ဒီကဗျာလေးက အခုလတ်တလော တွေ့မြင်ကြားနေရတဲ့ ဖြစ်ရပ်တစ်ခုကို သုံးသပ်ရင်း ကောင်းစေချင်တဲ့ ဆန္ဒလေးကြောင့် ပေါက်ဖွားလာတဲ့ ခံစားချက်ကို ဖွဲ့တည်ထားခြင်းပါ .. စကားလုံးတွေထဲမှာ ရိုင်းတဲ့ အသုံးအနှုန်းလေးများစွာ ပါခဲ့ရင် နားလည်ပေးပါလို့ ပြောပါရစေ ...။
အသိစိတ်ကို ဖဲ့ကာခြွေလို့
ငွေကြေးက ဥုံဖွဆို,
ရောက်မလာဘူး အမိငယ် ..
ရယူခြင်းရဲ့ ပေးဆပ်မှုနောက်
မင်း ... လူလုံးပျောက်မယ် ...
မေးလိုက်ရင် ကျောင်းသူလေးပါ
ပြောလိုက်ရင် သင်တန်းနဲ့
နှစ်ခုအကြား အဆက်အသွယ်ပြတ်
လစ်လပ်နေတာ မင်း .. ဘယ်သွားနေလဲ ...
ငယ်ငယ်ရွယ်ရွယ် အသစ်စက်စက်
လတ်ဆတ်နေဆဲ အိပ်မက်တွေနဲ့
လောကကြီးကို အမှောင်ချလို့
မင်း .. မျိုးပွားနေတယ် ...
လမ်းတကာမှာ သဘောရိုးနဲ့
မနောတိုးတဲ့ မင်းပုံစံလေး
ရှာပုံတော်ဖွင့် ကမ်းလင့်နေတာ
အဆိပ်အတောက်နဲ့ နဘေးရောက်လိမ့်မယ် ...
အညီအဟောက်နဲ့ ရာဇ၀င်ပျောက်မယ့်
ယုတ်စွအဆုံး ခန္ဓာသုံးလို့
မင်းဘ၀ကို မှောက်လျှက်ထားတာ
ဝဋ်ကျွေးကြောင့်လား ...
ညရဲ့ဆူးမှာ စွင့်ခေါ်ကာ,
လှစ်ဟာပြတဲ့ မင်းကိုယ်လုံးကို
ယိမ်းတိုက်သလို မှေးရိုက်နေတာ
မင်းပျော်မွေ့လို့လား ..
အတိတ်ကံနဲ့ လက်ရှိဘဝ
မင်းစေညွှန်ရာ ခန္ဓာသားမှာ
အသွင်သစ်နဲ့ အချဉ်ဖေါက်တောင်
မင်း .. လမ်းစပျောက်မယ် ..
ငွေဂုဏ်မောက်လို့ ဇိမ်ခံလိုက်မယ့်
တစ်ချို့တစ်ချို့ ဦးဦး,ဘတွေ
ကလေးမြူဆော့ စိတ်တွေဖေါက်တော့
တောင်းသလောက် ရမယ့်.. အထပ်လိုက်တွေ
အိမ်လိုအိမ် ငွေလိုငွေနဲ့
တိုက်အလွှာ အထက်မှအောက်,
အတက်အဆင်း ...
ခြေကျင်းတွေ နာနေမှဖြင့်
ပို့ကာခိုင်းတဲ့ အထူးကုဆီ..
အော် ... လိုက်ဖက်ညီစွ ...
အိမ်က သားမယား
ပစ်ခွာထားလို့ ညည့်နက်သန်းခေါင်
တွေ့မရှောင် ကြုံတုန်းမှာမို့
အသက်အရွယ် ဘေးချိတ်ကာထား
သာယာပျော်မြူး ယမကာအရစ်နဲ့
သမီးက ဟိတ်ဟန်ပြတော့
ကြွေရပြန်ပေါ့ ဦးဦး,ဘတွေ
ဦးဦး,ဘတွေကြား
ဗျာများနေလဲ အပိုတွေမို့
အချိန်တန် အိမ်သာပြန်တဲ့,
သူတို့တွေမှာ ပီတိမထူးနဲ့
ယစ်မူးနေပေမယ့် ..
