တိတ်တိတ်လေး

ဒီနေ့ ....

ရန်ကုန်မြို့ထဲ ခြေဆန့်

စိတ် ကစဉ့်ကလျားတွေနဲ့

အစွန်းရောက် အာရုံတွေအဖုံးဖုံး

မြင်ကွင်းအစုံမှာ ...

'မ'ပုံရိပ်တွေက သက်ဝင်လှုပ်ရှား

ကျွန်တော် ဘယ်လိုနေရမှာလဲ ....

ဒီနေ့ ....

စိတ်တိုင်းမကျတဲ့ ညနေမှာပဲ

စိတ်တိုင်းကျ ကော်ဖီတစ်ခွက် မှာသောက်မိ

သူလိုကိုယ်လို လူတွေထဲ

တိမ်တိုက်တွေက ရွေ့လျားနေဆဲ...

ဒီလိုနဲ့ပဲ ...အရာရာကို လက်မှိုင်ကျ

ငါ့ဦးခေါင်ခွံက အခွံချည်းသက်သက် ...

ဒီနေ့ ....

ရန်ကုန်မြို့ထဲ ခြေဆန့်

နေသားမကျတဲ့ ဘ၀တွေက အတုံးအရုန်း

ရိုးမြေကျလိုဖြစ်နေတဲ့ တေးသွားတွေက အလိုက်အထိုက်

ဘာကိုမှ မရည်ရွယ်အောင်

ရည်ရွယ်ဖြစ်သွားတာတွေက အစုလိုက်အပုံလိုက်...

လေလှိုင်းဝက စကားသံတွေနဲ့ပဲ

နှုတ်ခွန်းဆက်သ

လွမ်းစိတ်တွေ လုံးလုံးကြွ

ထထနေတဲ့ အချစ်ပိုးတွေကို

ရိုကျိုးစွာနဲ့ တောင်းပန်နေမိတာ

အဆန်းတကြယ်တော့ မဟုတ်ခဲ့ဘူး....

ဒီနေ့ ....

လူတွေ .. ဟိုဝင်သည်ထွက်

ကာလာအစုံ ဦးတဟို ဖြတ်သန်းသွားလာနေကြ

ထိုင်လက်စ နေရာမှာပဲ

ကျွန်တော့်စိတ်တွေ 'မ'ထံ ရောက်ရောက်နေတာ

အနှေးပြကွက်တစ်ခုလို တစ်ခန်းပြီး တစ်ခန်း

လတ်ဆတ်ခြင်းကို သက်ရွက်များ မစွန့်ထုတ်နိုင်တော့တဲ့အချိန်

နုပျိုခြင်းနာရီတွေက တတိတိလှိုက်စား ...

ချစ်မိလို့ လွမ်းမိပြီဆိုကာမှပဲ

ဘာကို မျိုသိပ်ထားရမှန်းမသိ မျိုသိပ်နေရ ..

ခံစားမှု အဖုံဖုံမှာ

ရွက်ကြွေဘ၀ကို ရောက်ရောက်သွားတတ်တာ...

ဒီနေ့ ....

ထိုင်ခဲ့ဖူးတဲ့ နေရာလေးကိုတမ်းတ

လူရယ်လို့ ဖြစ်လာကတည်းက ...လူ

အပြန်လမ်းတစ်လျှောက်

ကိုယ့်အကြောင်းကို ပြန်တွေးရင်း

ဖိနပ်မပါတဲ့ နွေလည်နေ့တွေလို

ကွဲအက်စပြုတဲ့ အာခေါင်ကို နှိုက်ထုတ်ရင်း

နင်းလျှောက်ရတဲ့ ခြေအစုံတောင်

ယိုင်နဲ့ ခွေကျချင်ပြီ ....

ဒီနေ့ ....

ရခဲ့ဖူးတဲ့ 'မ'ကိုယ်သင်းနံ့တွေကလည်း

အကြိမ်ကြိမ် တိုးဝှေ့

ရှူရှိုက်လိုက်တဲ့ လေထုထဲမှာ

ဖြတ်သန်းမျောလွင့်လာလိုက်တာ

အသက်ရှူသံတွေကိုတောင်

ခပ်ပြင်းပြင်း လှုံ့ဆော်စေခဲ့ ....

ဒီနေ့ .....ဆန်းဒေး

အလွမ်းတံတိုင်းတွေက

တဆင့်ပြီးတဆင့် တက်တက်နေတာ

ဗလာဖြစ်နေတဲ့ ငါ့အခင်းအကျင်းတစ်ခုလုံး

လေလံတင်ဖို့ အကြိမ်ကြိမ်စဉ်းစားခဲ့

ဝယ်သူမဲ့ အဖြစ်မှာပဲ ...

ဒီနေ့ ....

အနေနီးပေမယ့် ဖေါ်ကွာဝေးမဲ့မြေပေါ်မှာ

ဆုံနိုင်ခွင့် လက်ကျန်တွေအတွက်

လက်ပြနှုတ်ဆက် ...

အလွမ်းတွေကို အစုလိုက်အပြုံလိုက်

သွန်းချစေခဲ့တာ

အချိန်တိုင်းမှာ ကျွန်တော်တစ်ယောက်ထဲ လူးလွန့်နေခဲ့ ...

ဒီနေ့ ....

အိပ်ရမယ်ဆိုတဲ့ အသိအတိုင်း

အိပ်စက်ဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့်

ဖုန်းပြောရတဲ့ ညတွေဆီက 'မ'အသံတွေ,

အခန်းကျဉ်းငယ်ထဲက ကျွန်တော်

မြင်နေရတဲ့ 'မ'ပုံရိပ်တွေ ...

လဲလျောင်းလိုက်တယ်ဆိုရင်ပဲ

အိပ်စက်ဖို့ မေ့မေ့သွား ..

ဘ၀ကိုက အံမ၀င်တဲ့ ကိုယ့်အံကို

သိုသိုသိပ်သိပ် ဖိကြိတ်နေရင်း

ရှင်သန်လာပြီ ဆိုကတည်းက

ပြီးပါပြီဆိုတဲ့ ဖြစ်စဉ်လေး မရောက်ခင်

အသွေးမမဲ့တဲ့ နေ့တွေကို

မျှော်လင့်စောင့်စား

အချိန်တွေ ခြွေယူပစ်လိုက်တဲ့ သည်လိုနေ့တွေမှာ

တွေးနေရ ပုံရိပ်တွေက ဝေးလံခေါင်းပါး

ရနံ့သင်းတစ်ခုမှာပဲ စွဲကျန်ရစ်တဲ့အခါ

ရှူရှိုက်မိတဲ့ အချိန်လေးမှာပဲ လွင့်ပါးသွားရ ...

ဒီနေ့ ....

မရေရာတဲ့မျှော်လင့်ချက်သက်သက်နဲ့ ငါလိုလူ

ရုန်းထွက်မရတဲ့ 'မ'အကြည့်တွေကြား

ခပ်စိုက်စိုက်လေးတော့ ကျန်ယဲ့နေသေးရဲ့ ..

ဒီလိုပါပဲ

ဘ၀ကိုက ပြောင်းပြန်အချိုးကျစေမှတော့

နှစ်ထပ်ကိန်း အက္ခရာတွေ ထပ်မတင်တော့ပါဘူး ..

သို့တည်း .. ရင်ခုန်သံနုနုလေးတော့ ကြွင်းကျန်နေဆဲ ...

0 comments: