ပွဲတိုင်းကျော်တဲ့ ညရိုင်းမလေး

မြင်ရ ကြားရတဲ့ ဖြစ်ရပ်လေး တစ်ခုကို သုံးသပ်ပြီး ရေးထားတာပါ ..။

အဆင်သင့်လို့ အမြင်သစ်ရင်

စိတ်ဓါတ်ကိုလည်း အသွင်ရစ်ပြီး
ပုံဖေါ်လို့ ရေပေါ်ထိုးလိုက်ပါ ...

အရေးအကြောင်းဆို ဒိန်းဒေါင်းကပ်လို့
လောကဓံရဲ့ ရိုက်ချက်တွေကို
ခုခံလို့ တွန်းလှန်နေရင်း
ငြင်းဆန်မယ်ဆို ဇွဲနပဲနဲ့
ဖွဲမီးဖြစ်တောင် လောင်မြိုက်လို့
အမှောင်တိုက်ဖြစ်ပြီး ခေါင်းငိုက်စိုက်လည်း
မင်းဆက်မိုက်နေဆဲ ...

ဖြစ်ချင်တာတွေကြား ဖြစ်နေတာတစ်ခြားဆို
ခါတော်နွေမှာ ရှာတော်ဖွေပြီး
အမှာတော် ခြွေလိုက်ပါ
ဘ၀ရဲ့ လမ်းစတစ်ခုကို ...

ဖြည်မဆည်နိုင်တဲ့ ကကြိုးနှင့်အတူ
သွေဖီတော့မဲ့ အပြုမူမှာ
ဇာတ်ရုပ်မတူလို့ အမှန်လုပ်ယူနေရတဲ့
မင်းအဖြစ်မျိုး ကြမ္မာဆိုးက
နားခိုစရာ အရေးများနဲ့
အမှားလိုနေသေးလား ...

ဟန်လုပ်မရတဲ့ အဖြစ်တွေမို့
အကြံထုတ်ရတာလည်း နက္ခတ်အမှား
ရာဇ၀င်မျိုးမှာ မင်းအတွက်တော့
ပင်ပန်းလို့ ဆင်ကန်းတောတိုးပါပဲ ...

သွေးမနီးလို့ ဘေးတီးမယ်ဆို
နောက်လိုက်က ဇာတ်လိုက်ဖြစ်မလာဘူး,
ရေပေါ်ဒိုက်လို အစုန်အဆန်နဲ့
နေ့စဉ်ရက်ဆက်,
နဂိုအမှန် နေရာရောက်အောင်
မိုးခါးရေကို အများတကာနဲ့
တူသောက်ဝံ့မလား ...

လုပ်ကြံသမျှ ထုံးစံတွေက
မဟုတ်မမှန်ဗျ တွန်းလှန်ကြဆို
အမိုက်မှောင်မှာ ပိုက်ထောင်မိသွားမယ် ...

ကိုယ့်အလုပ်ကိုလုပ်
ကိုယ့်ထမင်းကိုယ်စား
ကိုယ့်ဇာတ်ရုပ်ကို ကိုယ်ဖေါ်စမ်းပါ ...

လူတကာစိတ်ကို မြူဆွယ်ဖိတ်တွေနဲ့
မနောအမှန် ကျောလှန်သာဆို
ကျောပြင်ထက်မှာ ဘောလ်ပင်ထက်မြဲတဲ့
တစ်သက်စာတွက် မှတ်ချက်တွေပြည့်
ဝဋ်အိတ်ကို ကျောချိတ်ထားရမယ် ...

အနိုင်လိုချင်စိတ်နဲ့ ပြိုင်လိုလျှင်ညစ်ပြီး
အရှုံးအရှုံးတွေမို့ ဂိုးကြေးတွေထပ်ရင်း
လောင်းကစားကြောင့် အပျိုဂုဏ်ပျက်
ဇာတ်စုံတတ်တာ နေ၀င်ညရိုး
အမှောင်ဆိုးမှာ ကျားဘီလူးရဲ့
အသည်းဆူးမှာပဲ မင်း .. အိပ်စက်ရမယ် ...

တစ်သက်တာတွက် မက်တာတွေခဏထား
ပစ္စုပ္ပန်မှာ ပြုလုပ်အမှန်နဲ့
ရပ်တည်လို့ အမှတ်ရေလိုက်စမ်းပါ ...

အာသဘောတွေပြုံ လူ့အပြောတွေစုံလည်း
မကြားသလို မှန်မှားလိုလိုနဲ့
ချစားသလို မင်းကိုယ်လုံး
ရုပ်လုံးတောင် မနည်းရှာရမယ် ...

တိမ်ဖုံးလို့ မမြင်ရပေမယ့်
လတစ်စင်း အလင်းအောက်
မင်းပျောက်ရှခဲ့တာ ကြာပါပြီ ...

ကိုယ့်ကိုယ်ကို ဆန်းစစ်လို့
လမ်းသင့်ရင် လျှောက်သာလျှောက်
စိတ်တော့ မဖေါက်နဲ့ ...