မင်းမှာတော့ ခေါက်ခနဲနဲ့
မှောက်လဲတဲ့ အဖြစ်လို
မိဘကို အလျှောက်မကောင်းလို့
ဟိန်းဟောက်ခံကြားက ပြောလိုက်သေးတယ်,
သူငယ်ချင်းမွေးနေ့ အလည်လွန်၏တဲ့ ...
အရှုတ်ထုပ်နဲ့ အမျိုးယုတ်မယ့်
အဖြစ်တွေမို့ မင်းမူလေးကို
ပြင်ကြည့်လိုက်ပါ အမိငယ် ..
မင်း .. ဖြစ်ပျက်သမျှ
လိုက်ကာတုမယ့် မိန်းမငယ်အချို့
အတိမ်းကြွယ်လို့ လမ်းမှားရောက်သလို ..
အယူတိမ်းလို့ အကြွေစောရင်ဖြင့်
ရင်နင့်စရာ..
မင်းလုပ်ရပ်ကို ဆွဲနှုတ်လို့
အဟုတ်လုပ်ပါ,
သဘာဝရဲ့ အလှတရားကို ..
အချိန်သည် မင်းနှင့်အမျှ
လည်ပတ်နေတာမို့ စရိုက်ဆိုးရဲ့
အမှိုက်ဆိုးတွေ ခ၀ါချရင်း
လိမ္မာလေတော့ အမိငယ် ...။
အလည်လွန် အမိငယ်
ပွေလီ .. မချော
ဒီကဗျာလေးက သူငယ်ချင်းတစ်ယောက်အတွက် ခံစားချက်ပြင်းလို့ ကိုယ်ကိုယ်တိုင် ခံစားပေးပြီး
ရေးစပ်လိုက်တဲ့ ကဗျာလေးပါ .. သူငယ်ချင်းဆိုတာ ဘလော့ခ်လောကထဲက မဟုတ်ပါ ..။
ခံစား နားလည်ပေးနိုင်ပါစေ ..
မိန်းကလေး ...
နှုတ်မရတဲ့ ဆူးချက်တွေက
ချွင်းချက်မပါ ရင်းလျှက်နေတာ
ရင်တစ်ခြမ်းမှာ အမြစ်တွယ်နေလို့
ငါ.. နာကျဉ်နေပြီ
မိန်းကလေး ...
အမှောက်မှားနဲ့ ခြောက်ခြားညမို့
သွေးပျက်မတတ် ရူးထွက်သက်လို
အဖေါ်မယ့်စွာ တိတ်တဆိတ်နဲ့
အေးစက်ခန္ဓာ ငြိမ်သက်နေပြီး
အရှုံးများနဲ့ အမုန်းကြားမှာ
ငါ .. ခေါက်ထုံးဖြေတယ် ..
မိန်းကလေး ...
အမြင်ဆန်းပြီး အပီလှမ်းကာ
ပြောင်းလဲခြင်းနောက် တကောက်ကောက်နဲ့
မင်းလေးတစ်ယောက် စိတ်တွေဖေါက်လို့
နောက်တစ်ယောက်နဲ့ ပြောင်းလဲချစ်လည်း
အလဲအကွဲနဲ့ အစွဲမြဲကြီးတဲ့ .. ငါ
တိမ်းစောင်းလည်တဲ့ ဟောဒီကမ္ဘာမှာ
တစ်ရွေ့ရွေ့နဲ့ ပွဲသိမ်းရလည်း
လောကဓံကို ထိုးနှက်နေပြီး
ငါ .. မှတ်ချက်ပေးတယ်..
မိန်းကလေး ...
