အလည်လွန် အမိငယ်

ဒီကဗျာလေးက အခုလတ်တလော တွေ့မြင်ကြားနေရတဲ့ ဖြစ်ရပ်တစ်ခုကို သုံးသပ်ရင်း ကောင်းစေချင်တဲ့ ဆန္ဒလေးကြောင့် ပေါက်ဖွားလာတဲ့ ခံစားချက်ကို ဖွဲ့တည်ထားခြင်းပါ .. စကားလုံးတွေထဲမှာ ရိုင်းတဲ့ အသုံးအနှုန်းလေးများစွာ ပါခဲ့ရင် နားလည်ပေးပါလို့ ပြောပါရစေ ...။


အသိစိတ်ကို ဖဲ့ကာခြွေလို့

ငွေကြေးက ဥုံဖွဆို,
ရောက်မလာဘူး အမိငယ် ..
ရယူခြင်းရဲ့ ပေးဆပ်မှုနောက်
မင်း ... လူလုံးပျောက်မယ် ...

မေးလိုက်ရင် ကျောင်းသူလေးပါ
ပြောလိုက်ရင် သင်တန်းနဲ့
နှစ်ခုအကြား အဆက်အသွယ်ပြတ်
လစ်လပ်နေတာ မင်း .. ဘယ်သွားနေလဲ ...

ငယ်ငယ်ရွယ်ရွယ် အသစ်စက်စက်
လတ်ဆတ်နေဆဲ အိပ်မက်တွေနဲ့
လောကကြီးကို အမှောင်ချလို့
မင်း .. မျိုးပွားနေတယ် ...

လမ်းတကာမှာ သဘောရိုးနဲ့
မနောတိုးတဲ့ မင်းပုံစံလေး
ရှာပုံတော်ဖွင့် ကမ်းလင့်နေတာ
အဆိပ်အတောက်နဲ့ နဘေးရောက်လိမ့်မယ် ...

အညီအဟောက်နဲ့ ရာဇ၀င်ပျောက်မယ့်
ယုတ်စွအဆုံး ခန္ဓာသုံးလို့
မင်းဘ၀ကို မှောက်လျှက်ထားတာ
ဝဋ်ကျွေးကြောင့်လား ...

ညရဲ့ဆူးမှာ စွင့်ခေါ်ကာ,
လှစ်ဟာပြတဲ့ မင်းကိုယ်လုံးကို
ယိမ်းတိုက်သလို မှေးရိုက်နေတာ
မင်းပျော်မွေ့လို့လား ..


အတိတ်ကံနဲ့ လက်ရှိဘဝ
မင်းစေညွှန်ရာ ခန္ဓာသားမှာ
အသွင်သစ်နဲ့ အချဉ်ဖေါက်တောင်
မင်း .. လမ်းစပျောက်မယ် ..


ငွေဂုဏ်မောက်လို့ ဇိမ်ခံလိုက်မယ့်
တစ်ချို့တစ်ချို့ ဦးဦး,ဘတွေ
ကလေးမြူဆော့ စိတ်တွေဖေါက်တော့
တောင်းသလောက် ရမယ့်.. အထပ်လိုက်တွေ
အိမ်လိုအိမ် ငွေလိုငွေနဲ့
တိုက်အလွှာ အထက်မှအောက်,
အတက်အဆင်း ...
ခြေကျင်းတွေ နာနေမှဖြင့်
ပို့ကာခိုင်းတဲ့ အထူးကုဆီ..
အော် ... လိုက်ဖက်ညီစွ ...

