င့ါရဲ့မြစ်

ပုံမှန်စီးဆင်းနေတဲ့
မြစ်တစ်မြစ်.....
အဲဒီကမ်းပါးစွန်းပေါ်မှာ
ငါ မတ်တပ်ရပ်နေခဲ့တယ် ။

အသည်းကွဲ ၀တ္ထုတစ်ပုဒ်ကို
ဖတ်ပြီးစ မျက်လုံးမျိုးနဲ့
ဟို ..... အဝေးကို ငေးကြည့်လို့ ....။

နှင်းရိုင်းတွေ ခြွေယူပစ်လိုက်တဲ့
အပြာရောင် အနမ်းညတွေ ဆီက
တစ်ခါတုန်းက 'ချစ်သူ'ရဲ့ ရှိုက်သံထင်ရဲ့
ခပ်သဲ့သဲ့ ကြားလိုက်ရ ...။

လင်ကောင်ပိုး ငှက်တစ်ကောင်ရဲ့
လက်သည်းကြားထဲက, ညတွေ
ထွက်ကျလာ ....
ဘ၀တစ်ဝက်ရဲ့ နာရီတွေကို အလိုမတူပဲ
ဖျက်ဆီးနေကြ
ငါ.....၊ အိပ်စက်ခြင်းဆိုတာကို ရွံမုန်းပေါ့ ။

အခွံချည်းသက်သက် လေးလံနေတဲ့
ဦးခေါင်းတွေကို မနိုင်မနင်း သယ်ပိုး
တွင်းပျောက်ရှာနေကြတဲ့, ပုရွက်နီကောင်တွေကို ကြည့်ပြီး
အက်ကွဲခြောက်ကပ်တဲ့ အသံမျိုးနဲ့
ဟားတိုက်ရယ်မောပစ်ချင်တယ် ....။

မြင်နေကျ, ကောင်းကင်ပါပဲ
အမြီးအမောက်မတည့် ကခုန်နေကြတဲ့
ဖျောက်ဆိတ်ကြယ်တွေအကြောင်းကို တွေးရင်း
င့ါ နှလုံးသားဆီက
ထွက်ပြေးဖို့ အကြိမ်ကြိမ်ကြံစည်
ကြိုးစားနေကြ, 'အတ္တသစ်' ရင်ခုန်သံတွေအတွက်
င့ါ .... , မာနတရားနဲ့ ရန်မဖြစ်ချင်တော့ ....။

ဘယ်နေရာကို
ရောက်ရဦးမယ်ဆိုတာလည်း မသိသေး
မရေရာမှုရဲ့ လမ်းမပေါ်မှာ....။

အေဒင် ဥယျာဉ်ဟောင်းထဲက, 'အာဒမ်'
သူ့ရဲ့ သတ္တမနံရိုးအတွက်
မစားကောင်းတဲ့ အချစ်သစ်သီးတစ်လုံးကို စားပြီး
မပြီးဆုံးနိုင်သေးတဲ့ ခရီးမှတ်တိုင်တွေကို ငါတို့
ဆက်နေကြရ ....
တစ်ခါတစ်ခါကျတော့လည်း
မိုက်မဲရူးသွပ်စွာ, ရိုက်ချိုးပစ်ချင်တယ် ....။

င့ါရှေ့မှာ, မြစ်တစ်မြစ်
နုပျိုခြင်း နာရီတွေနဲ့
'ဘ၀အဓိပ္ပါယ်' ဆိုတဲ့ စကားလုံးတွေကို
သယ်ဆောင် ......
စီးဆင်းမြဲ စီးဆင်းနေဦးမှာပါပဲ ။ ။


ဆရာ မြတ်လှိုင်းရဲ့ ကဗျာလေးပါ .. အခုတလော စိတ်အချဉ်ဓါတ်လေးနဲ့ ပဏာသင့်နေလို့ တင်လိုက်ခြင်းပါ ..။

သိလျက်နဲ့

ဒီလိုပါပဲ
ငါ့ကိုယ်ငါ မေ့နေလောက်အောင်
မင်းကို သတိရနေတတ်တာ....