ရပ်,ကြည့်,သွား ... သတိနဲ့
မှတ်မိသွား အဖြစ်တွေကို
ရှပ်ထိသွား ငါ့နှလုံးသားက
လှည့်ကြည့်မသွား မင်းလုပ်ရပ်ကို
ခုချိန်များ ပြုံးနေမိတာ
မင်း .. သိစေချင်တယ်
အမောဖေါက်လို့ ယော,ဆောနယ်လို,
ပြုစားတတ်တဲ့ အဖြစ်မျိုးမို့
ဇွဲနပဲနဲ့ အသည်းကွဲနေတဲ့ .. ငါ
ကုစားမရလို့ ခံစားရလည်း
ငါ .. ကျေနပ်နေတယ်
ထပ်တလဲလဲ ဟက်တက်ကွဲလို့
ရင်အစုံမှာ ပွင့်အန်ကျတော့
မဟားတရားကို ..
အားယားနေတဲ့ ပါစပ်ဖျားမှာ
တရားဆန်စွာ ပြောရမှာလား ..
ဝှက်ဖဲတစ်ချပ်နဲ့ အရွက်ထပ်လဲ,လည်း
နောက်ကွယ်ရာက အောက်ဖဲချပ်မှာ
အေ့စ်အဖြစ်က .. ငါတစ်ယောက်ပဲ
အလိမ်အညာ စကားတွေနဲ့
ယုံရခက်တဲ့ မင်းပါစပ်က
ချိုမြိန်စွာ ဟစ်ကြွေးပြတာ
ဘာ... ချစ်သေးတယ်တဲ့
သွားပြောစမ်းပါ .. ခြေရာခွက်က
ဖားသားငယ်ကို ..
နှောင်သွားခဲ့တဲ့ အတိတ်နေ့ရက်
ပြန်လှန်ဆွဲထုတ် အမှန်သာဟုတ်တာ
ဘယ်နှစ်ကြိမ်များ ရှိဖူးခဲ့လဲ
သုံးမရလို့ အများတကာ
မုန်းကြတဲ့ အဖြစ်တွေမို့
ဗျာပါများတဲ့ မင်းရဲ့စိတ်ကို
အကြိမ်ကြိမ်ခါ စမ်းစစ်ဖူးလား ...
မင်းကိုယ်မင်းတော့ ဖီးလိမ်းကာပြင်
ကျော့ယမင်းရယ် ပုရိသကြား
ညှို့ချက်တွေနဲ့ ဆွဲအားပြင်းလေတော့
စစ်ခင်းရတဲ့ ကို,မောင်ချောများ
ဘယ်နှစ်ယောက်လဲလို့ တွေးမိရဲ့လား ...
အိုင်တွေ့တိုင်း ခြေဆေးတတ်တဲ့
မင်းမမူ အကျင့်ရူးတွေကြား
မင်း ပုံမှားရိုက်တာ
တော်ပါပေ၏ ...
သို့ပေမယ့်လည်း ခြေဆေးအိုင်ဖြစ်
ရောက်ရှိတတ်တဲ့ မင်းစရိုက်မို့
မသူတော်တောင် သူတော်ဖြစ်တယ် ...
နှစ်သစ်မှာ အချစ်သစ်နဲ့
ပျော်တော်ပါးတဲ့ မင်းတစ်ယောက်ကို
ချိန်ခွင်လျှာ တင်ရင်တောင်
တစ်ဖက်စွန်းထွက်လို့
အသာစီးပေးမယ့် င့ါအချစ်တွေ
နှစ်ဟောင်းမှာ ကျန်ခဲ့လေပြီ ...
အမှန်မလိုက်လို့ အာဖျံကြိုက်တဲ့
မင်းလေးတစ်ယောက် နေခဲ့ဦးတော့
နှစ်ဟောင်းရဲ့ ရမ္မက်ဆူးမှာ ... ။
စိတ်ကူးယဉ်ခြင်း
ကျွန်တော့်ကို နေ့အိပ်မက်က စိတ်ကူးယဉ်ခြင်းအကြောင်းကို TAG ထားလေရဲ့..
တစ်ပတ်အတွင်း ရေးဖို့ ဆုံးဖြတ်ထားတယ်လေ... တော်ကြာမရေးရင် နေ့အိပ်မက်ကနေ
ညအိပ်မက်ဖြစ်သွားရင် အိပ်ရေးပျက်မှာစိုးလို့..
(အိပ်မက် မက်ရင် နိုးတ၀က်နဲ့ အိပ်ရေးမ၀လို့လေ..ဟိဟိ)
စီးဆင်းနေရမယ်.. ရေမှာ ပျော်မြူးတတ်တဲ့ ငါးလေးတွေကို သူတို့ အန္တရာယ်ကင်းအောင် စောင့်ရှောက်သလို ကိုယ်ကိုယ်တိုင်လည်း စမ်းရေအေးရဲ့ ကန့်သတ်နေရာလေးမှာ အတောင်အလက်တွေကို ဆေးကြာမယ်.. သောက်သုံးလို့ရမယ့်အခြမ်းမှာ သောက်သုံးမယ်.. စိမ်းလန်းတဲ့ ဖွံ့ဖြိုးသာယာတဲ့ နေရာလည်း ဖြစ်ရမယ် နားနားနေနေ နေပြီး ကိုယ့်ပတ်ဝန်းကျင်မှာ ညည်းငွေ့လာရင် မိုင်ချီဝေးတဲ့ နေရာသစ်ကို ပျံသန်းသွားမယ်..လမ်းမှာခရီးသွားတွေနဲ့ တွေ့ရင် အတူတူ ခရီးဆက်ကြမယ်..သူ့တို့ရဲ့ အထုပ်တွေကို ကိုယ့်ရဲ့ ခြေထောက်အစုံနဲ့ ကုတ်ယူပြီး လိုရာခရီးကို အဖေါ်ပြု သယ်ဆောင်ပေးမယ်.. လမ်းခရီးကြမ်းတွေ ရေစီးအားသန်တဲ့ ချောင်းတွေကို ဖြတ်ကျော်ရမယ်ဆို ကိုယ့်ရဲ့ သန်မာတဲ့ ခြေအစုံနဲ့ပဲ မြဲမြံစွာ ကုတ်ယူ သယ်ဆောင်ပေးမယ်.. ချောမွေ့တဲ့ နေရာရောက်တဲ့ အထိပေါ့.. အန္တရာယ်တွေနဲ့ ကြုံတွေ့ခဲ့မယ်ဆိုရင်လည်း ကိုယ့်ရဲ့ထက်မြက်တဲ့ နှုတ်သီးနဲ့တွေနဲ့ ထိုးဆိတ်မယ်.. ခြေအစုံနဲ့ တိုက်ခိုက်မယ်.. အချိန်အတိုင်းအတာ တစ်ခုအထိ.. ခရီးသွားဖေါ်တွေ ရောက်လိုတဲ့ နေရာကို ရောက်လို့ ခရီးတစ်ထောက်နားပြီး ကိုယ်လိုရာကို ဆက်ပျံသန်းမယ်.. လူတွေစကား နားလည်သလို လူတွေနားလည်အောင် ပြန်ပြောတတ်တော့ ခရီးသွားနေတဲ့အတောအတွင်းမှာ သူတို့နဲ့ ပြောဆို ဆွေးနွေးရင်း ဗဟုသုတ အတွေးအခေါ်တွေ သင်ခန်းစာတွေလည်း မှတ်ယူမယ်..ငှက်တစ်ကောင်ရဲ့ အားအင်နဲ့ မိုးမြင့်မှာ ပျံသန်းနေရင်း ကမ္ဘာမြေပြင်မှာ မြင်တွေ့နေရတဲ့ လူတွေ အဆောက်အဦးတွေ.. စသည်ဖြင့် အကုန်လိုက်ကြည့်မယ်..ရှု့ထောင့်အမျိုးမျိုးကနေ လိုက်ကြည့်လို့ လေဟုန်စီးရင်း ပျံဝဲနေမယ်..ပူအိုက်တဲ့ ရာသီတွေမှာလည်း ကိုယ့်ရဲ့ အတောင်ရိုက်ချက်တွေနဲ့ အားလုံးကို လေပြည်အေးတွေ တိုက်ခတ်ပေးမယ်.. ရောက်တဲ့ အရပ်မှာလည်း မိတ်ဆွေအချို့ ဖွဲ့မယ်..သူတို့ဆီကိုလည်း ကူးချီသန်းချီနဲ့ လိုအပ်တာတွေကို ဖလှယ်ကြမယ်..အားလုံးမဟုတ်ရင်တောင် ငှက်တစ်ကောင်ရဲ့ ဖြည့်စွမ်းပေးနိုင်တဲ့ ဘက်က တစ်ချို့ကို ဖြည့်စွမ်းပေးမယ်.. အိုမင်း မစွမ်းလို့ ပျံသန်းဖို့ အင်အားတွေ ကုန်ခမ်းနေရင်တောင် တစ်ချိန်တစ်ခါက ကိုယ့်ရဲ့ အတောင်ရိုက်ချက်ရဲ့ လေအဟုန်ကို သစ္စာပြုခဲ့မယ်.. နောင်ပေါက်လာမယ့် ငှက်ကလေးတွေကိုလည်း သင်ခန်းစာတွေ ပေးခဲ့မယ်..ငှက်တစ်ကောင်ရဲ့ သီိအိုရီကိုလည်း ကမ္ဘာတစ်ခွင်မှာ လှိုင်းအဖြစ် ထားရှိခဲ့မယ်..