အိမ်က သားမယား
ပစ်ခွာထားလို့ ညည့်နက်သန်းခေါင်
တွေ့မရှောင် ကြုံတုန်းမှာမို့
အသက်အရွယ် ဘေးချိတ်ကာထား
သာယာပျော်မြူး ယမကာအရစ်နဲ့
သမီးက ဟိတ်ဟန်ပြတော့
ကြွေရပြန်ပေါ့ ဦးဦး,ဘတွေ

ဦးဦး,ဘတွေကြား
ဗျာများနေလဲ အပိုတွေမို့
အချိန်တန် အိမ်သာပြန်တဲ့,
သူတို့တွေမှာ ပီတိမထူးနဲ့
ယစ်မူးနေပေမယ့် ..
မင်းမှာတော့ ခေါက်ခနဲနဲ့
မှောက်လဲတဲ့ အဖြစ်လို
မိဘကို အလျှောက်မကောင်းလို့
ဟိန်းဟောက်ခံကြားက ပြောလိုက်သေးတယ်,
သူငယ်ချင်းမွေးနေ့ အလည်လွန်၏တဲ့ ...

အရှုတ်ထုပ်နဲ့ အမျိုးယုတ်မယ့်
အဖြစ်တွေမို့ မင်းမူလေးကို
ပြင်ကြည့်လိုက်ပါ အမိငယ် ..

မင်း .. ဖြစ်ပျက်သမျှ
လိုက်ကာတုမယ့် မိန်းမငယ်အချို့
အတိမ်းကြွယ်လို့ လမ်းမှားရောက်သလို ..
အယူတိမ်းလို့ အကြွေစောရင်ဖြင့်
ရင်နင့်စရာ..

မင်းလုပ်ရပ်ကို ဆွဲနှုတ်လို့
အဟုတ်လုပ်ပါ,
သဘာဝရဲ့ အလှတရားကို ..

အချိန်သည် မင်းနှင့်အမျှ
လည်ပတ်နေတာမို့ စရိုက်ဆိုးရဲ့
အမှိုက်ဆိုးတွေ ခ၀ါချရင်း
လိမ္မာလေတော့ အမိငယ် ...။

19 comments:

♥ Acacia ♥ said...

အရေးအသားကတော့ လန်ထွက်နေတယ်ဗျို့.. လောကကြီးရဲ့ မှားနေတဲ့ တစ်စိတ်တစ်ဒေသကို ရေးသားဖွဲ့နွဲ့သွားတာ တော်ပါပေတယ်......

Thet Htoo@Myat Lone said...

ဒီလို ကဗျာမျိုးရေးဖို့ မလွယ်ဘူးဗျာ။ အများကြီးပါ။ ကဗျာထဲမှာ ထည့်ထားတာတွေ့လိုက်မိတယ်။

ဒါမျိုးတွေ ဆက်ရေးပါ။ လာဖတ်ဦးမယ်။

emayarKhin said...

တကယ့်ကိုမှတ်သားစရာတွေပြည့်
နေတဲ့ကဗျာလေးပါ.....လေးလေးနက်နက်
ဖတ်သွားခဲ့ပါတယ်......ဒီကဗျာလေးကို
ဖတ်မိတဲ့အမိငယ်တော့လိမ္မာမယ်ထင်ပါရဲ့
နော်.....အရမ်းကောင်းတယ်....

နေ့အိပ်မက် said...

“လောကကြီးကို အမှောင်ချလို့
မင်း .. မျိုးပွားနေတယ် ...”
ပါးစပ်အဟောင်းသားဖြစ်သွားတယ်

“ယုတ်စွအဆုံး ခန္ဓာသုံးလို့
မင်းဘ၀ကို မှောက်လျှက်ထားတာ
ဝဋ်ကျွေးကြောင့်လား ...”
သက်ပြင်းချမိတယ်

“လှစ်ဟာပြတဲ့ မင်းကိုယ်လုံးကို
ယိမ်းတိုက်သလို မှေးရိုက်နေတာ
မင်းပျော်မွေ့လို့လား ..”
အီး.....

