိုက်တယ်....လိုက်ကောက်နေရတယ်ဆိုတော့ ...အင်းးးးး.......မောမှာပေါ့နော်....
အကို့ရဲ့ချစ်သောသူလေးနဲ့ပျော်ရွှင်စွာ လက်တွဲနိုင်ပါစေလို့........

မသက်ဇင် said...

လိုရာပျံသန်းဖို့ ခွင့်ပြုပေမယ့်
အတောင်ရိုက်ချက်ရဲ့ လေအဟုန်မှာ
ရှင်သန်သမျှတော့ မျောလွင့်နေချင်မိတယ် ...

ကဗျာတပိုဒ်လုံးကောင်းတယ်----
ကာရံ ယူထားတော့ --ပိုလှတယ်--

su wai said...

ကဗျာလေးတွေကို ကာရံအချိတ်အဆက်မိမိနဲ့ ရေးနိုင်တာ ချီးကျူးပါတယ်။

ပန်းမြိုင်အလည် ရနံ့တောမှာ
ဦးစွာပွင့်လန်း တစ်ပွင့်ပန်းမို့
လှမ်းကာယူနမ်း အသည်းပန်းကို... ဆိုတဲ့ အဖွဲ့လေးကို သဘောကျတယ်။

လိုရာပျံသန်းဖို့ ခွင့်ပြုပေမယ့်
အတောင်ရိုက်ချက်ရဲ့ လေအဟုန်မှာ
ရှင်သန်သမျှတော့ မျောလွင့်နေချင်မိတယ် ...

အဲဒီအပိုဒ်လေးလဲ ကြိုက်တယ်။
ပြောရရင်တော့ ကဗျာတစ်ပုဒ်လုံး ကောင်းပါတယ်။
အတွေးကောင်းကောင်းလေးတွေနဲ့ ကဗျာတွေ အများကြီး ဆက်လက်ရေးဖွဲ့နိုင်ပါစေ။

Unknown said...

ကဗျာလေး ကောင်းတယ်။
အချစ်စစ်ဆိုတာ ရှားပါးနေတဲ့ အခုခေတ်ကြီးထဲမှာ ချစ်သူဆီကနေ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ အပ်နှင်းခြင်းခံရတဲ့သူတွေ ကံကောင်းတယ်လို့ ပြောရပါမယ်။
ကဗျာတွေကို အမြဲအားပေးနေပါတယ်။

Kaung Kin Ko said...

ကဗျာလေး ဖတ်သွားတယ်နော်

Chaos said...

အော်လွမ်းပါတယ်ဆိုမှ
အလွမ်းကဗျာလှလှလေးနဲ့ လာတိုးနေပါလား။
အလွမ်းတွေတိုးနေပြီလားဆိုတော့ အလွမ်းဆိုတာ လျော့သွားတယ်လို့ရယ်မှ မရှိတာကိုနော်။

kiim said...

ကဗျာလေးကောင်းတယ်..
ကာရံလေးမိတယ်...ခံစားချက်တွေပြင်းထန်နေတယ်
ထင့်..ဟီးဟီး..နောက်တာနော်.. :P :P

ဗီလိန် said...

ကဗျာလေးက နွဲ့နွဲ့လေးနဲ့ လေးနက်တယ်။ ငြိမ့်ကနဲ့ စိမ့်ဝင်သွားတယ်။

ခေါင်ခေါင် said...

ကဗျာလေး အရမ်းလှတယ်
နှစ်သက်စွာ ခံစားသွားပါတယ် ..
တစ်ပုဒ်လုံးကို ကြိုက်တယ်

ရုန်းထွက်မရတဲ့ ဆုံးတစ်ဖက်က
ပြန်လည်ကမ်းလင့်တဲ့ လက်တစ်စုံကို
သွေးကြောမျှင်မှ ကြိမ်နှုန်းတိုင်းရဲ့
နွေးထွေးမှုနှင့်အတူ ..
အသွေးအသားထိ ယုယမှုတွေ
စီးဆင်းပါ့မယ် ချစ်သူ ...

ဒီအပုဒ်လေးကို အရမ်းကြိုက်တယ်....