စိတ်ကူးယဉ်ခြင်းကို စာတိုအနေနဲ့ ရေးသားလိုက်ပါတယ်..
အတွေးမှာတင် ပျော်ခဲ့သော်လည်း
တစ်ကယ့်လက်တွေ ပီပြင်ဘ၀တွင်
စိတ်ကူးယဉ်မှု လက်တွေသရုပ်နှင့်
ကွာဟခြားနား လားလားမှမတူ
လူ့ဘ၀မို့ ယဉ်သည့်အတွေး
ဖြတ်တောက်ခဲ့ပါ ဒီမျှသာမို့ ..။
ဖြန့်ထွက် အတွေး
င့ါသမိုင်းကို ...
ငါ့အသွေးနဲ့ တည်ဆောက်နေလို့
ငါ့ခန္ဓာမှာ ...
ယှက်ဖြာသန်းတဲ့ လှိုက်ဖိုမှုတွေ ..
လင်းတံခါးမှာ အစင်းကျားနဲ့
ကြက်ခြေခတ်တဲ့ ကြမ္မာတွေကို
ပတ်ဝန်းကျင်ရဲ့ အသိုင်းဝိုင်းက
အတင်းအဖျင်း ပြောနေကြတဲ့
လူ့သမိုင်းရဲ့ အဆင့်တိုင်းကို ..
ဟိုစမ်းဒီစမ်း လျှောက်ကာလှမ်းလို့
ရှာနေမိတဲ့ ပစ္စုပ္ပန်မှာ
မှောင်မည်းခြင်းနဲ့ ကုန်ဆုံးခဲ့တဲ့
နေ့ရက်တစ်ချို့ ရောယှက်နေတယ် ..
ညင်သာစိုးထိတ် တိတ်တဆိတ်နဲ့
ပိတ်လျက်မနေ ဖွင့်လျက်ထားလို့
တံခါးဝရဲ့ တံစက်မြိတ်အောက်
ထိုင်ကာတွေးရင်း စိမ့်အေးနေတဲ့
ညည့်နက်ဆောင်းမှာ ပင့်သက်ရှိုက်တယ် ..
မြူးထူးကြတဲ့ နှစ်အကူးမှာ
ကြယ်အလင်းကို မျှော်ကိုးနေရင်း
စိတ်အသစ်နဲ့ ချိတ်ဆက်နေမယ့်
ငါ့ဘ၀ရဲ့ နေ့ရက်များစွာ ..
သာသနာခေတ် အာဏာစစ်တို့
ဒွန်တွဲနေတဲ့ ဤလူ့ဘောင်မှာ
မဖိတ်မစင် အိပ်ရင်တောင်မှ
နိုးကြားရမယ့် ဒီသံသရာ ..