ပိကျလာတဲ့ အိပ်မက်တွေက
လက်ယဉ်နေတဲ့ မင်းစကားလုံးတွေအောက်မှာ
လိပ်စာရှာမရတဲ့ ကြေကွဲမူတွေလို
ညတွေက အမှောင်ကို ကြောက်နေတတ်ပြီ..။

ပင်လယ်ဆိုတာ မယဉ်ပါးသရွေ့တော့
မူးလိုက် အန်လိုက်နဲ့
အရိုးသားဆုံး အချစ်နဲ့ မျှားယူခဲ့သမျှ
အရိုး ကော အသားပါဆုံးရတဲ့အဖြစ်...။

အပ်ထည်မရတဲ့ ကဗျာဆရာငါ
ရုံတင်ခွင့်မရှိတဲ့ ပစ္စုပ္ပန်တွေအတွက်
ဒဏ်ရာရ ကြယ်ကြွေတွေကောက်ရင်း
အထူးပြုလုပ်ချက်မပါတဲ့ တမ်းတချိန်တွေမှာ
မင်း...လေ..
ဖုန်းဆက်လိုက်တိုင်း ဧရိယာပြင်ပရောက်နေတယ်..။

အသက်ရှင်နေတုန်း ခင်းကျင်းခွင့်မရတဲ့ နေကြာပန်းတွေ
ကမောက်ကမ ဈေးပြိုင်ခေါ်နေကြတဲ့ခေတ်ကြီးထဲ
တနေ့ထက်တနေ့ မင်းပိုပိုလှလာတာဟာ
ယုံချင်စရာမဟုတ်ပေမဲ့ ဗန်ဂိုးလိုမရူးသွပ်ရဲတဲ့ငါ
ရွက်ဆုတ်ပြက္ခဒိန်တစ်ခုအဖြစ် နေ့တိုင်းဖြုတ်ချခံနေရလဲ
ငါ့ ကဗျာတစ်ပုဒ်လောက်တော့
မင်း..စပွန်ဆာ ဖုန်းနံပတ်အလွတ်ရသလို ရွတ်ပြနိုင်ရင်
ကဲ...မနက်ဖန်လဲ
ခေါင်းမပါပဲ...နှလုံးသားသက်သက်နဲ့
မင်း...မရှိတော့တဲ့ မင်းရှေ့မှောက်
အလွမ်းသက်သက်နဲ့ အရောက်လာခဲ့မယ်...။ ။

ပင့်သက်ရှိုက်တဲ့ ဒီဆောင်း

လွန်ခဲ့တဲ့(၁၄)နှစ် ဒီဆောင်းမှာပဲ
ကျွန်တော့်နေ့တွေ ၀မ်းနည်းမှုများလာတယ် ...
အခုလို ရာသီဝန်းကျင်မျိုး
ကျွန်တော် အဖေ့ကိုတမ်းတမိတယ် ...

ကုန်လွန်ခဲ့ပြီလေ
လူသားတွေ သေသူသေ
ရှင်သူတွေထဲ ချမ်းသာသူ ချမ်းသာ
ဆင်းရဲသူတွေ ငတ်ပြတ်လို့ပြတ်
အတက်အဆင်း များပြားလှတဲ့ဘ၀တွေ
ပင့်သက်ရှိုက်သံတွေ စည်းချက်မကျတာ
ကျွန်တော်လည်း အပါအ၀င်ပေါ့ ..
ဒီကြားထဲ .......................
ကျွန်တော် အဖေ့ကိုတမ်းတမိတယ် ...

ဘ၀ကို ရုန်းကန်ရင်း အနေကြပ်လို့
သေရက်ကို စောင့်သူစောင့်
ဘ၀င်တစ်ချို့ကို လည်မှာဆွဲပြီး
မော်ကြွားသူ မော်ကြွား
အဲဒီအထဲ ....
သေရက်ကို ကျွန်တော် စောင့်နေတယ် အဖေ

အပြိုင်ပြေးဆွဲတဲ့ ဘတ်စ်ကားကြပ်ကြပ်ကိုတိုးစီးရင်း
စပယ်ယာ အငေါက်ကိုခံ
လှန်ချင်ပေမယ့် မလှန်ဝံ့တဲ့အဖြစ်
နားလည်မှုပေးခဲ့ရတဲ့
လူတစ်ယောက်စာ အခကြေးငွေအတွက်
ကျွန်တော် စာနာပေးတယ် အဖေ ..

အဖေပေးခဲ့တဲ့ ၅ကျပ်တန်တစ်ရွက်
ကျွန်တော့်အိတ်ကပ်ထဲ အမြဲဆောင်ဖြစ်ခဲ့ရင်း
စပယ်ယာလည်း ကျွန်တော့်လို
၅၀/၁၀၀ ရဖို့အတွက်
သူ့မှာလည်း ချွေးသန်တရဲရဲ
ကျွန်တော့်မှာလည်း ချွေးတစိုစိုနဲ့ပေါ့
ဒီကြားထဲ .............
ကျွန်တော် အဖေ့ကို တမ်းတမိတယ် ...

စစ်ပွဲတွေကြား
22MM ကျည်ဆန် ....
ကျဝံ့တဲ့ မညီညာလမ်းတွေအပေါ်
ကျွန်တော် နင်းလျှောက်ခဲ့တာလည်း အကြိမ်ကြိမ်

တောင်တန်းအလှနဲ့ ကော်ဖီပင်တွေကြား ........
အဆောက်အဦးတစ်ခုရယ် ...
သက်ရွက်ကြွေတွေနဲ့
အစုန်အဆန် ကူးခတ်နေတဲ့ ငါးကလေးတွေ
စီးမျောခွင့်ရတဲ့ စမ်းချောင်းငယ်ရယ် ...
အဲဒီနဘေးက ကျွန်တော်တို့ ခြံလေးကို
ဖြတ်သန်းလာတဲ့ လေပြည်ညှင်းဟာ
ကျွန်တော့်ရင်ထဲ ခံစားမှုတွေ
အပြိုပြိုအလဲလဲဖြစ်စေ
ဒါဟာ ..........
ကျွန်တော် အဖေ့ကို တမ်းတခြင်းတွေပေါ့

သူတစ်ကာ ထူးမဲ့ဒီဇင်ဘာ
သူတစ်ကာမြူးမဲ့ဒီဇင်ဘာ
နှစ်တစ်နှစ် အဆုံးသတ်ဒီဇင်ဘာ
ကျွန်တော့်အတွက်တော့
အခြေမကျ အနေလှ
အပီအပြင်ကြွေကျတဲ့ ဒီဇင်ဘာ .....
အဲဒီ အဆုံးသတ်ဒီဇင်ဘာမှာပဲ
ကျွန်တော် အဖေ့ကိုတမ်းတတယ်

ကျွန်တော် မြို့အနှံကို
ဆိုင်ကယ်တစ်စီးနဲ့ တေလေရိုက်ဖူးတဲ့လူငယ်
သတိရတယ်
တမ်းတတယ်
သို့ပေမယ့် ......
ရန်ပွဲတွေ ခ၀ါချ
ရိုးရိုးကုတ်ကုတ်ပဲ နေခဲ့တယ် အဖေ

ထိုထို ခံစားမှု အပိုင်အစအချို့ကြားမှပဲ
ကိုယ့်ဝမ်းစာအတွက်
မနက်ညတွေ စတေး ...
ထမင်းတစ်နပ်ကို ငုံ့ငုံ့စားနေတတ်ခဲ့ရင်း
အဖေပေးခဲ့ဖူးတဲ့ ၅ကျပ်တန်တစ်ရွက်
ကျွန်တော် ဆက်လက်သိမ်းထားတော့မယ် အဖေ ....။

(သူတကာတစ်ချို့ ရွှင်လန်းတဲ့ ဒီဇင်ဘာ .....
အဖေ့အတွက် လဆန်းပိုင်းမှာ မရေးဖြစ်ခဲ့တဲ့ကဗျာ
နှစ်တစ်နှစ်ရဲ့ အဆုံးသတ်နေ့မှာ ကျွန်တော် ကဗျာတစ်ပုဒ်နဲ့ ကန်တော့ပါရစေ .. အဖေ ....။)

“အခန်းနားဆုံး ကောလဟာလ”

ပင်လယ်တစ်စင်းလို
ခြစ်ခြစ်တောက်ပူနေတဲ့ နှလုံးသား
အနားသတ်တွေ တဝုန်းဝုန်းရိုက်ခတ်ဖို့
ကျောပြင်ကို အငွေ့ပျံခံပြီး
လရောင်ရဲ့ အပွေ့ဖက်ခံချင်တာ
မျှော်လင့်ခြင်းဆိုတဲ့ သီအိုရီဆန်ဆန်
ပေးဆပ်မှု…..

သစ်တစ်ပင်လို
ဆာလောင်မွတ်သိပ်နေတဲ့ အခက်အလက်တွေ
အလင်းရောင်ဘက်ကို အလုအယက်တက်ဖို့
အဆုတ်ထဲက အောက်စီဂျင်ထိုးပေးပြီး
နေမင်းရဲ့ နှုတ်ခမ်း ခပ်ဖွဖွနမ်းစေချင်တာ
တမ်းတခြင်းဆိုတဲ့ အိပ်မက်ဆန်ဆန်
သိမ်းပိုက်ခံရမှု….

ကန္တာရတစ်ခုလို
အထီးကျန်ဖြစ်နေတဲ့ မျက်နှာစာ
အလွမ်းပြေ အိုအေစစ်လေးအုတ်မြစ်ချဖို့
ရင်ဘတ်ကို တံလျှပ်အဖြစ်ပေးချေပြီး
ကောင်းကင်ရဲ့ မျက်ဝန်းတွေ ပြိုကျစေချင်တာ
ရယူလိုခြင်းဆိုတဲ့ မျက်လှည့်ဆန်ဆန်
နယ်ချဲ့ခံရမှု…..
……………………………..
………………………………
ညီမျှခြင်းတစ်ခုလို
လှိုင်းထနေတဲ့ အစွန်းထွက်တွေ
ယုံကြည်ချက်ကို ရေချိန်ညီစေဖို့
ကိန်းသေတွေနဲ့ အလေးခိုးပြီး
ရေခဲရိုက် အပြုံးအတုတွေချပြ
ရယူလိုခြင်းနဲ့ ပေးဆပ်ခြင်း
အမြတ်အစွန်းများတဲ့ဘက်မှာ ဖျာခင်းချင်ကြတာ
သဘာဝကို ဗီလိန်ဖြစ်စေတဲ့အတတ်…

အလွမ်းတွေနဲ့ပြည့်နေတဲ့ အထီးကျန်မှု့အတွက်
ဥက္ကာပျံတစ်စင်း
အရှိန်ပြင်းပြင်း ပစ်ဆောင့်ခံရတဲ့
မြေပြင်လို သွက်သွက်ခါလက်ခံရင်း
နာကျည်းခြင်း အပေါက်အပြဲဗရပွ…

အင်းလေ…
ရယူပိုင်ဆိုင်လိုခြင်း
ပေးဆပ်ကြေကွဲခြင်း
အရောင်အဆင်း အနံ့အရသာ
အဆင်းပုံဆောင်ခဲ
ဘယ်သူမှသဲသဲကွဲကွဲ မသတ်မှတ်နိုင်သေးတဲ့
အရာအားလုံးဖန်တီးနိုင်သော
ပါးစပ်ရာဇဝင်များစွာထဲက
…………
အချစ်ဆိုတာ
အခမ်းနားဆုံး ကောလဟာလ အဖြစ်…၊၊

“အစွန့်ပစ်ခံမြစ်”

မြတ်နိုးတတ်ခြင်းတွေ
အသက်ဝင်တဲ့နေ့ကစ...
အလွမ်းတွေ ရင်ဘတ်ထဲထည့်လို့
ငုံ့ငုံ့ကြည့်နေတတ်ခဲ့ရင်း
မင်းနဲ့တွေ့ရင်ပေးဖို့ အသဲနှလုံးကို
ဖွဖွလေးကိုင်ပြီး စောင့်နေခဲ့တာ....

ချစ်တတ်ခြင်းတွေ
ဖွားမြင်တဲ့နေ့ကစ...
တမ်းတမှု့တွေ ရင်ဘတ်ထဲထည့်လို့
ခဏခဏထုတ်ကြည့်နေတတ်ခဲ့ရင်း
မင်းနဲ့တွေ့ရင်ပေးဖို့ အသဲနှလုံးကို
ဖွဖွလေးကိုင်ပြီး စောင့်နေခဲ့တာ....

မျှော်လင့်တတ်ခြင်းတွေ
လူလားမြောက်တဲ့နေ့ကစ...
စိတ်ကူးတွေ ရင်ဘတ်ထဲထည့်လို့
လှမ်းလှမ်းကြည့်နေတတ်ခဲ့ရင်း
မင်းနဲ့တွေ့ရင်ပေးဖို့ အသဲနှလုံးကို
ဖွဖွလေးကိုင်ပြီး စောင့်နေခဲ့တာ....
...................

မနက်ဖန်ဆိုတာတွေ ခေါက်ကနဲခွေကျသွားတဲ့နောက်
အတူတူစီးဆင်းခဲ့တဲ့ အိပ်မက်ဈာပနမှာ
လရောင်ဟာအဖိတ်ဖိတ်အစင်စင် ကျကွဲနေရင်း
တစ်ခြမ်းရိုက်ထားတဲ့ဖိတ်စာရဲ့ တစ်ခြားဖက်မှာ
ကံစမ်းမဲတစ်ရွက်လို အဖြူရောင်သက်သက်
စီရင်ချက်ချခံလိုက်ရတဲ့ အမြတ်နိုးဆုံးဝဋ်ကြွေးတစ်ခုဟာ
လက်ထိုးအန်လို့မရလောက်အောင်
ချောင်ပိတ်ရိုက်ခံနေရဲ့
အချဉ်ပေါက်နေတဲ့အရုဏ်တွေမှာ
နေ့ဆက်ဖျားနာနေတဲ့ဘဝ
ဆန်တက်မလာတော့တဲ့ ကံတရားကို
ရေဆာသလို တမ်းတရင်း
ဂစ်တာဟာ သူ့အသံသူမျိုချနေရတယ်။
အနာဂတ်ကို ခြေဆုံးခေါင်းဆုံးကြည့်ခွင့်မရတဲ့
အစွန့်ပစ်ခံအစိတ်အပိုင်းကို ကြက်ခြေခတ်ပြီး
ပင်လယ်ဆီအငမ်းမရ အခစားဝင်ချင်နေမှတော့
ရိုးသားစွာစီးဆင်းခွင့်ပျောက်ဆုံး
နောက်ဆုံး
မြစ်ကျိုးအင်းအဖြစ်
ငါလေ....
ပုံ့ပုံ့လေးလဲကျကျန်ရစ်ခဲ့တယ်....။ ။

“မိုးစက်လေးရဲ့ ဒိုင်ယာရီ”


အိမ်မက်အသေတွေကို
သက်တမ်းတိုးဖို့ ကိုယ်တိုင်အငွေ့ပျံပြီး
ကမ္ဘာမြေက လွင့်ဆန်လာခဲ့တာ
ရှေ့ကတက်နှင့်တဲ့ တိမ်တွေလဲ
လမ်းခုလပ်မှာ ကိုယ့်ချွေးနဲ့ကိုယ် အအေးပတ်နေလေရဲ့….

အပြိုပြိုအလဲလဲ မနက်ဖန်တွေမိုးထားတဲ့
အိမ်ရာမဲ့အနာဂတ်တွေအတွက်လား
လိုက်လေဝေးလေ လမ်းစ ရေးရေးလေးမှမရှိတဲ့
အာမခံမဲ့ အစာအိမ်တွေအတွက်လား
မျက်နှာမူပြီး နောက်ပြန်လျှောက်နေတဲ့
ကျည်ရာပရပွနဲ့ မြို့ပြတွေ အတွက်လား
ခွာရာအထပ်ထပ် မြေဆီငတ်နေတဲ့
မျိုးပြတ် စိုက်ခင်းတွေအတွက်လား
?..?..?…………..?