ဇာတ်လမ်း အဆုံးအစက
ရှုပ်ယှက်ခတ်ရင် မှန်လားမှားလား
သုံးသပ်လို့ တစ်ခါပြန်ကြည့်ပြီး
မူးမိုက်နေတဲ့ ဒုစရိုက်ကို
ရှောင်တစ်ခင်မှာ အမှောင်မလာခင်
အမျိုးတင့်မဲ့ ဂုဏ်တစ်ခုကို
ကြိုးစားကာ ကျင့်သုံးလှည့်ပါ
မိန်းမသားတို့ရဲ့ မြင့်မြတ်မှုကို ...

14 comments:

အိန္ဒြာ said...

တိမ်ဖုံးလို့ မမြင်ရပေမယ့်
လတစ်စင်း အလင်းအောက်
မင်းပျောက်ရှခဲ့တာ ကြာပါပြီ ...

ရှိသင့်ရှိထိုက်တဲ့..ကဗျာမျိုးလေးပါ...
မချိတင်ကဲနဲ့..ပြောပြနေတာကို...
နားထောင်နေရသလိုပါပဲ...

စာလုံး...အသွား...အလာလေးတွေလဲ..လှတယ်

မသက်ဇင် said...
This comment has been removed by the author.
ကိုရင်နော်ခင်လေးငယ် said...

အရုပ်ကလေးရေ.. ကဗျာလေး လှလိုက်တာ..

နှင်းပွင့်ဖြူ said...

ဖွဲ.နွဲ.ထားတာတော်ပါပေတယ်ကဗျာဆရာရယ်
ရေးလည်းရေးတတ်ပါပေတယ်

flowerworld said...

နာ့အကိုတော်လိုက်တာ နာ့လိုပဲ ဟီးးးးးး
ရှည်လဲရှည်တယ် မောလိုက်တာ ရေတိုက်

su wai said...

တစ်သက်တာတွက် မက်တာတွေခဏထား
ပစ္စုပ္ပန်မှာ ပြုလုပ်အမှန်နဲ့
ရပ်တည်လို့ အမှတ်ရေလိုက်စမ်းပါ ...

ဒီအပိုဒ်လေး ကြိုက်တယ်..

လူ့ဘ၀ရဲ့မက်မောစရာကောင်းတဲ့ စည်းစိမ်ချမ်းသာဆိုတာ ခဏတာ ပျော်ရွှင်မှုကိုပဲ ပေးနိုင်တဲ့ အကာတွေပါ.. တကယ်အရေးကြီးတာက ပစ္စုပ္ပန်မှာ မှန်တာလုပ်ပြီး လိပ်ပြာသန့်သန့် ရပ်တည်နေနိုင်ဖို့ပါပဲ။

may16 said...

ကဗျာလေးက လန်းတယ် ကိုအရုပ်ကလေး.

နေရီနွယ် said...

အရမ်းလန်းလွန်း တယ်ကိုရင် အရုပ်ရဲ့ ကောင်းလွန်းတယ်
ငါ့အကို ကဗျာက

မသက်ဇင် said...

အမျိုးတင့်မဲ့ ဂုဏ်တစ်ခုကို
ကြိုးစားကာ ကျင့်သုံးလှည့်ပါ
မိန်းမသားတို့ရဲ့ မြင့်မြတ်မှုကို ...

ကဗျာ ကို သုံးလေး ကြိမ်ဖတ်ပါတယ်--
ဆုံးမ တဲ့ ကဗျာကောင်းလေးပါ--
ထပ်မျှော်နေပါတယ်--
ပျော်ရွှင်ပါစေ--

ကဗျာဦး said...

ကိုအရုပ်ကလေး
"ပွဲတိုင်းကျော်တဲ့ ညရိုင်းမလေး"
ကဗျာရှည်လာဖတ်ပြီး ရင်ထဲမှာတမျိုးကြီးသိလား
အားပေးပါတယ်
ခင်မင်တဲ့
ကဗျာဦး

Dream said...

ယုတ်ယုတ် တော်တယ်.. တော်တော်လည်း ရှည်အောင် စပ်နိုင်တဲ့ ကဗျာဆရာပဲ...

Anonymous said...

အမျိုးတင့်မဲ့ ဂုဏ်တစ်ခုကို
ကြိုးစားကာ ကျင့်သုံးလှည့်ပါ
မိန်းမသားတို့ရဲ့ မြင့်မြတ်မှုကို ..

အဲဒီစာသားလေးအရမ်းကြိုက်တယ်ဗျ။
ဆန္ဒနဲ့ ဘဝတထပ်တည်းကျပါစေ။

Unknown said...

ကဗျာကောင်းလေးကို ဖတ်သွားတယ်နော်
ပျော်ရွှင်ပါစေ!

ညီမငယ်

ပန်းခင်းလေး

emayarKhin said...

ကဗျာရှည်ရှည်တွေဖွဲ့
နိုင်တဲ့အကိုရေ...အားရပါးရဖတ်ပြီး
အားကျသွားခဲ့ပါကြောင်း..........