သူတို့အတွေးအခေါ် မှတ်စုများ (၅)
ခြေရာများ
လူတစ်ယောက် မိမိ၏တစ်သက်တာကို လျှောက်သွားသည့်အခါ ခြေရာအမျိုးမျိုးကို ချခဲ့သည်။
အချို့ကို အများမြင်နိုင်၏။ ဥပမာ - သူ့သားသမီးများနှင့် သူ့နေအိမ်။ အချို့ကိုမူ မမြင်နိုင်ပေ။
ပုံစံမှာ သူတစ်ပါး၏ ဘ၀များ၌ သူချခဲသော သူ့ခြေရာများ၊ သူတစ်ပါးကို ပေးခဲ့သော အကူအညီများ၊
သူပြောခဲ့ ဆိုခဲ့သည်များ။ ပုံစံမှာ သူရယ်စရာပြောသည်တို့၊ သူတစ်ပါးကို ထိခိုက်စေသော သတင်း
စကားများ၊ သူတစ်ပါးကို ပြောကြားခဲ့သော အားပေးစကားများ ၊ ထို'ခြေရာ'တို့ကို မမြင်နိုင်ပေ။
သူ့အဖို့မှာတော့ သူခြေရာချခဲ့ခြင်းအဖြစ်ကို မတွေးမိပေ။ သို့သော် သူသွားလာ ကြုံတွေ့ရသမျှ
နေရာတကာတွင် သူအမှတ်အသား တစ်ခုခုကို ထားပစ်ခဲ့သည်။ ထိုအမှတ်အသားတို့ကို
ပေါင်းလိုက်လျှင် သူ့ဘ၀ဖြစ်စဉ် ဖြစ်လာပေမည်။ လူဆိုသည်မှာဤသို့သာတည်း။
မာဂရက်လီရမ်းဘက
တွေးခေါ်သမျှ မခိုင်လှ
ကျွန်ုပ်တို့၏ အတွေးအခေါ်တို့ကို စုစည်းထားသော ချည်မျှင်ကလေး မခိုင်ပုံကို
မကြာခဏ တွေးထင်မိပါသည်။ ဆာလောင်ခြင်း၊ ငတ်မွတ်ခြင်း၊ အအေး၊ အပူ စသည်တို့ထဲမှ
တစ်ခုခုက ကျွန်ုပ်တို့ကို ထိလာခါ ရှိသေးသည်၊ ကျွန်ုပ်တို့ ဂုဏ်ယူနေသော အနုပညာ အတွေးအခေါ်များ၊
လောကအမြင်များသည် ဆေးကြိမ်လုံးဖြင့် တို့လိုက်သကဲ့သို့ ပျောက်သွားကြချေသည်။
လူအများဖို့ အင်္ကျီထဲ သန်းတစ်ကောင် ၀င်နေလျှင် ဂီတဆရာကြီး ဘီးသိုးဗင်း၏ တီးလုံးတီးကွက်တို့သည်
မိမိတို့ အာရုံထဲမှ ပျောက်ပျက်သွားလေတော့သည်။
စာရေးဆရာ ရောဘတ်ဗင်း
ပုံစံနှစ်မျိုး
လူ့သဘာဝ နှစ်မျိုးနှစ်စားကို ခွဲခြားဖို့ စမ်းသပ်မှုမှာ လွယ်ရှင်းပါသည်။ ကူးတို့သင်္ဘော
တစ်စင်းပေါ်သို့ လူမျိုးစု တစ်စုကို တင်ပေးထားပါ၊ သင်္ဘောမြစ်ဘက်သို့ ထွက်သည့်
အချိန်အခါတွင် လူတစ်စုက သင်္ဘာအပေါ်ထပ်သို့ တက်၍ ကုန်းပတ်ပေါ်မှ ကြည့်စရာ
ရှုစရာတို့ကို ကြည့်ရှုကြသည်။ ကျန်တစ်စုမှာ သင်္ဘောအတွင်းထဲမှာ ထိုင်၍ ငေးမောခြင်း၊ ဆေးလိပ်သောက်ခြင်းတို့၌ နစ်မွန်းနေကြသည်။ သင်္ဘောစီး ခရီးသည်တို့ကို နှစ်မျိုးနှစ်စား