ဒဏ်ရာရ ရင်တောင် ချုပ်ဖို့ အပ်တစ်စင်းမှမပါတဲ့
ရင်ဘတ်ဟင်းလင်းနဲ့ ငါ
မျှော်လင့်ခြင်း မိုးတိမ်တွေဆီ အရောက်
ကောင်းကင်လက်ဝါးအောက်က
အခြေခံ ဖျောက်မှုနဲ့
ကိုယ့်အမျိုးကိုယ်ခုတ်မဲ့ အရိုးအဖြစ်
စင်္ကြာဝဠာတံခါးဝမှာ
ဗီဇာမရတဲ့ ဒုက္ခသည်တစ်ယောက်
နောက်ဆုံးနံပတ်အဖြစ်နဲ့ “တောက်” ခေါက်ဖြစ်ခဲ့တယ်..

ဒီလိုနဲ့ ဖွဲ့တည်ခဲ့တဲ့တိမ်စတွေ
ကောင်းကင်ရဲ့ မုသာဝါဒအလှုပ်မှာ
ဖြုတ်ကနဲကြွေလိုကြွေ…
ဓါတ်ပြားဟောင်း အပ်ရာထဲမှာ
ငုတ်တုတ်သေလိုသေ
ကောင်းကင်ရဲ့ပြောင်းဝရှေ့မှာ
အစိမ်းရောင်တွေ ပေလိုပေနဲ့
အလေအလွင့်တွေ များလိုက်တာ..

ကျန်နေခဲ့သမျှ တိမ်စတွေလဲ
ကမ္ဘာမြေကိုထီးမိုးပေးခြင်းက
ဒုက္ခတွေမြိန်ရေယှက်ရေမြိုချတတ်တဲ့
ကောင်းကင်အတွက်တော့ စူးနေတဲ့မျက်မွှေးတစ်ပင်လို
မုန်တိုင်းအဖြစ် အကွက်ကျကျဆင်ခဲ့တယ်

မိုးစက်တွေအဖြစ် ဘဝပြောင်းသွားတဲ့တိမ်ဆိုင်တွေ
တစ်ချို့က တောင်တန်းတွေပေါ် တလိမ့်ကောက်ကွေး
တစ်ချို့က ပင်လယ်ထဲ ယက်ကန်ယက်ကန်
သစ်ရွက်ဖျားမှတင်ကျန်တဲ့ မိုးစက်လေးတောင်
အငုတ်မချန်တဲ့ ပလ္လင်ဥပဒေသမှာ
လေက မျက်နှာလုပ်ခြွေချတော့
ကဲ ဘယ်လို နေရမှာလဲ…

မြေပြင်ကို အရှိန်ပြင်းပြင်းနဲ့ ကြွေဆင်းသွားတဲ့
သစ်ရွက်ဖျားက မိုးစက်လေးရဲ့ကိုယ်မှာ
တတ်နိုင်သမျှနာကျည်းစိတ်နဲ့
ကောင်းကင်ရဲ့အရိပ်ကို အဆပေါင်းများစွာသေးပြီး
အကြွေးဆပ်ဖို့ တေးမှတ်သွားခဲ့တယ်….။

“လောင်းရိပ်”

နေရောင်ဟာ တိုက်နံရံနဲ့တိုက်မိပြီး
ပြူတင်းပေါက်ရှေ့ အဖိတ်ဖိတ်အစင်စင်ကျကွဲတာနဲ့
လူရာမဝင်တော့တဲ့ ရိုးသားမှုတွေ ချွတ်ချပြီး
ပေါ့ပေါ့ပါးပါး လိမ်ဆင်တစ်စုံကောက်စွပ်
မြင့်မြင့်ကြံချင်တဲ့သား ဘယ်လိုမှ ရိုးသားလို့မရဘူး အမေ…

လူတွေက မနက်စာကို ပေါရိသာဒလို မက်မောနေမှ
ခပ်နုံနုံအမေ့သား ရသက ဖြစ်ခဲ့ရတယ်
မုဆိုးနားနီးနေပေမယ့် လေးနဲ့မြား မကျွမ်းတော့
ကိုယ်ပစ်တဲ့မြား ကမ္ဘာ့ဆွဲအားထည့်မတွက်ခဲ့
အသက်ရှူလိုက်တိုင်း ရင်ဘတ်ကချုပ်ရိုး ပြုတ်ပြုတ်ထွက်နေတယ် အမေ…