“အသက်အရွယ် ဘေးချိတ်ကာထား
သာယာပျော်မြူး ယမကာအရစ်နဲ့
သမီးက ဟိတ်ဟန်ပြတော့
ကြွေရပြန်ပေါ့ ဦးဦး,ဘတွေ”
ခေါင်းတဆတ်ဆတ်ညိတ်မိတယ်

“အချိန်သည် မင်းနှင့်အမျှ
လည်ပတ်နေတာမို့ စရိုက်ဆိုးရဲ့
အမှိုက်ဆိုးတွေ ခ၀ါချရင်း
လိမ္မာလေတော့ အမိငယ် ...”
ဟူး.. ဘလော့ဖတ်လာတဲ့ တစ်လကျော်လုံး အမောရဆုံး ကဗျာပါပဲ... ကိုအရုပ်ကလေး.. တော်တယ်ဆိုတဲ့စကားထက်ပိုကောင်းတဲ့ စကားရှာပြီးတော့မှ နေ့အိပ်မက်ချီးကျူးစကားပြောတော့မယ်နော်

Anonymous said...

ခေါင်းစဉ်လေးက စလို့
ရင်ထဲကို စ စိုက်လိုက်တဲ့ စူး က
ကဗျာအပိုဒ်တိုင်းမှာ တစ်ထစ်ခြင်း၊ တစ်ထစ်ခြင်း ...
တဆင့်ဆင့် စူး ...
အာရုံမှာ လာပြီး ဟပ်ထင်တဲ့
အလည်လွန်အမိငယ်ရဲ့ သဏ္ဍာန်
အိမ်ပြန်ရောက်တဲ့အခါ ....
ကဗျာဆရာရဲ့ တစ်ခွန်းစကားကို...
သူ ...
ကြား ... ပါ... စေ ... ။

s said...

စာလုံးတွေက ထိထိမိမိနဲ့  အရမ်းကောင်းတဲ့ ပညာပေးကဗျာလေးတစ်ပုဒ်ပဲ။ အကို အရုပ်ကလေး အရမ်းတော်ပါ၏ ။

su wai said...

မိန်းကလေးငယ်တွေ အသိတရားတိုးစေချင်တဲ့ စိတ်ရင်းအခံနဲ့ ရေးဖွဲ့ထားတဲ့ ကဗျာကောင်းတစ်ပုဒ်ပါပဲ။ တချို့စကားလုံး အသုံးအနှုန်းတွေက တည့်တိုးကြီးဖြစ်နေပေမယ့် ကဗျာဆရာရဲ့ ရင်ထဲက စေတနာကြောင့် ရိုင်းတယ်လို့ ပြောလို့မရပါဘူး။ သာယာမှုတစ်ခုမှာ ယစ်မူးပြီး အမှောင်လမ်းကို လျှောက်နေကြတဲ့ တချို့တချို့သော မိန်းကလေးတွေအတွက် ရည်ရွယ်ပြီး ဒီလိုကဗျာမျိုး ရေးရဲတဲ့ စိတ်စေတနာကို လေးစားပါတယ်။

မြတ်သွယ် said...

အရေးအသားရော စေတနာပါ ကောင်းပါတယ် ကိုအရုပ်ကလေး
မှတ်သားစရာတွေ စိတ်မကောင်းစရာတွေ ပြည့်နေတဲ့ ကဗျာပါ
စာသားတိုင်းမှာလည်း စေတနာတွေပြည့်လို့
လေးစားပါတယ် ကိုအရုပ်ကလေး
ကဗျာကိုနှစ်သက်ပေမယ့်
ဒီလိုဖြစ်ရပ်မျိုး နောက်မတွေ့မမြင် မကြားရပါစေနှင့်

tartar said...

ကဗျာဆရာက သိပ်တော်တယ်။ အပြင်လောကက အမိငယ်
တချို့ အတွက် ထိမိပြီး ကိုယ့်အခြေအနေပြန်လည်သုံးသပ် စေမိမယ့် ကဗျာရှည်ကြီးပဲ........
တာ......အမြဲအားပေးနေပါတယ်

thinzar said...

