လွမ်းမိပါတယ် ရှမ်းရိုးမဆီ

ငါ့စိတ်တွေ တမ်းတမိနေတယ်,
တစ်ချိန်က တောင်တန်းပြာကြီးဆီကို ...

တွေးမိလေတိုင်း ဆွေးတမြည့်မြည့်နဲ့
ငြိမ်သက်လို့ လွင့်မျောနေမိတယ် ...

အထက်ယံဆီမှ “နှင်း” ကြွေဆင်းသည့်တိုင်
ချမ်းစိမ့်ခြင်းနဲ့ ငါတစ်ကိုယ်ထဲ
ဟိုးအဝေးကို ငူငေးနေမိလေရဲ့ ...

မြူမှုန်ဝေ နံနက်ခင်းမှာ
တူစုံနှစ်ထွေ ပျံကာဝဲလို့
ခိုနားနေတဲ့ ကျေးငှက်မျိုးစုံ
အသွေးအရောင် စုံလင်စွာနဲ့
သံပြိုင် ဟစ်ကြွေးနေလိုက်ကြတာ,
ငါ့စိတ်တွေက ...
သူတို့ရဲ့ သံစဉ်စည်းချက်တွေမှာ
ငြိမ့်ညောင်းလို့ နေမိတော့တယ် ...

ရောင်နီလာ အလင်းရောင်အောက်
ကျောက်သားတွေမှ ..
စိမ့်ထွက်ခြင်း ရေစက်များမှတည်
တသွင်သွင် စီးဆင်းနေတဲ့
စမ်းချောင်းငယ်တွေ,
ပြိုးပြက်စွာနဲ့ ကယက်ထနေလိုက်ကြတာ
ငါ့စိတ်တွေကို လှုပ်ခတ်သွားစေသလိုပဲ ...

နေမင်းအရှိန် ကုန်ချိန်ရောက်လို့
လေညှင်းအလာ ဆည်းဆာလေးမှာ
သဘာဝအလျောက် ရေပြင်အောက်
ကူးခတ်နေတဲ့ ငါးကလေးတွေ ..
လူးလွန့်စွာ မြူးနေလိုက်ကြတာ
ငါ့အသွေးထဲ စိမ့်ဝင်သွားစေတယ် ..

ပလိုင်းကိုယ်စီ လွယ်ကာရွက်ရင်း
ပင်ကိုယ်အလုပ် ငြူစူမဟုတ်လို့
ပေါင်းဖေါ်ကိုယ်စီ စုကာပျော်ရင်း
သူငယ်ချင်းတစ်တွေ ဝေးလွင့်နေတာ
အချိန်ကုန်လို့ နှစ်တွေပြောင်းခဲ့ပါပြီ ...

သြော် ...
တောင်တန်းပြာကြီးနှင့်အတူ ..
သဘာဝရဲ့ အစုံအလင်
မြင်ကွင်းတွေကြား ..
ငါ့ဓလေ့နဲ့ နေ့ရက်တွေကို
အေးချမ်းလှတဲ့ ရှမ်းရိုးမမှာ
ထားခဲ့ရတာ ကြာခဲ့ပြီပေါ့ ...

9 comments:

kiim said...

အကိုရေ..ကဗျာလေးကောင်းတယ်..
ဦးဦးဖျားဖျားလေးကွန့် ခဲ့တယ်နော်..
ဒီလိုကိုယ့်မွေးရပ်မြေကိုလွမ်းတဲ့ကဗျာလေးရေးနိုင်တာ
ကောင်းတယ်..အားကျတယ်.. :D
ခင်မင်လျှက်
ညီမလေးကင်

flowerworld said...

ရေးတတ်လိုက်တာကဗျာဆရာရေ.........
လွမ်းချင်းလေးညည်းလို့...........ရှမ်းပြည်တောင်သွာံးချင်တယ်
အဆင်ပြေပါစေနော်

မသက်ဇင် said...

ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်ကို--
အလွမ်းတွေနဲ့အတူ ထုတ်ဖေါ်ပြသတဲ့
ကဗျာတပုဒ်ပါ---
ဖြစ်နိုင်ရင်--တောင်ပြာတန်းတွေစမ်းချောင်းတွေ
ကို ဖွဲ့ရင်း ရိုးသားတဲ့ တိုင်းရင်းသားတွေရဲ့
ယဉ်ကျေးမှု ဓလေ့ --တွေကို--ကာရံလေးတွေရှာ
ဖွေ ပြီးရေးသားရင် အလွန်လှပတဲ့-- ကဗျာတွေ
ပိုထွက်လာနိုင်ပါတယ်---

su wai said...

ကဗျာဖတ်ပြီး မရောက်ဖူးတဲ့ ရှမ်းရိုးမတောင်တန်းကြီးရဲ့ ရှုမျှော်ခင်းတွေကို မြင်ယောင်ရင်း လွမ်းတောင် လွမ်းသွားသလိုပါပဲ။

မြူမှုန်ဝေ နံနက်ခင်းမှာ
တူစုံနှစ်ထွေ ပျံကာဝဲလို့
ခိုနားနေတဲ့ ကျေးငှက်မျိုးစုံ

နေမင်းအရှိန် ကုန်ချိန်ရောက်လို့
လေညှင်းအလာ ဆည်းဆာလေးမှာ
သဘာဝအလျောက် ရေပြင်အောက်
ကူးခတ်နေတဲ့ ငါးကလေးတွေ ..

အဲဒီကဗျာနှစ်ပိုဒ်ကြောင့် အေးချမ်းတဲ့ ရှမ်းတောင်တန်းဒေသရဲ့ အာရုဏ်နံနက်ခင်းနဲ့ ညနေဆည်းဆာချိန်ကို ကြုံဖူးချင်မိတယ်။

ဟန်လင်းထွန်း said...

လွမ်းတယ်ဗျာ ။ ကျနောလည်း ထားခဲ့တာ ကြာခဲ့ပြီ

Unknown said...

ရှမ်းရိုးမရဲ့ တောင်တန်းပြာကြီးကို လွမ်းတဲ့အကြောင်း ပြောပြထားတဲ့ ကဗျာလေးကို ကြိုက်တယ်။

Anonymous said...

ကောင်းလိုက်တယ် အလွမ်းကဗျာလေး

ဒိနေ့ တော့ ကွန့် ရပြီဗျာ

အားပေးလျက်ပါ

ခင်လျက် လမင်း

အလင်းစေတမန် said...

ရှမ်းရိုးမကို မရောက်ဖူးပေမယ့် ရှမ်းသီချင်းတွေကြောင့် ရောက်ဖူးချင်တယ် အစ်ကိုရေ။

Mhu Darye said...

့စိတ်တွေ တမ်းတမိနေတယ်,
တစ်ချိန်က တောင်တန်းပြာကြီးဆီကို ...

တွေးမိလေတိုင်း ဆွေးတမြည့်မြည့်နဲ့
ငြိမ်သက်လို့ လွင့်မျောနေမိတယ် ...။

ထားခဲ့တာ ကြာပြီ။