အမေ ဘွန်ဇိုင်းလုပ်ပေးလိုက်တဲ့ လောကဓံက
ရေခံမြေခံမကောင်းတဲ့ ဒီဒေသမှာ
မျိုးမှန်ပေမဲ့ ဘယ်လိုမှအပင်မသန်ခဲ့ဘူး
အလုပ်ဆိုတာကလဲ ရောမခေတ်သတ်ကွင်းလိုပဲ
ခုခံကာကွယ်ရုံသက်သက်နဲ့ ဘယ်ဆက်ရှင်သန်နိုင်မှာလဲ
တစ်ယောက်ကျဆုံးမှု တစ်ယောက်ကဖဲ့စားရင်း
သူလိုကိုယ်လို နောက်ကျောက ဓါးဒဏ်ရာတွေနဲ့
ခြေလှမ်းတိုင်းမှာ ကိုယ့်ခေါင်းကိုယ်ပြန်နင်းနေရတယ် အမေ…

မာယာတွေသာ အတုံးလိုက်အတစ်လိုက်
လေလံအပြိုင်ဆွဲနေတဲ့ခေတ်မှာ
ဖြူစင်မှုဆိုတာ ခေါင်းရွက်ဗျပ်ထိုးသာသာ
ပီယဝါစာဆိုတာလဲ ဧည့်ကြိုကောင်တာလောက်သာအသုံးဝင်တဲ့
ဘာသာဗေဒသက်သက်
ဒီမှာ..
လူ ကို လူနဲ့မျှား လူးသားစားတယ် အမေ
အထက်ကိုပင့် အောက်ကိုဖိမှ ကိုယ့်နေရာလေး ချောင်မှာမို့
လက်ထိုးလှော်ခဲ့တဲ့သား လေတိုက်နှုန်းဖီလာနေတဲ့အလံ
လှေခွက်ကြီးမကျန်ခင်ကတည်းက လှဲခဲ့တယ်အမေ…

အလိုက်အထိုက်ဆိုတဲ့ နေထိုင်မှုတစ်ခုအတွက်
ကော်ဖီကို မျက်ရည်စပ်ပြီးသောက်လိုသောက်
ထမင်းကို သောကနဲ့ နယ်ဖတ်စားလိုစား
အမေ့သား ကုတ်သွေးတွေလဲ သူတို့လက်ဆေးခွက်ထဲမှာ
စာချုပ်လက်မှတ်တွေ အတိုင်းသားနဲ့
အသံတွေကို မြင်အောင်ကြည့်နေတယ် အမေ…

ညနေဆို “confessional”မှာ လူအပြည့်
ဖြည့်ခဲ့သမျှ အန်ထုတ်ကျတာလေ
ရာဘာစေးခြစ်သလို ချွေးစက်တွေခြစ်ခဲ့သမျှ
မျက်ရည်ခံထိုး ကျွန်တော်မျိုးမှားပါတယ်လုပ်ပြီး
လူမရဲ့ လင်းပိုင်တစ်ကောင်လို အကကိုကြည့်
အရိုးသက်သက်အမေ့သား အဲဒီဟင်းအိုးတွေ ဘယ်လိုအားနာရမလဲ အမေ…

မေးပါများရင် ပြန်ပို့ခံရမယ် အမေ
သွားပါများရင် ရဲအဖမ်းခံရမယ် အမေ
မအိပ်မနေရင် စက်ထဲလက်ပါသွားမယ် အမေ
သားလေ…
သမုဒ္ဒရာခြားနေတဲ့ လမင်းကြီးပန်ထားတဲ့ဆံနွယ်စအောက်က
အမေ့မျက်နှာမော့ကြည့်ရင်း
ငယ်ငယ်တုန်းကလို
ထမင်းဆီဆမ်းသီချင်းကို လွမ်းတယ်အမေ…

ဒီလိုနဲ့….
ဘယ်တုန်းကမှ မလျှော်ဖြစ်တဲ့ အဟောင်းထည်ကို
မိတ်ကပ်ထူထူဖို့ပြီး အဲဒီတိုက်မြင့်မြင့်လမ်းကြားတွေကပဲ
ည ဟာ မနေ့ကလို ကပိုကရိုဝင်လာနေရဲ့…အမေ…။ ။