သူနှင့်အတူ သူ့ကိုယ်ပွားတွေ

ငါ၏ခန္ဓာ ကြွေပျက်မသွားခင်
လှုပ်ရှားရတဲ့ ဘ၀တိုမှာ
ငါနှင့်အတူ ....
အမြဲရှိဖို့ ဖွေရှာရတဲ့
သူနှင့်အတူ သူ့ကိုယ်ပွားတွေ ...

လိုသလိုအကျိုး စီကာသုံးလို့
အနားကနေ ပြန်ထွက်သွားတဲ့
သူနှင့်အတူ သူ့ကိုယ်ပွားတွေ ...

မရှိမဖြစ် အနားရှိမှ
ပျော်မွေ့ပါတဲ့ ငါ့စိတ်တွေက
ထပ်ကာထပ်ကာ ရှာရပြန်တယ်
သူနှင့်အတူ သူ့ကိုယ်ပွားတွေ ...

ဘယ်လောက်ရှာရှာ ပြန်ကာတွေ့လည်း
ခဏတာပဲ ခိုဝင်အောင်းလို့
ပြန်လည်ပျောက်သွား စိတ်မောရတယ်
သူနှင့်အတူ သူ့ကိုယ်ပွားတွေ ...

ဖြစ်ခြင်းပျက်ခြင်း လောကအလယ်
လူ့ဘုံဘ၀ စုပြုံကျတဲ့
စိတ်အာရုံမှာ ရှင်သန်ခြင်းတွက်
ရှာလိုက်သုံးလိုက် ပြန်ပျောက်လိုက်နဲ့
ခန္ဓာချုပ်ငြိမ်း တဇာတ်သိမ်းရင်
လာရောက်ပေးဆပ် ပုထုဇဉ်ဘဝ
ငါရှာသမျှ ထားခဲ့ရမဲ့
သူနှင့်အတူ သူ့ကိုယ်ပွားတွေ ...

သြော် .... စိတ်အထွေထွေနဲ့
ပိတ်မနေအောင် ပွင့်ထွက်နေတဲ့
ငါလိုလူသား များစွာတွေလည်း
အချိန်တန်လို့ ဘယ်လိုပင်သေဆုံး
မြေအောက် ... လုံးလုံးရောက်လည်း
ကမ္ဘာတည်သ၍ ရှင်သန်နေမဲ့
သူနှင့်အတူ သူ့ကိုယ်ပွားတွေ ...

3 comments:

su wai said...

တကယ်ကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ပါပဲ။
သူနှင့်အတူ သူ့ကိုယ်ပွားတွေလို့ တင်စားထားတာကိုလဲ သဘောကျမိတယ်။ ဆုဝေတို့ လူသားတွေအားလုံး အဲဒီ သူနှင့်သူ့ကိုယ်ပွားတွေအတွက် စိတ်မော လူမော ဖြစ်နေကြရတယ်နော်။ နောက်ဆုံးတော့လဲ အားလုံးထားခဲ့ရတာပါပဲ။

ကဗျာလေးတွေ ဒီထက်မက ဆက်လက်ရေးဖွဲ့နိုင်ပါစေ...။

WWKM said...

Its really nice poem.
I m sorry , i cann't type mm font now.

ကိုရင်နော်ခင်လေးငယ် said...

အရမ်း အဓိပါယ်လေးနက်တဲ့
ကဗျာလေးပဲနော်...
တော်လိုက်တာ... ဒီနေရာလေး အရမ်းကြိုက်မိတယ်...

(((ဖြစ်ခြင်းပျက်ခြင်း လောကအလယ်
လူ့ဘုံဘ၀ စုပြုံကျတဲ့
စိတ်အာရုံမှာ ရှင်သန်ခြင်းတွက်
ရှာလိုက်သုံးလိုက် ပြန်ပျောက်လိုက်နဲ့
ခန္ဓာချုပ်ငြိမ်း တဇာတ်သိမ်းရင်
လာရောက်ပေးဆပ် ပုထုဇဉ်ဘဝ
ငါရှာသမျှ ထားခဲ့ရမဲ့
သူနှင့်အတူ သူ့ကိုယ်ပွားတွေ ...)))

အမြဲခင်တဲ့...
ကိုရင်၊ ခင်လေး၊ ကလေးလေး