အမိငယ်တို့ကို အမှားတွေ အမှန်ပြင်စေချင်တဲ့
စေတနာအပြည့်နဲ့ရေးထားတဲ့စာသားတွေပဲ...။
တကယ်ကောင်းတဲ့ စကားလုံးတွေပါ...။

ကိုတိုး said...

အရေးအသားကတော့ တော်တော်လေးကိုထိတယ်ဗျာအကို။ ရေးထားတာက အပြင်လောက အကြောင်းကို ကဗျာစပ်ထားတာလေ အဲ့လိုဖွဲ့နွဲ့ပြီးရေးသားဖို့ဆိုတာ တော်တော်လေးကို မလွယ်တာပဲအကို။ အဆင်ပြေပျော်ရွှင်ပါစေဗျာ။ နောက်လည်းလာအားပေးအုံးမယ်အကိုရေ။

Smilemay said...

ရိုက်ချက်က လက်လှန်တယ် ကိုအရုပ်ကလေး
အလှအတွက် ဘ၀ပျက်နေတဲ့မိန်းကလေးတွေနဲ့
လက်ကြောမတင်ပဲ ဘ၀ပျက်နေတဲ့မိန်းကလေးတွေ
ဘာဆက်ရေးရမှန်းသိတော့ဘူး. . .
ဒီကဗျာလေးကနေ အသိဥာဏ်တွေ အများကြီးရလိုက်ပါတယ်

အလင်းစေတမန် said...

ကဗျာကို ပထမဆုံးဖတ်တာ ကျွန်တော်ပါဗျ comment လာပေးတာ တော့ နောက်ကျသွားတယ်။ ညီမတစ်ယောက်ကိုတောင် သွားဖတ်ခိုင်းသေးတယ်။

Unknown said...

မိုက်တယ်ဟေ့
ကဗျာလေးကလန်းတယ်

ဒီကဗျာလေးကို အဲလိုကောင်မလေးမျိုးဖတ်မိရင် ပိုပြီးတန်ဘိုးရှိသွားမယ်နော်

ပျော်ရွှင်ပါစေရှင်

flowerworld said...

အဟဲ လာတာနောက်ကျသွားတယ်ဗျာ ၁၄ယောက်မြောက်ပေါ့နော့
ကဗျာဖတ်ရင်းနဲ့ကွင်းကွင်းကွက်ကွက်ကိုမြင်ယောင်မိတယ်
အရေးအသားတွေကတည့်တိုးဆိုပေမယ့်
အကိုရဲ့စေတနာကြောင့်ရိုင်းတယ်လို့မထင်မိပါဘူး
အားပေးနေပါတယ်

အိပ်မက်နိဒါန်း said...

အခုမှရောက်ပေမယ့် ရောက်ရောက်ချင်းမှာ ကဗျာကောင်းလေးကို ထိထိရှရှခံစားသွားရတယ်.အမှားတွေကို ထောက်ပြထားတာ တကယ်ကောင်းပါတယ်.

Anonymous said...

ကဗျာကောင်း၏ အမိငယ်ရဲ့ ဘ၀လေးက သနားစရာကောင်းသလို သင်ခန်းစာယူစရာလဲ
ကောင်းပါတယ်ဗျာ

Anonymous said...

ရေးတတ်တယ်။
အရုပ်ကလေးဆိုလို့ မိန်းကလေး မှတ်တာ၊ စိတ်မဆိုးနဲ့နော်၊
လာလည်ပြီး အားပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။

မေမိုးမခ said...

မေးလိုက်ရင် ကျောင်းသူလေးပါ
ပြောလိုက်ရင် သင်တန်းနဲ့
နှစ်ခုအကြား အဆက်အသွယ်ပြတ်
လစ်လပ်နေတာ မင်း .. ဘယ်သွားနေလဲ ...
ဘယ်လိုရေးလိုက်လဲမသိတော့ဘူး ကဗျာကို ဖတ်လိုက်တာနဲ့ လန်းသွားတာဘဲ