ခွဲခြားနိုင်ပေသည်။ တစ်မျိုးသည် မြစ်ကိုဖြတ်ကူးရာ စိတ်ဝင်စားကြ၏။ အခြားတစ်မျိုးမှာမူ
တစ်ဘက်ကမ်းသို့ ရောက်ရလျှင်ပြီးရော ဟူသော သဘောထားမျှသာ ရှိသည်။
မက္ကစ အပ်စ်ထ်မဲင်းန်
ယူသာယူပါ
မိန်းမယူမယ်ဆိုရင် ယူသာယူပါ။ မယားကောင်းရရင် မင်းစိတ်ချမ်းသာလိမ့်မယ်။
မယားဆိုးရရင် မင်း ဒဿနိက ဆရာကြီး ဖြစ်လာလိမ့်မယ်။
ဂရိပညာရှိကြီး ဆိုကရေးတီး
( ဆိုကရေးတီးသည် သူ့ကိုယ်တွေ့ကို ညွှန်း၍ ဟာသသဘောဖြင့် အမှန်ကို ဆိုလိုလိုက်ခြင်း
ဖြစ်သည်ဟု ယူဆနိုင်ပေသည်။ ဆိုကရေးတီး၏ ဇနီးသည် ဆရာကြီးကို ပညာရှိကြီး တစ်ဦးဟု
မြင်နိုင်စွမ်း မရှိသည့်အလျောက် လူငယ်များနှင့် လေကန်ရင်း အချိန်းဖြုန်းနေသူဟု မြင်လေသည်။)
ရွှေနှင့်ငါး
အဘယ် မိန်းမ၏ နှလုံးသားသည် ရွှေကို မုန်းပါသနည်း?
အဘယ် ကြောင်သည် ငါးကို မကြိုက်ဘဲ ရှိပါသနည်း?
အင်္ဂလိပ် ကဗျာဆရာကြီး တောမတ်စ်ဂရေး
သူ့အသွင်
မျက်ဝန်းထဲက ပုံရိပ်တစ်ခု
စိတ်အစဉ်မှာ ဖိတ်စင်သလို
ချစ်သူ့အသွင် ဟပ်ထင်နေလို့
နေရာတိုင်းမှာ စိတ်လှိုင်းထတယ်
လေပြည်အကြား ယှက်နွယ်ကစားလို့
ခေါင်းလေးအငဲ့ ဆံနွယ်အလွင့်မှာ
မျက်နက်ဝန်းရဲ့ အကြည့်တစ်ချက်အောက်
ငါ .....စီးမျောသွားတယ်
ပါးနှစ်ဘက်ပေါ် အလှတင့်အောင်
ထပ်ဆင့်တင်ကာ ပေါ်လွင်နေတဲ့
သူ့ပါးမို့က ပါးကွက်ကလေး ..
သင်းရနံ့က ပျံ့လွင့်နေတော့
ယိမ်းယိုင်စွာ မူးငိုင်ကျပေါ့
ပျိုမဒီရယ် ....
အလျင်စလို မဟုတ်ပေမယ့်
လျင်မြန်သလို ခလုတ်တိုက်တာတွေ,
ယဉ်တစ်ကိုယ်သာ သွယ်လျတာမို့
သူမတူကာ လှသွေးကြွယ်တဲ့
ချစ်စရာ့ရုပ်သွင် ကြည့်နေရင်းနဲ့
သိပ်ချစ်မိတယ်...
ရောင်နီပျောက်လု ဆည်းဆာလေးမှာ
ရှက်သွေးဖြာ သူ့မူရာက
စာဖွဲ့မမီ နတ်ပန်းချီရှုံးတော့
ဒီရင်မှာ ဟာရပြန်ပေါ့
အပြောချိုတွေ ပွင့်အန်ကျတဲ့
နှုတ်ခမ်းပါးရဲ့ ပွင့်လွှာထဲမှာ
ခိုကပ်နေတဲ့ သွားတက်ကလေးတွေ
အပြုံးတစ်ဝက်မှာ ပုန်းရက်သလို
ကွယ်ဝှက်နေတယ်
ကျော့ရှင်းလည်တိုင် ယှဉ်တိုင်းစံလို့
သွေးမျှင်အကြော စိမ်းမြခြင်းက
ရှု့တိုင်းယဉ်လို့ ဆင်တိုင်းလှအောင်
နတ်မိမယ်ရယ် ညှို့ယူလေသလား
ရာသီတစ်ခွင် လှည့်ငင်ယူတဲ့
နွေမိုးဆောင်းလို ...
ပြောင်းလဲခြင်းနောက် ခေါ်ဆောင်လိုက်တဲ့
အသက်အပိုင်း အရွယ်ဟိုင်းတောင်
တန်ဘိုးထားကာ ရိုးသားစွာ
ချစ်မယ့်... ကြင်ဖေါ်လေးကို
ကြိုးပြတ်နေတဲ့ ဂစ်တာအိုလို
ထွက်ပေါ်သံစဉ် မချိုလွင်လည်း
အသည်းကြားက ခွဲခြားမထားတဲ့
မေတ္တာကြိုးနဲ့ တီးခတ်ပေးမယ်
ချစ်သူ ပျော်စေဖို့ရယ် ...
နားလည်မှုတွေ ဆောင်ကျဉ်းထားရင်း
ချစ်သူ့လိုအင် ငြူစူမနေ
အပူသာ ငြိမ်းအေးစေတဲ့
အတွင်းသဘော မြတ်စိတ်ထားကို
ယုံကြည့်စိတ်ချ လက်ရှိဘ၀မှ
နောင်အနာဂတ်သည် သာယာလမ်းဆီ ..
ဆောင်းညထပ်တူ
ချစ်သူ...
မြူမှုန်ဝေတဲ့ ဆောင်းမနက်မှာ
လန်းဆန်းခြင်းနဲ့ လှမ်းမမြင်တဲ့
ဟိုး .. အဝေးကို ငေးမောနေရင်း
ငါ့အာရုံတွေ ပျံ့လွင့်နေတယ်
ချစ်သူ...
နံနက်ခင်းရဲ့ အမြင်တွေကြား
နေခြည်အလာ မြက်ခင်းတွေမှာ
ခိုတွဲနေတဲ့ ဆီးနှင်းလေးတွေ
ဆောင်းပုလဲဖြစ် ပြိုးပြက်နေတာ
ငါ့အမြင်တောင်ေ၀၀ါးစေတယ်
ချစ်သူ...
အေးစက်စက်နဲ့ ဆောင်းညတွေမှာ
ခိုးနားနေရာ အခန်းကျဉ်းထဲ
ဝတ်ရုံအလွှာ ဆွဲကာခြုံလို့
ဆွေးရပုံမှာ ရင်နင့်စရာ
ချစ်သူ...
မြောက်ပြန်လေညှင်း တိုးဝှေ့ခြင်းနဲ့
ရင်ကိုရိုက်ခတ် အသည်းခိုက်လည်း
နှလုံးအိမ်မှာ နွေးထွေးခြင်းနဲ့
မင်းတစ်ယောက်ကို တမ်းတမိတယ်
ချစ်သူ...
နှင်းငွေပမာ ပ၀ါအလား
ရစ်ခြုံသိုင်းလို့ ချမ်းမြပါတဲ့
နှစ်တစ်နှစ်ရဲ့ ဒီဆောင်းညမှာ
မင်းတစ်ယောက်ကို လွမ်းမိနေတယ်
ချစ်သူ...
ဆုံတွေ့ရတဲ့ အချိန်မှစ
ဒီရင်ဘတ်ထဲ အဆုံးမရှိလို့
မျှော်ကာတွေးတော့ ငါ့စိတ်တွေက
မီးလင်းဖိုဘေး ထိုင်ကာနေရင်း
ဝေးမနေရဲလို့ ဆွေးနေရတယ်
ချစ်သူ...
ရင်မှာဖြစ်တည် သံယောဇဉ်နဲ့
တစ်နေ့တစ်ရက် အမေ့ခက်လို့
မင်းဆီအပ်နှင်း ဒီချစ်ခြင်းကို
ဆောင်းညထပ်တူ အေးမြမှုလို
ပုံဆောင်ပမာ တည်ပါစေ၏
